Friday, February 19, 2010

ဘာသာတရားကို မြန်မာမှုပြုကြမည်ဆိုပါက (၃)


ဘာသာတရားကို မြန်မာမှုပြုကြမည်ဆိုပါက (၃)

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၈) ရက်နေ့က ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းကျေးရွာသို့ ရောက်ခဲ့ပါသည်။ သွားရရင်းကတော့ ထိုရွာမှာ ရွှေဘိုမြို့က ဦးဂျိမ်းမိသားစုပိုင် ကျောက်ခွဲစခန်းနှင့် စိုက်ပျိုးရေးစခန်းမှ ဦးစီးပြီး ၂၀၀၆ ခရစ္စမတ်ပွဲနှင့် ကွယ်လွန်သွားသော သူတို့၏ သားအတွက် တစ်လပြည့်ဆုတောင်းပွဲ လုပ်ဖို့ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ အများစုကိုးကွယ်သည့် ရွာကြီး ဖြစ်သလို ခရစ်ယာန်ဘာသာဝင်ဆိုလို့ သူတို့ တစ်အိမ်တည်းသာ ရှိပါသည်။ တရားဒေသနာဟောကြားကာ ဆုတောင်းပွဲကို ဦးဆောင်ဖို့ ကြွလာဖြစ်အောင် လာပါလို့ အတန်တန် ဖိတ်တာကြောင့် ရောက်သွားခဲ့ပါသည်။ အဲသည်နေ့မှာ ဗုဒ္ဓဘာသာဘုန်းကြီးများကိုပင့်ကာ ဆွမ်းကပ်မည်။ ဘုန်းကြီးများက တရားဟောကြားပြီး အမျှပေးဝေကြမည်ဟုလည်း သိရပါသည်။
ငှက်ပျောတိုင်းရွာကလေးမှာ ထန်းတပင်ဇီးကုန်း မြောက်ဖက် (၇)မိုင်ခန့်အကွာ မန္တလေး မြစ်ကြီးနား ဆက်သွယ်ထားသည့် ဗျူဟာကားလမ်း ခပ်ကြမ်းကြမ်းပေါ်မှာ တည်ရှိပါသည်။ ကျွန်တော်တို့ ရောက်သွားချိန်မှာတော့ အိမ်ရှေ့က မဏ္ဍပ်မှာ ဗုဒ္ဓဘုန်းတော်ကြီးများ တရားပွဲစနေချိန် ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင် အတော်များများလည်း တရားနာယူနေကြတာ တွေ့ရပါသည်။ ကျွန်တော်လည်း မဏ္ဍပ်နှင့် ကပ်လျက်ရှိ ထိုင်ခုံမှာ နေရာယူရင်း တရားပွဲကို လေ့လာမိပါသည်။
မကြာခင်ပဲ ရွှေဘို၊ မုံလှ၊ ချောင်းရိုးမှ ဘုရင်ဂျီဘာသာဝင်များ ကားနှင့်တချို့ ထော်လာဂျီနှင့်တချို့ အသီးသီး ရောက်လာကြပါသည်။
ဘုန်းကြီး(၆)ပါး ထိုင်နေတာတွေ့ရပါသည်။ အလယ်က ဘုန်းကြီးက ဗုဒ္ဓ၀င်တရားကို ဟောနေပါသည်။ ဗုဒ္ဓဘာသာဝင်များကတော့ (ကလေးများအပါအ၀င်) အမျိုးသမီးများက ကျုံ့ကျုံ့ ထိုင်ကာ (တင်ပါးလွှဲထိုင်ကာ) လက်အုပ်ချီထားရင်း တရားနာနေကြပါသည်။ အမျိုးသားများကတော့ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီ အနေအထားနှင့် တရားနာ နေကြပါသည်။ ခရစ်ယာန် ဘုန်းကြီးတွေလည်း ရှိနေလို့လားမသိပါ ထိုနေ့က ဘုန်းကြီးတရားက အတော်ရှည်ပါသည်။ တရားနာပရိတ်သတ်ကို ကြည့်လိုက်ပြန်တော့လည်း အနေအထားမပျက် ထိုင်လျက် တရားနာ ယူနေကြပါသည်။
