Sunday, April 11, 2010

ကျွဲတစ်ဖက် နွားတစ်ဖက်

ကျွဲတစ်ဖက် နွားတစ်ဖက်

ရဟန်းမင်းကြီးပေါလူး(၆) အရှင်မြတ်၏ "မျက်မှောက်ခေတ် ကမ္ဘာကြီးသို့ သာသနာပြုခြင်း"ဆိုသည့် စာချွန်တော်ထဲတွင် ကမ္ဘာတစ်ဝန်းရှိ တိုင်းနိုင်ငံအသီးသီးမှ ကက်သလစ် သာသနာတော်ငယ်များကို ရဟန်းမင်းကြီးက ယခုလို သင်ကြားပေးပါသည်။

ကမ္ဘာ့တစ်ဝန်းရှိ တိုင်းနိုင်ငံအသီးသီးမှ ကက်သလစ်သာသနာတော်ငယ်များသည် သမ္မာကျမ်းစာတော်လာ ဘုရားအဆုံးအမ တရားများ၏ အနှစ်သာရကို မိမိတို့၏ အသွေးအသား ဖြစ်လာသည်ထိ သက်ဝင်ခံယူဖို့၊ ကျမ်းစာတော်မြတ်၏ မူလဆိုလိုရင်း အနှစ်သာရအစစ်အမှန်ကို မြူမှုန်ကလေးမျှလောက်ပင် သွေဖီမသွားစေဘဲ သင်တို့ လူမျိုးစုဝင်များ၏ ဘာသာစကားထဲသို့ ဖလှယ်ပေးဖို့ (transposing)၊ သည့်အပြင် ထိုဘာသာ စကားရပ်နှင့်ပင် သွန်သင်ဟောပြောဖို့ တာဝန်ရှိပါသည်။ + (၂၃။ Pope Paul VI, "Evangelization in the Modern World," no. 63.)


ရဟန်းမင်းကြီး၏ သင်ကြားဆုံးမချက်မှ "ကျမ်းစာတော်မြတ်၏ မူလဆိုလိုရင်း အနှစ်သာရအစစ်အမှန်ကို မြူမှုန်ကလေးမျှလောက်ပင် သွေဖီမသွားစေဘဲ သင်တို့ လူမျိုးစုဝင်များ၏ ဘာသာစကားထဲသို့ ဖလှယ်ပေးဖို့ (transposing)၊ သည့်အပြင် ထိုဘာသာ စကားရပ်နှင့်ပင် သွန်သင်ဟောပြောဖို့" ဆိုသည့်အချက်ကို အခြေပြုကာ သည်လ ဆောင်းပါးကို ရေးသားလိုက်ရပါသည်။


သာသနာပြုခြင်း သမိုင်းတစ်လျှောက်တွင် ကက်သလစ်သာသနာတော်သည် ဘုရားရှင်၏ အဆုံးအမ တရားတော်များကို သာသနာတော် ရောက်ရှိနေရာမှ လူမျိုးစုဝင်များ၏ ဘာသာစကားများထဲသို့ ဖလှယ်ပေးဖို့ နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ပါသည်။ ထိုနည်းများတွင် ဘာသာပြန်ဆိုခြင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။

မြန်မာကက်သလစ်သနာတော်တွင်လည်း သမ္မာကျမ်းစာတော်၊ ဘုရားစကား စာအုပ်၊ ဆုတောင်းမေတ္တာစာ၊ ဘုရားဝတ်ပြုစာ၊ မစ္ဆားပူဇော်ခြင်း၊ စက္ကရင်မင်တူး မင်္ဂလာဝိနည်းစသည်ဖြင့် မြန်မာစာအုပ်များရှိပါသည်။ ထိုစာအုပ်အားလုံးမှာ ဘာသာပြန်များ ဖြစ်ကြပါသည်။

