Sunday, January 10, 2010

ဘာသာတရားကို မြန်မာမှုပြုကြမည်ဆိုပါက (အပိုင်း ၄)


ဘာသာတရားကို မြန်မာမှုပြုကြမည်ဆိုပါက (အပိုင်း )

ဘာရယ်ညာရယ်တော့မဟုတ်ပါ ရောက်မိရောက်ရာ စဉ်းစားရင်း အောက်တိုဘာလ (၂၁) ရက်၊ ၂၀၀၄ ခုနှစ်က ဆွေးနွေးပွဲတစ်ခုကို ပြန်သတိရမိပါသည်။ မန္တလေး ဂိုဏ်းချုပ်ဆရာတော်ကြီးက "ရောမားမြို့မှ ကာဒီနယ် ခရေရှင်းဇီအို ဆေးပေ" နိုဝင်ဘာလ (၂၁) ရက်နေ့မှာ မန္တလေးသို့ကြွရောက်လာမည်။ ထို့ကြောင့် သာသနာ့အကျိုးဆောင် လူကြီးများနှင့် မြို့ပေါ်မှ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ္မဆရာများကို ခေါ်ရခြင်းဖြစ်ကြောင်း ရှင်းပြပါသည်။ မည်သို့ကြိုဆိုကြမည်။ ဘာတွေ ပြင်ဆင်ကြမည်ကို ဆွေးနွေးပါသည်။
ကာဒီနယ်ကြီး ကားပေါ်မှဆင်းလာပြီး ကာသီဒြယ်ဘုရားကျောင်းဝန်း အ၀င်ပေါက်မှာ ဘာသာဝင်များစုရုံးပြီး ကြိုဆိုကြဖို့ ဆွေးနွေးခန်း ရောက်လာပါသည်။ တချို့က သာသနာ့အလံငယ်လေးတွေ ဝှေ့ယမ်းပြီး "ကာဒီနယ်ကြီး ကျန်းမာပါစေ"လို့ ပြိုင်တူဆိုကာ ကြိုဆိုဖို့တင်ပြပါသည်။ တချို့က "လက်ခုတ်တီးမယ်"။ တစ်ချို့က "မြန်မာအကလေးတွေ ကပြပြီး ကြိုမယ်။" "ပန်းပွားအကလေးတွေ ကပြီး ကြိုမယ်။" စသည်ဖြင့် ကြိုနည်းဖွယ်ဖွယ်ရာရာကို စုံစုံလင်လင် သူပြီး ငါပြော တင်ပြကြပါသည်။
အတော်စုံတော့ ဆရာတော်ကြီးက "မြန်မာ့နည်းနဲ့ ကြိုဆိုမယ်ဆိုရင် ပိုမကောင်းဘူးလား"ဟု မေးပါသည်။ "မြန်မာ့ဟန်နှင့် ကြိုဆိုမည်ဆိုပါက ကာဒီနယ်ကြီး ကျောင်းပေါက်အ၀င်မှာ ဘာသာဝင်များက လက်အုပ်ချီကာကြိုမယ်။ မြန်မာ့ဟန်အတိုင်း ဆို နှုတ်က ဘာမှဆိုစရာမလိုတော့ကြောင်း" တစ်ဦးက ထောက်ခံလိုက်ပါသည်။

