Friday, January 1, 2010

မင်းကြီးသုံးပါးပွဲ


မင်းကြီးသုံးပါးပွဲ


မင်းကြီးသုံးပါးပွဲတော်ကို ဂရိဘာသာ စကားဖြင့် Epiphany ပွဲတော်လို့ခေါ်တယ်။ အဓိပ္ပါယ်ကတော့ ဘုရားသခင်သည် မိမိကိုယ်တော်ကို ဂျူးလူမျိုးတွေကို သာမက လူမျိုးခြားအားလုံးတို့အား ဖော်ပြတော်မူသောကြောင့် ဖြစ်တယ်။ ထာဝရ အရှင်ဘုရားသခင်ဟာ ဂျူးလူမျိုးတို့ရဲ့ကိုယ်စား သိုးထိန်းများထံ မိမိရဲ့ ကောင်းကင် သိကြားတမန်တော်များကို ထင်ရှားပြစေလျက် သူငယ်တော်ဘုရားရှင် ဖွားမြင်ခြင်းခံရာ နွားတင်းကုပ်သို့ခေါ် ဆောင်တော်မူခဲ့သလို လူမျိုးခြားများရဲ့ကိုယ်စား မာဂုမင်းပညာရှိသုံးပါးကို ကောင်းကင်ယံမှာ ကြယ်တော် ပေါ်ထွန်းစေလျှက် ကြယ်တော်အားဖြင့် သူငယ်တော် ဘုရားရှင်ဆီအရောက် ပို့ဆောင်တော်မူခဲ့ပါတယ်။ ဒီလိုနည်းအားဖြင့် ထာဝရအရှင် ဘုရားသခင်ဟာ မိမိရဲ့မဟာမေတ္တာတော်၊ ဂရုဏာတော်၊ ကျေးဇူးတော်များကို လူအားလုံးအတွက် ဖွင့်ဟတော်မူခြင်းဖြစ်တယ်။ သိုးကျောင်းသား၊ သိုးထိန်းလေးများဟာ ဘုရားသခင် ရွေးကောက်ခြင်းခံရတဲ့ လူမျိုးတော်အထဲမှာ အဦးဆုံး ခေါ်တော်မူခြင်း ခံခဲ့ကြရတဲ့သူတွေ ဖြစ်သလို မာဂုမင်းပညာရှိ သုံးပါးဟာလည်း ဘာသာခြား၊ လူမျိုးခြားတွေအထဲမှာ အဦးဆုံးခေါ်တော်မူခြင်း ခံခဲ့ရတဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း ဒီပွဲတော်ကို သာသနာတော် တည်ထောင်တော်မူစ အချိန်ကတည်းက ခမ်းခမ်းနားနား ကျင်းပလာခဲ့ပါတယ်။ ဒီပွဲတော်မြတ်နဲ့ ပတ်သက်ပြီး ခရစ်သက္ကရာဇ် (၈) ရာစု St.Bede ရဲ့ ရှာဖွေစုဆောင်းထားချက်အရ ဖော်ပြပေးရမယ်ဆိုရင် မဲလ်ကော်အမည်ရတဲ့ မင်းပညာရှိတစ်ပါးဟာ အသားလည်းဖြူ၊ ဆံပင်လည်းဖြူ၊ အသက်အရွယ် အနည်းငယ်ကြီး ရင့်နေသူလို့ ဆိုထားပါတယ်။ ယူဆောင်လာခဲ့တဲ့ လက်ဆောင်ဘဏ္ဍာတော်ကတော့ ရွှေဖြစ်တယ်။ ဒုတိယမြောက် မာဂုမင်းပညာရှိ တစ်ပါးကတော့ ဂက်စ်ပါဖြစ်ပါတယ်။ မုတ်ဆိတ်မွှေးမရှိ၊ အသားလည်းလတ်၊ ငယ်ရွယ်နုပျိုတဲ့ မာဂုမင်းပညာရှိတစ်ပါးဖြစ်တယ်။ ယူဆောင်လာတဲ့ လက်ဆောင်တော်မြတ်ကတော့ လော်ဗန်ဖြစ်တယ်။ တတိယမြောက် မင်းပညာရှိတစ်ပါးကတော့ ဘဲလ်တာဆာဖြစ်ပြီး အသားဟာ အတော်မည်းတဲ့အတွက် သပိတ်ရောင်ထနေတယ်။ အသစ်အဆန်းတွေ ရှာဖွေစူးစမ်းချင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အာဖရိကအနောက် မြောက်ဖက်မှာနေလေ့ရှိကြတဲ့ မိုးလ်လူမျိုး အာရပ်အနွယ်ဝင်များ ဖြစ်ဟန်တူတယ်လို့ ဆိုထားပါတယ်။ ယူဆောင်လာတဲ့ လက်ဆောင်ဘဏ္ဍာတော်ကတော့ မီးရားဖြစ်ပါတယ်။ ဒီအချက်ကို ထောက်ရှုစဉ်းစားခြင်း အားဖြင့် ဘုရားသခင်ဟာ အသားဖြူ၊ အသားမည်း၊ ဇရာအို၊ အရွယ်ပျို၊ အသင်းသား၊ အသင်းခြားရယ်လို့ ခွဲခြားခြင်းမရှိကြောင်း ကျမ်းစကားနဲ့ ပြောရမယ်ဆိုရင် အားလုံးပေါ်မှာ နေကိုထွက်စေတော်မူလျက် အားလုံးအပေါ်မှာ မိုးကို အတူတူ ရွာစေပါတယ်။ (သံမာတေဦး ၅း၄၅)
မာဂုမင်းပညာရှိတွေဟာ ကြယ်တော်ရဲ့ လမ်းပြမှုကြောင့် ဗက်သလင်မြို့တော်သို့ ရောက်ရှိခဲ့ကြကြောင်း နက္ခတ္တ ဗေဒပညာရှင်တစ်ဦးရဲ့ လေ့လာချက်နဲ့ တိုက်ဆိုင်မှုရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ကျော်လောက်က ခရစ်သက္ကရာဇ် ၁၆၀၃ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက် နေ့မှာ ကြာသပတေးဂြိုလ်နဲ့ စနေဂြိုလ်ဟာ ပူးကပ်ခဲ့ပါတယ်။ ၁၆၀၄ ခုနှစ် စက်တင်ဘာလထဲမှာ အင်္ဂါဂြိုလ်ကပါ ထပ်မံပူးကပ်လာတဲ့အတွက် ဂြိုလ် (၃) လုံးပေါင်းမိသွားခဲ့ကြပြီး ကောင်းကင်မှာ ထိန်ထိန်ငြီးခဲ့တယ်လို့ နက္ခတ္တဗေဒပညာရှင် ဂျိုအာနက်ကက္တလာက ဆိုခဲ့ပါတယ်။
သူဟာ နက္ခတ္တဗေဒနည်းတွေနဲ့ နောက်ကြောင်းပြန်ပြီး ရေတွက်ကြည့်လိုက်တဲ့ အခါမှာ သခင်ယေဇူးခရစ်တော် ဘုရားရှင် လူ့အဖြစ်ဇာတိကို ခံယူလျှက် မွေးဖွားခဲ့စဉ် အချိန်ကာလမှာလည်း ဒီဂြိုလ်ကြီးသုံးလုံး ပူးနေခဲ့တာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ နက္ခတ္တဗေဒမှတ်တမ်းမှာလည်း အခုလို ဂြိုလ်ကြီးများပူးခဲ့ကြောင်း ၀န်ခံထားတာ လေ့လာတွေ့ရှိခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက်လုံးမှာ ထွန်းလင်း တောက်ပလျှက် လမ်းပြခေါ်ဆောင်လာခဲ့တဲ့ ကြယ်တံခွန်တော်ဟာ ယုဒပြည် အရောက်မှာတော့ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း မာဂုမင်းပညာရှိ သုံးပါးဟာ ယုဒပြည်ရဲ့မြို့တော်ဖြစ်တဲ့ ဂျေရုဇလင်မြို့တော်သို့ အရောက်သွားခဲ့ပြီး မေးမြန်း စုံစမ်းခြင်းအမှုကို ပြုကြပါတော့တယ်။ ကြယ်တံခွန်တော် အခုလို ပျောက်ကွယ်သွားရခြင်းရဲ့ ကြောင်းရင်းကတော့ တရားပေးချက် (၃) ချက်ရှိပါတယ်။ ပထမ တစ်ချက်ကတော့ သခင်ယေဇူးခရစ်တော် ဘုရားရှင်ကို ဖူးတွေ့ဖို့ ကြိုးစားကြတဲ့နေရာမှာ ထိုက်တန်တဲ့ဖူးတွေ့ခြင်း မျိုးရှိနိုင်ဖို့ အတွက် မိမိတို့ရဲ့ဇွဲ၊ ချစ်မေတ္တာ၊ သတ္တိများကို စမ်းသပ်မြှင့်တင်ပေးလိုက်ခြင်း ပဲဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ဒုက္ခ အခက်အခဲပြဿနာများနဲ့ ရင်ဆိုင်ကြရပြီ ဆိုရင် မိမိတို့ဖက်ကလည်း အစွမ်းကုန်ကြိုးစား၊ သာသနာတော်ရဲ့ အကြီးအကဲတွေဆီလည်း သွားရောက် အကြံဥာဏ်တောင်းခံကြဖို့ တရားပေးနေခြင်းဖြစ်တယ်။ တတိယတစ်ချက်ကတော့ မာဂုမင်းပညာရှိသုံးပါး အားဖြင့် မက်ဆီးယား ကယ်တင်ရှင် ဖွားမြင်ခြင်းခံယူခဲ့ပြီဖြစ်ကြောင်း ဂျေရုဇလင်မြို့ အနှံ့အပြားကြားသိစေဖို့ပဲ ဖြစ်ပါတယ်။ နောက်တော့မှ မသိလိုက်ရလို့ပါ ဆိုတဲ့ဆင်ခြေမျိုးကို ဂျူးလူမျိုးတွေ မသုံး နိုင်ရလေအောင် သူတို့ရဲ့ နှုတ်တွေကို ပိတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ရွှေဥဏ်တော်ရှင်ဘုရားသခင်ရဲ့ မဟာစီမံကိန်းတော်ပဲ ဖြစ်ပါတယ်။ မာဂုမင်းပညာရှိသုံးပါး ရဲ့ စွမ်းသတ္တိနဲ့ ဇွဲ လုံ့လတွေဟာ အံ့သြဖွယ် အင်မတန်ကောင်းလှပါတယ်။ ဘာကြောင့်လဲဆိုရင် "ယခုဖွါးမြင်သော ယုဒရှင်ဘုရင်သည် အဘယ်မှာရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ ကြယ်ကို ငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီ" (ရှင်မာ တေဦး ၂း၂)။ ဒီအချက်ဟာ မာန်မာနထောင်လွှားပြီး အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ ယုဒရှင်ဘုရင် ဟေရုဒ်မင်းကြီးကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင်ဖြစ်ပါတယ်။ မာဂု မင်းပညာရှိသုံးပါးဟာ ယုဒရှင်ဘုရင် ရှေ့လာပြီး ခရစ်တော်သခင်ကို မတွေ့ရသေးခင် ခရစ်တော် သခင်ကို ယုဒရှင်ဘုရင်အဖြစ် မကြောက် မရွံ့ အသိအမှတ်ပြုခဲ့ကြခြင်းဖြစ်တယ်။
