Monday, February 22, 2010

အပြစ်ဆိုတာသိရုံနဲ့မပြီးဘူး


အပြစ်ဆိုတာသိရုံနဲ့မပြီးဘူး

လောကကြီးမှာ အဆိုးနဲ့အကောင်းဟာ အမြဲတမ်း ဒွန်တွဲနေပါတယ်။ ကျွန်ုပ်တို့ လူသားတွေကို ပြန်ကြည့်ရင်လည်း မည်သူတစ်ဦး တစ်ယောက်မျှ အပြစ်ကင်းသူ၊ အပြစ်မလုပ်သူ ဟူ၍ မရှိကြပါ။ ဒီလိုအပြစ်လုပ်တဲ့ နေရာမှာ ကိုယ်ကိုတိုင်က လုပ်သည်ဖြစ်စေ၊ သူတစ်ပါးက လုပ်သည်ဖြစ်စေ၊ ဝေဖန်သံတွေ ကြားရပါတယ်။ အပြစ်ပြုခြင်းကြောင့် ဝေဖန်မှုတွေဟာ ကိုယ်ကသူတစ်ပါးကို ဝေဖန်သလို ကိုယ့်ကိုလည်း သူတစ်ပါးက ဝေဖန်ကြပြန်ပါတယ်။
ဒီလိုပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ဝေဖန်သံတွေကို ကြားရတဲ့အခါမှာတော့ ကျွန်ုပ်တို့တွေဟာ မိမိတို့ရဲ့ အပြစ်အနာဆာတွေ၊ ဟာကွက်တွေ၊ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို သိလာရပါတယ်။ ထိုအပြစ် အနာဆာတွေ၊ အားနည်းချက်တွေကို ကျွန်ုပ်တို့က သိထားရုံနဲ့ မပြီးသေးပါဘူး။ အဲဒီအပြစ်တွေ ကနေရုန်းထွက်ဖို့၊ ပြုပြင်ဖို့ အရေးကြီးပါတယ်။ ထိုကဲ့သို့ ပြုပြင်တဲ့နေရာမှာလည်း မိမိဟာ ဘယ်နေရာမှာ လွဲချော်နေတယ်၊ ဘယ်နေရာမှာ မှားနေတယ်၊ ဘယ်လိုပြုပြင်ရမယ်ဆိုတဲ့ နည်းလမ်းကိုတော့ သိဖို့၊ ရှာကြံဖို့တော့ လိုအပ်ပါတယ်။
ယခုလို သိပ္ပံပညာတွေ တိုးတက်လာသည်နှင့် အမျှ ကမ္ဘာမြေကြီးပေါ်မှာရှိတဲ့ အရာတွေဟာလည်း တစ်နေ့တစ်ခြား တိုးတက်ပြောင်းလဲလာတာကို တွေ့ရပါတယ်။ ပြောင်းလဲတဲ့ အရာတွေအများကြီး ရှိနေပေမဲ့ ပြောင်းလဲဖို့ခက်ခဲတဲ့ အရာတစ်ခုကတော့ လူတွေရဲ့မကောင်းသော စိတ်ပင်ဖြစ်ပါတယ်။ လူသားတွေဟာ မိမိမှာ မကောင်းတဲ့စိတ်တွေ၊ မကောင်းတဲ့ အကျင့်တွေ၊ မကောင်းတဲ့ အတွေးအခေါ်တွေ၊ မကောင်းတဲ့ အပြုအမှုတွေ ရှိနေတယ် ဆိုတာကို သိကြတယ်၊ လက်ခံကြပါတယ်။ ဒါပေမဲ့ အဲဒီမကောင်းတဲ့ အကျင့်တွေ၊ အားနည်းချက်တွေကို ပြုပြင်ဖို့အင်မတန်မှ အားနည်းကြပါတယ်။ နှောင့်နှေး နေတတ်ကြပါတယ်။ "ပျက်အစဉ်ပြင်ခဏ"ဆိုတဲ့ စကားပုံလေးကိုတော့ ကျွန်ုပ်တို့ ကြားဖူးကြပါလိမ့်မယ်။ ပျက်စီးနေသောအရာဝတ္ထု ပစ္စည်းတစ်ခုကို ပျက်သည့်အတိုင်း ထားပါက ထာဝစဉ်ပျက်မြဲသာ ဖြစ်နေပေမည်။ အဲဒီပျက်နေတဲ့ အရာတစ်ခုကို ပြုပြင်လိုက်ရင်တော့ ခဏတာ အချိန်ကာလအတွင်းမှာပင် အကောင်းပကတိ ဖြစ်လာနိုင် ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ မကောင်းတဲ့ အကျင့်တွေကို ပြုပြင်ကြရပါမယ်။
