Monday, March 1, 2010

မေး/ဖြေ ။။ ခရူစူးအမှတ်အသားပြုလုပ်ရခြင်း


မေး။။ ခရူစူးအမှတ်အသား ပြုလုပ်ရခြင်းရဲ့ အဓိပ္ပါယ်နဲ့ ဘယ်အချိန်ကစပြီး စတင် အသုံးပြုခဲ့တယ် ဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ကက်သလစ်ဘာသာဝင်များ ပြုလုပ်တဲ့ ခရူစူးအမှတ်အသားဟာ သခင်ခရစ်တော် လက်ဝါးကပ်တိုင်တင်သတ် ခံရပြီး သေခြင်းမှ ရှင်ပြန် ထမြောက်တော်မူခြင်းအားဖြင့် ယုတ်ညံ့သော လက်ဝါးကပ်တိုင်သည် ခရစ်တော်ရဲ့ အောင်လံတော် ဖြစ်လာပါတယ်။ အဲဒီ ခရစ်တော်ရဲ့ အောင်လံတော် ခရူစူးလက်ဝါးကပ်တိုင်ဟာ ခရစ်ယာန်များရဲ့ ကယ်တင်ခြင်း သရဖူဖြစ်လာပါတယ်။ အဲဒီခရူစူးအမှတ် အသားပြုခြင်း သင်္ကေတကို ဘယ်သူက စတင်ပြုလုပ်ခဲ့တယ်ဆိုကိုတော့ အတိအကျမသိ ခဲ့ရပေမယ့် ရှေးကနဦးအစ ဒုတိယရာစုနှစ် ကတည်းကပင် ခရစ်ယာန်တို့သည် မိမိတို့ နဖူးပေါ်တွင် လက်မဖြင့် ခရူစူးမှတ်သားခြင်းကို သမိုင်း အထောက်အထားများအရ ဘာသာရေး သက်သေခံချက် ထုံးတမ်းစဉ်လာ တစ်ခုအဖြစ်ဖြင့် လက်ခံခဲ့ကြကြောင်း သိနိုင်ပါတယ်။

ခရစ်သက္ကရာဇ် အေဒီ(၁၉၆) ခုနှစ်က သီတင်းသုံးတော်မူခဲ့တဲ့ Tertullian ဆိုတဲ့ ပုဂ္ဂိုလ်သည် ခရစ်ယာန်ဘာသာ၌ ပထမဦးဆုံး လက်တင်ဘာသာဖြင့် စာပေများကို ရေးသားခဲ့တဲ့ အာဖရိကနွယ်ဖွား ကာသေ့ခ်ျမြို့သား အသင်းတော်ရဲ့ ရှေးကနဦး ဖခင်ကြီးဖြစ်ပါတယ်။ အဲဒီ အချိန်အခါတုံးက ခရစ်ယာန်လောကမှာ ဂရိဘာသာစာနဲ့ စကားကို အသုံးမပြုသေးပါ။ တာတူလီးယာန်းဆိုတဲ့ ဓမ္မ သုခမိန်ကြီးရဲ့ အရေးအသားများထဲမှ ကောက်နှုတ်ချက် တစ်ခုကတော့ "ကျွန်ုပ်တို့သည် အဘယ်အရပ်သို့ သွားသည်ဖြစ်စေ၊ အဘယ်အရပ်မှ ပြန်လာသည်ဖြစ်စေ၊ အ၀တ်အစား ဆင်ယင်သည့်အခါပင်ဖြစ်စေ၊ ခြေနှင့်တောင်ဝှေးကို ဆင်ယင်သည့် အခါပင်ဖြစ်စေ၊ စားသောက်သည့် အခါနဲ့ပင် ဖြစ်စေ၊ အိပ်ယာဝင်ခါနီး အချိန်ပင်ဖြစ်စေ၊ ခရူစူးလက်ဝါးကပ်တိုင် အမှတ်အသားကို ပြုလုပ်ကြ၏"။ ခရစ်သက္ကရာဇ်(၃၇၃) ခုနှစ်တွင် သီတင်းသုံးတော်မူခဲ့တဲ့ ရဟန္တာသူတော်မြတ် အေဖရိမ် (Ephraem) အရှင်မြတ်က ဆီးရီးယားလူမျိုးထဲမှ တစ်ဦးတည်းသော ကျမ်းတတ်ပုဂ္ဂိုလ် တစ်ပါးဖြစ်ပါတယ်။ သူတော်မြတ်ရဲ့ ရေသားချက် တစ်ခုကတော့ "ချစ်သား သင်၏ လုပ်ငန်းဆောင်တာ အားလုံး၌ အသက်ပေးသော ခရူစူးအမှတ်အသားဖြင့် ပြီးမြောက်စေရမည်။ သူ၏ စားခြင်း၊ သောက်ခြင်း၊ သွားလာခြင်း၊ သူ၏အိမ်၌ နေခြင်းနှင့် အိပ်ခါနီးအချိန်တို့၌ ဤခရူစူးအမှတ် အသားပြုလုပ်ခြင်းထက် ပိုမိုကောင်းမွန်သော အပြုအမူသည် မရှိတော့ပေ။ ထိုခရူစူး အမှတ်အသားပြုခြင်းသည် သင်၏ လုပ်ငန်းဆောင်တာ အားလုံးတို့အတွက် လုံခြုံမှုပေးခြင်းဖြစ်သည်။ ထိုအပြုအမူကို သင်၏ သားသမီးတို့အား သင်ကြားပေးလော့"။

