Saturday, January 30, 2010

သူတော်စင်များအတွက်သာမကသောဆင်ရဲခြင်း၊ ဖြူစင်ခြင်း နှင့်နာခံခြင်းပါရမီ


"သူတော်စင်များအတွက်သာမကသောဆင်ရဲခြင်း၊ ဖြူစင်ခြင်း နှင့်နာခံခြင်းပါရမီ"


အင်ဒိုနီးရှားနိုင်ငံမှာ ကက်သလစ်သင်းတော် အကြီးအကဲတို့က ကက်သလစ် မိသားစုများအား ဆင်းရဲခြင်း၊ နာခံခြင်းနှင့် ဖြူစင်ခြင်း ပါရမီတို့အပေါ် အခြေခံသော ၀ိညာဉ်ရေးတိုးတက်စေရန်နှင့် ထိုဝိညာဉ်ရေး တိုးတက်မူဖြင့်သာလျှင် စစ်မှန်သော ပျော်ရွှင်မှုကို ရယူနိုင်ကြောင်း လှုံ့ဆော်ခဲ့သည်။
အင်ဒိုနီးရှား ဆရာတော်များ အဖွဲ့ချုပ်ရှိ မိသားစုရေးရာဆိုင်ရာ ဆရာတော်ကြီး အလွိုက်ရှက်စ်ဆူဒါဆို (Aloy- sius Sundanso) က ၂၀၀၁ ခုနှစ် ဂျွန်လ ၁၃ ရက်မှ ၁၅ ရက်အတွင်း ပြုလုပ်သော မိသားစု အစည်းအဝေးပွဲ (Family Apostolate) တွင်ပြောကြားရာ၌ ဧ၀ံဂလိဆိုင်ရာ ပါရမီများဖြစ်သော နာခံခြင်း၊ ဆင်းရဲခြင်းနှင့် ဖြူစင်ခြင်းတို့သည် ခရစ်ယာန်အားလုံးတို့အတွက် မိမိကိုယ်ကို မိမိမြှင့်တင်ခြင်း၌ အရေးပါကြောင်း တင်ပြသွားခဲ့သည်။
မိသားစု ၀ိညာဉ်ရေးအပေါ် သုံးသပ်ချက်အရ မိသားစုတိုင်းသည် မိသားစုဝင်အားလုံး၏ ရင့်ကျက်မှုကြီးထွားလာရေး အတွက် အခြေအနေကို ဖန်တီးရန် တာဝန်ရှိသည်။ ခရစ်ယာန်ဘာသာဝင်တိုင်း သူတို့၏ ဘ၀ခေါ်တော်မူခြင်းနှင့် မိသားစုအခြေ အနေပေါ်မူတည်၍ ပါရမီအားလုံးတို့ကို ကျင့်ဆောင်သွားရမည်ဟု ဆက်လက်မိန့်မှာခဲ့သည်။ ဆရာတော်တစ်ပါးက နာခံခြင်း ပါရမီဆိုသည်မှာ လူ၏စိတ်နှလုံးက ဘုရားသခင်၏ လမ်းညွှန်ချက်ကို လိုက်နာရန် အဆင်သင့်ရှိခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။

မိသားစုအတွင်းရှိ နာခံခြင်းပါရမီ ဆိုသည်မှာ မိသားစုဝင်များအနေဖြင့် တစ်ဦးအပေါ် တစ်ဦးနားထောင်ရန် အဆင်သင့်ရှိခြင်း၊ ကျမ်းစာနှင့် စက္ကရမင်တူးတို့မှ တဆင့်လာသော ဘုရားသခင်နှင့် အသင်းတော်၏ သွန်သင်ချက်ကို လက်ခံရန် အဆင်သင့်ရှိခြင်းတို့ပင်ဖြစ်သည်။
ဆရာတော်ဆူဒါဆိုက "ဆင်းရဲခြင်းပါရမီသည် အလိုရမက်နှင့် သြဇာအာဏာ ရယူပိုင်ဆိုင်လိုခြင်းကို ထိန်းချပ်ပေးသည်။ စည်းစိမ်ဥစ္စာသည် ကျွန်ုပ်တို့လူ့ ဘ၀၏ ပန်းတိုင်မဟုတ်သကဲ့သို့ ထိုစည်းစိမ် ဥစ္စာသည် ကျွန်ုပ်တို့၏ လိုအင်ဆန္ဒကို မည်သည့်အခါမျှ ဖြည့်ဆီးပေးနိုင်မည် မဟုတ်ပေ။ အကယ်စင်စစ် ပစ္စည်းဥစ္စာသည် တစ်ခြားသူများ၏ ခံစားနေရသော ဝေဒနာနှင့် ၀န်ထုပ်များကို ဖြေဖျောက်ရန်သာ ဖြစ်ကြောင်း" ပြောကြားသွားခဲ့သည်။
ထို့အတူ ဆရာတော်က "မိသားစု အတွင်း အတ္တတရားနှင့် အလိုရမက်ကို ထိန်းချုပ်ခြင်းနှင့် စစ်မှန်သောချစ်ခြင်း မေတ္တာကို ပျိုးထောင်ခြင်းဖြင့် ဖြူစင်ခြင်း ပါရမီကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ အတ္တတရားသည် စစ်မှန်သောအချစ်ကို ဖျောက်ဖျက်ပြီး တခြားသူများအား စော်ကားမှုကိုသာ ဖြစ်ပေါ်စေကြောင်း" ပြောကြားသွားခဲ့သည်။
ခရစ်ယာန်တို့၏ ၀ိညာဉ်ရေးဆိုင်ရာအသက်တာသည် ကြီးကျယ်သောအမှုများကို ပြုလုပ်ခြင်းမဟုတ်ဘဲ သာမန် လုပ်ရိုးလုပ်စဉ်များကို မြင့်မြတ်သော စိတ်ဓါတ်ဖြင့် ပြုလုပ်ခြင်းသာဖြစ်ကြောင်း ဆက်လက် မိန့်ကြားသွားခဲ့ပါသည်။

(Poverty, Chastity and Obdience can help family life, says bishops in Jakarta)
ဘာသာပြန်
အောင်မြင့်ဦး (ပြည်)

Read More...