"လူသတင်း လူချင်းဆောင်" ဆိုတဲ့ အတိုင်း သူတစ်ပါးရဲ့အကြောင်းကို ဝေဖန်တဲ့အခါမှာ ကောင်းသော ဝေဖန်ချက်ရှိသလို၊ မကောင်းသော ဝေဖန်ချက်လည်း ရှိကြပါတယ်။ ဒါပေမဲ့ ဝေဖန်ချက် တော်တော်များများကတော့ မကောင်းသော ဝေဖန်ချက်များပင် ဖြစ်ပါတယ်။ တစ်ချို့သော လူတွေဟာ တစ်ပါးသူရဲ့ အားသာချက်ကို မမြင်နိုင်ဘဲ အားနည်းချက်ကိုသာ မြင်တတ်ပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ သူတို့တွေ ကိုယ်တိုင်ကမမှန်သော၊ မတရားသောလမ်းကို လျှောက်လှမ်းနေသောကြောင့်ပင် ဖြစ်ပါတယ်။ တစ်ချို့ကျတော့လည်း သူတစ်ပါးက ဆုံးမတာ၊ အမှားထောက်ပြတာကို လက်မခံနိုင်ကြဘူး။ သိရင်တောင် ခေါင်းမာစွာနဲ့ နေတဲ့ သူတွေလည်း အများကြီး ရှိနေကြပါတယ်။
ရှေးလူကြီးတွေက ချစ်လွန်းရင် နှစ်ရာကျတယ်လို့ ပြောခဲ့ကြပါတယ်။ အချို့သော မိဘတွေ၊ ဆရာသမားတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဟာ မိမိတို့ရဲ့ သား၊ သမီးတွေ၊ တပည့်တွေ၊ သူငယ်ချင်းတွေကို ချစ်အားကြီးပြီး သူတို့တွေရဲ့ အပြစ်အနာဆာတွေ၊ ဟာကွက်တွေကို ဘယ်တော့မှ မပြောဘဲ ဖုံးဖိထားကြပါတယ်။ အဲဒီအချစ်က စစ်မှန်တဲ့အချစ်တော့ မဟုတ်ပါဘူး။ အင်မတန်မှ ကြောက်စရာကောင်းတဲ့ အရာတစ်ခုဖြစ်ပါတယ်။ တစ်ချို့တွေကျ ပြန်တော့လည်း သား၊ သမီးတွေကို ဆုံးမပေးပါအုန်း၊ ကျွန်တော်/မတို့ ဆုံးမလို့ လုံးဝမရဘူးဆိုပြီး ဘုန်းကြီးတွေ၊ ဆရာသမားတွေထံ အပ်တဲ့ မိဘတွေလည်း အများကြီးရှိပါတယ်။ သူတစ်ပါးကို ဆုံးမ ပဲ့ပြင်တဲ့နေရာမှာ အထူး သတိထားရမဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲဒီအချက်ကတော့ သူတစ်ပါးကို မဆုံးမခင် မိမိကိုယ်ကို အရင်ဆုံး ဆုံးမ ထားသင့်ပါတယ်။ မိမိကိုယ်တိုင်က လမ်းဖြောင့်ဖြောင့် မလျှောက်နိုင် သရွေ့၊ သူတစ်ပါးကို မင်း လမ်းလျှောက်တာ ဖြောင့်ဖြောင့် လျှောက်စမ်းပါလို့ မဆိုလိုက်ပါနဲ့။ အဲဒီလူဟာ သင့်ရဲ့စကားကို နားထောင်မှာ မဟုတ်တာကတော့ သေချာပါတယ်။
မိမိတို့ရဲ့ အပြစ်တွေကို သိလာပြီ၊ မြင်လာပြီဆိုရင်တော့ အဲဒီအပြစ်တွေကို နည်းသထက် နည်းအောင် ပြုပြင်ကြရပါမယ်။ လူ့ဘ၀မှာ အပြစ်တွေနည်း လာပြီဆိုလျှင် လောဘတွေ၊ အတ္တတွေ၊ ဒေါသတွေ၊ မာန်မာနတွေဟာလည်း တစ်နေ့ထက်တစ်နေ့ လျော့နည်းလာမှာ ဖြစ်ပါတယ်။ မိမိရဲ့ အပြစ်ကို မသိရင်၊ မမြင်နိုင်ရင်တော့ အဲဒီလူဟာ အတ္တနဲ့ ပြည့်နေပြီး အပြစ်ပင်လယ်မှာ နစ်မွန်းနေသူသာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အတ္တကြီးနေရင်တော့ အပြစ်ကို ပယ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အတ္တကနေ အနတ္တသို့ ပြောင်းလဲနိုင် ရင်တော့ အပြစ်ကို သိနားလည်လာပြီး ပြင်ဆင်ကာ ငြိမ်းချမ်းသာယာလှပတဲ့ ဘ၀တွေကို တည်ဆောက်နိုင်မှာ အမှန်ပင် ဖြစ်ပါတယ်။

တာ၀၀ိာံ