ကျွန်ုပ်တို့ ခရစ်ယာန်တွေ ခရစ်တော်ကို သိပြီးသော်ငြားလည်း လူသူအများ ရှေ့မှာ မိမိတို့ရဲ့ အပြောအဆိုအပြုအမူများနဲ့ဝန်ခံဖို့ ၀န်လေးနေကြတယ် မဟုတ်လား။ မာဂုမင်းပညာရှိ (၃)ပါးဟာ ခရစ်တော် ဘုရားရှင်ကို ဖူးတွေ့ချင်လွန်းလို့ ဒုက္ခဆင်းရဲ အမျိုးစုံခံပြီး ဝေးလံတဲ့ ဒေသကနေထွက် ကြွလာခဲ့ကြရတယ်။
ဒီလိုပါပဲ ကျွန်ုပ်တို့ ခရစ်ယာန်တွေ ဘုရားကျောင်းနဲ့ အနီးဆုံး ပုဂ္ဂိုလ်တွေက ဘုရားကျောင်းမတက်ဆုံး ဖြစ်တတ်ကြသလို ဘုရားကျောင်း နောက်အကျဆုံး ပုဂ္ဂိုလ်များလည်းဖြစ်တတ်ကြပါတယ်။ "အိမ်သို့ ၀င်လေသော် မယ်တော်မာရီယားနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပျပ်ဝတ်ကိုး ကွယ်၍ မိမိဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးလျှင် လော်ဗန်နှင့် မုရန်းတည်းဟူသော နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။" (သံမာတေဦး -၂း၁၁) ဒီရွှေကျမ်းပိုဒ်ရဲ့ တရားပေးချက်ကတော့ ယေဇူးဘုရားရှင်ကို ချစ်မြတ်နိုးသူဟာ မယ်တော်မာရီယားကို ချစ်မြတ်နိုးသူဖြစ်တယ်။ မယ်တော်မာရီယားကို ချစ်မြတ်နိုးသူဟာလည်း သားတော်ဘုရားရှင်ကို ချစ်မြတ်နိုးသူ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ရဟန္တာသြဂုတ်စတင်းရဲ့ မိန့်ဆိုချက်မှာတော့ ရွှေဟာ ရှင်ဘုရင်အဖြစ်နဲ့ အခွန်တော် ဘဏ္ဍာဆက်သတာဖြစ်သလို လော်ဗန်ဟာ ဘုရားရှင်အဖြစ်နဲ့ ပူဇော်ခြင်းဖြစ်တယ်။ မီးရားဖြစ်တဲ့ မုရန်းကတော့ လူ သတ္တ၀ါခပ်သိမ်းတို့ကို ကယ်တင်တော်မူဖို့အတွက် အသက်တော်စွန့် စတေးခံပေးရ မယ့်ပုဂ္ဂိုလ်တော်မြတ် အဖြစ် လှူဒါန်းလိုက်ခြင်း ဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ဒီအချက်တွေကို ထောက်ရှုခြင်း အားဖြင့် သခင်ယေဇူးခရစ်တော်ဘုရား ရှင်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်တယ်ဆိုတဲ့ အချက်ကို သိမှတ် ၀န်ခံမှုပြုနေခြင်းဖြစ်တယ်။ မာဂုမင်းပညာရှိ (၃) ပါးမှ ကပ်လှူ ပူဇော်လိုက်သည့် လက်ဆောင်ပစ္စည်းများရဲ့ တန်ဖိုးအစစ် အမှန်ဟာ အမြင်ပေါ်မှာ မူမတည်ပါ။ လက်ဆောင်ဟာ ဘယ်လောက်ပဲ တန်ဖိုးကြီးပြီး အံ့သြဖို့ကောင်းနေပေမဲ့ ပေးဆပ်လာသူ၊ ကပ်လှူပူဇော် သူရဲ့မေတ္တာကင်းမဲ့နေလျှင် တန်ဖိုးမရှိပါဘူး။ ဘ၀တူ လူသားချင်းကတော့ လက်ခံ ချင်လက်ခံမှာပဲ၊ ဘုရားရှင်တော်မြတ်ကတော့ လက်ခံတော်မူမှာ မဟုတ်။ ဒါကြောင့် ကျွန်ုပ်တို့ လုပ်လေသမျှ၊ ကြံလေသမျှ တမလွန် ကောင်းကင်ဘဏ္ဍာဖြစ်ဖို့အတွက် ဘုရားရှင်ရှေ့မှာ တရားဝင်ပြီး ဘုရားရှင်ရဲ့ လက်ခံတော်မူခြင်း ခံရဖို့အတွက် မေတ္တာပါဖို့ လိုအပ်ပါတယ်။
ဒီပွဲနေ့မှာ မာကုပညာရှိ (၃)ပါး မှပေးနေတဲ့ နောက်ထပ် တရားပေးချက် တစ်ခုကတော့ ဘုရားရှင်ဆီသွားရင် လက်ချည်းဗလာ သွား၍မရ၊ တစ်ခုခုဆောင်ယူ သွားဖို့လိုအပ်ပါတယ်။ ဆောင်ယူရမှာကတော့ မေတ္တာဓါတ်ခံ၍ ပြုလုပ်ဆောင် ရွက်တဲ့အရာများပဲဖြစ်ပါတယ်။ ကျမ်းတတ်ဆရာတွေ ကျမ်းတတ်ပုဂ္ဂိုလ်တွေဟာ အကျင့်တရားမှာ မထိရောက်လေတော့ မက်ဆီယားကယ်တင်ရှင်ရဲ့ ဖွားမြင်တော်မူခြင်းနဲ့ ပတ်သက်ပြီး တစ်ကျွန်းတစ်နိုင်ငံသား မာဂုမင်းပညာရှိများက ညွှန်ပြပေးနိုင်ခဲ့ကြပေမဲ့ မိမိကိုယ်တိုင်သွားရောက် ရှိခိုးကိုးကွယ်ခြင်းမရှိ၊ အလေးမမူ ဂရုလည်း မစိုက်ကြပါဘူး။ ဤကျမ်းတတ်ပုဂ္ဂိုလ်ကြီးတွေဟာ ဘာနဲ့တူသလဲဆိုရင် ခရီးလမ်း ညွှန်တဲ့မှတ်တိုင်ကြီးတွေနဲ့ တူကြပါတယ်။ ခရီးသည်တွေကိုသာ လမ်းပြပြီး မိမိတို့ ကိုယ်တိုင်ကတော့ လှုပ်ရှားခြင်း မရှိကြပါဘူး။ မာကုမင်းပညာရှိ (၃) ပါးဟာ သူငယ်တော် ဘုရားရှင်လေးကို ပူဇော်ဆက်ကပ်ဖို့ အတွက် လောကီဘဏ္ဍာများကိုသာ ဆောင်ယူခဲ့ကြပေမဲ့ မိမိတို့ရဲ့ဂုဏ်သိက္ခာ၊ မာန် မာနတွေကိုပါ ခြေတော်ရင်းမှာ ချထားခဲ့ကြပြီး မိမိတို့စိတ်နှလုံးထဲမှာ ဘုရားရှင်ရဲ့ အလင်း၊ ဘုရားရှင်ရဲ့ရူပါရုံ၊ ဘုရားရှင်ရဲ့ အာမခံချက်များနဲ့ ပြည့်ဝပြီး ပြန်ခဲ့ကြပါတယ်။ တမလွန် ကောင်းကင်ဘဏ္ဍာရရှိဖို့ အတွက် လောကီအရာများကို စတေးပြီး ပေးချေရပါတယ်။ ဒီနေ့ဖတ်ရှုရတဲ့ အသက်ပေးနှုတ်ကပတ်တော်မှာ "သူတို့သည် မိမိတို့ဆီသို့ အခြားသော လမ်းမှပြန် သွားကြလေပြီ" (သံမာ တေဦး-၂း၁၂)။ မာဂုမင်းပညာရှိ (၃) ပါးဟာ ခရီးစတင်၍ ထွက်ခွာလာခဲ့စဉ်တုန်းကတော့ လောကီပညာရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာခဲ့ရပေမဲ့ သူငယ်တော်ယေဇူးဘုရားရှင်ကို ဖူးတွေ့ပြီးတဲ့ နောက်ပိုင်းမှာတော့ အခြားသောလမ်းဖြင့် ပြန်ခဲ့ကြတယ်။ အလာခရီးမှာတော့ ကြယ်တံခွန်တော်ကြီးကို အားကိုးခဲ့ရပေမဲ့ အပြန်ခရီးမှာ ကြယ်တံခွန်တော်ကို အားပြုဖို့ မလိုတော့ပါဘူး။ ကောင်းကင်မှ လမ်းပြမဲ့ကြယ်အစား မိမိ တို့ရဲ့ စိတ်နှလုံးထဲမှာရှိသွားပြီဖြစ်တဲ့ လမ်းပြကြယ်တော်ကိုသာ အားကိုးခဲ့ပါတယ်။ ခရစ်တော်ဘုရားရှင်ကို ရှာဖွေ တွေ့ရှိခဲ့ကြတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အစပထမမှာတော့ လောကီနဲ့ ပတ်သက်တဲ့ ပညာဆင်ခြင်တုံ တရားများ၊ ထိုးထွင်းဥာဏ်များကို အားကိုးခဲ့ကြပေမဲ့ ခရစ်တော်ဘုရားရှင်နဲ့ထိတွေ့ သွားပြီးတဲ့ နောက်ပိုင်းမှာတော့ လောကီပညာထက် ဘုရားရှင်ကိုသာ အားကိုးလာ တတ်ကြပါတော့တယ်။ ကိုယ်တော်ရှင်နဲ့ ထိတွေ့ဖူးတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ဘုရားရှင်ရဲ့ လမ်းပြ ပို့ဆောင်မှုတွေကို ခံစားကြရစမြဲပါ။ ကျွန်ုပ်တို့ ကိုယ်စီမှာလည်း ခရစ်တော် ဘုရားရှင်ဆီ အရောက် ပို့ဆောင်ပေးတဲ့ ကြယ်တော်တွေရှိကြသလို မိမိတို့ကိုယ်စီရဲ့ အပြောအဆို၊ အပြုအမူများဟာလည်း သူတစ်ပါးအတွက် လမ်းပြကြယ်တော်များ ဖြစ်နိုင်ကြဖို့ အင်မတန် အရေးကြီးလှပါတယ်။ ကျွန်ုပ်တို့အားလုံးသည် မာဂု မင်းပညာရှိသုံးပါးကဲ့သို့ ရွှေနဲ့သဏ္ဍာန်တူတဲ့ မေတ္တာနဲ့ ဘုရားရှင်မြတ်ကို စိတ်အားရှိသမျှ၊ ခွန်အားရှိသမျှ၊ အစွမ်းရှိသမျှ ချစ်၍ မိမိနဲ့နီးစပ်သူကို ကိုယ်နှင့်အမျှ ချစ်နိုင်ဖို့ ကြိုးစားကြပါစို့။ လော်ဗန်နဲ့အလား သဏ္ဍာန်တူတဲ့ ဆုတောင်းမေတ္တာကို ပတ္ထနာပြုကြပါစို့။ မီးရာနဲ့ အဆင်တူ၊ အသွင်တူတဲ့ ကိလေသာတဏှာရာဂများနဲ့တကွ အာရုံ ငါးပါးကို ခြိုးခြံချုပ်တည်းလျှက် မိမိတို့ ဘ၀ကိုယ်စီကို လှူဒါန်း ဆက်ကပ်သွားကြပါစို့။
မိမိတို့ ကိုယ်စိတ်နှလုံးသုံးပါးကို အစဉ်လှူဒါန်းသူ၊ မိမိကိုယ်ကို အစဉ်အုပ်စိုးသူ မင်းပညာရှိများ ဖြစ်နိုင်ကြပါစေလို့ မေတ္တာပြုပါတယ်။


ဘုန်းတော်ကြီး ဒေါမနစ်ဂြိုလ်တု