Saturday, February 27, 2010

သိရန် ကျင့်ရန်

သိရန် ကျင့်ရန်

နိဒါန်း
သခင်ယေဇူး မိုးကောင်းကင်ကို တက်ကြွသွားပြီးနောက် တပည့်တော်ကြီးတို့ရဲ့ ဟောပြော သက်သေ ခံမှုကြောင့် သခင်ယေဇူးကို ယုံကြည်သက်ဝင်လာကြသူတွေဟာ စနေနေ့ ဗိမာန်တော်မှာ ၀တ်ပြု ဆုတောင်းကြပြီး သခင်ယေဇူးရှင်ပြန်ထမြောက်တဲ့ တနင်္ဂနွေနေ့မှာတော့ နီးစပ်ရာအိမ်တွေမှာ စုဝေးပြီး "မုံ့ဖဲ့ခြင်း"လို့ ခေါ်တဲ့ မစ္ဆားတရားကို ကျင်းပကြပါတယ်(တမန် ၂း၄၃-၄၆)။

သူတို့ ဘိုးစဉ် ဘောင်ဆက် ကျင်းပခဲ့ကြတဲ့ ပါစကားပွဲ၊ အီဂျစ်ပြည်မှာ ကျွန်ခံနေရတဲ့ ဘ၀ကနေ လွတ်မြောက်အောင် မိုးဇယ် ဦးဆောင်ကယ်တင်ခဲ့တဲ့ပွဲဟာ ရှေးပြေး နိမိတ်လက္ခဏာသာဖြစ်ပြီး သခင်ယေဇူးရဲ့ ဒုက္ခစရိယာခံခြင်း၊ အသေခံခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းကမှ ကျွန်ုပ်တို့ကို အပြစ်ရဲ့ ကျွန်ဘ၀ကနေ လွတ်မြောက်စေတဲ့ ပါစကားပွဲ အစစ်အမှန် ဖြစ်တယ်ဆို တာကိုသိလာကြတယ်။ ဒါကြောင့် အပတ်စဉ် တနင်္ဂနွေနေ့ကို "သခင်ဘုရားရဲ့နေ့" သခင်ယေဇူး ရှင်ပြန်ထမြောက်တဲ့ ပါစကားပွဲအဖြစ် ကျင်းပကြသလို ရှေးခေတ် ပါစကားပွဲကျင်းပတဲ့ သခင်ယေဇူးတကယ် ရှင်ပြန်ခဲ့တဲ့ ဂျူးပြက္ခဒိန်ရဲ့ နီဆန်လ (၁၅)ရက်နေ့ကိုလည်း တခမ်းတနား ကျင်းပကြပါတယ်။ အဲဒီပွဲကို သခင်ယေဇူး ဂျေရုစလင်မြို့ကို ကြွဝင်တဲ့ မေတ္တာပန်း တနင်္ဂနွေ ကနေစတင်ပြီး တစ်ပတ်ကြိုတင် ပြင်ဆင်ကြပါတယ်။
ရှေးဦးအသင်းတော်မှာ ယုံကြည်လို့ ဆေးကြောခြင်း ခံယူတဲ့သူတွေကို ချက်ချင်း လက်မခံပါဘူး။ နှစ်နဲ့ချီပြီး လေ့လာသင်ယူစေပြီး နှစ်စဉ် ပါစကားပွဲကျမှ ဆေးကြောခြင်းပေးပါတယ်။ ဒီနည်းအားဖြင့် သူတို့ရဲ့ အပြစ်နဲ့ဘ၀ဟောင်းကို မြုပ်နှံသင်္ဂြိုလ်လိုက်ပြီး သခင်ယေဇူးနဲ့အတူ ဘ၀သစ်၌ ရှင်ပြန်ထမြောက်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ပေါ်လွင်စေပါတယ်။ သူတို့ကို အဲဒီလို ပါစကားပွဲမှာ ဆေးကြောခြင်းပေးဖို့ရာ မေတ္တာပန်းတနင်္ဂနွေနေ့ မတိုင်မီ(၃)ပတ်လိုမှာ အနီးကပ် ကြိုတင်ပြင်ဆင်ခြင်း၊ စစ်ဆေး မေးမြန်းခြင်းတို့ကို ပြုလုပ်ပါတယ်။ ဒီ(၃)ပတ်ဟာ ၀ါတွင်းသမိုင်းရဲ့ ပထမအဆင့် ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ကလေးဘ၀မှာ ဆေးကြောခြင်း ခံသူတွေများလာပါတယ်။ ခုနက (၃)ပတ်ကို အသက်ကြီးမှ ယုံကြည်သူဖြစ်လာတဲ့ သူတွေအတွက် ဆက်လက် ကျင့်သုံးသလို၊ တဖက်မှာလည်း ရာဇ၀တ်သားလို့ခေါ်တဲ့ ယုံကြည်ခြင်းကို ဆန့်ကျင်သူ၊ သူ့မယားကိုပြစ်မှားသူ၊ သူ့အသက်သတ်သူတွေ နောင်တယူ၊ ပြစ်ဒဏ် ဆပ်ဖြေရမယ့် ကာလအဖြစ် သတ်မှတ်ပေးလိုက်ပါတယ်။ ဒီအပြစ်ကြီးများ ကျူးလွန်သူတွေကို မစ္ဆားတရားမှာ ပါဝင်ပူဇော်ခွင့်၊ ကိုယ်တော်မြတ် ပင့်ယူခွင့်မပြုပဲထားခဲ့ရာကနေ နောင်တယူ၊ ပြစ်ဒဏ်ဆပ်ဖြေပြီး ကြာသပတေးနေ့ကြီးမှ ပြန်လက္ခံခဲ့ပါတယ်။ အခုနောက်ဆုံးမှာတော့ သူတို့တတွေ သာမက ကျွန်ုပ်တို့ လူသားတွေဟာ အားနည်းတဲ့ အလျှောက် ဘယ်သူမှ အပြစ်နဲ့မကင်းကြတဲ့အတွက် အားလုံးကို ခုလိုဝါတွင်းကာလမှာ နောင်တယူ ပြစ်ဒဏ် ဆပ်ဖြေခိုင်းပါတယ်။ အချိန်ကာလကိုလည်း တနင်္ဂနွေနေ့များ မပါဘဲ မိုးဇယ်၊ ဧလိယနဲ့ သခင်ယေဇူးတို့ အစာရှောင်ခဲ့သလို ရက်ပေါင်း(၄၀)ပြည့်အောင် တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။

အစာရှောင်ခြင်း
အပြစ်ဒဏ်ဆပ်ဖြေဖို့ရာအတွက် အစာရှောင်ခြင်းအမှုကို ပြုရမယ်ဆိုတာ မိုးဇယ်မှ တဆင့် ထာဝရဘုရား ကိုယ်တော်တိုင် တောင်းဆိုတော်မူတဲ့ အမှုဖြစ်ပါတယ်။ "သတ္တမလဆယ်ရက်နေ့၌ အလုပ်ကို အလျှင်းမလုပ် ခြိုးခြံစွာ ကျင့်လျှက်နေရမည်။ ထာဝရဘုရားရှေ့တော်၌ အပြစ်ရှိသမျှတို့နှင့် ကင်းစင်မည့်အကြောင်း အပြစ်ဖြေခြင်းကို ပြုရမည်" (၀တ်ပြု ၁၆း၂၉၊ ထွက် ၃၀း၁၀)။ ဒါ့အပြင် ဓမ္မဟောင်း ခေတ်ကာလမှာ အခြားသော ရည်ရွယ်ချက်တွေနဲ့လည်း အစာရှောင်ကြပါတယ် (၁ဓမ္မ ၃၁း၁၃၊ ၃ဓမ္ဓ ၂၁း၂၇၊ နေဟမိ ၁း၎)။ သူတို့ရဲ့ နောင်တစွဲယူခြင်းကို ဖော်ပြဖို့ အဓိဋ္ဌာန်ပြုတဲ့ အနေနဲ့လည်း အစာရှောင်ကြပါတယ် (၂ရာချုပ် ၂၀း၃-၄၊ ဧဇရ ၈း၂၃)။ ဓမ္မဟောင်းမှာ မိုးဇယ်(ထွက် ၃၄း၂၈)နဲ့ ဧလိယ(၃ဓမ္မ ၁၉း၈)တို့ ရက်ပေါင်း(၄၀) အစာရှောင်ခဲ့ကြသလို သခင်ယေဇူးလည်း ပြုခဲ့ပါတယ် (မာတေဦး ၄း၂)။ သခင်ယေဇူးရဲ့ ခေတ်ကာလမှာ ဘာသာတရား ကြည်ညို လေးစားတဲ့ ဂျူးလူမျိုးတိုင်း အစာရှောင်ခြင်းကို ကျင့်ကြပါတယ် (မာတေဦး ၆း၁၆၊ လုကာ ၂း၂၇၊ ၁၈း၁၂)။ တပည့်တော်ကြီးတွေ ဆုတောင်းကြတဲ့အခါ အစာလည်း ရှောင်ခဲ့ကြကြောင်း၊ ယုံကြည်သူများကိုလည်း အစာရှောင်ဖို့ သွန်သင်ခဲ့ကြကြောင်း တွေ့ရပါတယ် (တမန် ၁း၂၆၊ ၂း၃၇၊ ၁၄း၂၃၊ ၁ကော ၇း၅)။ ဒုက္ခ အခက်အခဲ ကြုံတွေ့ရချိန်၊ နတ်ဆိုးရန်သူ၊ လောကရန်သူ၊ သွေးသားရန်သူတွေရဲ့ နှောင့်ယှက်ခြင်းကို ခံရချိန်တွေမှာ အစာရှောင်ခြင်းကို ကျင့်ကြံ သင့်လှပါတယ်။ ဒီအချိန်တွေမှာ နေ့စဉ် ရုန်းကန် ကျင်လည်နေရတဲ့ ဘ၀ထဲက ရုန်းထွက်ပြီး ဘုရားကို အချိန်ပိုပေးဖို့၊ ဘုရားသခင်နဲ့ ပိုမိုပေါင်းစပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ အစာရှောင်ရမှာ ဖြစ်ပါတယ်။ စစ်မှန်သော အစာရှောင်ခြင်းကတော့ "ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား မတရားသော အချည်အနှောင်ကိုချွတ်ခြင်း၊ လေးသော ၀န်ကိုချခြင်း၊ ညှင်းဆဲခံရသော သူတို့ကိုလွှတ်ခြင်း၊ ထမ်းပိုးရှိသမျှကိုချိုးခြင်း မဟုတ်လော။ မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေစရာမရှိ ဆင်းရဲသော သူတို့ကို ကိုယ့်အိမ်သို့ဆောင်ခြင်း၊ အ၀တ်မရှိသော သူကိုမြင်လျှင် အ၀တ်ပေးခြင်း၊ ကိုယ့်ဆွေမျိုးသားချင်းကို ကြည့်ရှု စောင့်ရှောက်ခြင်း မဟုတ်လော" (အီဇာအိယ ၅၈း၆-၇)။

