Saturday, February 27, 2010

သိရန် ကျင့်ရန်

သိရန် ကျင့်ရန်

နိဒါန်း
သခင်ယေဇူး မိုးကောင်းကင်ကို တက်ကြွသွားပြီးနောက် တပည့်တော်ကြီးတို့ရဲ့ ဟောပြော သက်သေ ခံမှုကြောင့် သခင်ယေဇူးကို ယုံကြည်သက်ဝင်လာကြသူတွေဟာ စနေနေ့ ဗိမာန်တော်မှာ ၀တ်ပြု ဆုတောင်းကြပြီး သခင်ယေဇူးရှင်ပြန်ထမြောက်တဲ့ တနင်္ဂနွေနေ့မှာတော့ နီးစပ်ရာအိမ်တွေမှာ စုဝေးပြီး "မုံ့ဖဲ့ခြင်း"လို့ ခေါ်တဲ့ မစ္ဆားတရားကို ကျင်းပကြပါတယ်(တမန် ၂း၄၃-၄၆)။

သူတို့ ဘိုးစဉ် ဘောင်ဆက် ကျင်းပခဲ့ကြတဲ့ ပါစကားပွဲ၊ အီဂျစ်ပြည်မှာ ကျွန်ခံနေရတဲ့ ဘ၀ကနေ လွတ်မြောက်အောင် မိုးဇယ် ဦးဆောင်ကယ်တင်ခဲ့တဲ့ပွဲဟာ ရှေးပြေး နိမိတ်လက္ခဏာသာဖြစ်ပြီး သခင်ယေဇူးရဲ့ ဒုက္ခစရိယာခံခြင်း၊ အသေခံခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းကမှ ကျွန်ုပ်တို့ကို အပြစ်ရဲ့ ကျွန်ဘ၀ကနေ လွတ်မြောက်စေတဲ့ ပါစကားပွဲ အစစ်အမှန် ဖြစ်တယ်ဆို တာကိုသိလာကြတယ်။ ဒါကြောင့် အပတ်စဉ် တနင်္ဂနွေနေ့ကို "သခင်ဘုရားရဲ့နေ့" သခင်ယေဇူး ရှင်ပြန်ထမြောက်တဲ့ ပါစကားပွဲအဖြစ် ကျင်းပကြသလို ရှေးခေတ် ပါစကားပွဲကျင်းပတဲ့ သခင်ယေဇူးတကယ် ရှင်ပြန်ခဲ့တဲ့ ဂျူးပြက္ခဒိန်ရဲ့ နီဆန်လ (၁၅)ရက်နေ့ကိုလည်း တခမ်းတနား ကျင်းပကြပါတယ်။ အဲဒီပွဲကို သခင်ယေဇူး ဂျေရုစလင်မြို့ကို ကြွဝင်တဲ့ မေတ္တာပန်း တနင်္ဂနွေ ကနေစတင်ပြီး တစ်ပတ်ကြိုတင် ပြင်ဆင်ကြပါတယ်။
ရှေးဦးအသင်းတော်မှာ ယုံကြည်လို့ ဆေးကြောခြင်း ခံယူတဲ့သူတွေကို ချက်ချင်း လက်မခံပါဘူး။ နှစ်နဲ့ချီပြီး လေ့လာသင်ယူစေပြီး နှစ်စဉ် ပါစကားပွဲကျမှ ဆေးကြောခြင်းပေးပါတယ်။ ဒီနည်းအားဖြင့် သူတို့ရဲ့ အပြစ်နဲ့ဘ၀ဟောင်းကို မြုပ်နှံသင်္ဂြိုလ်လိုက်ပြီး သခင်ယေဇူးနဲ့အတူ ဘ၀သစ်၌ ရှင်ပြန်ထမြောက်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပေါ်လွင်စေပါတယ်။ သူတို့ကို အဲဒီလို ပါစကားပွဲမှာ ဆေးကြောခြင်းပေးဖို့ရာ မေတ္တာပန်းတနင်္ဂနွေနေ့ မတိုင်မီ(၃)ပတ်လိုမှာ အနီးကပ် ကြိုတင်ပြင်ဆင်ခြင်း၊ စစ်ဆေး မေးမြန်းခြင်းတို့ကို ပြုလုပ်ပါတယ်။ ဒီ(၃)ပတ်ဟာ ၀ါတွင်းသမိုင်းရဲ့ ပထမအဆင့် ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ကလေးဘ၀မှာ ဆေးကြောခြင်း ခံသူတွေများလာပါတယ်။ ခုနက (၃)ပတ်ကို အသက်ကြီးမှ ယုံကြည်သူဖြစ်လာတဲ့ သူတွေအတွက် ဆက်လက် ကျင့်သုံးသလို၊ တဖက်မှာလည်း ရာဇ၀တ်သားလို့ခေါ်တဲ့ ယုံကြည်ခြင်းကို ဆန့်ကျင်သူ၊ သူ့မယားကိုပြစ်မှားသူ၊ သူ့အသက်သတ်သူတွေ နောင်တယူ၊ ပြစ်ဒဏ် ဆပ်ဖြေရမယ့် ကာလအဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။ ဒီအပြစ်ကြီးများ ကျူးလွန်သူတွေကို မစ္ဆားတရားမှာ ပါဝင်ပူဇော်ခွင့်၊ ကိုယ်တော်မြတ် ပင့်ယူခွင့်မပြုပဲထားခဲ့ရာကနေ နောင်တယူ၊ ပြစ်ဒဏ်ဆပ်ဖြေပြီး ကြာသပတေးနေ့ကြီးမှ ပြန်လက္ခံခဲ့ပါတယ်။ အခုနောက်ဆုံးမှာတော့ သူတို့တတွေ သာမက ကျွန်ုပ်တို့ လူသားတွေဟာ အားနည်းတဲ့ အလျှောက် ဘယ်သူမှ အပြစ်နဲ့မကင်းကြတဲ့အတွက် အားလုံးကို ခုလိုဝါတွင်းကာလမှာ နောင်တယူ ပြစ်ဒဏ် ဆပ်ဖြေခိုင်းပါတယ်။ အချိန်ကာလကိုလည်း တနင်္ဂနွေနေ့များ မပါဘဲ မိုးဇယ်၊ ဧလိယနဲ့ သခင်ယေဇူးတို့ အစာရှောင်ခဲ့သလို ရက်ပေါင်း(၄၀)ပြည့်အောင် တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။