Monday, January 25, 2010

သတ္တိဆောင်မှ အောင်မည်


သတ္တိဆောင်မှ အောင်မည်


လူတိုင်းမှာ ဆန္ဒတွေကိုယ်စီနှင့် ဖြစ်ချင်တာတေ၊ွ လိုချင်တာတွေအမျိုးမျိုး ရှိကြစမြဲပင်ဖြစ်သည်။ ထိုဖြစ်ချင်တာတွေ ဖြစ်လာဖို့၊ လိုချင်တဲ့အရာတွေ ပိုင်ဆိုင်နိုင်ဖို့ သတ္တိရှိဖို့လိုသည်။ သတ္တိမဆောင် သူရဲ ဘောကြောင်၍ မရပေ။ သတ္တိရှိမှ အောင်မြင်မည်။ တိုးတက်မည်။ သတ္တိရှိမှ ထွန်းပေါက်မည်။ သတ္တိဆောင်မှ ဘ၀ပြောင် မည်။ သတ္တိရှိမှ ဘ၀လှမည်ဖြစ်သည်။
ငါဘွဲ့ရတစ်ယောက် ဖြစ်ချင်တယ်၊ ဆရာဝန်ဖြစ်ချင်တယ်၊ ချမ်းသာချင်တယ်၊ ဂုဏ်ရှိချင်တယ်၊ တိုက်တာ၊ ရွှေ၊ ငွေလိုချင်တယ်။ ထိုဖြစ်ချင်တာတွေ၊ လိုချင်တာတွေဖြစ် လာရန် ထိုဆန္ဒတွေ၏ နောက်မှာ လက်တွေ့ပါရမည်။ ထိုအလုပ်သည်လည်း သတ္တိ ရှိသော လုပ်ဆောင်မှု ဖြစ်နေရမည်။ သတ္တိ မပါသော လုပ်ဆောင်မှုသည် ပီပြင်လှပ သောအောင်မြင်မှုကို မပေးနိုင်ပေ။ လုပ်ဆောင်မှုမပါသော သတ္တိသည်လည်း အချည်းနှီး သက်သက်သာ ဖြစ်သည်။ ထို့ကြောင့် ဆန္ဒများ၏ နောက်ကွယ်တွင် သတ္တိရှိသော လုပ်ဆောင်မှုတွေ ရှိနေမှသာ ဆန္ဒတွေ ပြည့်ဝလာမည် ဖြစ်သည်။
ထို့ကြောင့် သတ္တိဆိုသည်မှာ လူ့ ဘ၀၏ ဆန္ဒပြည့်ဝစေဖို့ အရေးပါသော အရာတစ်ခုဖြစ်သည်။ သတ္တိဟုဆိုရာ၌ သတ္တိသည် ရက်စက်ကြမ်းကြုတ်၊ သွေးသံ နီရဲ သတ်ဖြတ်ခြင်းမျိုးမဟုတ်။ အတ္တဟိတ ငါလောဘနှင့် နိုင်ထက်စီးနင်း အနိုင်ကျင့်ခြင်းမျိုးလည်း မဟုတ်။ မဟုတ်မမှန် နည်းလမ်းမကျ အများမလုပ်ရဲ ငါလုပ်ရဲသည် ဟူ၍လည်း မဟုတ်ပေ။ သတ္တိဆိုသည်မှာ ဖြောင့်မတ်မှန်ကန်ရာကို လုပ်ဆောင်ရဲခြင်း၊ မဟုတ်မမှန်၊ မကောင်းရာကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ ဘ၀မှာဖြစ်ချင်တဲ့ ဆန္ဒတွေ၊ လိုချင်တဲ့ဆန္ဒတွေ မပြည့်ဝရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ သတ္တိမရှိခြင်းကြောင့် ဖြစ်သည်။ မှန်ကန်သောအရာကို ပြုလုပ်ရန် ကြောက်ရွံ့ခြင်း၊ ပျက်ကွက်ခြင်း၊ မဟုတ်မမှန်သော အရာကို လုပ်ဆောင်နေခြင်း များကြောင့် ဖြစ်သည်။
ဖြစ်ချင်တာတွေ၊ လိုချင်တာတွေ ဒီဆန္ဒတွေပြည့်ဖို့ လုပ်ဆောင်မှုတွေပြုတဲ့ အခါအဆိုးနဲ့ အကောင်း အားပြိုင်မှုတွေ ရှိမည်။ ထို့ကြောင့် သတ္တိဆိုတာ ရှိနေဖို့ လိုသည်။ စာမေးပွဲ အောင်ချင်တဲ့ တျောင်းသားတစ်ယောက်သည် စာမေးပွဲအောင်ချင်တဲ့ ဆန္ဒရဲ့နောက်မှာ စာကြိုးစားခြင်း ဆိုတဲ့ လုပ်ဆောင်မှုရှိရမည်။ ထိုသို့လုပ်ဆောင်မှုတွေ ပြုတဲ့အခါ အားပြိုင်မှုတွေ ရှိလာမည်။ သူငယ်ချင်း အပေါင်းအသင်းများနှင့် ပျော်ပါးကစားလိုခြင်းတွေ ရှိလာမည်။ စာကျက်ရမည့် အချိန်တွင် ထိုသို့သော အားပြိုင်မှုတွေ ၀င်ရောက်လာမည်။ ထိုအခါ သစ္စာရှိဖို့လိုသည်။ သတ္တိရှိရှိ ဆုံးဖြတ်ရဲရမည်။ ဖြစ်ချင်တာက စာမေးပွဲအောင်ရန်၊ လုပ်ရမည်က စာကျက်ခြင်း၊ စာကြိုးစားခြင်းဆိုတဲ့ သတ္တိရှိသော ဆုံးဖြတ်ချက်သာဖြစ်ရမည်။ သူရဲဘောကြောင်၍ မရပေ။ သို့မှသာ ပီပြင်လှပသော အောင်မြင်မှုကို ရရှိမည်ဖြစ်သည်။
မိမိဘာဖြစ်ချင်သလဲ၊ ဆရာဝန်ဖြစ်ချင်သလား။ ချမ်းသာချင်သလား။ ရွှေ၊ ငွေတွေလိုချင်သလား။ ဂုဏ်ရှိချင်သလား။ လေးစားထိုက်တဲ့သူ ဖြစ်ချင်သလား။ ဘာတွေ ဖြစ်ချင်နေသလဲ၊ ဖြစ်ချင်တာတွေ ဖြစ်လာမည်။ လိုချင်တာတွေ ပိုင်ဆိုင်ရမည်။ ထိုဆန္ဒရဲ့ နောက်ကွယ်မှာ လုပ်ဆောင်မှုတွေရှိပါ။ ထိုလုပ်ဆောင်မှုတွေ ပြုတဲ့အခါ အဆိုးနဲ့အကောင်း အားပြိုင်မှုတွေရှိနေမည်။ ထိုအခါ သတ္တိလေးကို ထည့်ပေးလိုက်ပါ။ ဆန္ဒတွေ ပြည့်ဝလို့လာ ရမည်ဖြစ်သည်။