အမိအသင်တော်ကြီးရဲ့ ကနဦး ဒီကျမ်းတတ်နှစ်ပါးရဲ့ ရေးသားထားချက်များကို ထောက်ရှုခြင်းအားဖြင့် ခရူစူးအမှတ်သား ပြုလုပ်ခြင်းသည် ဘယ်သူဘယ်ဝါက စတင်ခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ရေရေရာရာ မသိခဲ့ရပေမယ့် အမိအသင်းတော်ကြီးထဲမှာ ရှေးဦးအစကပင် စတင်ခဲ့တယ် ဆိုတာကိုတော့ သိနိုင်ပါတယ်။ စတုတ္ထရာစုနှစ်ပိုင်းတွင်မူ ၀တ်ပြု ကိုးကွယ်ခြင်း အခမ်းအနားများ၌ စတင် မှတ်သား ပြုလုပ်လာခဲ့ကြပါတယ်။ အချို့က နဖူးပေါ်နဲ့ မျက်လုံးများအပေါ်မှာ ခရူစူးမှတ်သားကြပြီး အချို့တို့က နှုတ်ခမ်းများပေါ်၌လည်း ခရူစူးမှတ်သားခဲ့ကြကြောင်း အဋ္ဌမရာစုနှစ်ပိုင်းများတွင် သက်သေ သာဓကများ ရှိခဲ့ပါတယ်။

နဖူး၊ ရင်ဘတ်နဲ့ ပုခုံးများပေါ်မှာ မှတ်သားခြင်းဟာ ပဉ္စမရာစုနှစ်က ထုံးတမ်းစဉ်လာ တစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့ပေမယ့် ရသေ့ကျောင်းတိုက်များတွင် ဆယ်ရာစုကျမှ တရားဝင်လက်ခံခဲ့ပြီး ခရူစူးမှတ်သားလာကြခြင်း ဖြစ်တယ်။ ဆယ့်သုံးရာစုမှာတော့ ပုပ်ရဟန်းမင်းကြီး တတိယမြောက် အင်နိုဆင့် (Pope Innocent III) အရှင်သူမြတ်ရဲ့ ညွှန်ကြားချက်မှာ လက်ညှိုးသုံးချောင်းဖြင့် နဖူးမှအစချီကာ ဒုတိယ ရင်ပတ်မှာတို့ ထိပြီး အဲဒီနောက် ညာလက်ပုခုံး မှဘယ်လက်ပုခုံးသို့ တို့ထိ မှတ်သားရန် သွန်သင် တော်မူခဲ့ပေမယ့် တစ်ဖြည်းဖြည်း ဘယ်လက်ပုခုံးမှ ညာလက်ပုခုံးသို့ အဆုံး သတ်တဲ့အလေ့အထသို့ ပြောင်းသွားခဲ့ပါတယ်။

ခရူစူးမှတ်သားရာ၌ ရွတ်ဆိုရသော ဆုတောင်းမေတ္တာမှာ "ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမတော်မြတ်၌၊ အာမင်။" လို့ ရှေးကတည်းက ရွတ်ဆိုခဲ့ကြပေမယ့် သြသိုဒေါက်အသင်း များမှာတော့ "သန့်ရှင်းတော်မူသောဘုရား၊ တန်ခိုးကြီးတော်မူသောဘုရား၊ မသေနိုင်သောဘုရား၊ ကျွန်ုပ်တို့ကို သနားတော်မူပါ" ဟု ရွတ်ဆိုခဲ့ကြပါတယ်။ ၀တ်ပြုကိုးကွယ်ခြင်း အခမ်းအနားများ၌ ခရူစူးမှတ်သားခြင်းသည် အနက်အဓိပ္ပါယ် အမျိုးမျိုးကို ပေါ်လွင်စေပါတယ်။ ဆေးကြောခြင်းခံ၍ ဘာသာဝင်လာသူ တစ်ဦးအပေါ်မှာ ခရူစူးအမှတ်သား ပေးခြင်းအားဖြင့် ဒီလူဟာ ခရစ်တော်ဘုရားရှင်ရဲ့ ပိုင်ဆိုင်ခြင်း ခံရကြောင်း အမှတ်တံဆိပ်ခတ် နှိပ်ခံရတဲ့ သဘောကို ဆောင်ပါတယ်။ မကောင်းဆိုးဝါး နတ်ဆိုးများကို နိုင်နင်းတော်မူတဲ့ ခရစ်တော်ဘုရားရှင်ရဲ့ ဘုန်းအာနုဘော်တော်ကိုလည်း အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။