သည်မှာတင် ဆွေးနွေးပွဲက ဟော့ လာပါတော့သည်။ "လက်အုပ်ချီတယ်ဆိုတာ ခရစ်ယာန်မဆန်ဘူး။" အဲလိုဆို မသင့်တော်ဘူး။ ယုံကြည်ချက်နဲ့ လွဲနေတယ်။" "ပညာတ်တော်မှာ ဘုရားတစ်ဆူ အပြင် မည်သည့်အရာကို ဘုရားအမှတ်နှင့် ကိုးကွယ်ခြင်းကို မပြုရလို့ အသေအချာ ပါတယ်။" စသည် စသည်ဖြင့်။
"မဟုတ်ပါဘူး။ သည်လိုရှိပါတယ်။ ဟိုလို ရှိပါတယ်" စသည်ဖြင့် ရှင်းပြ လိုသော်လည်း ရှင်းပြခွင့်မရခဲ့ပါ။ ရှင်းပြ ချင်သူသာ အရှုံးပေးခဲ့ရသည်။
နောက်ဆုံးတွင် ကာဒီနယ်ကြိုဆိုပွဲမှာ လက်ခုတ်သံညံညံနှင့် "ကာဒီနယ်ကြီး ကျန်းမာပါစေ" အသံသာ လွှမ်းသွားခဲ့ရပါသည်။ မြန်မာပြည်ရောက်ကာဒီနယ်ကြီး မြန်မာ့ဟန်များ မြင်မသွားခဲ့ရပါ။ ဂိုဏ်းချုပ် ဆရာတော်ကြီးဖြစ်စေချင်သည့် မြန်မာ့ ဟန်လည်း လစ်ကျန်ရစ်ခဲ့ရပါသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးဓလေများမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘဆရာ သမား၊ သက်ကြီးဝါကြီးများ၊ အကြီးအကဲများ၊ ပညာရှင်များစသည့် မိမိထက်ကြီး မြင့်မြတ်သူတို့ကို သူ့နေရာနှင့်သူ သင့်လျော်အောင် ရှိ နေရာအရပ်ဒေသ အလိုက် အရိုအသေပေးရပါသည်။ ၁) ကန်တော့ခြင်း၊ ၂) လက်အုပ်ချီဦးညွတ်ခြင်း၊ ၃) လေးနက်စွာဦးညွတ်ခြင်း၊ ၄) ရိုးရိုးဦးညွတ်ခြင်း၊ ၅) သာမာန်ဦးညွတ်ခြင်းနှင့် ၆) သတိအနေအထားဖြင့် အရိုအသေပြုခြင်း တို့ဖြစ်ပါသည်။ အဆိုပါ (၆) နည်းမှ လက်အုပ်ချီခြင်းနှင့် ကန်တော့ခြင်းအကြောင်း ပြောချင်ပါသည်။


လက်အုပ်ချီ ဦးညွှတ်ခြင်းသည် အိန္ဒိပြည်၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားပြည် တို့တွင် အရိုအသေပြုပုံနှင့် အတော်ဆင်ပါသည်။ အရိုအသေပြုခံရသူ တစ်စုံတစ်ယောက်အား ခြေစုံရပ်လျက် လက်အုပ်ချီ၍ လက်မနှစ်ခုနှင့် ရင်ညွှန့်ထိအောင် မြှောက်တင်နေစဉ် တစ်ချိန်တည်းမှာ ဦးခေါင်းကို အနည်းငယ်မျှ ရှေ့သို့ ညွတ်လျက် အရိုအသေပြုပါသည်။ လက်အုပ်ချီခြင်း၏ အဓိပ္ပါယ်မှာ "လေးစားခြင်း၊ အရိုအသေပြုခြင်း၊ ကြိုဆိုခြင်း၊ လက်အုပ်ချီထားသဖြင့် ကျုပ်မှာ လက်နက်ပစ္စည်း မပါပါဘူး။ ရန်ပြုဖို့၊ တိုက်ခိုက်ဖို့၊ ဝေဖန်ဖို့၊ အကြမ်းဖက်ဖို့ မဟုတ်ဘူး။ ထို့ကြောင့် ငြိမ်းချမ်းခြင်း" စသည့် အဓိပ္ပါယ်များနှင့် အရိုအသေပြုခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ အရိုအသေပြုခြင်းသည် ကိုးကွယ်ခြင်းမမည်ပါ။ ရှိခိုးကိုးကွယ်ခြင်း အထမမြောက်ပါ။ လက်အုပ်ချီ ဦးညွတ်ရုံဖြင့်လည်း ဘုရား၊ တရား၊ သံဃာတော် တို့ကို ရှိခိုးကိုးကွယ်ခြင်းတွင် မလုံလောက်ပါ။
ဘုရား၊ တရား၊ သံဃာတော်တို့ကိုခိုလှုံ ကိုးကွယ်ဝတ်ပြုရာတွင် ထိခြင်း ငါးပါးဖြင့် (တည်ခြင်းငါးဖြာဖြင့်) ဦးချကန်တော့ခြင်းဖြင့်သာလျှင် ရှိခိုးကိုးကွယ်ခြင်း အထမြောက်ပါသည်။