"သတ္တိဆိုသည်မှာ အဆိုးကိုရှောင် အကောင်းကိုပြုနိုင်ခြင်းဖြစ်သည်"။

စောဆန်းဒေး (ပုသိမ်)

Read More...

Wednesday, January 20, 2010

ဘာကြောင့် ကက်သလစ်အသင်းတော်က ကလေးငယ်လေးများကို ဆေးကြောခြင်း ပေးတာလဲ။

အမေး။ ။ ဘာကြောင့် ကက်သလစ်အသင်းတော်က ကလေးငယ်လေးများကို ဆေးကြောခြင်း ပေးတာလဲ။ သမ္မာကျမ်းစာထဲမှာ ကလေးငယ်လေးများကို ဆေးကြောခြင်းပေးကြောင်း လုံးဝမတွေ့ရပါ။ အရွယ်ရောက်ပြီး မိမိကိုယ်ပိုင် ရွေးချယ်နိုင်တဲ့ အခြေအနေသို့ ရောက်သည့်တိုင်အောင် စောင့်သင့်ပါတယ်။ မိမိ ကိုယ်တိုင် ကျူးလွန်တဲ့ အပြစ်မျိုး မရှိတဲ့ ကလေးငယ်လေးငယ်များအနေနဲ့ သေသွားခဲ့ရင် အပြစ်စီရင်ခြင်း ခံရစရာ အကြောင်းမရှိပါဘူး။

