Friday, February 19, 2010

လူ့အဖြစ်ကိုယူခြင်း


လူ့အဖြစ်ကိုယူခြင်း

ဆင်းရဲသော သူဘက်၌လည်း မငဲ့ကွက်ရ။ သင်သည် ရန်သူ၏ မြင်း နွား လမ်းလွဲသည်ကို တွေ့မြင်လျှင်၊ အမှန် ပြန်ပို့ရမည်။ သင့်ကို မုန်းသောသူ၏ မြည်းသည်၊ မိမိဆောင်ရွက်သော ၀န်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင် မ မစဘဲ နေနိုင်သလော။ အမှန် ၀ိုင်းညီ၍ မစ ရမည်။ သင်၌ ဆင်းရဲသောသူသည် တရားတွေ့သော အခါ သူ့ကို မတရားသဖြင့် မစီရင်ရ။ မဟုတ်မမှန်သော အမှုကို ရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကို မကွပ်မျက်ရ။ အကြောင်းမူကား ငါသည် မတရားသောသူကို အပြစ်မလွှတ်။ သင်သည် တံစိုး မစားရ။ တံစိုးသည် ပညာရှိတို့၏ မျက်စိကို ကွယ်စေ၍ ဖြောင့်မတ်သော သူတို့၏ စကားကို လွဲစေတတ်၏။ (ထွက် ၂၃း၃-၈ )
ဒီကျမ်းဟာ ဓမ္မဟောင်းကျမ်း တစ်ခုလုံးရဲ့အရေးကြီးဆုံး ကျမ်းပိုဒ်လို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီကျမ်းပိုဒ် အရင်ဖြစ်ပျက်ခဲ့သမျှ အီစရာအဲလ် လူမျိုးတို့ရဲ့ သမိုင်းတစ်ခုလုံးက ဒီအဖြစ် အပျက်ဆီသို့ ရည်ရွယ်ဦးတည်ခဲ့သလို၊ ဒီအဖြစ်အပျက်ပြီး နောက်ပိုင်း ပရောဖက်တွေရဲ့ဟောပြောချက်တွေကလဲ ဒီအရာရဲ့ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဖြစ်အပျက်ဟာ ရှည်လျားလှတဲ့ သမိုင်းကာလကြီး တစ်လျှောက်လုံးရဲ့ အထွဋ်အထိပ်၊ ဗဟိုမဏ္ဍိုင် ဖြစ်ပါတယ်။ ထူးဆန်းတဲ့ အဖြစ်အပျက်လည်း ဖြစ်ပါတယ်။ ဆီနာရီတောင်ခြေမှာ အီစရာအဲလ်လူတွေ စုဝေးနေကြတယ်။ ယဇ်ပလ’င်အားဖြင့် ကိုယ်စားပြုတဲ့ မိုးဇက်ဟာ ဘုရားသခင်နဲ့ အီစရာအဲလ်လူမျိုးအကြား ကြားဝင်ဆောင်ရွက်ပေးသူ ဖြစ်တယ်။ မိုးဇက်က အသွေးဖြင့် ယဇ်ပလ’င်နဲ့ လူတွေအပေါ်မှာ ပက်ဖြန်းခြင်းအားဖြင့် အစွန်းနှစ်ဖက်ကို ဆက်စပ်ပေးလိုက်ခြင်း ဖြစ်တယ်။ အီစရာအဲလ် လူမျိုးတွေအတွက် သွေးဟာ အသက်ရဲ့ အမှတ်လက္ခဏာ (The Symbol Of Life) ဖြစ်တယ်။ ဒါကြောင့် သွေးကို လူတွေအပေါ်မှာ ပက်ဖြန်းခြင်းအားဖြင့် ဘုရားသခင်ရဲ့ အသက်ဟာ မိုးဇက်မှတဆင့် ပေါကြွယ်ဝစွာဖြင့် လူတွေအပေါ်ကို စီးဆင်းတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ဘုရားသခင်ရဲ့ သီးသန့်လူများ (The chosen people of God) အဖြစ် ရောက်ခဲ့ရတယ်။ အဲဒီနောက်မှာ ပရောဖက်များ အားလုံးဟာ ဒီအဖြစ်အပျက်၊ အခန်းအနားရဲ့ အဓိကကျတဲ့၊ အလွန် လေးနက် အဓိပ္ပါယ်ရှိတဲ့အရာကို နက်ရှိုင်းတဲ့ ၀ါကျတစ်ခုတည်းနဲ့ဖေါ်ပြကြခဲ့တယ်။ (You shall be My people and I shall be your God.) ဒါပေမဲ့လဲ ဒီပထမအကြိမ်ပြုခဲ့တဲ့ ဘုရားသခင်နဲ့ အီစရာအဲလ်လူမျိုးတို့ကြားက ပဋိညာဉ်ဟာ ပျက်စီးသွားခဲ့ရတယ်။ အီစရာအဲလ်တို့ရဲ့ ဆိုးညစ်မှု၊ အဆွေခင်ပွန်း အပေါ်သစ္စာမရှိမှုတို့ကြောင့် ပျက်ခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်ဖက်က အလျှော့မပေးပါဘူး။ ကိုယ်တော်က stubbornly persistent ခေါင်းမာ လွန်းစွာနဲ့ ဆက်လက်ပြီး မျှော်လင့်ခဲ့တယ်။ ဒီပထမအကြိမ် ပြုခဲ့တဲ့ ပဋိညာဉ်ထက် ပိုပြီးထက် သန်တဲ့၊ ခိုင်မြဲတဲ့ ပဋိညာဉ်အသစ်၊ အီစရာအဲလ်လူတို့ရဲ့ ဆိုးညစ်မိုက်မဲခြင်းများကြောင့် ပျက်စီးမသွားနိုင်မဲ့ ပဋိညာဉ် အသစ်ထပ်မံပြုမယ်ဆိုပြီး အဆုံးမရှိသော စိတ်ရှည်သည်းခံခြင်းဖြင့် ပရောဖက်များကို တစ်ပါးပြီး တစ်ပါးစေလွှတ်ခဲ့တယ်။ ဒီလို ခိုင်မာတိကျတဲ့ ဒုတိယအကြိမ် ကတိသစ္စာကို ကားတိုင်ပေါ်မှာ ခရစ်တော်အားဖြင့်ပြုမှာ ဖြစ်တယ်။ သို့သော်လည်း ဒီလို အသေခံခြင်းအားဖြင့် ကတိသစ္စာပြုနိုင်ရန် ပထမဦးဆုံး ပဋိသန္ဓေစွဲယူပြီး မွေးဖွားခံရမှာဖြစ်ပါတယ်။ ဒါကြောင့် "လူ့အဖြစ်ကိုယူခြင်း" Incarnation ဆိုတာ လူတွေကို ကယ်တင်ဖို့ရန်အတွက် သူတို့ရဲ့ ဆိုးညစ်မှုတွေ၊ အပြစ်တွေ ဘယ်လောက်ပဲများပြား ကြီးလေးနေပါစေ၊ ခေါင်းမာစွာနဲ့ ဆက်လက်ပြီး သစ္စာရှိနေတဲ့၊ ချစ်နေတဲ့ ခမည်းတော် ဘုရားရဲ့ ချစ်ခြင်းမှထွက်ပေါ်လာတဲ့ "အကျိုးရလဒ်" ဖြစ်ပါတယ်။ ပထမအကြိမ် ပဋိညာဉ် ကျိုးပျက်သွားသော်လည်း ဒီအရာကို အဆုံးအဖြစ် မသတ်မှတ်ဘဲ နောက်တစ်ကြိမ်ပြန် အခွင့်အရေးပေး၊ ကြိုးစားခြင်းရဲ့ ရလဒ်က လူ့အဖြစ်ကိုယူခြင်း ဖြစ်ပါတယ်။ ဒီတစ်ကြိမ်ပြုခြင်းမှာ ကိုယ်တော် အောင်မြင်ခဲ့တယ်။ ဒီဒုတိယအကြိမ် ပဋိညာဉ်က သက်တမ်းမတိုးဘဲ၊ ထာဝရတည်တံ့ ခိုင်မြဲမှာ ဖြစ်တယ်။ အီစရာအဲလ်တို့က မက်ဆီးယား အဆင့်လောက်ကိုသာ မျှော်လင့်ခဲ့ကြတယ်။ သို့သော် ဘုရားသခင်က သူတို့ မျှော်လင့်တာထက် ကျော်လွန်ပြီး သူ့ရဲ့သစ္စာရှိတဲ့ ချစ်ခြင်းမေတ္တာရဲ့ မြင်နိုင်တဲ့ သက်သေအဖြစ် မိမိကိုယ်တော်တိုင်ရဲ့ သားတော်ကို စေလွှတ်ခဲ့ပါတယ်။ "လူ့အဖြစ်ကိုယူခြင်း" ဖြစ်ပေါ်စဉ်က လူတွေရဲ့ အခြေအနေဟာ အလွန် ဆိုးရွားနေတာကို တွေ့ရတယ်။ ရောမသြ ၀ါဒစာ ၁း၂၆-၃၁မှာ သံပေါလူးက သူ့ ခေတ်သူ့အခါက လူ့အသိုင်းအ၀ိုင်း အခြေအနေကို ဖေါ်ပြထားပါတယ်။ အဲဒီအချိန်က "လူ့အဖြစ်ကိုယူခြင်း" ဖြစ်စဉ်အပြီး နှစ်ပေါင်း (၆၀) လောက်မှာ ဖြစ်တယ်။ ရှေးခေတ်အချိန်က လူမှုရေးအခြေအနေ တိုးတက်မှုဟာ အရမ်း နှေးကွေးတာကြောင့် သံပေါလူးအချိန်က အခြေအနေဟာ သူ့အရင် ရာစုနှစ်ဝက်လောက်မှာလဲ ဒီအခြေအနေမျိုး အတိုင်းပဲ ရှိနေလိမ့်မယ်လို့ ခန့်မှန်းလို့ရပါတယ်။ "သူတို့၏ မိန်းမများသည် ထုံးစံအတိုင်း ဆက်ဆံခြင်း အစား ဓမ္မတာနှင့်ဆန့်ကျင်သော ဆက်ဆံခြင်းကို ပြုကြ၏၊ ထိုနည်းတူပင် ယောင်္ကျားတို့သည်လည်း ဓမ္မတာအလျောက် အမျိုးသမီးနှင့် ဆက်ဆံသော ထုံးစံကိုစွန့်ပစ်၍ အချင်းချင်း စွဲလမ်းမှု၌ ရာဂမီး တောက်လောင် လျှက်ရှိကြ၏။ ယောင်္ကျားအချင်းချင်းသည် ရှက်ကြောက်ဖွယ်ရာ အမှုတို့ကို ကျူးလွန်ကြသောကြောင့် မိမိတို့၏ မှားယွင်းမှုအတွက် ထိုင်သင့်သော အပြစ်ဒဏ်ကို ကိုယ်တိုင်ခံကြရ၏။ ထိုသူတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုရန် မလိုလားကြောင့် ဘုရားသခင်သည် သူုတို့ကို နိမ့်ညံ့သော တွေးခေါ် ကြံစည်ခြင်းသို့ ပေးတော်မူသဖြင့် သူတို့သည် မသင့်လျော်သောအမှုများကို ပြုကျင့်ကြ၏။ သူတို့သည် ဆိုးညစ် မှားယွင်းမှု အမျိုးမျိုးနှင့် ပြည့်နှက်လျှက် ဆိုးမိုက်ခြင်း မတရားသော မေထုန်မှီဝဲခြင်း၊ လောဘလွန်ကြူးခြင်း၊ မနာလိုခြင်း၊ လူ့အသက်သတ်ခြင်း၊ ခိုက်ရန် ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ ရန်ငြိုးထားခြင်းနှင့် အတင်းအဖျင်းပြောခြင်း၊ ရန်တိုက်ပေးခြင်း၊ အသရေဖျက်ခြင်း၊ မာနထောင်လွှားခြင်း၊ ကြွားဝါခြင်း၊ မကောင်းရာကို တီထွင်ကြံဆခြင်း၊ မိဘတို့၏ စကားကို နားမထောင်ခြင်း၊ ရူးမိုက်ခြင်း၊ ကတိသစ္စာ မတည်ခြင်း၊ သနားကြင်နာ စိတ်ကင်းမဲ့ခြင်း၊ ရိုင်းစိုင်းခြင်း စသည့် အပြစ်များကို ကျူးလွန်ကြ၏။ (ရောမ- ၁း၂၆-၃၁)။ ဒီကျမ်းပိုဒ်ကို ဖတ်ပြီးတဲ့အခါ စာဖတ်သူရဲ့ စိတ်ထဲမှာ အော်ဂလီဆန်ချင် ဆန်လာမယ်။ စက်ဆုပ်မုန်းတီးစိတ်ဖြစ်ရင် ဖြစ်လာမယ်။ ဒါပေမဲ့ ဘုရားသခင်က ဒီလို ညစ်ညမ်းနေတဲ့ ကမ္ဘာလောကကြီးကို အလွန် ချစ်မြတ်နိုးတာကြောင့် မိမိသားတော်ကို လူအဖြစ်နဲ့ စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ဒီလို အခြေအနေမှာရှိတဲ့ လူ့လောကကြီးထဲကို ဘုရားဆင်းကြွလာတာ ဖြစ်ပါတယ်။
(ရှင်ယောဟန်သြ၀ါစာပထမ စောင်- ၄း၉-၁၀ ) မှာ ဘုရားသခင်၏ ချစ်ခြင်းကို တွေ့ရပါတယ်။ "ငါတို့သည် သားတော်အားဖြင့် အသက်ရှင်နိုင်ကြရန်၊ ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စေလွှတ်တော်မူခဲ့ခြင်းဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ငါတို့အလယ်တွင် ထင်ရှားလေပြီ။ ဤအချင်းအရာသည် ချစ်ခြင်းမေတ္တာဖြစ်၏။ ချစ်ခြင်းမေတ္တာ သည်ကား ငါတို့က ဘုရားသခင်ကို ချစ်ခဲ့ခြင်း မဟုတ်ဘဲ ဘုရားသခင်က ငါတို့ကို ချစ်တော်မူခဲ့၍ မိမိသားတော်ကို ငါတို့၏ အပြစ်များအတွက် အပြစ်ဖြေရာ ယဇ်တော်အဖြစ် စေလွှတ်တော်မူခဲ့ခြင်းပင် ဖြစ်၏။" (ရောမ ၅း၂၀) But Where sin increased, grace increased all the more. အပြစ် ဒုစရိုက်တိုးပွားသည့်အရပ်တွင် ကျေးဇူးတော်သည် ပို၍ကြွယ်ဝပေ၏။ ဘုန်းတော်ကြီး Anthony Demello S.J က ဘုရားသခင်နှင့် အပြစ်သားအကြား အခြေအနေကို ပုံဥပမာတစ်ခုနှင့် ဖော်ပြထားပါတယ်။ ဘုရားသခင်နှင့် အပြစ်သား အကြားမှာ ကြိုးကလေးတစ်ချောင်းရှိပြီး အပြစ်ပြုခြင်းဖြင့် အပြစ်သားက မိမိကိုယ်ကို ဘုရားသခင်နှင့် အဆက်ဖြတ်ခဲ့သော်လည်း ဘုရားသခင်က ကြိုးကို ပြန်ချည်လိုက်သဖြင့် အထုံးကလေးဖြစ်သွားပြီး အကွာအဝေး ပိုနီးလာတယ်။ အပြစ်သားက အပြစ်ပြုတိုင်း ဘုရားသခင်က အကြိမ်များစွာပြန်၍ ချည်နှောင်ခြင်းဖြင့် ဘုရား သခင်နှင့် အပြစ်သားအကြား အခြေအနေဟာ ပို၍ ဝေးကွာမသွားဘဲ ပို၍ နီးကပ်စွာ ရှိနေပါသည်။ ကျွန်ုပ်တို့ တစ်ဦးခြင်းစီကို နာမည်အလိုက်သိတော်မူပြီး ချစ်တော်မူသောကြောင့် ကိုယ်တော်ရှင်သည် လူ့အဖြစ်ကို ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အတိတ်က အပြစ်တွေက မိမိကို တစ်သက်လုံး ခြောက်လှန့် မနေစေဘဲ အတိတ်က အပြစ်တွေကြောင့် မိမိသြတ္တပစိတ်ကို လေးလံမနေစေဘဲ ပစ္စုပ္ပန်အချိန်မှာ ဘုရားရဲ့ခွင့်လွှတ်ခြင်းကို လုံးဝ ယုံကြည်လျှက် ခရစ္စမတ်ပွဲတော်ကို ပျော်ရွှင်စွာကျင်းပကြပါစို့။

Fr. Richard လှမင်းဦး