Friday, April 2, 2010

ဆူးကြားနှင်းဆီ

ဆူးကြားနှင်းဆီ

"ပြုံးသူတို့သည်၊ ကျေးဇူးရှင်များဖြစ်၏" ဟူသည့် ပညာရှင်တစ်ဦး၏ အဆိုကို နှစ်သက်ခဲ့ဖူးပါသည်။ မှန်ကန်သည်ဟု ခံစားရသော အဖြစ်အပျက်ပေါင်းများစွာထဲမှ ကျွန်တော့် အာရုဏ်ထဲ ပူပူနွေးနွေး စွဲနေသော ကိုယ်တိုင်တွေ့ အဖြစ်အပျက်တစ်ခုကို ဝေငှလိုပါသည်။ ရတနာပုံ ရွှေမန်းမြို့တော်တစ်ဝန်း ဘုရားကျောင်း (၇)ကျောင်းမှ တစ်ကျောင်းဖြစ်သော စိန်ဇေးဗီးယားဘုရားကျောင်းသည် ဗေလန်ကန်နီ ကျန်းမာရေးမယ်တော် သခင်မပွဲကိုနှစ်စဉ် အခြားကျောင်းတော်များထက် ထူးစွာ၊ စည်စည်ကားကား၊ သိုက်သိုက် မြိုက်မြိုက် ကျင်းပလေ့ရှိကြောင်း သတိထားမိခဲ့ပါသည်။ ပို၍ သဘောကျစရာ အချက်မှာ နိုဗီနာ နောက်ဆုံးနေ့တွင် မကျန်းမာသူများအတွက် မစ္ဆားတစ်ခု သီးသန့် ဟောကြားပေးခြင်း ဖြစ်ရာ၊ ထိုမစ္ဆားသို့ အမျိုးမျိုးသော အနာရောဂါတို့၏ ချည်နှောင်ခံနေရသည့် လူနာများစွာလာ ရောက်ကြ၏၊ ရောက်လာကြသူများမှာလည်း အမျိုးမျိုးပင် တွဲ၍လာသူ၊ ချီမ၍လာသူ၊ သယ်၍လာသူ၊ လက်တွန်းလှည်းဖြင့် လာသူ၊ တုတ်ကောက်ဖြင့် လာသူ၊ ဤသို့ နည်းမျိုးစုံဖြင့် ရောက်လာသူများကို တဖန်ကြည့်ဦးမည် ဆိုပါက ပုံသဏ္ဍန်မှာ အမျိုးမျိုးပင၊် ပိန်ကွေးကွေး၊ ၀ဖေါဖေါ၊ စကားမပြောနိုင်အောင် မောသူ၊ ဆံပင်အကုန် ကျွတ်ထွက်၍ ကတုံးဖြစ်နေသူ၊ လှုပ်ရှားမှုတိုင်း တုန်ချိချိ ဖြစ်နေသူစုံပါသည်။ ကျွန်တော်ကတော့ တွဲထူ ချီမရန် မလိုဘဲ ရောက်လာသူ ဖြစ်သော်လည်း နာကျင်သော ဗိုက်ကိုပွတ်ကာ၊ ပွတ်ကာဖြင့် အပြုံးကင်းမဲ့သော မျက်နှာနှင့် ပါဝင်ခဲ့ပါသည်။

ဘ၀တူ လူနာများကို ကြည့်ပြန်တော့လည်း နာကျင်သောအသွင်၊ အချို့မှာ တစ်စုံတစ်ခုကို အလိုမကျသည့် အသွင်များစသဖြင့် တစ်ဦးစီ၏ မျက်နှာ၌ ဖတ်၍ရနေပေသည်။ ကျွန်တော်သည် အဖေါ်ညှိသည့်သဘောနှင့် (သို့) မိမိထက်ပိုဆိုးသည့် ဝေဒနာသည် ဘယ်သူတွေရှိလဲဟူသည့် သဘောဖြင့် မျက်လုံးကိုဝေ့၀ဲ၍ စုံစမ်းနေ၏။

အားလုံးထဲမှ ထူးခြားသော လူနာတစ်ဦးကို သတိပြုမိလိုက်သည်။ ထိုသူ၏ အသားအရေမှာ ၀ါဖျော့နေကာ၊ ဆံပင်များ ကြဲထောင်နေသေးသည်။ နာတာရှည် လူမမာမှန်း သိသာနေသည်။ အသက် ၅၀-ကျော်ခန့် ရှိမည်၊ ကျွန်တော့်အာရုံကို ဆွဲဆောင်နေသော အချက်မှာ ထိုသူ့မျက်နှာမှ အပြုံးများပင်။ သူ့လောက် အခြေအနေ မဆိုးသော ကျွန်တော် မပြုံးနိုင်ပါ။ ထိုသူမှာ ဘုရားကျောင်းထဲ ၀င်လာပြီးနောက် ကျွန်တော် သတိထား မိချိန်မှစ၍ နှစ်လိုတည်ငြိမ်စွာ ပြုံးနေသည်ကိုသာ မြင်နေရသည်။ သူ့နေရာ ထိုင်ခုံ ယူပြီးသော် ဘေးမှအဖေါ် လူနာများအား ပြုံးပြသည်။ အနည်းငယ် လှမ်းသော်လည်း ကျွန်တော်သည် ထိုသူကိုသာ ကြည့်နေမိတော့သည်။