အဖြေ။ ။ အသင်းတော်ရဲ့ ရှေးဦးအစောပိုင်းကာလ ရာစုနှစ်များကို မှတ်တမ်းတင်ထားတဲ့ တမန်တော် ၀တ္ထုထဲမှာ တစ်အိမ်သားလုံး ဆေးကြောခြင်းခံယူကြကြောင်း (တမန်-၁၈း၈) ဖော်ပြချက်ကို ထောက်ရင် တမန်တော်များလက်ထက်ကပင်လျှင် ကလေးသူငယ်များကိုပါ ဆေးကြောခြင်း ပေးတယ်လို့ဆိုနိုင်ပါတယ်။ ရှေးဦးကာလ အသင်းတော်မှာ ဆေးကြောခြင်းခံယူသူတွေဟာ အရွယ်ရောက် ယုံကြည်သူများဖြစ်ပါတယ်။ ပထမဦးဆုံး ခရစ်ယာန်အများစုကတော့ ကြီးမှ၊ အရွယ်ရောက်ပြီးမှ ယုံကြည်ခြင်းရဘို့ အခွင့်အရေးနဲ့ ကြုံခဲ့ကြရလို့ မိမိတို့ အခွင့်ရေးရစဉ် အရွယ်ရောက်ကာလမှာပဲ ဆေးကြောခြင်းကို ခံကြရတယ်ဆိုတာ ကိုတော့ မမေ့အပ်ပါ။ တစ်ချို့မိသားစုဝင် ကလေးငယ်များဟာ မိမိတို့ ငယ်ရွယ်စဉ်မှာပင် အခွင့်အရေးနဲ့ ကြုံကြိုက်ကြရလို့ ငယ်ရွယ်စဉ်မှာပင် မိဘအုပ်ထိန်းသူများရဲ့ ယုံကြည်ခြင်း၌ ဆေးကြောခြင်း မင်္ဂလာ ခံစားခွင့် ရရှိခဲ့ကြတာကိုလည်း ဥပက္ခာမပြုအပ်ပါ။ ကလေးငယ်များကို ဆေးကြောခြင်းပေးခြင်းသည် မျက်မှောက် အမိအသင်းတော်ကြီးရဲ့ ကာနွန်ဥပဒေလိုတော့ ဓမ္မသစ်ကျမ်းထဲမှာ "တစ်အိမ်သားလုံး၊ တစ်မိသားစုလုံး" ဆိုတဲ့ စကားအသုံးအနှုန်း ကလွဲရင် အခြား ရှင်းရှင်းလင်းလင်း ဖေါ်ပြ ထားတဲ့ ကျမ်းပိုဒ်မတွေ့ရပါ။
(တမန်တော်ဝတ္ထု ၁၆း၃၀-၃၄) ကို ဖတ်ကြည့်လိုက်တဲ့အခါမှာ တမန်တော် ရှင်ပေါလူးနဲ့သိလ (Silas)တို့ ထောင်ထဲမှာ ဆုတောင်းစဉ် မြေငလျင်လှုပ်ပြီး နောက်ပိုင်း သူတို့ရဲ့ တရားဟောပြောချက်နဲ့ ထောင်မှူးနဲ့တကွ တအိမ်သားလုံး ဆေးကြောခြင်း ခံယူကြကြောင်းတွေ့ရှိနိုင်ပါတယ်။ (တမန်တော်ဝတ္ထု ၁၁း၁၄၊ ၁၆း၁၄-၁၅နဲ့ ကောရိန္တုသြ၀ါဒစာပတမစောင် ၁း၁၆) များထဲမှာလည်း စတီးဗင်းမိသားစု တစ်အိမ်သားလုံးဆေးကြောခြင်း စက္ကူမင်ရတူ မင်္ဂလာခံယူကြကြောင်း ဖတ်ရှုနိုင်ပါတယ်။ တစ်အိမ်သားလုံးဆိုတဲ့ ဂရိမူရင်း စကားလုံးကို လေ့လာကြည့်မယ်ဆိုရင် "တစ်အိမ်သားလုံး လာခဲ့ကြပါ"လို့ ဆိုရင် အိမ်မှအတူတကွ နေထိုင်သက်ရှင်သူ ဟူသမျှ ဖြစ်တဲ့ မိသားစုဝင်လူကြီးမှအစ ကလေးငယ်တိုင်အောင် အတူနေ ဆွေမျိုးများ အတူနေ အစေခံကျွန်များ ပါဝင်နေတဲ့ အဓိပ္ပါယ် စကားလုံးကို သုံးထားပါတယ်။ မြန်မာစကားလုံး တစ်အိမ်သားလုံးဆိုရင် အတူနေ တစ်မျိုးလုံး တစ်ဆွေလုံး အဓိပ္ပါယ် မပေါက်ပါဘူး။ အတူနေ တမျိုးလုံးတစ် ဆွေလုံးဖိတ်ချင်ရင် တစ်ဦးမကျန်ခေါ်ခဲ့လို့ ပြောရပါတယ်။ မူရင်းစကားလုံးလောက်တော့ ဘာသာမြန်မာစာပေများမှာ အနှစ် မပြည့်တော့တာ တွေ့နိုင်ပါတယ်။ ကလေးသူငယ်များကို ဆေးကြောခြင်းပေးခြင်းဟာ ဓမ္မဟောင်း ကာလတုန်းက ကလေးသူငယ်များကို အဖျားလှီးခြင်း မင်္ဂလာပေးခဲ့ရတဲ့ ဓမ္မဟောင်း ပဋိညာဉ်ဟာ ဓမ္မဟောင်းကာလ၌ ပြည့်စုံခြင်းသို့ ရောက်ကြောင်း (ကော လောသဲသြ၀ါဒစာ ၂း၁၁-၁၂)မှာ တွေ့ရှိ နိုင်ပါတယ်။ "ခရစ်တော်၏ အရေဖျားလှီး ခြင်းအားဖြင့် ဇာတိပကတိ ကိုယ်ကိုပယ် ရှင်း၍ လက်ဖြင့်မလုပ်သော အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည်ခံကြ၏။ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသခင်၏ ပြုပြင်အား ထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့်၊ ဆေးကြောခြင်းကိုခံ၍ ထိုသခင်နှင့် အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏"။ ဘုရားရှင်ရဲ့ ပဋိညာဉ်ဟာ တစ်ဦးချင်းဆီသို့ သာမက မိသားစုတိုင်း အသီးသီးဆီသို့ ရောက်ပါတယ်။ ယောရှု (Joshua)တို့ မိဘများဟာ မိမိတို့ သားသမီးများကိုယ်စား ဘုရားရှေ့မှာ ၀ိညာဉ်ရေး ဆက်ကပ်မှု ပြုလုပ်နိုင်ခွင့် ရှိပါတယ်။ (ယောရှုမှတ်စာ ၂၄း၁၅) [For me and my house we will serve the Lord] ငါနှင့် ငါ့အိမ်သား တို့သည် ထာဝရဘုရားကိုသာ ၀တ်ပြုမည်"တဲ့။ ဒါကို သမ္မာကျမ်းတတ် သုခမိန်များက "တစ်စည်းတစ်လုံး တည်ရှိသော မိသားစု" လို့ခေါ်ပါတယ်။ Family Solidarity တစ်လုံး တစ်ဝတည်းရှိတဲ့ မိသားစုဖြစ်ခြင်းကို ဓမ္မသစ်ကျမ်း တစ်ခုလုံးမှာ ထင်ရှားစွာ တွေ့နိုင်ပါတယ်။