တရားပွဲပြီးသွားတော့ ဘုန်းကြီးများကို နေ့ဆွမ်းကပ်ကြပါသည်။ ဘုန်ကြီးများ ပြန်ကြွသွားတော့ ကျွန်တော်တို့ တရားပွဲနှင့် မစ္ဆားတရား စဖို့ ပြင်ဆင်ကြပါသည်။ မဏ္ဍပ်နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးတချို့ ကျွန်တော်တို့ တရားဟောတာကို လေ့လာဖို့ နေရာယူကြတာ တွေ့လိုက်ပါသည်။ အမျိုးသားများရော အမျိုးသမီးများရော ကလေးများပါ မကျန် ကျုံ့ကျုံ့လေးတွေ ထိုင်လို့ (တင်ပါးလွှဲထိုင်လို့)နေကြတာ သတိပြုမိ လိုက်ပါသည်။ အမျိုးသမီးကြီးများကတော့ ခေါင်းပေါ်မှာ ပုဝါလေးတွေတောင် ဆောင်းထားကြ သေးပါသည်။
ခဏကြာတော့ ကျွန်တော်တို့ ဘာသာဝင်များ မဏ္ဍပ်တွင်း အရှေ့ပိုင်းမှာ နေရာယူကြပါသည်။ အမျိုးသားများရော၊ အမျိုးသမီးများရော ကလေးများပါ လိုက်လာကြသည်။ လူစုံပြီလားလို့ မော့ကြည့်လိုက်တော့ ကျွန်တော် အတော် စိတ်မကောင်း ဖြစ်သွားမိခဲ့ပါသည်။ ၀မ်းနည်းသလိုလိုလဲ တစ်ပြိုင်နက် ခံစားမိရပါသည်။
ဘာဖြစ်သွားရသလဲဆိုတော့ သည်နေ့ မြင်ကွင်းက ကျွန်တော် သိထားသည့်၊ ကျွန်တော် အလွန်မြတ်နိုးသည့် တန်ဖိုးကြီး မြန်မာ့ယဉ်ကျေးမှုများ ကျွန်တော်တို့ ဘုရင်ဂျီဘာသာဝင်များခေါ် မြန်မာခရစ်ယာန် ဘာသာဝင်များဆီမှာ မတွေ့လိုက်ရလို့ ဖြစ်ပါသည်။
ဘယ့်နဲ့ဗျာ။ နောက်နားက ထိုင်နေကြသည့် တရားနာရိတ်သတ်ကြီးက တရိုတသေ ကျုံ့ကျုံ့လေးတွေ ထိုင်လို့ (တင်ပါးလွှဲထိုင်လို့)။ ရှေ့နားက ဘုရင်ဂျီများကတော့ မိန်းကလေးတွေရော၊ အမျိုးသားတွေရော တင်ပျဉ်ခွေ ထိုင်သူကထိုင်၊ ထော်လော်ကန်လန့် ထိုင်သူကထိုင်၊ ဒူးချင်းထပ် ထိုင်နေသူကနေ၊ ဒူးနှစ်လုံးထောင် ထိုင်သူကထိုင်၊ လကအုပ်ချီဖို့ ဆိုတာကတော့ ဝေးမှဝေးရော။ အဲဒါ မြန်မာခရစ်ယာန်များ ဘုရားရှိခိုးပုံတဲ့လား။
အမှန်တစ်ခုကိုတော့ ၀န်ခံချင်ပါသည်။ ဘာသာဝင်များတွင် တချို့၊ အထူးသဖြင့် လူကြီးပိုင်းများနှင့် လူလတ်ပိုင်း တချို့ကတော့ ကျုံ့ကျုံ့လေးတွေ (တင်ပါးလွှဲ) ထိုင်နေကြပါသည်။ အဲသည် တချို့ဆိုတာလည်း အတော်နည်းပါသည်။ ရှေးလူကြီးများ၏ သင်ကြားခံခဲ့ရသူများနှင့် မြန်မာ့ဓလေ့ကို တန်ဖိုးထားတတ်သည့် မိသားစုတစ်ချို့မှ ဖြစ်ပါလိမ့်မည်။ သူတို့ကို ကျွန်တော် လေးစားမိပါသည်။