ဆုတောင်းခြင်း
ကျွန်ုပ်တို့တောင်းတဲ့ ဆုတွေရမရဆိုတာ ဆုတောင်းသူရဲ့ စိတ်ခံစားချက်၊ အစွမ်းသတ္တိ စတာတွေနဲ့ မဆိုင်ပါဘူး။ ဘုရားသခင်ရဲ့ ရွှေဥာဏ်တော်နဲ့ တန်ခိုး အာနုဘော်တော်မှာသာ မူတည်ပါတယ်။ ဘုရားသခင်က ဆုတောင်းသူရဲ့ နှိမ့်ချခြင်းနဲ့ သူ့အပေါ်ထားတဲ့ ယုံကြည်ကိုးစားခြင်းကို ဂရု ပြုတော်မူတယ်ဆိုတာ အောက်ပါ ကျမ်းချက်တွေက ဖော်ပြနေပါတယ်။ "အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသော စိတ်နှလုံးကို ငြင်းပယ်တော် မမူတတ်ပါ" (ဆာလံ ၅၁း၁၇)။ "ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ကိုးစားလော့၊ ကိုယ့်ဥာဏ်ကို အမှီမပြုနှင့်၊ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့၊ သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်" (သုတ္တံ ၃း၅-၆)။ "အခွန်ခံမူကား အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ဘတ်ကို ခတ်လျှက် အိုဘုရားသခင် အပြစ်များသော အကျွန်ုပ်ကို သနားခြင်း ကရုဏာ စိတ်ရှိတော်မူပါဟု ဆုတောင်းလေ၏" (လုကား ၁၈း၁၃)။
ဘုရားသခင်ရဲ့ အလိုတော်ကို မနာခံခြင်းဟာ တောင်းတဲ့ဆုတွေကို မပြည့်ဝစေပါဘူး။ "ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင် ဘုရားရှင်သည် နားထောင်တော်မမူ" (ဆာလံ ၆၆း၁၈-၁၉)။ ကျူးလွန်ထားတဲ့ အပြစ်ကြီးများကို အာပတ်မဖြေဘဲ နေခြင်းဟာလည်း ဆုတောင်းခြင်းအတွက် အတားအဆီး တစ်ခုပါပဲ။ "သင်တို့သည် များစွာသော ပဋ္ဌနာကို ပြုကြသောအခါ ငါသည် နားမထောင်။ သင်တို့၏ လက်သည် အသွေးနှင့် ပြည့်လျက်ရှိ၏။ သင်တို့၏ ဒုစရိုက်များကို ငါ့မျက်မှောက်မှ ပယ်ရှားကြလော့" (ဟေရှာယ ၁း၁၅-၁၆)။ (ယာကုပ် ၅း၁၆၊ ၁ပေရု ၃း၁၂၊ ၁ယော ၃း၂၂)။ သူတစ်ပါးကို ခွင့်မလွှတ်နိုင်ခြင်းကြောင့်လည်း တောင်းတဲ့ ဆုနဲ့ လွဲရပါတယ်။ "သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင် သူ့အပြစ်ကို လွှတ်ကြလော့။ သို့ပြုလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဖသည် သင်တို့၏ အပြစ်ကို လွှတ်တော်မူမည်" (မာကု ၁၁း၂၅)။
ကျွန်ုပ်တို့ ဆုတောင်းသင့်တဲ့ အကြောင်းအရာတွေထဲမှာ လူတွေဘုရားသခင်ကို သိလာစေဖို့ရာ ပထမ အရေးအကြီးဆုံးပါပဲ (မာတေဦး ၆း၁၊ ၉း၃၇-၃၈၊ ရောမ ၁၀း၁၊ ၁တိမော ၂း၁-၄) ဒုတိယ အရေးအကြီးဆုံး ကတော့ အမိအသင်းတော် အတွင်းမှာ ချစ်ခြင်း၊ စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်းရှိဖို့နဲ့ ခံနိုင်ရည်ရှိဖို့ပါပဲ (ယော ၁၇း၂၀-၂၃၊ တမန် ၁၂း၅၊ ရောမ ၁၅း၃၀-၃၁၊ ၂ကော ၁း၁၁၊ ဧဖက် ၁၆-၂၃၊ ၆း၁၉၊ ဖိလိပ္ပိ ၁း၉-၁၁၊ ကောလောသဲ ၄း၁၂)။ ယုံကြည်သူ ဘာသာဝင်များအနေနဲ့ နိုင်ငံအကြီးအကဲများအတွက် (မာတေဦး ၆း၁၀၊ ၁တိမော၂း၁-၂) ဆုတောင်းပေးရမှာ ဖြစ်သလို စိတ်ရှည် သီးခံတတ်ဖို့လည်း ဆုတောင်းကြရပါမယ် (ယောဘ ၄၂း၁၀၊ မာတေဦး ၅း၄၄)။ မိမိတို့တစ်ဦးစီ ၀ိညာဉ်၊ ကာယ လိုအပ်ချက်များအတွက် ဆုတောင်းဖို့လည်း မရှိမဖြစ် လိုအပ်ပါတယ် (မာတေဦး ၂၆း၃၆-၄၆၊ လုကား ၆း၁၂-၁၃၊ တမန် ၁း၂၄-၂၅၊ ဆာလံ ၅၇း၁-၃၊ နေဟမိ ၄း၈-၉၊ တရား ၂၆း၁၅၊ ဖိလိပ္ပိ ၄း၆၊ ၁ပေ ၅း၆-၇)။
ဘုရားသခင်ထံ ဆုတောင်းကြတဲ့အခါ တစ်ချို့က ဆုတောင်းချိန် သီးသန့် သတ်မှတ်ပေမယ့် (ဒံယေလ ၆း၁၀၊ မာတေဦး ၁၄း၂၃၊ မာကု ၁း၃၅) အချိန်အခါနေရာ ဒေသမရွေး ဆုတောင်းနိုင်ပါတယ် (ကမ္ဘာ ၂၄း၁၂-၁၃၊ နေဟမိ ၂း၎၊ လုကား ၅း၁၆၊ ၆း၁၂၊ ၁၈း၁၀၊ တမန် ၁၀း၉၊ ၁တိမော ၅း၅)။ အများနဲ့ ဆုတောင်းတဲ့အခါ တညီတညွတ်တည်း ဖြစ်ဖို့လိုပေမယ့် ကိုယ်တစ်ဦးတည်း ရှိတဲ့အခါ သက်တောင့် သက်သာ ဆုတောင်းနိုင်ပါတယ် (၁ဓမ္မ ၁း၂၆၊ ၃ဓမ္မ ၈း၅၄၊ ဧဇရ ၉း၅၊ လုကာ ၁၈း၁၁၊ ယော ၁၁း၄၁၊ ဧဖက် ၃း၁၄၊ ၁တိမော ၂း၈)။ အဓိက အရေးအကြီးဆုံးကတော့ "သင်တို့ အလိုရှိသမျှကို သင်တို့မတောင်းမီ သင်တို့အဖ သိတော်မူ၏" (မာတေဦး ၆း၈)လို့ သခင်ယေဇူး မိန့်တော်မူတဲ့အတွက် ယုံကြည်ကိုးစားခြင်းနဲ့ ဆုတောင်း ကြဖို့ပါပဲ။

အလှူဒါနပြုခြင်း
အမိအသင်းတော်နဲ့ တကွ သူတော်စဉ်များကို လှူဒါန်းခြင်း၊ လူသားအချင်းချင်း ပေးကမ်း စွန့်ကြဲခြင်းဟာလည်း ၀ါတွင်းကာလရဲ့ ကျင့်စဉ်တစ်ခုဖြစ်ပါတယ်။ ယဉ်ကျေးတဲ့ ဘာသာတိုင်း၊ လူမျိုးတိုင်းက အလှူဒါနပြုဖို့ရာ အားပေးပါတယ်။ "လူသား အချင်းချင်း ကောင်းကျိုးပြုခြင်းက လူတွေမှာ နတ်ဘုရားတွေနဲ့ တူတဲ့ အစွမ်းပါပဲ" လို့ ရောမနိုင်ငံရေး ပညာရှင် စီဆာရို (၁၀၆-၄၃ဘီစီ)က ပြောခဲ့သလို ဂရိအတွေးအခေါ် ပညာရှင် အရစ္စတိုတယ် (၃၈၄-၃၂၂ဘီစီ)ကလည်း "အတ္တကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ မကောင်းကြံခြင်းအားဖြင့် လူတွေဟာ တိရစ္ဆာန်နဲ့တူကြပြီး အချင်းချင်း ရိုင်းပင်းကူညီခြင်း၊ ချစ်ခြင်း မေတ္တာပြခြင်းမှာတော့ ဘုရားနဲ့ တူကြတယ်" လို့ဆိုပါတယ်။ အလှူဒါနပြုခြင်းနဲ့ ပတ်သက်ပြီး သခင်ယေဇူး (မာတေဦး ၃း၁၉၊ ၆း၃၊ လုကာ ၆း၃၉၊ ၁၁း၄၁၊ ၂၁း၎) သာမက သံယောဟန် (၁ယော ၃း၁၆-၁၇)၊ သံယာကုပ် (ယာ ၂း၁၅-၁၆) နဲ့ သံပေါလူး (၂ကော ၈း၁၀-၁၅၊ ၉း၇) တို့ကပါ ဆုံးမ သွန်သင်ခဲ့ကြပါတယ်။ ရဟန္တာ ဂျွန်ခရစ္စဆော့စတုမ်(၃၄၉-၄၀၇အေဒီ)၊ ရဟန္တာဂရေဂေါ်ရီ (၅၄၀-၆၀၄အေဒီ) တို့ကလည်း အလှူဒါနပြုခြင်းဟာ ဘုရားသခင်ကို အားရ ကျေနပ်စေတယ်လို့ မြွက်ဆိုခဲ့ကြပါတယ်။

ပြာခံခြင်း
ဓမ္မဟောင်းမှာ ပြာခံခြင်းဟာ နောင်တသံဝေဂရခြင်း (အက်စတာ ၄း၃၊ ယောဘ ၂း၈၊ ယောန ၃း၈၊ မာတေဦး ၁၁း၂၁)၊ လူသားရဲ့ တန်ဖိုးကင်းမဲ့ခြင်း (ကမ္ဘာ ၁၈း၂၇) အပြင်လူ့ဘ၀ရဲ့နိဂုံး (ကမ္ဘာ ၃း၁၉)ကို ပြဆိုပါတယ်။ ပြာမှာ (Alkali) အယ်လ်ကာလီလို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုး ပါဝင်တဲ့အတွက် အညစ်အကြေးတွေကို ဆေးကြော သန့်စင်နိုင်စွမ်းရှိပါတယ်။ ပြာဟာ ထင်း ပြန်မဖြစ်နိုင်ပေမယ့် ပြာခံခြင်းရဲ့ အဓိပ္ပါယ်ဖြစ်တဲ့ နောင်တစွဲယူခြင်းကို ကျင့်မယ် ဆိုရင်တော့ နောက်ဆုံးသောနေ့မှာ ရှင်ပြန်ထမြောက်ပြီး ထာဝရ သုခ ချမ်းသာခံစားခွင့် ရပါလိမ့်မယ်။

နိဂုံး
ဝါတွင်းကာလရဲ့သမိုင်းနဲ့ ပြာခံခြင်းရဲ့အဓိပ္ပါယ်ကို သိပြီးတဲ့နောက် သခင်ယေဇူးနဲ့အတူ ဘ၀အသစ်မှာ ရှင်ပြန် ထမြောက်နိုင်ကြဖို့ရာ အစာရှောင်ခြင်း၊ ဆုတောင်းခြင်းနဲ့ အလှူဒါနပြုခြင်း ပါရမီများကို ကျင့်ကြံ ကြိုးစားသွားကြပါစို့။




ခံပွင့်
(ရှာဖွေစုစည်းတင်ပြသည်။)

Read More...