ခရူစူးမှတ်သားခြင်းသည် အတောမသတ်နိုင်အောင် များပြားတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးများ စီးဆင်းရာ အမှတ်အသား ဖြစ်နေတဲ့အတွက် လူတစ်ဦးဦးကို အရာဝတ္ထုတစ်ခုခုကို ကောင်းချီးပေးခြင်း၊ ဘုရားရှင်တော်မြတ်ရဲ့ လက်တော်ထဲ ပူဇော်အပ်နှံလိုက်ခြင်း အနက်အဓိပ္ပါယ်ကို ပေါ်လွင်စေပါတယ်။ ခရစ်တော်မပေါ်မီက ကျွန်များကို သခင်တစ်ယောက်ယောက် ပိုင်ထားကြောင်း၊ ပိုင်ရှင်ရှိကြောင်း ပြဖို့အတွက် နဖူးပေါ်မှာ အလွယ်တကူ မပျောက်ပျက်နိုင်တဲ့ အမှတ်အသားဖြင့် မှတ်သားခြင်းခံခဲ့ကြပါတယ်။ ထိုခေတ်က ဘာသာရေး အယုံအကြည်များ၌လည်း မိမိတို့ယုံကြည်ရာ ဘုရားများရဲ့ အမှတ်များဖြင့် မှတ်သားခဲ့ကြပါတယ်။ ခရစ်ယာန်များကလည်း မိမိတို့ ယုံကြည်ရာနဲ့ သက်သေခံရာ အောင်လံတော် အမှတ်အသားအဖြစ် ခရူစူးအမှတ်အသားကို စတင်ပြုခဲ့ကြပါတယ်။

ခရူစူးမှတ်သားခြင်းကို အသုံးပြုရခြင်း အကြောင်းကား အလွန် သန့်ရှင်းစင်ကြယ်၍ မြင့်မြတ်တော်မူလှသော ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားကို အောက်မေ့သတိရရန်နဲ့ ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားအနက် ဒုတိယပုဂ္ဂိုလ် သားတော်ဘုရားသည် ခရူစူးပေါ်မှာ အသက်တော် စွန့်တော်မူကြောင်းကို သတိရရန်အတွက် ဖြစ်ပါတယ်။ ခရူစူးအမှတ်အသားကို ပြုတဲ့အခါမှာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ နာမတော်မြတ်၌ ဆိုသောစကားဖြင့် ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားကို အောက်မေ့ သတိရကြပါတယ်။

ခရူစူးမှတ်သားခြင်းပြုရာမှာ ကျွန်ုပ်တို့ ကိုယ်ပေါ်တွင် လက်ဝါးကပ်တိုင် ပုံသဏ္ဍာန်အတိုင်း ပြုခြင်းဖြင့် ခရစ်တော်ဘုရားရှင်သည် ကျွန်ုပ်တို့အတွက် လက်ဝါးကပ်တိုင်ပေါ်၌ အသက်တော် စွန့်တော်မူကြောင်းကို သတိရစေပါတယ်။ ဘုရားရှင်ရဲ့ ကောင်းချီး မင်္ဂလာတော်ကို ခံစားရရှိရန်အတွက်နဲ့ ၀ိညာဉ်ရော ခန္ဓာကိုယ်ပါ ဘေးဥပါဒ်အန္တရာယ် ခပ်သိမ်းမှ ကာကွယ်စောင့်ရှောက်မှု ရရှိရန်အတွက် ခရူစူးမှတ်သားခြင်းကို ပြုကြဖို့ လိုအပ်ပါတယ်။ (ဂလာတိသြ၀ါဒစာ ၆း၁၄) "ငါဖြစ်လျှင် ငါတို့သခင် ယေဇူးခရစ်တော်၏ လက်ဝါးကပ်တိုင်တော်မှ တစ်ပါး အဘယ်အရာ၌မှ ၀ါကြွားခြင်း မရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဘို့ ရိုက်ထားခြင်းကို ခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဖို့ ရိုက်ထားခြင်းကို ခံလျက်ရှိ၏"။

ဘုန်းတော်ကြီး ဒေါမနစ်ဂြိုလ်တု