သည်လောက်ဆို မာကု (ဒဿန)တော့ သည်လသိုးထိန်းအသံမှာ ဘာတွေရေးတော့မည်ဟု စာဖတ် ပရိတ်သတ်ကြီး အကဲခပ်မိပါလိမ့်မည်။ မှန်ပါသည်။ ကျွန်တော် ဘာသာတရားကို မြန်မာမှုပြုကြမည်ဆိုပါက (၃)ကို ဆက်ရေးလိုက်မိပါတော့သည်။
ကျွန်တော်တို့ငယ်ငယ်က ကျွန်တော်တို့မိသားစုသည် အဖိုးအဖွား တို့အိမ်မှာ ပေါင်းနေကြရပါသည်။ ကျွန်တော်တို့ မိသားစုသည် ညစဉ်ညတိုင်း မိသားစုစိပ်ပုတီးနှင့် ညမေတ္တာဆိုလေ့ရှိပါသည်။ ကလေးတွေကို လူကြီးတွေ အရှေ့မှာ ထိုင်စေပါသည်။ ကျွန်တော်တို့အဖေက ကျွန်တော်တို့နားနားကပ်ပြီး မေတ္တာ အော်ဆိုပေးပါသည်။ ကျွန်တော်တို့လည်း သည်လိုနှင့် ဘုရားရှိခိုးမေတ္တာတွေ အားလုံးနီးပါး ငယ်ငယ်ကတည်းက အလွှတ်ရပါသည်။ အဲလို မိသားစုဘုရားရှိခိုးတိုင်း အဖိုး၊ အဘွား၊ အဖေ၊ အမေ၊ အကို၊ အမတွေအားလုံး ကျုံ့ကျုံ့ (တင်ပါးလွှဲ) ထိုင်ကြရပါသည်။ မတော်လို့ ကျွန်တော်တို့ ကလေးများထဲက တစ်ယောက်ယောက်က တင်ပျဉ်ခွေထိုင်ကာ ဘုရားရှိခိုးရင် "ဟဲ့ ဘုရားစဉ်အရှေ့ အဲလို မထိုင်ရဘူး။ ဘုရားရှိခိုး ထိုင်ရတယ်" စသည်ဖြင့် တစ်မျိုး၊ "ဟဲ့ကောင်လေး၊ ဘုရားရှေ့ အဲလိုမထိုင်ကောင်းဘူး။ သည်လို ထိုင်ရတယ်"စသည်ဖြင့် တစ်ဖုံ သင်ပေးလေ့ရှိပါသည်။ ကျွန်တော်လည်း ထိုအသိနှင့် ကြီးပြင်းလာခဲ့ပါသည်။ ရပ်ရွာ နာရေးသာရေးမှာ (သို့မဟုတ်) အိမ်တွေမှာ ဘုရားရှိခိုးကြတိုင်း (သို့မဟုတ်) စိပ်ပုတီးစိပ်ကြတိုင်း မေတ္တာစဆိုတာနှင့် တစ်ချို့ ဘာသာဝင်တွေ အဲလို ကျုံ့ကျုံ့ (တင်ပါးလွှဲ) ပြင်ထိုင်ကြတာ တွေ့နိုင်ပါသေးသည်။
သို့သော် အဲလိုမြန်မာမူနှင့် ကျုံ့ကျုံ့ (တင်ပါးလွှဲ) ထိုင်ကြတာ၊ ဘုရားရှိခိုးထိုင်ကြတာတော့ လူနည်းစုသာ ကျန်ပါတော့သည်။ ထိုလူနည်းစုမှာ ရှေးလူကြီးများ၊ သက်ကြီးရွယ်အိုများနှင့် သူတို့သင်ကြားခဲ့လို့ သိထားကြသည့် လူလတ်တစ်ချို့သာ ကျန်ပါတော့သည်။ လူငယ်၊ လူလတ်ပိုင်းနှင့် ယနေ့ကလေးသူငယ် အားလုံးကတော့ တင်ပျဉ်ခွေ ထိုင်သူထိုင်ကြပါသည်။ ဒူးချင်းပူးကပ် ထိုင်လို့ထိုင်။ ဆောင့်ကြောင့် ထိုင်သူထိုင်။ ဒူးတစ်ချောင်းထောင် ထိုင်လို့ထိုင်၊ ဒူးနှစ်ချောင်းစုံလိုက်ထောင် ထိုင်ကာ ပုတီးစိပ်သူစိပ်နှင့် ၀မ်းနည်းဖွယ်တွေ့ရပါသည်။