Wednesday, February 24, 2010

စိတ်ထားမှန်ကန်ရှောင်ကြဉ်ရန်


စိတ်ထားမှန်ကန်ရှောင်ကြဉ်ရန်

ခြိုးခြံခြင်း၊ ၀ါရှောင်ခြင်းနှင့် အသားရှောင်ခြင်းတို့ကို အကျိုးရှိစွာ လုပ်ဆောင်ရန်အတွက် ၀ိညာဉ်ရေးဆိုင်ရာ ပြင်ဆင်မှုနှင့် ဆောင်ရွက်ချက်များ၊ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုနှင့် ဆောင်ရွက်ချက်များပြုလုပ်ရမည်။

ဝိညာဉ်ရေးပိုင်းဆိုင်ရာ ပြင်ဆင်မှုနှင့် ဆောင်ရွက်ချက်များတွင် မိမိပြုလုပ်ခဲ့သော အပြစ်အမှားများကို နောင်တယူ၍ အာပါတ်ဖြေခြင်း စက္ကရမင်းတူးကို ခံယူရန်နှင့်၊ ကိုယ်တော်မြတ် စက္ကရမင်တူးကို ခံယူရန် အဓိကဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အပြစ်နှင့် ကင်းရှင်းနိုင်မှသာ ဘုရားသခင်နှင့် ပေါင်းစပ်နိုင်မည် ဖြစ်သည်။ ဘုရားသခင်နှင့် ပေါင်းစပ်နိုင်မှ ကုသိုလ် ပါရမီများ ဆည်းပူးနိုင်မှာဖြစ်ပါသည်။

စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုနှင့် ဆောင်ရွက်ချက်များတွင် စိတ်ကောင်း နှလုံးကောင်းရှိခြင်း၊ ကောင်းမြတ်ခြင်း၊ သိမ်မွေ့ခြင်း၊ နှိမ့်ချခြင်း၊ သန့်ရှင်းဖြူစင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် သူတစ်ပါး အပေါ် ကိုယ်ချင်းစာနာစိတ် ရှိခြင်း တို့ဖြစ်ပါသည်။


လက်တွေ့ ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာ ပြင်ဆင်မှုနှင့် ဆောင်ရွက်ချက်များတွင် မှန်ကန်ဖြောင့်မတ်သော ကိုယ်ကျင့်တရား၊ မိမိကိုယ်ကို မိမိလက်ခံခြင်း၊ သူတစ်ပါးကို လက်ခံခြင်း၊ ဘုရားကို ယုံကြည်အားကိုးခြင်း၊ ကောင်းမှုများ ပြုလုပ်ခြင်း၊ အလှူပေးဝေခြင်းနှင့် အခြားသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း တို့ဖြစ်ပါသည်။ အပြစ်ဒဏ် ဆပ်ဖြေခြင်းသည် ၀ိညာဉ်ရေး တိုးတက်မှုကို အားပေးသည်။ စိတ်နှလုံး ပြုပြင် ပြောင်းလဲစေကာ ဘုရားသခင်ထံ အမှန်တကယ် ပြန်လည် ရောက်ရှိစေသည်။ နောင်တရားနှင့် ဆိုင်သော ကျင့်စဉ်များသည် လူများကို ဘုရားထံသို့ ပို့ဆောင်ပေးသည်။ အသင်းတော် သမိုင်း တစ်လျှောက် ကျင့်စဉ်များစွာ ပေါ်ပေါက်ခဲ့ရာ တစ်ချို့မှာ အသင်းတော်၏ ဥပဒေအတိုင်း တည်ဆဲဖြစ်ပြီး၊ ယခုကာလတွင် အများစုမှာ မိမိတို့နှင့် သင့်လျော်ရာကို ရွေးချယ် ကျင့်ကြံနေခြင်းဖြစ်သည်။

ဝါရှောင်ခြင်းနှင့် အသားရှောင်ခြင်းသည် ၀ိညာဉ်ရေး တိုးတက် ရင့်ကျက်စေသည်။ ၀ါရှောင်ခြင်း ဆိုသည်မှာ နေ့စဉ် စားနေကျ ထမင်းနပ် အရေအတွက်လျော့ခြင်း ဖြစ်သည်။ အသားရှောင်ခြင်းဆိုသည်မှာ အမဲဟင်းလျာ အသားကို ရှောင်ကြဉ်ခြင်း ဖြစ်သည်။ ဤသို့ ဆပ်ဖြေခြင်းများ၊ ခြိုးခြံခြင်းများသည် မိမိ ၀ိညာဉ်ခွန်အား ရရှိစေရန်၊ သန့်ရှင်းဖြူစင်ရန်နှင့် အပြစ်၏ အခွင့်ချမ်းသာ ရရှိစေရန် အထောက်အကူ ဖြစ်စေပါသည်။ မိမိပြု လုပ်နိုင်ကြောင်း ပြသရန် လုပ်ဆောင်ခြင်း မျိုးမဟုတ်ဘဲ မှန်ကန်သော စိတ်ဓါတ်ဖြင့် ပျော်ရွှင်စွာ ခြိုးခြံ ပူဇော်ရပါမည်။

မိမိကိုယ်ကို ငြင်းပယ်ခြင်းသည် အခြားသူ အတွက်သော်လည်းကောင်း၊ မိမိ အတွက်သော်လည်းကောင်း တနည်းနည်းဖြင့် အကျိုးရှိစေသင့်သည်။ မိမိကိုယ်ကို ငြင်းပယ်ရာ၌ မိမိလိုအင်ဆန္ဒများကို ထိန်းချုပ်ခြင်း၊ နှစ်သက်ရာများကို စွန့်လွှတ်ခြင်းတို့ ပါဝင်ပါသည်။ မိမိအကျိုးအတွက် သာမကဘဲ အများကောင်းကျိုးအတွက် ကောင်းသော ရည်ရွယ်ချက်ထား၍ ပြုလုပ်သင့်သည်။ ရှင်ပေတရုသြ၀ါဒ ဒုတိယစောင် (၁း၅-၁၁) တွင် "သင်တို့သည် ယုံကြည်ခြင်း၌ သီလကို၎င်းင်း၊ သီလ၌ ပညာကို၎င်းင်း၊ ပညာ၌ ကာမဂုဏ် ချုပ်တည်းခြင်းကို၎င်းင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း၌ သီလကို၎င်းင်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်းင်း၊ ထိုမွေ့လျော်ခြင်း၌ ညီအစ်ကို စုံမက်ခြင်းကို၎င်းင်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်း မေတ္တာတရားကို၎င်းင်း၊ အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့၊ အကြောင်းမူကား ထိုပါရမီတို့သည် သင်တို့၌ရှိ၍ ကြွယ်ဝလျှင် ငါတို့သခင်ယေဇူး ခရစ်ကိုသိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှာ၎င်းင်း၊ အကျိုးမဲ့ မဖြစ်စေခြင်းငှာ၎င်းင်း၊ ပြုပြင်တတ်ကြ၏။ ထိုပါရမီနှင့် ကင်းသော သူမူကား မျက်စိကန်း၏။ ကိုယ့်မျက်စိကို ကိုယ်ပတ်၏။ မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏။ ထို့ကြောင့် ညီအစ်ကိုတို့ သင်တို့ ခံရသော
ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်းငှာ သာ၍ ကြိုးစား အားထုတ်ကြလော့။ သို့ပြုလျှင် ရွေ့လျားခြင်းနှင့် ကင်းလွတ်သည်ဖြစ်၍ ငါတို့ကို ကယ်တင်တော်မူသော အရှင် သခင်ယေဇူးခရစ်၏ ထာဝရနိုင်ငံတော်ထဲသို့ ၀င်စားခြင်း အခွင့်ကို သင်တို့အားကြွယ်ဝစွာ ပေးသနားတော်မူလတ္တံ့"။ ထို့ကြောင့် မိမိကိုယ်ကို ငြင်းပယ်သော အပြစ်ဒဏ် ဆပ်ဖြေနည်းသည် ၀ိညာဉ်ရေးကို ပြောင်းလဲစေပြီး ခရစ်တော်နှင့် ပိုမိုတူလာစေသည့် အပြင် မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း၊ မိမိကိုယ်ကိုထက် ဘုရားသခင်အပေါ် မှီခိုအားထားခြင်း တို့ကို ဖြစ်စေပါသည်။

ကောင်းမှုများပြုခြင်းနှင့် အလှူအတန်း ပေးဝေခြင်းတို့သည် အခြားသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မိမိ ကိုယ်ကို ပေးဆပ်ခြင်းဖြစ်သည်။ ရှင်ယောဟန် သြ၀ါဒစာ တတိယစောင် (၁း၅-၈)တွင် "အချင်းချစ်သူ သင်သည် ညီအစ်ကိုတို့အား၎င်းင်း၊ အာဂန္တုတို့အား၎င်းင်း ပြုသမျှသောဝတ်တို့ကို သစ္စာနှင့်အညီ ပြုတတ်၏။ ထိုသူတို့ သည် သင်၏ ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။