အစာရှောင်ခြင်း
အပြစ်ဒဏ်ဆပ်ဖြေဖို့ရာအတွက် အစာရှောင်ခြင်းအမှုကို ပြုရမယ်ဆိုတာ မိုးဇယ်မှ တဆင့် ထာဝရဘုရား ကိုယ်တော်တိုင် တောင်းဆိုတော်မူတဲ့ အမှုဖြစ်ပါတယ်။ "သတ္တမလဆယ်ရက်နေ့၌ အလုပ်ကို အလျှင်းမလုပ် ခြိုးခြံစွာ ကျင့်လျှက်နေရမည်။ ထာဝရဘုရားရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည့်အကြောင်း အပြစ်ဖြေခြင်းကို ပြုရမည်" (၀တ်ပြု ၁၆း၂၉၊ ထွက် ၃၀း၁၀)။ ဒါ့အပြင် ဓမ္မဟောင်း ခေတ်ကာလမှာ အခြားသော ရည်ရွယ်ချက်တွေနဲ့လည်း အစာရှောင်ကြပါတယ် (၁ဓမ္မ ၃၁း၁၃၊ ၃ဓမ္ဓ ၂၁း၂၇၊ နေဟမိ ၁း၎)။ သူတို့ရဲ့ နောင်တစွဲယူခြင်းကို ဖော်ပြဖို့ အဓိဋ္ဌာန်ပြုတဲ့ အနေနဲ့လည်း အစာရှောင်ကြပါတယ် (၂ရာချုပ် ၂၀း၃-၄၊ ဧဇရ ၈း၂၃)။ ဓမ္မဟောင်းမှာ မိုးဇယ်(ထွက် ၃၄း၂၈)နဲ့ ဧလိယ(၃ဓမ္မ ၁၉း၈)တို့ ရက်ပေါင်း(၄၀) အစာရှောင်ခဲ့ကြသလို သခင်ယေဇူးလည်း ပြုခဲ့ပါတယ် (မာတေဦး ၄း၂)။ သခင်ယေဇူးရဲ့ ခေတ်ကာလမှာ ဘာသာတရား ကြည်ညို လေးစားတဲ့ ဂျူးလူမျိုးတိုင်း အစာရှောင်ခြင်းကို ကျင့်ကြပါတယ် (မာတေဦး ၆း၁၆၊ လုကာ ၂း၂၇၊ ၁၈း၁၂)။ တပည့်တော်ကြီးတွေ ဆုတောင်းကြတဲ့အခါ အစာလည်း ရှောင်ခဲ့ကြကြောင်း၊ ယုံကြည်သူများကိုလည်း အစာရှောင်ဖို့ သွန်သင်ခဲ့ကြကြောင်း တွေ့ရပါတယ် (တမန် ၁း၂၆၊ ၂း၃၇၊ ၁၄း၂၃၊ ၁ကော ၇း၅)။ ဒုက္ခ အခက်အခဲ ကြုံတွေ့ရချိန်၊ နတ်ဆိုးရန်သူ၊ လောကရန်သူ၊ သွေးသားရန်သူတွေရဲ့ နှောင့်ယှက်ခြင်းကို ခံရချိန်တွေမှာ အစာရှောင်ခြင်းကို ကျင့်ကြံ သင့်လှပါတယ်။ ဒီအချိန်တွေမှာ နေ့စဉ် ရုန်းကန် ကျင်လည်နေရတဲ့ ဘ၀ထဲက ရုန်းထွက်ပြီး ဘုရားကို အချိန်ပိုပေးဖို့၊ ဘုရားသခင်နဲ့ ပိုမိုပေါင်းစပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အစာရှောင်ရမှာ ဖြစ်ပါတယ်။ စစ်မှန်သော အစာရှောင်ခြင်းကတော့ "ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား မတရားသော အချည်အနှောင်ကိုချွတ်ခြင်း၊ လေးသော ၀န်ကိုချခြင်း၊ ညှင်းဆဲခံရသော သူတို့ကိုလွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကိုချိုးခြင်း မဟုတ်လော။ မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေစရာမရှိ ဆင်းရဲသော သူတို့ကို ကိုယ့်အိမ်သို့ဆောင်ခြင်း၊ အ၀တ်မရှိသော သူကိုမြင်လျှင် အ၀တ်ပေးခြင်း၊ ကိုယ့်ဆွေမျိုးသားချင်းကို ကြည့်ရှု စောင့်ရှောက်ခြင်း မဟုတ်လော" (အီဇာအိယ ၅၈း၆-၇)။