"ဘုရားရှိခိုးထိုင်ရတယ်"ဆိုတာ ကြားဖူးကြတော့မည် မထင်ပါ။ ဘုရားရှေ့၊ ဘုရားစဉ်ရှေ့နှင့် တရားနာရာမှာ ရိုရိုသေသေ ကျုံ့ကျုံ့ထိုင် ရတယ်ဆိုတာလည်း သိကြတော့မည်ဟု မထင်ပါ။ မိမိ သတိမထားမိလိုက်၍ သော်၎င်း၊ မသိလိုက်၍ သော်၎င်း ပြုမူလိုက်သည့် အနေအထိုင်တစ်ခုသည် မိမိယဉ်ကျေးမှုနှင့် ဆန့်ကျင်ကာ ထော်လော်ကန့်လန့် ဖြစ်နေပါက မိမိအလွန်မြတ်နိုး တန်ဖိုးထားကိုးကွယ်သည့် ဘာသာ၊ တရားနှင့်ဘုရားပင်လျှင် လူတကာမျက်စေ့မှာ အရိုအသေမဲ့ နေတတ်တာကိုလည်း မြန်မာစစ်စစ် ဘုရင်ဂျီများ စဉ်းစားမိကြမည်လို့ ကျွန်တော်မထင်ပါ။ မိမိအမျိုးသားများအကြားမှာ မိမိဘာသာတရားသည် တစ်စိမ်းအသွင် ၀င်သွားစေတာကိုလည်း တွေးမိမည်ဟု မထင်ပါ။
တင်ပျဉ်ခွေထိုင်ခြင်းသည် မြန်မာ့ရိုးရာဓလေ့များတွင် ယဉ်ကျေးသိမ်မွေ့သော ထိုင်နည်း တစ်ခုဖြစ်ပါသည်။ သို့သော် နေရာတကာအတွက်တော့ မဟုတ်ပါ။ သူနေရာနှင့် သူသာ ဖြစ်ပါသည်။ ထို့အပြင် တင်ပျဉ်ခွေထိုင်ခြင်းသည် သြဇာ အာဏာကို၎င်း၊ တန်ခိုး အရှိန်အ၀ါရှိခြင်းကိုသော်၎င်း ဖေါ်ပြပါသည်။
ထို့အဓိပ္ပါယ်ကြောင့် ရဟန်းဘုန်းကြီးများက တရားဟောရာတွင် တင်ပျဉ်ခွေ ထိုင်လျက်အနေအထားနှင့် ဟောကြသည်။ ရှင်ဘုရင်များသည်လည်း တိုင်းသူပြည်သားများ၏ အပူဇော်ခံရာတွင် တင်ပျဉ်ခွေထိုင်ကြသည်။ ညီလာခံစီရင် ကျင်းပရာမှာလည်း ထိုသို့ပင် ထိုင်ကြလေသည်။
လူကြီးသူမများ အရှေ့သော်လည်းကောင်း၊ ဘုရားပုံတော်၊ ဘုရားစဉ်၊ ရဟန်းဘုန်းကြီးများ ရှေ့တည့်တည့်သော် လည်းကောင်း ခြေထောက်ဆန့်တန်းခြင်း၊ ကျောပေးထိုင်ခြင်း၊ ထော်လော ကန့်လန့်နေအထား မပြုရချေ။ ထိုင်ရာတွင်လည်း တင်ပါးလွှဲထားလျက် ကျုံ့ ကျုံ့ ရို့ရို့ (တင်ပါးလွှဲ)ထိုင်ကြလေသည်။
ဘုရားရှိခိုးရာတွင်၎င်း၊ တရားနာယူရာတွင်၎င်း၊ ဘုရား၊ ပုထိုးစေတီရှေ့တွင်သော်၎င်း မြန်မာအမျိုးသား၊ အမျိုးသမီး၊ ကလေးလူကြီးအပါအ၀င် လူအားလုံး တင်ပါးလွှဲထိုင် (ကျုံ့ကျုံ့ထိုင်) ကြရပါသည်။ သာမာန် ဘာသာဝင်များ မပြောနှင့် တရားရှင်ရဟန်းဘုန်းကြီးနှင့် သြဇာအာဏာရှင် မင်းစိုးရာဇာဝင် ဘုရင်မူးမတ်များပင် မိမိပုလ’ိင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လင့်ကစား ဘုရားရှေ့ တရားရှေ့မောက်ရောက်ပါက တင်ပါးလွှဲထိုင်ကာ (ကျုံ့ကျုံ့ထိုင်ကာ) လက်ရှိခိုးလျက် နေထိုင်ပြုမူရပါသည်။ ဤကဲ့သို့ ထိုင်ခြင်းကိုပင် ရှေးလူကြီးသူမများက ဘုရားရှိခိုးထိုင်ပုံဟု အလွယ်တကူ ခေါ်ဆိုကြပါသည်။