သင်သည် သူတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင် ကောင်းသော အမှုကို ပြုလိမ့်မည်။ အကြောင်းမူကား ထိုသူတို့သည် နာမတော်ကို ထောက်၍ သာသနာပ လူတို့တွင် အလှူမခံဘဲ သွားကြ၏။ ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှာ ထိုသို့သော သူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ၏"။ ကောင်းမှုများ ပြုလုပ်ရာတွင် တစ်စုံတစ်ယောက်အား နှစ်သိမ့်အားပေးခြင်း၊ အကြံဥာဏ်ပေးခြင်း၊ လက်ဆောင်ပေးခြင်း၊ အစားအစာ ကျွေးမွေးခြင်း၊ အချိန်ပေး၍ ကူညီခြင်းတို့ ပါဝင်သည်။ ဤအပြုအမူများသည် ခရစ္စတူးသခင် လိုလားသော ချစ်ခြင်းမေတ္တာကို တိုးပွားစေသည်။ ရက်ရောခြင်းသည် ဘုရားသခင် ကျွန်ုပ်တို့အား ပေးသနားတော်မူသမျှ အားလုံးအတွက် ကိုယ်တော်အားပြန်လည် ကျေးဇူးသိတတ်၊ ဆပ်တတ်ကြောင်း ပြသပါသည်။


ဆုတောင်းခြင်းနှင့် ပြန်လည် ဆန်းစစ်ခြင်းတို့သည် ဘ၀သက်တာ တလျှောက်တွင် ကျင့်ကြံရာများကို လမ်းပြပေးသည်။ ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် စကားပြောခြင်း ဖြစ်သည်။ ဆုတောင်းခြင်းတွင် ဘုရားရှင်ကို ဖူးမျှော်ခြင်း၊ အပြစ်များ ၀န်ခံခြင်း၊ ဘုန်းဂုဏ်တော် ချီးမွမ်းခြင်း၊ ကျေးဇူးတော်တင်ခြင်းနှင့် ဘုရားစကား နားထောင်ခြင်း၊ ဘုရားနှင့် အတူရှိနေခြင်း၊ အကူအညီ တောင်းခံခြင်း တို့ပါဝင်နိုင်သည်။ ပြန်လည် ဆန်းစစ်ခြင်း ဆိုသည်မှာ ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက်များ၊ ဦးစားပေးချက်များ၊ ကျွန်ုပ်တို့ ပြုလုပ်ခဲ့သော အရာများ အပါအ၀င် ယခုအထိ ကျွန်ုပ်တို့ရဲ့ ဘ၀တစ်ခုလုံးကို ပြန်လည် စဉ်းစား စစ်ဆေးခြင်းဖြစ်သည်။ ဆုတောင်းခြင်းနှင့် ပြန်လှန်ဆန်းစစ်ခြင်းတို့သည် မိမိကိုယ်ကိုလည်းကောင်း၊ ဘုရားသခင်ကိုလည်းကောင်း၊ ပိုမို သိရှိလာစေသည်။ ၎င်းင်းတို့သည် စိတ်နှလုံး အမှန်တကယ် ပြောင်းလဲရန်နှင့် ၀ိညာဉ် အသစ်တဖန်ပြုပြင်ရန် အတွက် အရေးကြီးသည်။


ခရစ္စယာန် ဘ၀အသက်တာ၌ လေ့လာ သင်ယူ ကျင့်ကြံခြင်းသည် ယုံကြည်ခြင်းကို ခိုင်မြဲစေပြီး ၀ိညာဉ်ရေး တိုးတက်စေသည်။ အကျင့်မပါသော ယုံကြည်ခြင်းသည် အသေဖြစ်သလို ယုံကြည်ခြင်းမပါသော အကျင့်သည်လည်း အသေ ဖြစ်ပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာနှင့် ရှေးထုံးစဉ်လာ သင်ကြာမှုများတွင် ပါဝင်သော ဘုရားသခင်၏ နှုတ်ကပါတ်တော်ကို နာယူလေ့လာခြင်း ဖြစ်သည်။ ထိုသို့ လေ့လာ သင်ယူကျင့်ကြံခြင်းသည် ကျွန်ုပ်တို့၏ ဘ၀အသက်တာ၌ ဆုတောင်းခြင်းနှင့် ပြန်လည် ဆန်းစစ်ခြင်းတို့တွင် လမ်းပြပေးသည်။ လောက၌ရှိစဉ် ကျွန်ုပ်တို့၏ ရည်မှန်းချက်ကို သတိပေးသည်။ ကျွန်ုပ်တို့၏ ဘ၀ မှန်ကို ပိုမို နားလည်စေပြီး ဘုရားသခင်နှင့် ပိုမို နီးစပ်စေသည်။


အချုပ်အားဖြင့် ဆိုရသော် ခရစ်ယာန်ဘ၀ အသက်တာ၌ ခြိုးခြံခြင်း၊ ၀ါရှောင်ခြင်းနှင့် အသားရှောင်ခြင်းတို့ကို ကိုယ်နိုင်သ
လောက် ကြိုးစား လုပ်ကိုင်နိုင်ပါသည်။ ကျန်သော အရာများကိုလည်း ရှောင်ကျဉ် လို့ရပါသည်။ အပြစ် ဒဏ်ဆပ်ဖြေခြင်းများအားဖြင့် ကျွန်ုပ်တို့၏ အပြစ်အတွက် ခွင့်လွှတ်ခြင်း၊ သန့်ရှင်း စင်ကြယ်စေခြင်းတို့ ရရှိပါသည်။ ဆုတောင်းခြင်း၊ ၀တ်ပြုခြင်း၊ လေ့လာ သင်ယူကျင့်ကြံခြင်း အားဖြင့် ကျွန်ုပ်တို့ရဲ့ ၀ိညာဉ်ရေး ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေပါသည်။ ကောင်းမှု ကုသိုလ်များပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို တဖန် ဆန်းသစ်ပေးသည်။

နောက်ဆုံးနှစ်ကိုရင်တစ်ပါး (၂၀၀၂)

Read More...

Monday, February 22, 2010

အပြစ်ဆိုတာသိရုံနဲ့မပြီးဘူး


အပြစ်ဆိုတာသိရုံနဲ့မပြီးဘူး

လောကကြီးမှာ အဆိုးနဲ့အကောင်းဟာ အမြဲတမ်း ဒွန်တွဲနေပါတယ်။ ကျွန်ုပ်တို့ လူသားတွေကို ပြန်ကြည့်ရင်လည်း မည်သူတစ်ဦး တစ်ယောက်မျှ အပြစ်ကင်းသူ၊ အပြစ်မလုပ်သူ ဟူ၍ မရှိကြပါ။ ဒီလိုအပြစ်လုပ်တဲ့ နေရာမှာ ကိုယ်ကိုတိုင်က လုပ်သည်ဖြစ်စေ၊ သူတစ်ပါးက လုပ်သည်ဖြစ်စေ၊ ဝေဖန်သံတွေ ကြားရပါတယ်။ အပြစ်ပြုခြင်းကြောင့် ဝေဖန်မှုတွေဟာ ကိုယ်ကသူတစ်ပါးကို ဝေဖန်သလို ကိုယ့်ကိုလည်း သူတစ်ပါးက ဝေဖန်ကြပြန်ပါတယ်။
ဒီလိုပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ဝေဖန်သံတွေကို ကြားရတဲ့အခါမှာတော့ ကျွန်ုပ်တို့တွေဟာ မိမိတို့ရဲ့ အပြစ်အနာဆာတွေ၊ ဟာကွက်တွေ၊ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို သိလာရပါတယ်။ ထိုအပြစ် အနာဆာတွေ၊ အားနည်းချက်တွေကို ကျွန်ုပ်တို့က သိထားရုံနဲ့ မပြီးသေးပါဘူး။ အဲဒီအပြစ်တွေ ကနေရုန်းထွက်ဖို့၊ ပြုပြင်ဖို့ အရေးကြီးပါတယ်။ ထိုကဲ့သို့ ပြုပြင်တဲ့နေရာမှာလည်း မိမိဟာ ဘယ်နေရာမှာ လွဲချော်နေတယ်၊ ဘယ်နေရာမှာ မှားနေတယ်၊ ဘယ်လိုပြုပြင်ရမယ်ဆိုတဲ့ နည်းလမ်းကိုတော့ သိဖို့၊ ရှာကြံဖို့တော့ လိုအပ်ပါတယ်။
ယခုလို သိပ္ပံပညာတွေ တိုးတက်လာသည်နှင့် အမျှ ကမ္ဘာမြေကြီးပေါ်မှာရှိတဲ့ အရာတွေဟာလည်း တစ်နေ့တစ်ခြား တိုးတက်ပြောင်းလဲလာတာကို တွေ့ရပါတယ်။ ပြောင်းလဲတဲ့ အရာတွေအများကြီး ရှိနေပေမဲ့ ပြောင်းလဲဖို့ခက်ခဲတဲ့ အရာတစ်ခုကတော့ လူတွေရဲ့မကောင်းသော စိတ်ပင်ဖြစ်ပါတယ်။ လူသားတွေဟာ မိမိမှာ မကောင်းတဲ့စိတ်တွေ၊ မကောင်းတဲ့ အကျင့်တွေ၊ မကောင်းတဲ့ အတွေးအခေါ်တွေ၊ မကောင်းတဲ့ အပြုအမှုတွေ ရှိနေတယ် ဆိုတာကို သိကြတယ်၊ လက်ခံကြပါတယ်။ ဒါပေမဲ့ အဲဒီမကောင်းတဲ့ အကျင့်တွေ၊ အားနည်းချက်တွေကို ပြုပြင်ဖို့အင်မတန်မှ အားနည်းကြပါတယ်။ နှောင့်နှေး နေတတ်ကြပါတယ်။ "ပျက်အစဉ်ပြင်ခဏ"ဆိုတဲ့ စကားပုံလေးကိုတော့ ကျွန်ုပ်တို့ ကြားဖူးကြပါလိမ့်မယ်။ ပျက်စီးနေသောအရာဝတ္ထု ပစ္စည်းတစ်ခုကို ပျက်သည့်အတိုင်း ထားပါက ထာဝစဉ်ပျက်မြဲသာ ဖြစ်နေပေမည်။ အဲဒီပျက်နေတဲ့ အရာတစ်ခုကို ပြုပြင်လိုက်ရင်တော့ ခဏတာ အချိန်ကာလအတွင်းမှာပင် အကောင်းပကတိ ဖြစ်လာနိုင် ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ မကောင်းတဲ့ အကျင့်တွေကို ပြုပြင်ကြရပါမယ်။
"လူသတင်း လူချင်းဆောင်" ဆိုတဲ့ အတိုင်း သူတစ်ပါးရဲ့အကြောင်းကို ဝေဖန်တဲ့အခါမှာ ကောင်းသော ဝေဖန်ချက်ရှိသလို၊ မကောင်းသော ဝေဖန်ချက်လည်း ရှိကြပါတယ်။ ဒါပေမဲ့ ဝေဖန်ချက် တော်တော်များများကတော့ မကောင်းသော ဝေဖန်ချက်များပင် ဖြစ်ပါတယ်။ တစ်ချို့သော လူတွေဟာ တစ်ပါးသူရဲ့ အားသာချက်ကို မမြင်နိုင်ဘဲ အားနည်းချက်ကိုသာ မြင်တတ်ပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ သူတို့တွေ ကိုယ်တိုင်ကမမှန်သော၊ မတရားသောလမ်းကို လျှောက်လှမ်းနေသောကြောင့်ပင် ဖြစ်ပါတယ်။ တစ်ချို့ကျတော့လည်း သူတစ်ပါးက ဆုံးမတာ၊ အမှားထောက်ပြတာကို လက်မခံနိုင်ကြဘူး။ သိရင်တောင် ခေါင်းမာစွာနဲ့ နေတဲ့ သူတွေလည်း အများကြီး ရှိနေကြပါတယ်။
ရှေးလူကြီးတွေက ချစ်လွန်းရင် နှစ်ရာကျတယ်လို့ ပြောခဲ့ကြပါတယ်။ အချို့သော မိဘတွေ၊ ဆရာသမားတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဟာ မိမိတို့ရဲ့ သား၊ သမီးတွေ၊ တပည့်တွေ၊ သူငယ်ချင်းတွေကို ချစ်အားကြီးပြီး သူတို့တွေရဲ့ အပြစ်အနာဆာတွေ၊ ဟာကွက်တွေကို ဘယ်တော့မှ မပြောဘဲ ဖုံးဖိထားကြပါတယ်။ အဲဒီအချစ်က စစ်မှန်တဲ့အချစ်တော့ မဟုတ်ပါဘူး။ အင်မတန်မှ ကြောက်စရာကောင်းတဲ့ အရာတစ်ခုဖြစ်ပါတယ်။ တစ်ချို့တွေကျ ပြန်တော့လည်း သား၊ သမီးတွေကို ဆုံးမပေးပါအုန်း၊ ကျွန်တော်/မတို့ ဆုံးမလို့ လုံးဝမရဘူးဆိုပြီး ဘုန်းကြီးတွေ၊ ဆရာသမားတွေထံ အပ်တဲ့ မိဘတွေလည်း အများကြီးရှိပါတယ်။ သူတစ်ပါးကို ဆုံးမ ပဲ့ပြင်တဲ့နေရာမှာ အထူး သတိထားရမဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲဒီအချက်ကတော့ သူတစ်ပါးကို မဆုံးမခင် မိမိကိုယ်ကို အရင်ဆုံး ဆုံးမ ထားသင့်ပါတယ်။ မိမိကိုယ်တိုင်က လမ်းဖြောင့်ဖြောင့် မလျှောက်နိုင် သရွေ့၊ သူတစ်ပါးကို မင်း လမ်းလျှောက်တာ ဖြောင့်ဖြောင့် လျှောက်စမ်းပါလို့ မဆိုလိုက်ပါနဲ့။ အဲဒီလူဟာ သင့်ရဲ့စကားကို နားထောင်မှာ မဟုတ်တာကတော့ သေချာပါတယ်။
မိမိတို့ရဲ့ အပြစ်တွေကို သိလာပြီ၊ မြင်လာပြီဆိုရင်တော့ အဲဒီအပြစ်တွေကို နည်းသထက် နည်းအောင် ပြုပြင်ကြရပါမယ်။ လူ့ဘ၀မှာ အပြစ်တွေနည်း လာပြီဆိုလျှင် လောဘတွေ၊ အတ္တတွေ၊ ဒေါသတွေ၊ မာန်မာနတွေဟာလည်း တစ်နေ့ထက်တစ်နေ့ လျော့နည်းလာမှာ ဖြစ်ပါတယ်။ မိမိရဲ့ အပြစ်ကို မသိရင်၊ မမြင်နိုင်ရင်တော့ အဲဒီလူဟာ အတ္တနဲ့ ပြည့်နေပြီး အပြစ်ပင်လယ်မှာ နစ်မွန်းနေသူသာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အတ္တကြီးနေရင်တော့ အပြစ်ကို ပယ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အတ္တကနေ အနတ္တသို့ ပြောင်းလဲနိုင် ရင်တော့ အပြစ်ကို သိနားလည်လာပြီး ပြင်ဆင်ကာ ငြိမ်းချမ်းသာယာလှပတဲ့ ဘ၀တွေကို တည်ဆောက်နိုင်မှာ အမှန်ပင် ဖြစ်ပါတယ်။