ဆုတောင်းခြင်း
ကျွန်ုပ်တို့တောင်းတဲ့ ဆုတွေရမရဆိုတာ ဆုတောင်းသူရဲ့ စိတ်ခံစားချက်၊ အစွမ်းသတ္တိ စတာတွေနဲ့ မဆိုင်ပါဘူး။ ဘုရားသခင်ရဲ့ ရွှေဥာဏ်တော်နဲ့ တန်ခိုး အာနုဘော်တော်မှာသာ မူတည်ပါတယ်။ ဘုရားသခင်က ဆုတောင်းသူရဲ့ နှိမ့်ချခြင်းနဲ့ သူ့အပေါ်ထားတဲ့ ယုံကြည်ကိုးစားခြင်းကို ဂရု ပြုတော်မူတယ်ဆိုတာ အောက်ပါ ကျမ်းချက်တွေက ဖော်ပြနေပါတယ်။ "အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော စိတ်နှလုံးကို ငြင်းပယ်တော် မမူတတ်ပါ" (ဆာလံ ၅၁း၁၇)။ "ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ကိုးစားလော့၊ ကိုယ့်ဥာဏ်ကို အမှီမပြုနှင့်၊ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့၊ သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်" (သုတ္တံ ၃း၅-၆)။ "အခွန်ခံမူကား အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ဘတ်ကို ခတ်လျှက် အိုဘုရားသခင် အပြစ်များသော အကျွန်ုပ်ကို သနားခြင်း ကရုဏာ စိတ်ရှိတော်မူပါဟု ဆုတောင်းလေ၏" (လုကား ၁၈း၁၃)။
ဘုရားသခင်ရဲ့ အလိုတော်ကို မနာခံခြင်းဟာ တောင်းတဲ့ဆုတွေကို မပြည့်ဝစေပါဘူး။ "ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင် ဘုရားရှင်သည် နားထောင်တော်မမူ" (ဆာလံ ၆၆း၁၈-၁၉)။ ကျူးလွန်ထားတဲ့ အပြစ်ကြီးများကို အာပတ်မဖြေဘဲ နေခြင်းဟာလည်း ဆုတောင်းခြင်းအတွက် အတားအဆီး တစ်ခုပါပဲ။ "သင်တို့သည် များစွာသော ပဋ္ဌနာကို ပြုကြသောအခါ ငါသည် နားမထောင်။ သင်တို့၏ လက်သည် အသွေးနှင့် ပြည့်လျက်ရှိ၏။ သင်တို့၏ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့" (ဟေရှာယ ၁း၁၅-၁၆)။ (ယာကုပ် ၅း၁၆၊ ၁ပေရု ၃း၁၂၊ ၁ယော ၃း၂၂)။ သူတစ်ပါးကို ခွင့်မလွှတ်နိုင်ခြင်းကြောင့်လည်း တောင်းတဲ့ ဆုနဲ့ လွဲရပါတယ်။ "သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင် သူ့အပြစ်ကို လွှတ်ကြလော့။ သို့ပြုလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖသည် သင်တို့၏ အပြစ်ကို လွှတ်တော်မူမည်" (မာကု ၁၁း၂၅)။
ကျွန်ုပ်တို့ ဆုတောင်းသင့်တဲ့ အကြောင်းအရာတွေထဲမှာ လူတွေဘုရားသခင်ကို သိလာစေဖို့ရာ ပထမ အရေးအကြီးဆုံးပါပဲ (မာတေဦး ၆း၁၊ ၉း၃၇-၃၈၊ ရောမ ၁၀း၁၊ ၁တိမော ၂း၁-၄) ဒုတိယ အရေးအကြီးဆုံး ကတော့ အမိအသင်းတော် အတွင်းမှာ ချစ်ခြင်း၊ စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်းရှိဖို့နဲ့ ခံနိုင်ရည်ရှိဖို့ပါပဲ (ယော ၁၇း၂၀-၂၃၊ တမန် ၁၂း၅၊ ရောမ ၁၅း၃၀-၃၁၊ ၂ကော ၁း၁၁၊ ဧဖက် ၁၆-၂၃၊ ၆း၁၉၊ ဖိလိပ္ပိ ၁း၉-၁၁၊ ကောလောသဲ ၄း၁၂)။ ယုံကြည်သူ ဘာသာဝင်များအနေနဲ့ နိုင်ငံအကြီးအကဲများအတွက် (မာတေဦး ၆း၁၀၊ ၁တိမော၂း၁-၂) ဆုတောင်းပေးရမှာ ဖြစ်သလို စိတ်ရှည် သီးခံတတ်ဖို့လည်း ဆုတောင်းကြရပါမယ် (ယောဘ ၄၂း၁၀၊ မာတေဦး ၅း၄၄)။ မိမိတို့တစ်ဦးစီ ၀ိညာဉ်၊ ကာယ လိုအပ်ချက်များအတွက် ဆုတောင်းဖို့လည်း မရှိမဖြစ် လိုအပ်ပါတယ် (မာတေဦး ၂၆း၃၆-၄၆၊ လုကား ၆း၁၂-၁၃၊ တမန် ၁း၂၄-၂၅၊ ဆာလံ ၅၇း၁-၃၊ နေဟမိ ၄း၈-၉၊ တရား ၂၆း၁၅၊ ဖိလိပ္ပိ ၄း၆၊ ၁ပေ ၅း၆-၇)။
ဘုရားသခင်ထံ ဆုတောင်းကြတဲ့အခါ တစ်ချို့က ဆုတောင်းချိန် သီးသန့် သတ်မှတ်ပေမယ့် (ဒံယေလ ၆း၁၀၊ မာတေဦး ၁၄း၂၃၊ မာကု ၁း၃၅) အချိန်အခါနေရာ ဒေသမရွေး ဆုတောင်းနိုင်ပါတယ် (ကမ္ဘာ ၂၄း၁၂-၁၃၊ နေဟမိ ၂း၎၊ လုကား ၅း၁၆၊ ၆း၁၂၊ ၁၈း၁၀၊ တမန် ၁၀း၉၊ ၁တိမော ၅း၅)။ အများနဲ့ ဆုတောင်းတဲ့အခါ တညီတညွတ်တည်း ဖြစ်ဖို့လိုပေမယ့် ကိုယ်တစ်ဦးတည်း ရှိတဲ့အခါ သက်တောင့် သက်သာ ဆုတောင်းနိုင်ပါတယ် (၁ဓမ္မ ၁း၂၆၊ ၃ဓမ္မ ၈း၅၄၊ ဧဇရ ၉း၅၊ လုကာ ၁၈း၁၁၊ ယော ၁၁း၄၁၊ ဧဖက် ၃း၁၄၊ ၁တိမော ၂း၈)။ အဓိက အရေးအကြီးဆုံးကတော့ "သင်တို့ အလိုရှိသမျှကို သင်တို့မတောင်းမီ သင်တို့အဖ သိတော်မူ၏" (မာတေဦး ၆း၈)လို့ သခင်ယေဇူး မိန့်တော်မူတဲ့အတွက် ယုံကြည်ကိုးစားခြင်းနဲ့ ဆုတောင်း ကြဖို့ပါပဲ။