သို့သော် ဘာသာပြန်ဆိုခြင်းသည် အမြဲတမ်း အားထားရသော လုပ်နည်းတစ်ခု မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘာသာပြန်စာတစ်ပိုဒ်သည် ဘာသာပြန်သာဖြစ်ပါသည်။ မူရင်းစာသားနှင့် အဓိပ္ပါယ် လွဲချင်လွဲနေမည်။ တိကျချင်မှ တိကျပေမည်။ ထို့ထက်အရေးကြီးသည်မှာ ဘာသာပြန်စကား၏ ယဉ်ကျေးမှုတစ်ခုဖြစ်သော စကားလုံး အသုံးအနှုန်းများ ပါချင်မှ ပါပေမည်။ ပါလာသော်လည်း အသုံးလွဲချင်လွဲ နေပေမည်။ ထော်လော်ကန့်လန့် ဖြစ်ချင် ဖြစ်နေပေမည်။ မဖြစ်မနေပါဝင်ရမည့် အချက်မှာ ရဟန်းမင်းကြီးသင်ကြားသလို "မိမိလူမျိုးစုဝင်များ၏ ဘာသာစကားထဲသို့ ဖလှယ်ပေးဖို့ (Transposing)" ဖြစ်ပါသည်။ အဓိပ္ပါယ်မှာ မြန်မာစကားနှင့်ကိုက်ညီသော ဖန်တီးမှုများ ပါဝင်ရပါမည်။ မြန်မာစာ မြန်မာစကားနှင့် ဆီလျော်ကိုက်ညီသော စကားလုံးရွေးချယ်မှုများ မဖြစ်မနေပါဝင်ရပါမည်။ သို့မဟုတ်ပါက ထိုဘာသာပြန်သည် မြန်မာစာ မြန်မာစကားမှာ တံစိမ်းဆန်နေပါလိမ့်မည်။

ဥပမာ - မြန်မာ့သမ္မာကျမ်းစာတော်မြတ်တွင် အင်္ဂလိပ်လို "Jesus said in response..." ကို "ယေရှုက ပြန်ပြောသည်မှာ ...၊" "Jesus said, I am the way ..." ကို "ယေဇူးကပြောသည်မှာ ငါသည်လမ်းဖြစ်၏.... " "Jesus said love one another" ကို "ယေဇူးက သင်တို့အချင်းချင်း ချစ်ကြလော့ဟု ပြောလေသည်" စသည် စသည်ဖြင့် အမြောက်အများ တွေ့ရလေ့ရှိပါသည်။

ထို့အပြင် နေ့စဉ်စကားပြောရာမှာပဲ ဖြစ်ဖြစ်၊ တရားတော် ဟောပြောရာမှာပဲဖြစ်ဖြစ် ဘာသာဝင်များရော ဘုန်းတော်ကြီးများပါ "ခရစ်တော်က ဘယ်လိုပြောသလဲ ဆိုတော့..." "ကျမ်းစာက ဘယ်လိုဆိုထားသလဲ ဆိုတော့ ..."၊ "သံလူကားကျမ်းထဲမှာ သခင်ယေဇူးက ဘယ်လိုဆိုထားသလဲဆိုတော့ ..." "သခင်ယေဇူး သွားတယ်။ ခရစ်တော် လာတယ်။ သခင်ယေဇူး စားတယ်။ သခင်ယေဇူး ပြန်ရှင်တယ်။ ဘုရားက ပြောတယ် ..."၊ စသည်ဖြင့် ခွကျတတ ဘာသာပြန် မြန်မာစကားလုံးတွေပဲ အမှတ်မဲ့ ပြောနေကြတာကို သတိထား မိပါသည်။

မြန်မာစာ မြန်မာစကားစစ်စစ် သို့မဟုတ် မြန်မာ့ယဉ်ကျေးမှုနားစစ်စစ်နှင့် ကြားရသူ တံစိမ်းတစ်ယောက်အတွက် ခရစ်တော် ဘုရားရှင်ကို ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော ဘုရားတစ်ပါးအနေနှင့် ခံစားမိမှာမဟုတ်ပါ။ ဘုရားရှင်ကို ရိုးရိုးသာမာန် သူလိုငါလို လူပုဂ္ဂိုလ်တစ်ယောက်ကို သုံးသည့် စကားလုံး သုံးသောကြောင့် ဖြစ်ပါသည်။ မြန်မာစကား မြန်မာ့ယဉ်ကျေးမှု၏ ဘုရားကို သုံးသော စကားလုံးနှင့် ရိုးရိုးလူသားကို သုံးသော စကားမတူသောကြောင့် ဖြစ်ပါသည်။ ရဟန်းမင်းကြီး အရှင်မြတ်က "ကျမ်းစာတော်မြတ်ကို... မိမိလူမျိုးစုဝင်များ၏ ဘာသာစကား စကားရပ်နှင့်ပင် သွန်သင်ဟောပြောဖို့" သတိပေးတာကို သတိပြုသင့်ပါသည်။