တာ၀၀ိာံ

Read More...

Friday, February 19, 2010

ဘာသာတရားကို မြန်မာမှုပြုကြမည်ဆိုပါက (၃)


ဘာသာတရားကို မြန်မာမှုပြုကြမည်ဆိုပါက (၃)

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၈) ရက်နေ့က ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်းကျေးရွာသို့ ရောက်ခဲ့ပါသည်။ သွားရရင်းကတော့ ထိုရွာမှာ ရွှေဘိုမြို့က ဦးဂျိမ်းမိသားစုပိုင် ကျောက်ခွဲစခန်းနှင့် စိုက်ပျိုးရေးစခန်းမှ ဦးစီးပြီး ၂၀၀၆ ခရစ္စမတ်ပွဲနှင့် ကွယ်လွန်သွားသော သူတို့၏ သားအတွက် တစ်လပြည့်ဆုတောင်းပွဲ လုပ်ဖို့ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ အများစုကိုးကွယ်သည့် ရွာကြီး ဖြစ်သလို ခရစ်ယာန်ဘာသာဝင်ဆိုလို့ သူတို့ တစ်အိမ်တည်းသာ ရှိပါသည်။ တရားဒေသနာဟောကြားကာ ဆုတောင်းပွဲကို ဦးဆောင်ဖို့ ကြွလာဖြစ်အောင် လာပါလို့ အတန်တန် ဖိတ်တာကြောင့် ရောက်သွားခဲ့ပါသည်။ အဲသည်နေ့မှာ ဗုဒ္ဓဘာသာဘုန်းကြီးများကိုပင့်ကာ ဆွမ်းကပ်မည်။ ဘုန်းကြီးများက တရားဟောကြားပြီး အမျှပေးဝေကြမည်ဟုလည်း သိရပါသည်။
ငှက်ပျောတိုင်းရွာကလေးမှာ ထန်းတပင်ဇီးကုန်း မြောက်ဖက် (၇)မိုင်ခန့်အကွာ မန္တလေး မြစ်ကြီးနား ဆက်သွယ်ထားသည့် ဗျူဟာကားလမ်း ခပ်ကြမ်းကြမ်းပေါ်မှာ တည်ရှိပါသည်။ ကျွန်တော်တို့ ရောက်သွားချိန်မှာတော့ အိမ်ရှေ့က မဏ္ဍပ်မှာ ဗုဒ္ဓဘုန်းတော်ကြီးများ တရားပွဲစနေချိန် ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင် အတော်များများလည်း တရားနာယူနေကြတာ တွေ့ရပါသည်။ ကျွန်တော်လည်း မဏ္ဍပ်နှင့် ကပ်လျက်ရှိ ထိုင်ခုံမှာ နေရာယူရင်း တရားပွဲကို လေ့လာမိပါသည်။
မကြာခင်ပဲ ရွှေဘို၊ မုံလှ၊ ချောင်းရိုးမှ ဘုရင်ဂျီဘာသာဝင်များ ကားနှင့်တချို့ ထော်လာဂျီနှင့်တချို့ အသီးသီး ရောက်လာကြပါသည်။
ဘုန်းကြီး(၆)ပါး ထိုင်နေတာတွေ့ရပါသည်။ အလယ်က ဘုန်းကြီးက ဗုဒ္ဓ၀င်တရားကို ဟောနေပါသည်။ ဗုဒ္ဓဘာသာဝင်များကတော့ (ကလေးများအပါအ၀င်) အမျိုးသမီးများက ကျုံ့ကျုံ့ ထိုင်ကာ (တင်ပါးလွှဲထိုင်ကာ) လက်အုပ်ချီထားရင်း တရားနာနေကြပါသည်။ အမျိုးသားများကတော့ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီ အနေအထားနှင့် တရားနာ နေကြပါသည်။ ခရစ်ယာန် ဘုန်းကြီးတွေလည်း ရှိနေလို့လားမသိပါ ထိုနေ့က ဘုန်းကြီးတရားက အတော်ရှည်ပါသည်။ တရားနာပရိတ်သတ်ကို ကြည့်လိုက်ပြန်တော့လည်း အနေအထားမပျက် ထိုင်လျက် တရားနာ ယူနေကြပါသည်။
တရားပွဲပြီးသွားတော့ ဘုန်းကြီးများကို နေ့ဆွမ်းကပ်ကြပါသည်။ ဘုန်ကြီးများ ပြန်ကြွသွားတော့ ကျွန်တော်တို့ တရားပွဲနှင့် မစ္ဆားတရား စဖို့ ပြင်ဆင်ကြပါသည်။ မဏ္ဍပ်နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးတချို့ ကျွန်တော်တို့ တရားဟောတာကို လေ့လာဖို့ နေရာယူကြတာ တွေ့လိုက်ပါသည်။ အမျိုးသားများရော အမျိုးသမီးများရော ကလေးများပါ မကျန် ကျုံ့ကျုံ့လေးတွေ ထိုင်လို့ (တင်ပါးလွှဲထိုင်လို့)နေကြတာ သတိပြုမိ လိုက်ပါသည်။ အမျိုးသမီးကြီးများကတော့ ခေါင်းပေါ်မှာ ပုဝါလေးတွေတောင် ဆောင်းထားကြ သေးပါသည်။
ခဏကြာတော့ ကျွန်တော်တို့ ဘာသာဝင်များ မဏ္ဍပ်တွင်း အရှေ့ပိုင်းမှာ နေရာယူကြပါသည်။ အမျိုးသားများရော၊ အမျိုးသမီးများရော ကလေးများပါ လိုက်လာကြသည်။ လူစုံပြီလားလို့ မော့ကြည့်လိုက်တော့ ကျွန်တော် အတော် စိတ်မကောင်း ဖြစ်သွားမိခဲ့ပါသည်။ ၀မ်းနည်းသလိုလိုလဲ တစ်ပြိုင်နက် ခံစားမိရပါသည်။
ဘာဖြစ်သွားရသလဲဆိုတော့ သည်နေ့ မြင်ကွင်းက ကျွန်တော် သိထားသည့်၊ ကျွန်တော် အလွန်မြတ်နိုးသည့် တန်ဖိုးကြီး မြန်မာ့ယဉ်ကျေးမှုများ ကျွန်တော်တို့ ဘုရင်ဂျီဘာသာဝင်များခေါ် မြန်မာခရစ်ယာန် ဘာသာဝင်များဆီမှာ မတွေ့လိုက်ရလို့ ဖြစ်ပါသည်။
ဘယ့်နဲ့ဗျာ။ နောက်နားက ထိုင်နေကြသည့် တရားနာရိတ်သတ်ကြီးက တရိုတသေ ကျုံ့ကျုံ့လေးတွေ ထိုင်လို့ (တင်ပါးလွှဲထိုင်လို့)။ ရှေ့နားက ဘုရင်ဂျီများကတော့ မိန်းကလေးတွေရော၊ အမျိုးသားတွေရော တင်ပျဉ်ခွေ ထိုင်သူကထိုင်၊ ထော်လော်ကန်လန့် ထိုင်သူကထိုင်၊ ဒူးချင်းထပ် ထိုင်နေသူကနေ၊ ဒူးနှစ်လုံးထောင် ထိုင်သူကထိုင်၊ လကအုပ်ချီဖို့ ဆိုတာကတော့ ဝေးမှဝေးရော။ အဲဒါ မြန်မာခရစ်ယာန်များ ဘုရားရှိခိုးပုံတဲ့လား။
အမှန်တစ်ခုကိုတော့ ၀န်ခံချင်ပါသည်။ ဘာသာဝင်များတွင် တချို့၊ အထူးသဖြင့် လူကြီးပိုင်းများနှင့် လူလတ်ပိုင်း တချို့ကတော့ ကျုံ့ကျုံ့လေးတွေ (တင်ပါးလွှဲ) ထိုင်နေကြပါသည်။ အဲသည် တချို့ဆိုတာလည်း အတော်နည်းပါသည်။ ရှေးလူကြီးများ၏ သင်ကြားခံခဲ့ရသူများနှင့် မြန်မာ့ဓလေ့ကို တန်ဖိုးထားတတ်သည့် မိသားစုတစ်ချို့မှ ဖြစ်ပါလိမ့်မည်။ သူတို့ကို ကျွန်တော် လေးစားမိပါသည်။
သည်လောက်ဆို မာကု (ဒဿန)တော့ သည်လသိုးထိန်းအသံမှာ ဘာတွေရေးတော့မည်ဟု စာဖတ် ပရိတ်သတ်ကြီး အကဲခပ်မိပါလိမ့်မည်။ မှန်ပါသည်။ ကျွန်တော် ဘာသာတရားကို မြန်မာမှုပြုကြမည်ဆိုပါက (၃)ကို ဆက်ရေးလိုက်မိပါတော့သည်။
ကျွန်တော်တို့ငယ်ငယ်က ကျွန်တော်တို့မိသားစုသည် အဖိုးအဖွား တို့အိမ်မှာ ပေါင်းနေကြရပါသည်။ ကျွန်တော်တို့ မိသားစုသည် ညစဉ်ညတိုင်း မိသားစုစိပ်ပုတီးနှင့် ညမေတ္တာဆိုလေ့ရှိပါသည်။ ကလေးတွေကို လူကြီးတွေ အရှေ့မှာ ထိုင်စေပါသည်။ ကျွန်တော်တို့အဖေက ကျွန်တော်တို့နားနားကပ်ပြီး မေတ္တာ အော်ဆိုပေးပါသည်။ ကျွန်တော်တို့လည်း သည်လိုနှင့် ဘုရားရှိခိုးမေတ္တာတွေ အားလုံးနီးပါး ငယ်ငယ်ကတည်းက အလွှတ်ရပါသည်။ အဲလို မိသားစုဘုရားရှိခိုးတိုင်း အဖိုး၊ အဘွား၊ အဖေ၊ အမေ၊ အကို၊ အမတွေအားလုံး ကျုံ့ကျုံ့ (တင်ပါးလွှဲ) ထိုင်ကြရပါသည်။ မတော်လို့ ကျွန်တော်တို့ ကလေးများထဲက တစ်ယောက်ယောက်က တင်ပျဉ်ခွေထိုင်ကာ ဘုရားရှိခိုးရင် "ဟဲ့ ဘုရားစဉ်အရှေ့ အဲလို မထိုင်ရဘူး။ ဘုရားရှိခိုး ထိုင်ရတယ်" စသည်ဖြင့် တစ်မျိုး၊ "ဟဲ့ကောင်လေး၊ ဘုရားရှေ့ အဲလိုမထိုင်ကောင်းဘူး။ သည်လို ထိုင်ရတယ်"စသည်ဖြင့် တစ်ဖုံ သင်ပေးလေ့ရှိပါသည်။ ကျွန်တော်လည်း ထိုအသိနှင့် ကြီးပြင်းလာခဲ့ပါသည်။ ရပ်ရွာ နာရေးသာရေးမှာ (သို့မဟုတ်) အိမ်တွေမှာ ဘုရားရှိခိုးကြတိုင်း (သို့မဟုတ်) စိပ်ပုတီးစိပ်ကြတိုင်း မေတ္တာစဆိုတာနှင့် တစ်ချို့ ဘာသာဝင်တွေ အဲလို ကျုံ့ကျုံ့ (တင်ပါးလွှဲ) ပြင်ထိုင်ကြတာ တွေ့နိုင်ပါသေးသည်။