တမန်တော် ရှင်ပေတရူးက ပင့်တေကော့စ် သန့်ရှင်းသောဝိညာဉ်တော် ဘုရားဆင်းသက်တော်မူတဲ့နေ့မှာပဲ လူစု လူအုပ်ကြီးကိုမိန့်ကြား တရားပေးတော်မူခဲ့တဲ့ အချက်ကတော့ (တမန်တော်ဝတ္ထု ၂း၃၈-၃၉) "ပေတရူးကလည်း သင်တို့၏ အပြစ်ကို လွှတ်စေခြင်းငှါ နောင်တရ၍ တစ်ယောက်မျှမကြွင်း ယေဇူးခရစ်တော် ၏နာမတော်၌ ဆေးကြောခြင်းကိုခံကြလော့။ ထိုသို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။ အကြောင်းမူကား ကတိတော်သည် သင်တို့နှင့်၎င်း၊ သင်တို့၏ သား သမီးတို့နှင့်၎င်း၊ ဝေးသော သူတို့တွင် ငါတို့၏ ဘုရားသခင် ထာဝရဘုရားခေါ်တော်မူ သမျှသော သူတို့နှင့် ဆိုင်သည်ဟု ဟောတော်မူ၏"။ ခရစ်သက္ကရာဇ် (အေဒီ ၁၈၅-၂၅၄) နှစ်များမှာ သီတင်းသုံးတော်မူခဲ့တဲ့ Origen လို့ခေါ်တဲ့ အသင်းတော်ရဲ့ ဓမ္မပညာရှင် သုခမိန်ကြီးက အေဒီ ၂၃၀ ခုနှစ်တွင်ရေးသားခဲ့သော စာစောင်၌ "ကလေး သူငယ်များအား ဆေးကြောခြင်း ပေးခြင်း အစဉ်အလာသည် တမန်တော်ကြီးများလက်ထက်မှ လက်ခံရရှိခဲ့သည်"တဲ့။ ခရစ်သက္ကရာဇ် (အေဒီ ၃၅၄-၄၃၀) နှစ်များအတွင်း သီတင်းသုံးတော်မူခဲ့တဲ့ ရဟန္တာသူတော်မြတ် ရှင်သြဂုတ်စတင်း ကလည်း ကလေးများအား ဆေးကြောခြင်း ပေးခြင်း အစဉ်အလာဟာ တမန်တော်ကြီးများ လက်ထက်တော်များမှ ဆက်ခံရရှိခဲ့ပါကြောင်း ဖေါ်ပြထားတာ တွေ့ရပါတယ်။
ခရစ်သက္ကရာဇ် (အေဒီ ၁၃၅ - ၂၀၂) ခုနှစ်များ အတွင်း သီတင်းသုံးတော်မူခဲ့တဲ့ ရဟန္တာသူတော်မြတ် ရှင် Irenaeus ဒုတိယ ရာစုနှစ်များ အတွင်း ကလေးသူငယ်များအား ဆေးကြောခြင်းပေးခြင်းသည် အသစ်အဆန်း သဘောမျိုး လုံးဝမရှိခဲ့ပါ" တဲ့။ တတိယရာစုရဲ့ ရှေးကျသော ၀တ်ပြုကိုးကွယ်ခြင်း ၀ိနည်းစာအုပ်များထဲတွင် ပါဝင်နေတဲ့ တမန်တော်ကြီးများရဲ့ ရှေးထုံးသွန်သင်ချက်များ အထဲမှာ ဖေါ်ပြချက်ကတော့ "ဦးစွာပထမ မွေးကင်းစ ကလေးငယ်လေးများအား ဆေးကြောခြင်းပေးပါ။ မိမိ အတွက် ပြောတတ် ဆိုတတ်သော သူက တာဝန်ယူလုပ်ဆောင်ပေးရပါမည်။ မိဘများ (သို့မဟုတ်) မိသားစုမှ တစ်ဦးဦးက တာဝန်ယူစီစဉ်ပေးရပါမယ်" လို့ ပါရှိပါတယ်။
ခရစ်သက္ကရာဇ်(၂၁၅)ခုနှစ်တွင် ရောမမြို့၌ ရေးသားခဲ့တဲ့ အသင်းတော်ရဲ့ သွန်သင်ချက် လက်စွဲစာအုပ်ထဲမှာ ကလေးငယ်များသည် စကားပြောဖို့ သိပ်ငယ်လွန်သေးသဖြင့် ကလေးငယ်များကို ဆေးကြောခြင်း ပေးရန် ဖေါ်ပြထားပါတယ်။ ဆက်လက် ဖေါ်ပြချက် ကျမ်းပိုဒ်ကတော့ (ရှင်မာကု ခရစ်ဝင် ၁၀း၁၄) "ယေဇူးသည် မြင်တော်မူလျှင် အမျက်တော်ထွက်၍ ထိုသူငယ်တို့ ငါ့ထံလာပါစေ။ မဆီးတားကြနှင့် ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏" ဆိုတာဖြစ်တယ်။ ရဟန္တာ အရှင်သူတော်မြတ် St. Cyprian က အာဖရိကတိုက် ဆရာတော်ကြီးများ အစည်းအဝေးပွဲဖြစ်တဲ့ သံဃာယနာတင် အစည်းအဝေးပွဲမှာ လျှောက်တင်ချက်ကတော့ "ဘုရားသခင်၏ သနားခြင်း ကျေးဇူးတော်ကို မွေးဖွားခြင်းခံသူတိုင်း မငြင်းဆန်သင့်ပါ။ လူတိုင်း ကိုယ်ခန္ဓာကြီးသည် ငယ်သည်မရှိ။ အသက်အရွယ် ကြီးသည်ငယ် သည်မရှိ။ မွေးဖွားပြီး နှစ်ရက်၊ သုံးရက် မြောက်သောနေ့၌ပင် ဆေးကြောခြင်းပေးရန် တရားဝင်ကြောင်း ဘုရားသခင်ရှေ့၌ လူသားအားလုံး ညီတူညီမျှ ဖြစ်ကြောင်း" တင်ပြခဲ့ပါတယ်။
လေးရာစုမှာ ကလေးတွေ ဆေးကြေားခြင်းပေးတာ လျော့လာတော့ အသင်းတော်ရဲ့ ပညာရှိသုခမိန် အသင်းတော်ရဲ့ ဖခင်ကြီးများဖြစ်တဲ့ ရဟန္တာသူတော် မြတ်ရှင်ဘာဆေးလ်၊ ရှင်ဂရေဂေါ်ရီ၊ ရှင် အန့်ဘရိုစ်၊ ရှင်ခရစ်စောစတွန်း၊ ရှင်ဂျေ ရုမ်း၊ ရှင်သြဂုတ်စတင်းတို့က ဆန့်ကျင်ခဲ့ကြပြီး မွေးကင်းစ ကလေးငယ်များကို ဆေးကြောခြင်းပေးရန် တောင်းဆိုခဲ့ကြပါတယ်။ ဆေးကြောခြင်းဟာ ကယ်တင်ခြင်းအတွက် မရှိမဖြစ် လိုအပ်ကြောင်း ဖေါ်ပြခဲ့ကြပါတယ်။