လူနာများအတွက် အထူးရည်စူး ပူဇော်ပေးသော မစ္ဆားတရားအတွင်း ထိုသူသည် စိတ်အားထက်သန်သော အသွင်နှင့် ပါဝင်သည်၊။ ဘုန်းတော်ကြီး၏ ရှည်လျားသော သြ၀ါဒကို ငြီးငွေ့ဟန်မပြ၊ စိတ်ဝင်စားစွာ ကိုယ်ကိုကိုင်းညွတ်လျက် ခေါင်းကို လှည့်စောင်း နားစိုက်လျက် အေးဆေးသော မျက်နှာဖြင့် နားထောင်နေသည်။ ကျန်းမာရေးမယ်တော်ကို ကြည်ညိုကိုး စားကြသူချင်းအတူတူ၊ သခင်ဘုရား၏ ကုသခြင်း ကျေးဇူးတော်ကို မျှော်လင့်ယုံကြည်ကြသူခြင်း အတူတူ ထိုသူသည် ထူးခြားသည်တော့ အမှန်ဖြစ်၏။

လူနာများအတွက် မစ္ဆားတရားပြီး သွားပေပြီ။ ကျန်းမာရေးမယ်တော်ထံ နိုဗီနား ၉-ရက်လည်း ပြီးသွားပေပြီ။ ထိုအပြုံးပိုင်ရှင် ဖြူဖျော့ဖျော့ လူနာသည် သူ့ရောဂါချက်ခြင်း ပျောက်ကင်းသွားသော တန်ခိုးတော်မခံခဲ့ရပါ။ ကျွန်တော့် ဝေဒနာများလည်း ယူပစ်သလို ပျောက်မသွားခဲ့ပါ။

သို့သော်...ဘုရားရှင်သည် ထိုအပြုံး ပိုင်ရှင်ဝေဒနာသည်အားဖြင့် ကျွန်တော့်ကို တရားပြပါသည်၊ ဆုံးမပါသည်။ မလွဲမရှောင်သာ သဘောတရားတစ်ခု ဘ၀မှာ ကြုံလာရသော် လက်ခံနိုင်အောင်၊ ခံယူတတ်သော စိတ်သဘောကို မြင်စေ၊ ရစေခဲ့ပါပြီ။ ပြုံးသူများသည် အမှန်ပင် ကျေးဇူးရှင်များ ဖြစ်ကြပါ၏။ မလွယ်ကူသော အခြေအနေ၌ ပြုံးနိုင်သူများသည် ဆူးကြားမှပွင့်လန်းသော နှင်းဆီပန်းကဲ့သို့ ပို၍ တင့်တယ် ဂုဏ်ရှိကြသည်ဟု ခံစားမိပါ သည်။

သို့သော် ထိုအပြုံး ပိုင်ရှင်လူနာသည် အလွန်အားနည်း ဖျော့တော့ပုံပေါ်နေ၍ သူလူ့လောကတွင် ကြာကြာနေရဖွယ်မရှိဟု ခန့်မှန်းခဲ့ပြီးနောက် ကျွန်တော်နေ့စဉ် ကမ္ဘာထဲသို့ ပြန်လည်ဝင်ရောက် နှစ်မြုတ်သွားသည့်အခါ အချိန်ကြာသည်နှင့်အမျှ ထိုအပြုံးပိုင်ရှင်ကို ကျွန်တော်မေ့မေ့လျော့လျော့ ဖြစ်သွားပါတော့သည်။

၃-နှစ်ခန့်ကြာပြီး နောက်တစ်ရက်တွင်တော့ ကျွန်တော် မန္တလေးရွှေမြို့တော်ရှိ စိန်ဇေးဗီးယားဘုရားကျောင်း ပြန်တက်ခွင့် ကြုံခဲ့ရသောအခါ လုံးဝ မမျှော်လင့်သော လူတစ်ယောက်ကို ဘုရားကျောင်း၌ တွေ့လိုက်ရပါသည်။ အခြားသူမဟုတ်ပါ။ နောက်ထပ် သုံးလခန့်ပင် အသက်ရှင်တော့မည် မဟုတ်ဟု တစ်ချိန်က ကျွန်တော် အတည်ပေါက် ခန့်မှန်းခဲ့သော အပြုံးပိုင်ရှင် ဖြူဖျော့ဖျော့ လူမမာကြီးပင် ဖြစ်ပါသည်။ ကျွန်တော်အံ့သြ၍ တကယ် မဆုံးနိုင်ပါ။ ကျွန်တော်ထင်ပါသည် ထိုသူသည် ဘုရားအလိုတော်ကို အပြုံးမပျက် လက်ခံနိုင်ခြင်း၊ သည်းခံစိတ်ရှည်စွာ ဝေဒနာကို ခံထမ်းခြင်း၊ ပတ်ဝန်းကျင် လူသားများကို ချစ်ခင် စိတ်ဝင်စားခြင်းနှင့် အခြေအနေတိုင်း၌ ပြုံးနိုင်ခြင်းတို့က ထိုသူကို ဘုရားထံမှ ကောင်းချီးအသက်တာ ထပ်မံရရှိစေ၍ ယခုကဲ့သို့ သေးမျှင်လှသည်ဟု ထင်ရသော အသက်တာ ရှည်လျားနေခြင်းပင် ဖြစ်မည်ဟု ကျွန်တော်တစ်ယောက် အတွေးများစွာနှင့် ကောက်ချက်ချကာ ပြုံးသူများ၏ အသက်တာကို အားကျ မဆုံးဖြစ်၍သာ နေပါတော့သည်။

ကျွန်တော်လည်း အခြေအနေတိုင်း၌ ပြုံးနိုင်ရန် ကြိုးစားပါဦးမည်။

အင်ဝိုင်းပန် (SJA)