သို့သော် အဲလိုမြန်မာမူနှင့် ကျုံ့ကျုံ့ (တင်ပါးလွှဲ) ထိုင်ကြတာ၊ ဘုရားရှိခိုးထိုင်ကြတာတော့ လူနည်းစုသာ ကျန်ပါတော့သည်။ ထိုလူနည်းစုမှာ ရှေးလူကြီးများ၊ သက်ကြီးရွယ်အိုများနှင့် သူတို့သင်ကြားခဲ့လို့ သိထားကြသည့် လူလတ်တစ်ချို့သာ ကျန်ပါတော့သည်။ လူငယ်၊ လူလတ်ပိုင်းနှင့် ယနေ့ကလေးသူငယ် အားလုံးကတော့ တင်ပျဉ်ခွေ ထိုင်သူထိုင်ကြပါသည်။ ဒူးချင်းပူးကပ် ထိုင်လို့ထိုင်။ ဆောင့်ကြောင့် ထိုင်သူထိုင်။ ဒူးတစ်ချောင်းထောင် ထိုင်လို့ထိုင်၊ ဒူးနှစ်ချောင်းစုံလိုက်ထောင် ထိုင်ကာ ပုတီးစိပ်သူစိပ်နှင့် ၀မ်းနည်းဖွယ်တွေ့ရပါသည်။
"ဘုရားရှိခိုးထိုင်ရတယ်"ဆိုတာ ကြားဖူးကြတော့မည် မထင်ပါ။ ဘုရားရှေ့၊ ဘုရားစဉ်ရှေ့နှင့် တရားနာရာမှာ ရိုရိုသေသေ ကျုံ့ကျုံ့ထိုင် ရတယ်ဆိုတာလည်း သိကြတော့မည်ဟု မထင်ပါ။ မိမိ သတိမထားမိလိုက်၍ သော်၎င်း၊ မသိလိုက်၍ သော်၎င်း ပြုမူလိုက်သည့် အနေအထိုင်တစ်ခုသည် မိမိယဉ်ကျေးမှုနှင့် ဆန့်ကျင်ကာ ထော်လော်ကန့်လန့် ဖြစ်နေပါက မိမိအလွန်မြတ်နိုး တန်ဖိုးထားကိုးကွယ်သည့် ဘာသာ၊ တရားနှင့်ဘုရားပင်လျှင် လူတကာမျက်စေ့မှာ အရိုအသေမဲ့ နေတတ်တာကိုလည်း မြန်မာစစ်စစ် ဘုရင်ဂျီများ စဉ်းစားမိကြမည်လို့ ကျွန်တော်မထင်ပါ။ မိမိအမျိုးသားများအကြားမှာ မိမိဘာသာတရားသည် တစ်စိမ်းအသွင် ၀င်သွားစေတာကိုလည်း တွေးမိမည်ဟု မထင်ပါ။
တင်ပျဉ်ခွေထိုင်ခြင်းသည် မြန်မာ့ရိုးရာဓလေ့များတွင် ယဉ်ကျေးသိမ်မွေ့သော ထိုင်နည်း တစ်ခုဖြစ်ပါသည်။ သို့သော် နေရာတကာအတွက်တော့ မဟုတ်ပါ။ သူနေရာနှင့် သူသာ ဖြစ်ပါသည်။ ထို့အပြင် တင်ပျဉ်ခွေထိုင်ခြင်းသည် သြဇာ အာဏာကို၎င်း၊ တန်ခိုး အရှိန်အ၀ါရှိခြင်းကိုသော်၎င်း ဖေါ်ပြပါသည်။
ထို့အဓိပ္ပါယ်ကြောင့် ရဟန်းဘုန်းကြီးများက တရားဟောရာတွင် တင်ပျဉ်ခွေ ထိုင်လျက်အနေအထားနှင့် ဟောကြသည်။ ရှင်ဘုရင်များသည်လည်း တိုင်းသူပြည်သားများ၏ အပူဇော်ခံရာတွင် တင်ပျဉ်ခွေထိုင်ကြသည်။ ညီလာခံစီရင် ကျင်းပရာမှာလည်း ထိုသို့ပင် ထိုင်ကြလေသည်။
လူကြီးသူမများ အရှေ့သော်လည်းကောင်း၊ ဘုရားပုံတော်၊ ဘုရားစဉ်၊ ရဟန်းဘုန်းကြီးများ ရှေ့တည့်တည့်သော် လည်းကောင်း ခြေထောက်ဆန့်တန်းခြင်း၊ ကျောပေးထိုင်ခြင်း၊ ထော်လော ကန့်လန့်နေအထား မပြုရချေ။ ထိုင်ရာတွင်လည်း တင်ပါးလွှဲထားလျက် ကျုံ့ ကျုံ့ ရို့ရို့ (တင်ပါးလွှဲ)ထိုင်ကြလေသည်။
ဘုရားရှိခိုးရာတွင်၎င်း၊ တရားနာယူရာတွင်၎င်း၊ ဘုရား၊ ပုထိုးစေတီရှေ့တွင်သော်၎င်း မြန်မာအမျိုးသား၊ အမျိုးသမီး၊ ကလေးလူကြီးအပါအ၀င် လူအားလုံး တင်ပါးလွှဲထိုင် (ကျုံ့ကျုံ့ထိုင်) ကြရပါသည်။ သာမာန် ဘာသာဝင်များ မပြောနှင့် တရားရှင်ရဟန်းဘုန်းကြီးနှင့် သြဇာအာဏာရှင် မင်းစိုးရာဇာဝင် ဘုရင်မူးမတ်များပင် မိမိပုလ’ိင်ပေါ်မှာ တင်ပျဉ်ခွေထိုင်လင့်ကစား ဘုရားရှေ့ တရားရှေ့မောက်ရောက်ပါက တင်ပါးလွှဲထိုင်ကာ (ကျုံ့ကျုံ့ထိုင်ကာ) လက်ရှိခိုးလျက် နေထိုင်ပြုမူရပါသည်။ ဤကဲ့သို့ ထိုင်ခြင်းကိုပင် ရှေးလူကြီးသူမများက ဘုရားရှိခိုးထိုင်ပုံဟု အလွယ်တကူ ခေါ်ဆိုကြပါသည်။
အဘယ်ကြောင့်ဆိုသော် တင်ပါးနှစ်လုံးကို လွှဲထပ်ထားလျက် ကျုံ့ကျုံ့ ရို့ရို့ (တင်ပါးလွှဲ) ထိုင်ခြင်းသည် မြန်မာ့ ရိုးရာဓလေ့တွင် အထူးအလွန် အရိုအသေပေးခြင်း၊ မိမိကိုယ်စိတ်နှလုံး မမောက်မာခြင်း၊ စိတ်နှိမ့်ချခြင်း၊ ဦးထိပ်တင်ထားခြင်း၊ ကိုးကွယ်ဆည်းကပ်ခြင်း စသည့်အဓိပ္ပါယ် ဆောင်သောကြောင့် ဖြစ်ပါသည်။
သည်သဘောတရားများကို ယနေ့ခေတ် မြန်မာဘုရင်ဂျီလူကြီး၊ လူလတ်၊ လူငယ်၊ ကလေး များအပါအ၀င် အမျိုးသမီး အမျိုးသား အားလုံး သိထားသင့်ပါသည်။ လက်ဆင့်ကမ်း သင်ကြား ပေးသင့်လှပါသည်။
မြန်မာ့ဓလေ့ မြန်မာဟန်မူရာများ မြန်မာခရစ်ယာန်များဆီမှာ မြင်တွေ့ရခြင်းသည် မျက်မှောက်ခေတ် သာသနာပြုခြင်းဟုပင် ကျွန်တော်ဆိုဝံ့ပါသည်။
သာသနာပြုခြင်းဆိုသည်မှာ မိမိဘာသာတရားထဲသို့ ဘာသာဝင်အသစ်များ သွတ်သွင်းခြင်း သက်သက်ကို မခေါ်ပါ။ သာသနာပြုခြင်းဆိုသည့် ဆောင်ပုဒ်၏ အဓိပ္ပါယ်စစ်စစ်မှာ ၀မ်းမြောက်ဖွယ်ရာ သတင်းကောင်း ဖြစ်သည့် ဘုရားရှင်နှင့် အရှင်မြတ်၏တရားတော်ကို လူသားများကြားဖူးအောင်၊ လူသားများသိရှိလာအောင် ပြောပြသက်သေခံခြင်းပင် ဖြစ်ပါသည်။ ဘာသာဝင်ခြင်း မ၀င်ခြင်းသည် သာသနာပြုခြင်းနှင့် မဆိုင်ပါ။ ဘုရားရှင်နှင့် ယုံကြည်လက်ခံသူနှင့်သာလျှင် သက်ဆိုင်ပါသည်။ မျက်မှောက်ခေတ်အချိန်အခါမှာ မည်သူမျှ လမ်းတကာမှာ လိုက်လံတရားဟောနိုင်ပါမည်နည်း။ ဟောသူပြောသူရှိလို့ရော နာထောင်သူ ရှိပါဦးမည်လား။ လက်ခံမည့်သူ ရှိပါဦးမည်လား။
သို့သော် မြန်မာခရစ်ယာန်များသည် မိမိမြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် အညီ ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်သွားလာ ပြောဆိုဆက်ဆံခြင်းဖြင့် မြင်ရသူကြုံရသူတိုင်းက "သြော် သူတို့ဘာသာဟာလည်း တို့ဘာသာလိုပါလား။" "သူတို့တရားကလည်း တို့တရားနဲ့ ခပ်ဆင်ဆင်ပါလား။" "သြော် သူတို့ကိုးကွယ်သည့် ဘုရားသခင်ဆိုတာ အဲလိုလား။" "ငါတို့က ခရစ်ယာန်တွေဆိုတာ နိုင်ငံခြားသားတွေလို့ ထင်နေတာ"။ စသည်ဖြင့် မြင်လာစေပါက သင်သည် သာသနာပြုနေခြင်း မဟုတ်ပါလား။