အဘယ်ကြောင့်ဆိုသော် တင်ပါးနှစ်လုံးကို လွှဲထပ်ထားလျက် ကျုံ့ကျုံ့ ရို့ရို့ (တင်ပါးလွှဲ) ထိုင်ခြင်းသည် မြန်မာ့ ရိုးရာဓလေ့တွင် အထူးအလွန် အရိုအသေပေးခြင်း၊ မိမိကိုယ်စိတ်နှလုံး မမောက်မာခြင်း၊ စိတ်နှိမ့်ချခြင်း၊ ဦးထိပ်တင်ထားခြင်း၊ ကိုးကွယ်ဆည်းကပ်ခြင်း စသည့်အဓိပ္ပါယ် ဆောင်သောကြောင့် ဖြစ်ပါသည်။
သည်သဘောတရားများကို ယနေ့ခေတ် မြန်မာဘုရင်ဂျီလူကြီး၊ လူလတ်၊ လူငယ်၊ ကလေး များအပါအ၀င် အမျိုးသမီး အမျိုးသား အားလုံး သိထားသင့်ပါသည်။ လက်ဆင့်ကမ်း သင်ကြား ပေးသင့်လှပါသည်။
မြန်မာ့ဓလေ့ မြန်မာဟန်မူရာများ မြန်မာခရစ်ယာန်များဆီမှာ မြင်တွေ့ရခြင်းသည် မျက်မှောက်ခေတ် သာသနာပြုခြင်းဟုပင် ကျွန်တော်ဆိုဝံ့ပါသည်။
သာသနာပြုခြင်းဆိုသည်မှာ မိမိဘာသာတရားထဲသို့ ဘာသာဝင်အသစ်များ သွတ်သွင်းခြင်း သက်သက်ကို မခေါ်ပါ။ သာသနာပြုခြင်းဆိုသည့် ဆောင်ပုဒ်၏ အဓိပ္ပါယ်စစ်စစ်မှာ ၀မ်းမြောက်ဖွယ်ရာ သတင်းကောင်း ဖြစ်သည့် ဘုရားရှင်နှင့် အရှင်မြတ်၏တရားတော်ကို လူသားများကြားဖူးအောင်၊ လူသားများသိရှိလာအောင် ပြောပြသက်သေခံခြင်းပင် ဖြစ်ပါသည်။ ဘာသာဝင်ခြင်း မ၀င်ခြင်းသည် သာသနာပြုခြင်းနှင့် မဆိုင်ပါ။ ဘုရားရှင်နှင့် ယုံကြည်လက်ခံသူနှင့်သာလျှင် သက်ဆိုင်ပါသည်။ မျက်မှောက်ခေတ်အချိန်အခါမှာ မည်သူမျှ လမ်းတကာမှာ လိုက်လံတရားဟောနိုင်ပါမည်နည်း။ ဟောသူပြောသူရှိလို့ရော နာထောင်သူ ရှိပါဦးမည်လား။ လက်ခံမည့်သူ ရှိပါဦးမည်လား။
သို့သော် မြန်မာခရစ်ယာန်များသည် မိမိမြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် အညီ ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်သွားလာ ပြောဆိုဆက်ဆံခြင်းဖြင့် မြင်ရသူကြုံရသူတိုင်းက "သြော် သူတို့ဘာသာဟာလည်း တို့ဘာသာလိုပါလား။" "သူတို့တရားကလည်း တို့တရားနဲ့ ခပ်ဆင်ဆင်ပါလား။" "သြော် သူတို့ကိုးကွယ်သည့် ဘုရားသခင်ဆိုတာ အဲလိုလား။" "ငါတို့က ခရစ်ယာန်တွေဆိုတာ နိုင်ငံခြားသားတွေလို့ ထင်နေတာ"။ စသည်ဖြင့် မြင်လာစေပါက သင်သည် သာသနာပြုနေခြင်း မဟုတ်ပါလား။



မာကု(ဒဿန)