အလှူဒါနပြုခြင်း
အမိအသင်းတော်နဲ့ တကွ သူတော်စဉ်များကို လှူဒါန်းခြင်း၊ လူသားအချင်းချင်း ပေးကမ်း စွန့်ကြဲခြင်းဟာလည်း ၀ါတွင်းကာလရဲ့ ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။ ယဉ်ကျေးတဲ့ ဘာသာတိုင်း၊ လူမျိုးတိုင်းက အလှူဒါနပြုဖို့ရာ အားပေးပါတယ်။ "လူသား အချင်းချင်း ကောင်းကျိုးပြုခြင်းက လူတွေမှာ နတ်ဘုရားတွေနဲ့ တူတဲ့ အစွမ်းပါပဲ" လို့ ရောမနိုင်ငံရေး ပညာရှင် စီဆာရို (၁၀၆-၄၃ဘီစီ)က ပြောခဲ့သလို ဂရိအတွေးအခေါ် ပညာရှင် အရစ္စတိုတယ် (၃၈၄-၃၂၂ဘီစီ)ကလည်း "အတ္တကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ မကောင်းကြံခြင်းအားဖြင့် လူတွေဟာ တိရစ္ဆာန်နဲ့တူကြပြီး အချင်းချင်း ရိုင်းပင်းကူညီခြင်း၊ ချစ်ခြင်း မေတ္တာပြခြင်းမှာတော့ ဘုရားနဲ့ တူကြတယ်" လို့ဆိုပါတယ်။ အလှူဒါနပြုခြင်းနဲ့ ပတ်သက်ပြီး သခင်ယေဇူး (မာတေဦး ၃း၁၉၊ ၆း၃၊ လုကာ ၆း၃၉၊ ၁၁း၄၁၊ ၂၁း၎) သာမက သံယောဟန် (၁ယော ၃း၁၆-၁၇)၊ သံယာကုပ် (ယာ ၂း၁၅-၁၆) နဲ့ သံပေါလူး (၂ကော ၈း၁၀-၁၅၊ ၉း၇) တို့ကပါ ဆုံးမ သွန်သင်ခဲ့ကြပါတယ်။ ရဟန္တာ ဂျွန်ခရစ္စဆော့စတုမ်(၃၄၉-၄၀၇အေဒီ)၊ ရဟန္တာဂရေဂေါ်ရီ (၅၄၀-၆၀၄အေဒီ) တို့ကလည်း အလှူဒါနပြုခြင်းဟာ ဘုရားသခင်ကို အားရ ကျေနပ်စေတယ်လို့ မြွက်ဆိုခဲ့ကြပါတယ်။