မာကု(ဒဿန)

Read More...

လူ့အဖြစ်ကိုယူခြင်း


လူ့အဖြစ်ကိုယူခြင်း

ဆင်းရဲသော သူဘက်၌လည်း မငဲ့ကွက်ရ။ သင်သည် ရန်သူ၏ မြင်း နွား လမ်းလွဲသည်ကို တွေ့မြင်လျှင်၊ အမှန် ပြန်ပို့ရမည်။ သင့်ကို မုန်းသောသူ၏ မြည်းသည်၊ မိမိဆောင်ရွက်သော ၀န်အောက်မှာ လဲနေသည်ကို တွေ့မြင်လျှင် မ မစဘဲ နေနိုင်သလော။ အမှန် ၀ိုင်းညီ၍ မစ ရမည်။ သင်၌ ဆင်းရဲသောသူသည် တရားတွေ့သော အခါ သူ့ကို မတရားသဖြင့် မစီရင်ရ။ မဟုတ်မမှန်သော အမှုကို ရှောင်ရမည်။ အပြစ်မရှိသောသူ၊ ဖြောင့်မတ်သောသူကို မကွပ်မျက်ရ။ အကြောင်းမူကား ငါသည် မတရားသောသူကို အပြစ်မလွှတ်။ သင်သည် တံစိုး မစားရ။ တံစိုးသည် ပညာရှိတို့၏ မျက်စိကို ကွယ်စေ၍ ဖြောင့်မတ်သော သူတို့၏ စကားကို လွဲစေတတ်၏။ (ထွက် ၂၃း၃-၈ )
ဒီကျမ်းဟာ ဓမ္မဟောင်းကျမ်း တစ်ခုလုံးရဲ့အရေးကြီးဆုံး ကျမ်းပိုဒ်လို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီကျမ်းပိုဒ် အရင်ဖြစ်ပျက်ခဲ့သမျှ အီစရာအဲလ် လူမျိုးတို့ရဲ့ သမိုင်းတစ်ခုလုံးက ဒီအဖြစ် အပျက်ဆီသို့ ရည်ရွယ်ဦးတည်ခဲ့သလို၊ ဒီအဖြစ်အပျက်ပြီး နောက်ပိုင်း ပရောဖက်တွေရဲ့ဟောပြောချက်တွေကလဲ ဒီအရာရဲ့ နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဖြစ်အပျက်ဟာ ရှည်လျားလှတဲ့ သမိုင်းကာလကြီး တစ်လျှောက်လုံးရဲ့ အထွဋ်အထိပ်၊ ဗဟိုမဏ္ဍိုင် ဖြစ်ပါတယ်။ ထူးဆန်းတဲ့ အဖြစ်အပျက်လည်း ဖြစ်ပါတယ်။ ဆီနာရီတောင်ခြေမှာ အီစရာအဲလ်လူတွေ စုဝေးနေကြတယ်။ ယဇ်ပလ’င်အားဖြင့် ကိုယ်စားပြုတဲ့ မိုးဇက်ဟာ ဘုရားသခင်နဲ့ အီစရာအဲလ်လူမျိုးအကြား ကြားဝင်ဆောင်ရွက်ပေးသူ ဖြစ်တယ်။ မိုးဇက်က အသွေးဖြင့် ယဇ်ပလ’င်နဲ့ လူတွေအပေါ်မှာ ပက်ဖြန်းခြင်းအားဖြင့် အစွန်းနှစ်ဖက်ကို ဆက်စပ်ပေးလိုက်ခြင်း ဖြစ်တယ်။ အီစရာအဲလ် လူမျိုးတွေအတွက် သွေးဟာ အသက်ရဲ့ အမှတ်လက္ခဏာ (The Symbol Of Life) ဖြစ်တယ်။ ဒါကြောင့် သွေးကို လူတွေအပေါ်မှာ ပက်ဖြန်းခြင်းအားဖြင့် ဘုရားသခင်ရဲ့ အသက်ဟာ မိုးဇက်မှတဆင့် ပေါကြွယ်ဝစွာဖြင့် လူတွေအပေါ်ကို စီးဆင်းတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ဘုရားသခင်ရဲ့ သီးသန့်လူများ (The chosen people of God) အဖြစ် ရောက်ခဲ့ရတယ်။ အဲဒီနောက်မှာ ပရောဖက်များ အားလုံးဟာ ဒီအဖြစ်အပျက်၊ အခန်းအနားရဲ့ အဓိကကျတဲ့၊ အလွန် လေးနက် အဓိပ္ပါယ်ရှိတဲ့အရာကို နက်ရှိုင်းတဲ့ ၀ါကျတစ်ခုတည်းနဲ့ဖေါ်ပြကြခဲ့တယ်။ (You shall be My people and I shall be your God.) ဒါပေမဲ့လဲ ဒီပထမအကြိမ်ပြုခဲ့တဲ့ ဘုရားသခင်နဲ့ အီစရာအဲလ်လူမျိုးတို့ကြားက ပဋိညာဉ်ဟာ ပျက်စီးသွားခဲ့ရတယ်။ အီစရာအဲလ်တို့ရဲ့ ဆိုးညစ်မှု၊ အဆွေခင်ပွန်း အပေါ်သစ္စာမရှိမှုတို့ကြောင့် ပျက်ခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်ဖက်က အလျှော့မပေးပါဘူး။ ကိုယ်တော်က stubbornly persistent ခေါင်းမာ လွန်းစွာနဲ့ ဆက်လက်ပြီး မျှော်လင့်ခဲ့တယ်။ ဒီပထမအကြိမ် ပြုခဲ့တဲ့ ပဋိညာဉ်ထက် ပိုပြီးထက် သန်တဲ့၊ ခိုင်မြဲတဲ့ ပဋိညာဉ်အသစ်၊ အီစရာအဲလ်လူတို့ရဲ့ ဆိုးညစ်မိုက်မဲခြင်းများကြောင့် ပျက်စီးမသွားနိုင်မဲ့ ပဋိညာဉ် အသစ်ထပ်မံပြုမယ်ဆိုပြီး အဆုံးမရှိသော စိတ်ရှည်သည်းခံခြင်းဖြင့် ပရောဖက်များကို တစ်ပါးပြီး တစ်ပါးစေလွှတ်ခဲ့တယ်။ ဒီလို ခိုင်မာတိကျတဲ့ ဒုတိယအကြိမ် ကတိသစ္စာကို ကားတိုင်ပေါ်မှာ ခရစ်တော်အားဖြင့်ပြုမှာ ဖြစ်တယ်။ သို့သော်လည်း ဒီလို အသေခံခြင်းအားဖြင့် ကတိသစ္စာပြုနိုင်ရန် ပထမဦးဆုံး ပဋိသန္ဓေစွဲယူပြီး မွေးဖွားခံရမှာဖြစ်ပါတယ်။ ဒါကြောင့် "လူ့အဖြစ်ကိုယူခြင်း" Incarnation ဆိုတာ လူတွေကို ကယ်တင်ဖို့ရန်အတွက် သူတို့ရဲ့ ဆိုးညစ်မှုတွေ၊ အပြစ်တွေ ဘယ်လောက်ပဲများပြား ကြီးလေးနေပါစေ၊ ခေါင်းမာစွာနဲ့ ဆက်လက်ပြီး သစ္စာရှိနေတဲ့၊ ချစ်နေတဲ့ ခမည်းတော် ဘုရားရဲ့ ချစ်ခြင်းမှထွက်ပေါ်လာတဲ့ "အကျိုးရလဒ်" ဖြစ်ပါတယ်။ ပထမအကြိမ် ပဋိညာဉ် ကျိုးပျက်သွားသော်လည်း ဒီအရာကို အဆုံးအဖြစ် မသတ်မှတ်ဘဲ နောက်တစ်ကြိမ်ပြန် အခွင့်အရေးပေး၊ ကြိုးစားခြင်းရဲ့ ရလဒ်က လူ့အဖြစ်ကိုယူခြင်း ဖြစ်ပါတယ်။ ဒီတစ်ကြိမ်ပြုခြင်းမှာ ကိုယ်တော် အောင်မြင်ခဲ့တယ်။ ဒီဒုတိယအကြိမ် ပဋိညာဉ်က သက်တမ်းမတိုးဘဲ၊ ထာဝရတည်တံ့ ခိုင်မြဲမှာ ဖြစ်တယ်။ အီစရာအဲလ်တို့က မက်ဆီးယား အဆင့်လောက်ကိုသာ မျှော်လင့်ခဲ့ကြတယ်။ သို့သော် ဘုရားသခင်က သူတို့ မျှော်လင့်တာထက် ကျော်လွန်ပြီး သူ့ရဲ့သစ္စာရှိတဲ့ ချစ်ခြင်းမေတ္တာရဲ့ မြင်နိုင်တဲ့ သက်သေအဖြစ် မိမိကိုယ်တော်တိုင်ရဲ့ သားတော်ကို စေလွှတ်ခဲ့ပါတယ်။ "လူ့အဖြစ်ကိုယူခြင်း" ဖြစ်ပေါ်စဉ်က လူတွေရဲ့ အခြေအနေဟာ အလွန် ဆိုးရွားနေတာကို တွေ့ရတယ်။ ရောမသြ ၀ါဒစာ ၁း၂၆-၃၁မှာ သံပေါလူးက သူ့ ခေတ်သူ့အခါက လူ့အသိုင်းအ၀ိုင်း အခြေအနေကို ဖေါ်ပြထားပါတယ်။ အဲဒီအချိန်က "လူ့အဖြစ်ကိုယူခြင်း" ဖြစ်စဉ်အပြီး နှစ်ပေါင်း (၆၀) လောက်မှာ ဖြစ်တယ်။ ရှေးခေတ်အချိန်က လူမှုရေးအခြေအနေ တိုးတက်မှုဟာ အရမ်း နှေးကွေးတာကြောင့် သံပေါလူးအချိန်က အခြေအနေဟာ သူ့အရင် ရာစုနှစ်ဝက်လောက်မှာလဲ ဒီအခြေအနေမျိုး အတိုင်းပဲ ရှိနေလိမ့်မယ်လို့ ခန့်မှန်းလို့ရပါတယ်။ "သူတို့၏ မိန်းမများသည် ထုံးစံအတိုင်း ဆက်ဆံခြင်း အစား ဓမ္မတာနှင့်ဆန့်ကျင်သော ဆက်ဆံခြင်းကို ပြုကြ၏၊ ထိုနည်းတူပင် ယောင်္ကျားတို့သည်လည်း ဓမ္မတာအလျောက် အမျိုးသမီးနှင့် ဆက်ဆံသော ထုံးစံကိုစွန့်ပစ်၍ အချင်းချင်း စွဲလမ်းမှု၌ ရာဂမီး တောက်လောင် လျှက်ရှိကြ၏။ ယောင်္ကျားအချင်းချင်းသည် ရှက်ကြောက်ဖွယ်ရာ အမှုတို့ကို ကျူးလွန်ကြသောကြောင့် မိမိတို့၏ မှားယွင်းမှုအတွက် ထိုင်သင့်သော အပြစ်ဒဏ်ကို ကိုယ်တိုင်ခံကြရ၏။ ထိုသူတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုရန် မလိုလားကြောင့် ဘုရားသခင်သည် သူုတို့ကို နိမ့်ညံ့သော တွေးခေါ် ကြံစည်ခြင်းသို့ ပေးတော်မူသဖြင့် သူတို့သည် မသင့်လျော်သောအမှုများကို ပြုကျင့်ကြ၏။ သူတို့သည် ဆိုးညစ် မှားယွင်းမှု အမျိုးမျိုးနှင့် ပြည့်နှက်လျှက် ဆိုးမိုက်ခြင်း မတရားသော မေထုန်မှီဝဲခြင်း၊ လောဘလွန်ကြူးခြင်း၊ မနာလိုခြင်း၊ လူ့အသက်သတ်ခြင်း၊ ခိုက်ရန် ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ ရန်ငြိုးထားခြင်းနှင့် အတင်းအဖျင်းပြောခြင်း၊ ရန်တိုက်ပေးခြင်း၊ အသရေဖျက်ခြင်း၊ မာနထောင်လွှားခြင်း၊ ကြွားဝါခြင်း၊ မကောင်းရာကို တီထွင်ကြံဆခြင်း၊ မိဘတို့၏ စကားကို နားမထောင်ခြင်း၊ ရူးမိုက်ခြင်း၊ ကတိသစ္စာ မတည်ခြင်း၊ သနားကြင်နာ စိတ်ကင်းမဲ့ခြင်း၊ ရိုင်းစိုင်းခြင်း စသည့် အပြစ်များကို ကျူးလွန်ကြ၏။ (ရောမ- ၁း၂၆-၃၁)။ ဒီကျမ်းပိုဒ်ကို ဖတ်ပြီးတဲ့အခါ စာဖတ်သူရဲ့ စိတ်ထဲမှာ အော်ဂလီဆန်ချင် ဆန်လာမယ်။ စက်ဆုပ်မုန်းတီးစိတ်ဖြစ်ရင် ဖြစ်လာမယ်။ ဒါပေမဲ့ ဘုရားသခင်က ဒီလို ညစ်ညမ်းနေတဲ့ ကမ္ဘာလောကကြီးကို အလွန် ချစ်မြတ်နိုးတာကြောင့် မိမိသားတော်ကို လူအဖြစ်နဲ့ စေလွှတ်ခဲ့တာဖြစ်ပါတယ်။ ဒီလို အခြေအနေမှာရှိတဲ့ လူ့လောကကြီးထဲကို ဘုရားဆင်းကြွလာတာ ဖြစ်ပါတယ်။
(ရှင်ယောဟန်သြ၀ါစာပထမ စောင်- ၄း၉-၁၀ ) မှာ ဘုရားသခင်၏ ချစ်ခြင်းကို တွေ့ရပါတယ်။ "ငါတို့သည် သားတော်အားဖြင့် အသက်ရှင်နိုင်ကြရန်၊ ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စေလွှတ်တော်မူခဲ့ခြင်းဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ငါတို့အလယ်တွင် ထင်ရှားလေပြီ။ ဤအချင်းအရာသည် ချစ်ခြင်းမေတ္တာဖြစ်၏။ ချစ်ခြင်းမေတ္တာ သည်ကား ငါတို့က ဘုရားသခင်ကို ချစ်ခဲ့ခြင်း မဟုတ်ဘဲ ဘုရားသခင်က ငါတို့ကို ချစ်တော်မူခဲ့၍ မိမိသားတော်ကို ငါတို့၏ အပြစ်များအတွက် အပြစ်ဖြေရာ ယဇ်တော်အဖြစ် စေလွှတ်တော်မူခဲ့ခြင်းပင် ဖြစ်၏။" (ရောမ ၅း၂၀) But Where sin increased, grace increased all the more. အပြစ် ဒုစရိုက်တိုးပွားသည့်အရပ်တွင် ကျေးဇူးတော်သည် ပို၍ကြွယ်ဝပေ၏။ ဘုန်းတော်ကြီး Anthony Demello S.J က ဘုရားသခင်နှင့် အပြစ်သားအကြား အခြေအနေကို ပုံဥပမာတစ်ခုနှင့် ဖော်ပြထားပါတယ်။ ဘုရားသခင်နှင့် အပြစ်သား အကြားမှာ ကြိုးကလေးတစ်ချောင်းရှိပြီး အပြစ်ပြုခြင်းဖြင့် အပြစ်သားက မိမိကိုယ်ကို ဘုရားသခင်နှင့် အဆက်ဖြတ်ခဲ့သော်လည်း ဘုရားသခင်က ကြိုးကို ပြန်ချည်လိုက်သဖြင့် အထုံးကလေးဖြစ်သွားပြီး အကွာအဝေး ပိုနီးလာတယ်။ အပြစ်သားက အပြစ်ပြုတိုင်း ဘုရားသခင်က အကြိမ်များစွာပြန်၍ ချည်နှောင်ခြင်းဖြင့် ဘုရား သခင်နှင့် အပြစ်သားအကြား အခြေအနေဟာ ပို၍ ဝေးကွာမသွားဘဲ ပို၍ နီးကပ်စွာ ရှိနေပါသည်။ ကျွန်ုပ်တို့ တစ်ဦးခြင်းစီကို နာမည်အလိုက်သိတော်မူပြီး ချစ်တော်မူသောကြောင့် ကိုယ်တော်ရှင်သည် လူ့အဖြစ်ကို ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အတိတ်က အပြစ်တွေက မိမိကို တစ်သက်လုံး ခြောက်လှန့် မနေစေဘဲ အတိတ်က အပြစ်တွေကြောင့် မိမိသြတ္တပစိတ်ကို လေးလံမနေစေဘဲ ပစ္စုပ္ပန်အချိန်မှာ ဘုရားရဲ့ခွင့်လွှတ်ခြင်းကို လုံးဝ ယုံကြည်လျှက် ခရစ္စမတ်ပွဲတော်ကို ပျော်ရွှင်စွာကျင်းပကြပါစို့။

Fr. Richard လှမင်းဦး

Read More...