မြန်မာထုံးဓလေ့များတွင် ဘုရား တရား၊ သံဃာ၊ မိဘနှင့်ဆရာသမားတို့ ရှေ့တော်သို့ရောက်သည်နှင့် ၁) ဝေးလွန်း သောအရပ်၊ ၂) နီးလွန်းသောအရပ်၊ ၃) လေထက်အရပ်၊ ၄) မြင့်လွန်းသောအရပ်၊ ၅) မျက်နှာချင်းဆိုင် (ရှေ့တည့်တည့်) အရပ်၊ ၆) နောက်ကျောအရပ်တို့ကို ရှောင်ရှားကာ သင့်လျော်သောအရပ်ကို ရွေးချယ်ပြီး ယောင်္ကျားဖြစ်လျှင် ဆောင့်ကြောင့် (သို့မဟုတ်) ဒူးနှစ်ဖက် တုတ်လျက်၊ အမျိုးသမီးဖြစ်လျှင် ကြုံ့ကြုံ့ထိုင်ကာ ဦးချကန်တော့ ကြပါသည်။

ဦးချပုံမှာ ထိုင်၍ လက်နှစ်ဖက်ကို ကြာဖူး၊ ကြာငုံပမာ ယှက်ပြီးလျှင် ဦးထိပ်သို့ တင်လိုက်သည်။ ဦးထိပ်တင်ထားသော လက်နှစ်ဖက်ကို ထိုင်ထားသည့် ကြမ်းပြင်မှာ ထောက်၍ ဒူးနှစ်ဖက်ကိုလည်း ထောက်လိုက် ကာနဖူးကိုလည်း ကြမ်းပြင်နှင့် ထိအောင် ပြုလိုက်သည်။

ဤသို့ ဦးချစဉ် ၁) ခြေနှစ်ဖက်ကလည်း ကြမ်းပြင်ပေါ် တည်နေသည်။ ၂) လက်နှစ်ဖက်၊ ၃) ဒူးနှစ်ဖက်၊ ၄)တထောင် ဆစ်နှစ်ခုနှင့် ၅) နဖူးလည်း ကြမ်းပြင်မှာ တည်နေသည်။ ထိုသို့ "ခြေ၊ လက်၊ နဖူး၊ တထောင်၊ ဒူး" အဆို ထူးသည့် ဤငါးဌါနတို့ ကြမ်းပြင်နှင့်ထိအောင် ဦးချပြီးနောက် ဦးခေါင်းကို ဦးစွာ မော့လိုက်သည်။ အမျိုး သမီးဖြစ်ပါက ဒူးကို ပြန်တင်ဖို့ မလိုပါ အဘယ်ကြောင့်ဆိုသော် မူလကပင် ကြုံ့ကြုံ့ထိုင်နေသောကြောင့် ဖြစ်ပါသည်။ ဤသို့ ဦးသုံးကြိမ်ချသည်ကို (ပဉ္စပတိဌိတ) တည်ခြင်းငါးပါး (တည်ခြင်းငါးဖြာ) နှင့် ဦးချ ကန်တော့သည် ဟုခေါ်ပါသည်။