ခရစ်သက္ကရာဇ် ၄၁၇ ခုနှစ်တွင် ကာသေ့ခ်ျမြို့ သံဃာယနာတင် အစည်းဝေးပွဲတွင် မွေးကင်းစ ကလေးသူငယ်များကို ဆေးကြောခြင်း ပေးခဲ့ပါတယ်။ အပြစ်ရင်းနှင့် ပတ်သက်၍ အသင်းတော်၏ ယုံကြည်ခြင်းကို အခြေခံလျှက် ကလေးငယ်များသည် သူတို့ ကိုယ်တိုင် အပြစ် မလုပ်နိုင်သော်လည်း မွေးဖွားခြင်းအားဖြင့် ရရှိလာတဲ့ အပြစ်ရင်းမှ သန့်စင်ရန်၊ ဒုတိယ မွေးဖွားခြင်းကို ရည်ရွယ်လျှက် အပြစ်အားလုံး အခွင့်ချမ်းသာရရှိရန် အတွက် ဆေးကြောခြင်းကို အမှန်အကန် ပေးရမည်လို့ သွန်သင်ထားသည်။
ရဟန္တာ ရှင်သြဂုတ်စတင်း သူတော်မြတ်က "ကလေးငယ်များအား ဆေးကြောခြင်းပေးရာတွင် အမိအသင်းတော်က ဘုရားသားသမီးအဖြစ် တဖန် ပြန်လည် မွေးဖွားပေးလိုက်ခြင်း ဖြစ်တယ်"လို့ ဆိုထားပါတယ်။
(ရှင်ယောဟန်ခရစ်ဝင် ၃း၅-၆) "ရေနှင့် ၀ိညာဉ်တော်အားဖြင့် မွေးဖွားခြင်း မခံသောသူ မည်သည်ကား တောင်းကင်နိုင်ငံတော်သို့ မ၀င်ရ။ ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ၀ိညာဉ်တော် မွေးသောအရာသည် ၀ိညာဉ် ဖြစ်၏" ယုံကြည်၍ ဆေးကြောခြင်းကို ခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတ္တံ့။ မယုံကြည်သော သူမူကား အပြစ်စီရင်ခြင်းကို ခံရလတ္တံ့။
အရွယ်ရောက်တဲ့သူဟာ မိမိ ကိုယ်တိုင် ယုံကြည်ကြောင်း ၀န်ခံဖို့ လိုအပ်ပါတယ်။ မိမိ ကိုယ်တိုင်ပြုမိခဲ့တဲ့ အပြစ်များအတွက် မိမိကိုယ် တိုင်နောင်တ သံဝေဂရဖို့ လိုအပ်ပါတယ်။ ကလေးသူငယ်များ ဖြစ်လျှင် အုပ်ထိန်းသူအားဖြင့် မိမိ ကိုယ်တိုင် ယုံကြည်ခြင်းသို့ ရောက်ကြရသည်လည်း အများကြီးရှိပါတယ်။ လင်ကြောင့် မယား ကောင်းကင်ရောက်သလို၊ မယားကြောင့် လင် ကောင်းကင်ရောက်ကြရပါတယ်။ မိဘများကြောင့် သားသမီးများ ကောင်းကင် ရောက်ကြရသလို သား သမီးများကြောင့် မိဘများ ကောင်းကင် ရောက်ကြရတာတွေလည်း အများကြီးပါပဲ "လက် ခြေသေ၍ အိပ်ယာပေါ်မှာ တုံးလုံး နေသော သူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ ယေဇူးသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင် လက်ခြေသေသော သူအား ငါ့သား မစိုးရိမ်နှင့် သင်၏ အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။} လူနာကို သယ်လာတဲ့ သူတွေရဲ့ ယုံကြည်ခြင်းကြောင့် လူနာဟာ ချမ်းသာရကြောင်း တွေ့ရပါတယ်။ (ရှင်မာကု- ၂း၁-၁၂)
(ရှင်လုကာခရစ်ဝင် ၅း၁၇-၂၆) ထဲမှာ ကာဖာနာအုံမြို့ အိမ်တစ်အိမ်မှာ ရှိတော်မူစဉ် လူသူများလွန်းလို့ လူနာ သယ်လာတဲ့ လူလေးယောက်ဟာ ခေါင်မိုး ဖေါက်ပြီး ကိုယ်တော်ရဲ့ရှေ့ လူနာကို ကြိုးနဲ့ လျှောချတော့ (လုကား ၅း၂၀) "သယ်လာပေးတဲ့ လူလေးယောက်ရဲ့ ယုံကြည်ခြင်းကြောင့် လူနာဟာ ချမ်းသာရတယ်ဆိုတာ ဖတ်ရှုနိုင်ပါတယ်။ (ရှင်မသဲခရစ်ဝင် ၈း၁၈၊ ၂၅-၂၆) (ရှင်မာကုခရစ်ဝင် ၅း၃၅-၄၃) ကျမ်များကို ဖတ်ရှုလိုက်မယ်ဆိုရင် တရား စရပ်မှူး ဂျာအိရုရဲ့ ယုံကြည်ခြင်းကြောင့် သေဆုံးသွားတဲ့ သမီးငယ်ကို ပြန်လည် အသက်ရှင်သန်ခွင့် ကိုယ်တော်ရှင် ပေးတော်မူခဲ့ပါတယ်။