မန္တလေးကက်သလစ်သာသနာတွင် ဘာသာဝင်များက ကက်သလစ် ဘုန်းတော်ကြီးများကို "ဘုန်းဘုန်း"လို့ ခေါ်တတ်ကြပါသည်။ ဆီလျော် မှန်ကန်သလို မြန်မာမှုဆန်ပါသည်။ အင်မတန် ဂုဏ်ယူစရာကောင်းသော အခေါ်အဝေါ်လည်း ဖြစ်ပါသည်။ မြန်မာမှုတွင် ဘုန်းကြီးနှင့် စကားပြောပါက "ဘုန်းဘုန်း"ဟု ခေါ်ပါက "တပည့်တော်"နှင့် သုံးမှ မှန်ပါသည်။ သို့သော် တချို့က "ဘုန်းဘုန်း"လို့တော့ခေါ်ပါရဲ့ "ကျွန်တော်၊ ကျွန်မ"နှင့် ပြောသွားကြတာလည်း တွေ့ရပြန်ပါသည်။

သည်ဆောင်းပါးကို ယခုလိုရေးလိုက်လို့ ကျွန်တော်တို့ရဲ့ စကားနှင့်တရားမှာ ဘုရားကို အရမ်းအလွန် နန်းဆန်စေပြီး မဟာဆန်ဆန် စကားလုံးကြီးတွေကိုပဲ သုံးရမယ်လို့တော့ မဆိုလိုပါ။ ဘုရားရှင်သည်လည်း မြန်မာ့ယဉ်ကျေးမှုနှင့် ထိုက်တန်တော်မူပါတယ်လို့ ပြောချင်လို့ ဖြစ်ပါသည်။ ထို့အပြင် ဘုရားရှင်နှင့် အရှင်၏တရားတော်သည် ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုမှာ တံစိမ်းမဆန်စေချင်လို့ ဖြစ်ပါသည်။


သည်စာမူရေးရင်းနှင့် ဘယ်လိုခေါင်းစဉ်တပ်ရမလဲလို့ စဉ်းစားမိတော့ ငယ်ငယ်က ကလေးချင်း စကြတာတစ်ခုကို ပြန်သတိရမိပါသည်။ ကျွန်တော်တို့ငယ်ငယ်က ယိုးဒယားကလာတဲ့ ဆင်ကြယ် ကြက်ပေါင်ဖိနပ်ဆိုတာ ခေတ်စားပါသည်။ ဖိနပ်လေးတွေက အစိမ်းရောင်၊ အနီရောင်၊ အပြာရောင်ဆိုပြီး ရောင်စုံရှိပါသည်။ တစ်ခါတရံ ကလေးတွေဟာ အိမ်မှာ စုပုံချွတ်ထားတဲ့ ဖိနပ်ပုံထဲက ဖိနပ်ကို သေချာမကြည့်ပဲ နမော်နမဲ့ ကောက်စီးလာ တတ်ပါသည်။ ကျောင်းရောက်မှ သူငယ်ချင်းတွေက "ကျွဲတစ် ဖက်နွားတစ်ဖက်"ကြီးဟေ့ ဆိုကာ လက်ညိုးထိုးပြီး ၀ိုင်းဟားခံရမှ အိမ်ပြန်ပြေးပြီး လဲစီးရပါသည်။

မြန်မာ့ကက်သလစ်သာသနာတော်ကြီး အမိမြေပေါ်မှာ ထွန်းကားလာလိုက်တာ နှစ် ၅၀၀ ခရီးပင်ဆုံး လုနေပါပြီ။ သည်နှစ်ငါးရာခရီးမှာ ရဟန်းမင်းကြီး ပေါလ်လူး (၆)အရှင် ဆုံးမတော်မူခဲ့သည့် "ကျမ်းစာတော်လာ ဘုရားအဆုံးအမ တရားတော်များ၏ မူလဆိုလိုရင်း အနှစ်သာရအစစ်အမှန်ကို မြူမှုန်ကလေးမျှလောက်ပင် သွေဖီမသွားစေဘဲ သင်တို့ လူမျိုးစုဝင်များ၏ ဘာသာစကားထဲသို့ ဖလှယ်ပေးဖို့ (transposing)၊ သည့်အပြင် ထိုဘာသာစကားရပ်နှင့်ပင် သွန်သင် ဟောပြောဖို့" ဆိုသည့်အချက်ကို ပြန်သတိရ သင့်ပါပြီလို့ ပြောလိုပါသည်။

ဘာလို့ဆို လက်ရှိ အခြေအနေကတော့ "ကျွဲတစ်ဖက် နွားတစ်ဖက်ကြီး"မို့ပါ။ သည်လိုဆိုလိုက်လို့ ကျွန်တော်လွန်သွားရင် သို့မဟုတ် မှားသွားရင် ကျွန်တော်မှာသာ တာဝန်ရှိပါသည်။


မာကု (ဒဿန)