ပြာခံခြင်း
ဓမ္မဟောင်းမှာ ပြာခံခြင်းဟာ နောင်တသံဝေဂရခြင်း (အက်စတာ ၄း၃၊ ယောဘ ၂း၈၊ ယောန ၃း၈၊ မာတေဦး ၁၁း၂၁)၊ လူသားရဲ့ တန်ဖိုးကင်းမဲ့ခြင်း (ကမ္ဘာ ၁၈း၂၇) အပြင်လူ့ဘ၀ရဲ့နိဂုံး (ကမ္ဘာ ၃း၁၉)ကို ပြဆိုပါတယ်။ ပြာမှာ (Alkali) အယ်လ်ကာလီလို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုး ပါဝင်တဲ့အတွက် အညစ်အကြေးတွေကို ဆေးကြော သန့်စင်နိုင်စွမ်းရှိပါတယ်။ ပြာဟာ ထင်း ပြန်မဖြစ်နိုင်ပေမယ့် ပြာခံခြင်းရဲ့ အဓိပ္ပါယ်ဖြစ်တဲ့ နောင်တစွဲယူခြင်းကို ကျင့်မယ် ဆိုရင်တော့ နောက်ဆုံးသောနေ့မှာ ရှင်ပြန်ထမြောက်ပြီး ထာဝရ သုခ ချမ်းသာခံစားခွင့် ရပါလိမ့်မယ်။

နိဂုံး
ဝါတွင်းကာလရဲ့သမိုင်းနဲ့ ပြာခံခြင်းရဲ့အဓိပ္ပါယ်ကို သိပြီးတဲ့နောက် သခင်ယေဇူးနဲ့အတူ ဘ၀အသစ်မှာ ရှင်ပြန် ထမြောက်နိုင်ကြဖို့ရာ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနဲ့ အလှူဒါနပြုခြင်း ပါရမီများကို ကျင့်ကြံ ကြိုးစားသွားကြပါစို့။




ခံပွင့်
(ရှာဖွေစုစည်းတင်ပြသည်။)