အသင်းတော်ရဲ့ ကာနွန်ဥပဒေများဖြင့် ဖေါ်ပြရသော် (ကာနွန်ဥပဒေ နံပါတ်၈၆၅အပိုဒ်၁)ထဲမှာ "မိဘများသည် ကလေးသူငယ်များ မွေးဖွားပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ဆေးကြောခြင်း မင်္ဂလာပေးရန် အတွက် ကြိုးစားကြရမည်"။ (ကာနွန်နံပါတ် ၈၆၈အပိုဒ်၂) ထဲမှာ "ကလေးငယ်အတွက် အသက်အန္တရယ်ရှိ လျှင်ရှိ အစောဆုံး ဆေးကြောခြင်း ပေးရမည်"။ (ကာနွန် ဥပဒေနံပါတ် ၈၆၈ အပိုဒ်၁) ထဲမှာ "ကလေးငယ်အား ဆေးကြောခြင်းပေးရန် မိဘ သို့မဟုတ် အုပ်ထိန်းသူ အနည်းဆုံး တစ်ဦး၏ ခွင့်ပြုချက် လိုအပ်သည်။ ထို့အပြင် ကလေးငယ်အား ကြီးပြင်း လာသောအခါ ဘာသာတရားကို လေ့ကျင့် သင်ကြားပေးမည်ဟု အာမခံချက်ရှိရမည်။ ယင်း အာမခံချက်ကိုလည်း သက်ဆိုင်ရာ မိဘများအား ရှင်းလင်းပြောကြားရမည်။ (ကာနွန်ဥပဒေ ၈၆၈အပိုဒ်၂) ထဲမှာ "မိဘများ ကက်သလစ် ဘာသာဝင်ဖြစ်စေ၊ အခြားမည်သည့် ဘာသာကို ကိုးကွယ်သည် ဖြစ်စေ၊ ကလေးအတွက် အသက်ဘေး စိုးရိမ်စရာရှိလျှင် သက်ဆိုင်ရာ မိဘတို့ ခွင့်ပြု ချက်မရှိဘဲ ဆေးကြောခြင်းကို အရေးပေါ်ပေးနိုင်သည်"။
မိသားစုသည် အိမ်တွင်း အသင်းတော်ဖြစ်ပါတယ်။ ကလေးငယ်များကို ဆေးကြောခြင်း မပေးဘူးဆိုရင် မိမိတို့ မိသားစု အိမ်တွင်း အသင်းတော်ထဲ စာရင်း မသွင်းတဲ့ အသွင်သို့ ရောက်သွားပါတော့တယ်။ အိမ်တွင်းအသင်းတော်ဟာ ဘုရားသခင်ရွေးချယ်ထားတဲ့ မိသားစုဝင်တိုင်း ယုံကြည်ခြင်း အစပျိုးရာ အဖွဲ့အစည်းဖြစ်သလို ကယ်တင်ခြင်း စတင် ရရှိရာနေရာဌါန ဖြစ်ပါတယ်။ ဘုရားသခင်ဟာ စတင် ခေါ်ဆောင်သူ ကယ်တင်ခြင်းပေးရန် အရင် ကမ်းလှမ်းသော ပုဂ္ဂိုလ်ဖြစ်ပါတယ်။ မိမိက ဘယ်လို ဘုရားအတွက် ကြိုးစားတယ်ဆိုတဲ့ အချက်က အရေးမကြီး၊ ဘုရားရှင်ဖက်က အားလုံးအတွက် လုပ်ဆောင်ချက်ဟာ အရေးကြီးပါတယ်။
(ရှင်ယောဟန်သြ၀ါဒ ပထမစာ စောင် ၄း၁၀) "ငါတို့သည် ဘုရားသခင်ကို ချစ်ကြသည်ဟု မဆို ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏ အပြစ်ပြေစေခြင်းငှာ သားတော်ကို စေလွှတ်တော်မူသော အရာ၌ ချစ်ခြင်း မေတ္တာရှိတော်မူ၏"။ (ရှင်ယောဟန်သြ၀ါဒ ပထမစောင် ၄း၁၉) ဘုရားသခင်သည် ငါတို့ကို ဦးစွာ ချစ်တော်မူသောကြောင့် ငါတို့သည် ဘုရားသခင်ကို ချစ်ကြ၏။ (တိတုသြ၀ါဒစာ ၃း ၅-၇) "ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းကြောင့် မဟုတ်ဘဲ မိမိ၏ သနားခြင်း ကရုဏာတော်နှင့်အညီ ဒုတိယမွေးဖွားခြင်းနှင့် ဆိုင်သော ဆေးကြောခြင်းအားဖြင့် လည်းကောင်း၊ သန့်ရှင်းသော ၀ိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်လည်းကောင်း၊ ငါတို့ကို ကယ်တင်တော်မူ၏။ ငါတို့ကယ်တင်တော် မူသောအရှင် ယေဇူးခရစ်တော်အားဖြင့် ငါတို့အပေါ်သို့ ၀ိညာဉ်တော်ကို ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။ အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၍ ထာဝရအသက်ကို မျှော်လင့်သည်နှင့်အညီ အမွေခံဖြစ်ကြမည့် အကြောင်းတည်း"။ ဒါကြောင့် ဘုရားကပေးချင်နေတဲ့ ကျေးဇူးတော်တွေကို တစ်ဖက်လူ သို့မဟုတ် ကလေး သူငယ်များဆီ မရောက်ရလေအောင် ဟန့်တားနေသူ မဖြစ်မိဖို့ အရေးကြီးပါတယ်။ သတိပြုဖို့ လိုအပ်ပါတယ်။
တမန်တော်များ လက်ထက်မှ သည်ယနေ့ထိတိုင် မွေးကင်းစ ကလေးငယ်များကို အမိ ကက်သလစ်အသင်းတော်ကြီးက ဆေးကြောခြင်း ပေးနေသလို အရှေ့ပိုင်း သြသိုဒေါက်အသင်းနဲ့ ပရိုတက်စတန် အသင်းကြီးများဖြစ်ကြတဲ့ အင်္ဂလီကန်၊ မက်သဒစ်၊ လူသာရီယာန်စတဲ့ အသင်း ဂိုဏ်းကွဲကြီးများကလည်း မွေးကင်းစ ကလေးငယ်များကို ဆေးကြောခြင်းပေး နေဆဲပါ။ ရှေးအကျဆုံး သင်္ချိုင်းဂူများကို လိုက်လေ့လာလိုက်တဲ့ အချိန်မှာ ကလေးငယ်လေးများရဲ့ မွေးနေ့၊ ဆေးကြောခြင်းခံသောနေ့ ကွယ်လွန်သောနေ့တွေကို တွေ့နိုင်ခြင်း အားဖြင့် တမန်တော်များ လက်ထက်မှသည် အမိအသင်းတော်ဟာ ယနေ့ထိ ဆက်လက်ပြီး ကလေးငယ်များကို ဆေးကြောခြင်းပေးခြင်းကို ကျင့်သုံးနေခြင်းသည် မှန်ကန်သောအချက် ဖြစ်ကြောင်း ဖေါ်ပြနေပါတယ်။
အမိအသင်းတော်ကြီးက ဆေးကြောခြင်းမခံရဘဲ သေဆုံးသွားတဲ့ ကလေးငယ်များ ငရဲသွားကြတယ်လို့ တစ်ခါမှ မသွန်သင်ပါ။ တမန်တော်ကြီးများ လက်ထက်မှာ မသွန်သင်ခဲ့တဲ့ အရာတွေကို အခု အသစ်ထည့်ပြီး မသွန်သင်ပါ။ အချို့သော ဆင်ခြင် သုံးသပ်ချက်ကတော့ မိဘများရဲ့ ဆေးကြောခြင်းပေးလိုတဲ့ ဆန္ဒဖြစ်မှုက စိတ်အလိုဆန္ဒအားဖြင့် ခံယူသော ဆေးကြောခြင်းမျိုးကို မိမိတို့ကလေးအား ပေးပြီး သားဖြစ်သွားနိုင်ပြီး အပြစ်ရင်းကို ဆေးကြောပေးနိုင်ခြင်း၊ အမိအသင်းတော်ကြီး တည်ရှိနေခြင်းကိုက အခြားကလေးများ နည်းတူ အခွင့်အရေး မရရှိတော့ လွတ်မြောက်နိုင်စေတဲ့ အကြောင်းတရား ဖြစ်တယ်လို့ ဆင်ခြင်မှုမျိုးများသာ ရှိခဲ့ပါတယ်။
သေခါနီး ကလေးသူငယ်များကို ဆေးကြောခြင်းပေးဖို့ အခွင့်အရေးရှိလျက် သားနဲ့ မပေးပဲ ငြင်းဆန်နေခဲ့သူမှာ တာဝန် မကင်းတဲ့အတွက် နောက်ဆုံးသောနေ့မှာ ထုခြေလွှာတင်ဖို့ မလွယ်ပါ။ ဒါကြောင့် ကလေးသူငယ်များကို ဆေးကြောခြင်းပေးခြင်းဟာ မရှိမဖြစ် လိုအပ်တဲ့အချက် ဖြစ်နေပါကြောင်း ဖြေကြားလိုက်ရပါတယ်။