အနန္တငါးပါးဝင်များကို ထိတည်ခြင်းငါးပါးဖြင့် ဦးချကန်တော့ပါသည်။ သို့ရာတွင် အခြားပုဂ္ဂိုလ်များကိုလည်း မိမိအနေဖြင့် အနန္တငါးပါးဝင်ဟု ကျေးဇူးတရားများအရ ခံယူသောသူများကိုလည်း တည်ခြင်းငါးပါးဖြင့် ကန်တော့ကြပါသည်။
ထိုသို့ လက်နှစ်ဖက်ယှက်၍ ကန်တော့သဖွယ် ပြုလုပ်လိုက်တာကို ကန်တော့သည်ဟု ယူကြပါသည်။ ကန်တော့ခြင်း ဆိုသည့် ဝေါဟာရစကားတွင် "ကန်" သဒ္ဒါမှာ "ပုန်ကန်ခြင်း၊ တော်လှန်ခြင်း၊ ကန်ကျောက်ခြင်းစသည်ဖြင့် အဓိပ္ပါယ်ရပါသည်။ "တော့"သဒ္ဒါမှ "ရပ်နားခြင်း၊ စွန့်ပစ်ခြင်း၊ မပြုလုပ်ခြင်း" စသည်ဖြင့် အဓိပ္ပါယ်ရပါသည်။ ထိုသဒ္ဒါနှစ်ရပ်ပေါင်း လိုက်သောအခါ "ပုန်ကန်တော်လှန်ခြင်းမှ ရပ်ဆိုင်းပါတော့မည်။ မပြုလုပ်တော့ပါဟု" ဆိုလိုပါသည်။

ထိုသို့ ကာယ၀စီမနောချီပြီး အရို အသေ အလေးအမြတ်ထားကာ၊ လက်ဆယ် ဖြာအုပ်မိုး၍ ရှိခိုး ပူဇော် ဖူးမြော် မာန်လျော့ ကန်တော့ခြင်းသည် ကမ္ဘာပတ်ကာ ရှာပါသော်လည်း ဘယ်လူမျိုးမှာမှ ရှာမတွေ့နိုင်သည့် မြန်မာထုံးဓလေ့ ဘုရားရှိခိုးနည်း ဖြစ်ပါသည်။ အင်မတန်ကြွယ်ဝလှသော ဘုရား ကန်တော့ခြင်းဖြစ်ပါသည်။


ခရစ်ယာန်တို့သည် ဘုရားအရှင်မြတ်ကို ဘုန်းတော်အနန္တ၊ တန်ခိုးတော် အနန္တ၊ အတုမရှိ မြင့်မြတ် သန့်ရှင်းတော်မူ၍ အပြစ်ဒုစရိုက်နှင့် မရဏသေခြင်းတရားတို့ကို ချုပ်ငြိမ်း အောင်မြင်တော်မူသော အရှင်ဖြစ်ကြောင်း ယုံကြည်ကြပါသည်။ လူသားအပေါင်းတို့သည် မိမိတို့ ရိုကျိုး ခိုလှုံ ဆည်းကပ် ကိုးကွယ်နေသည့် အနှိုင်းမဲ့ မေတ္တာတော်ရှင်ဘုရားအရှင်မြတ်၏ အဆုံး အမတရားတော်နှင့် လျော်ညီစွာ မဆောက်တည် မကျင့်ကြံဘဲ ဖေါက်ပြန်တတ်သော လူ့ဇာတိပကတိ သဘောသကန်အတိုင်း နေ့စဉ်လို ကာယ၊ ၀စီ၊ မနောအစဉ်မှာ ကန်ကျောက်နေကြလေသည်။ ထောင်ထား ပုန်ကန်နေကြလေသည်။ နားမထောင် မဆည်းကပ်ဘဲ တော်လှန်နေကြလေသည်။ အပြစ် လုပ်နေကြသည်။


ထိုသို့သော တရားသဘောကို နှလုံးသိမ်း၍ ကျွန်တော်တို့လည်း ထိုမြန်မာ့ ဓလေ့နှင့် ဘုရားရှင်ကို ရှိခိုးကိုးကွယ်ခြင်းသည် ဆီလျော် မှန်ကန်၏/မဆီလျော်၏ ဆိုသည်ကိုတော့ စာဖတ်သူသာ ဝေဖန် ကြည့်ပါလေ။

မာကု (ဒဿန)