ဘုန်းတော်ကြီး ဒေါမနစ်ဂြိုလ်တု

Read More...

Thursday, January 14, 2010

စက်ရုပ်နှင့်လူ


"စက်ရုပ်နှင့်လူ"

စက်ရုံတွေမှာ အလုပ်လုပ်ကြတဲ့ လူတွေကို တွေ့ဖူး ကြားဖူးကြပါလိမ့်မည်။ သို့သော်လဲ လုပ်ငန်းခွင်သို့ မိတ်ဆွေရောက် ဖူးချင်မှ ရောက်ဖူးပါလိမ့်မည်။ သူတို့တတွေ လုပ်တဲ့လုပ်ငန်းခွင်ဟာ သိပ်ကိုရိုးစင်းပါတယ်။ စက်ပစ္စည်းတစ်ခုဟာ ရွေ့လျားနေတဲ့ လမ်းကြောင်းပေါ်မှာ သွားပြီးတော့ လူတစ်ယောက်က တစ်နေရာကနေ ၀က်အူ နှစ်လုံးတပ်တဲ့သူက တပ်လိုက်၊ ဂဟေတစ် ချက်ဆော်တဲ့သူက ဆော်လိုက်နဲ့စက်ရုံရဲ့ တစ်ဖက်အစွန်ကိုရောက်တော့ စက်တစ်လုံးဖြစ်လာပါတယ်။ ဒီနေရာမှာကျွန်တော် အနေနဲ့ စက်တွေကို ပြောချင်တာ မဟုတ်ပါဘူး။ လူတွေကို ပြောချင်တာပါ။ ဒီလူတွေဟာ မနက်မိုးလင်းကနေ ညနေနေ၀င်တဲ့ အထိ ဒီအလုပ်ကိုပဲ လုပ်နေကြပါတယ်။ ၀က်အူတပ်သူကလဲ ၀က်အူတပ်၊ အဖုံးတပ်တဲ့သူကလဲ အဖုံးတပ်တဲ့ အလုပ်ပေါ့။ ဒီလူတွေဟာ အပေါ်ယံကြည့်ရင်တော့ ဘာမျှ မထူးခြားသလိုလိုနဲ့ အတွင်းကျကျ လေ့လာ့ရင်တော့ စက်ရုပ်တပိုင်း ဖြစ်နေပြီဆိုတဲ့ အချက်ပါပဲ။ စက်ရုပ်တစ်ရုပ်လို့ နေ့စဉ်နေ့တိုင်း ၀က်အူကျပ်တဲ့ အလုပ်က လွဲလို့ဘာမျှ စိတ်ထဲမှာ မရှိပါဘူး။ စိတ်ခံစားချက် ဆိုတာလဲ မရှိပါဘူး။ လူဆိုတဲ့ သဘာဝခံစားချက် အလှအပကိုမြတ်နိုးတဲ့ စိတ်တွေကို ကိုမတွေ့ရပါဘူး။
ဒီနေ့လူ့ကမ္ဘာဟာ စက်ရုံကလို လူသားတွေများ လာပါတယ်။ လူတိုင်းဟာ အချိန် စာရင်းအတိုင်း လောကရဲ့အရာတွေကို လုပ်ဆောင်နေကြပါတယ်။ မိမိရဲ့ ခံစားချက်၊ ထင်မြင်ချက်ဆိုတာကို အချို့ လူတွေ မစဉ်းစားကြတော့ပါဘူး။ ဘုရားသခင် ပေးသနားတဲ့လွတ်လပ်မှု Freedom ဆုံးရှုံးရတာ လောက လူ့ဘောင်ကိုပုံသေနည်းတစ်ခုနဲ့ တွက်ပြီး မိမိကိုယ်ကို ပုံစံခွက်ထဲမှာ ထည့်ကြလို့ဖြစ်ပါတယ်။ ဒီလိုနဲ့ မိမိဟာ ခံစားတတ်တဲ့ လူ့အဖြစ်ကနေပြီး ခံစားချက်မဲ့သော စက်ရုပ်ဘ၀ကို ရောက်သွားတတ်ပါတယ်။ ဒီအချက်တွေဟာ ခံစားချက်ကို အဓိကထားရတဲ့ ဘာသာတရားကိုးကွယ်မှုမှာတောင် ရှိလာပါတယ်။ ဘာသာရေးခံစားချက်တွေ ဖြစ်တဲ့ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်လေးမြတ်နိုးခြင်း ဆိုတဲ့အချက်တွေကို ပုံသေနည်းနဲ့အဖြေ ရှာနေကြပါတယ်။ တကယ်တော့ ဒီလို ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်လေးမြတ်ခြင်းဆိုတဲ့ ခံစားချက်တွေဟာ အပြင်ပိုင်း ဘာကိုမျှကြည့်လို့ မဖြစ်ပါဘူး၊ ရင်ထဲက ခံစားချက်တွေသာ ဖြစ်ပါတယ်။ ဒါကို အချို့က ဘာသာတရားကို ပုံသေနည်းဆွဲပြီး အပြင်ပန်းကို ဦးစားပေးတဲ့ ကဏ္ဍကိုတွင်ကျယ်စွာ သုံးကြပါတယ်။ အချို့ဝတ်ပြုမှု ထုံးတမ်းတွေကို တာဝန်ကျေသာ လုပ်ဆောင်ကြပါတယ်။ မိမိကို အထင်သေးမှာ ကြောက်ခြင်း၊ အထင်ကြီးစေလိုခြင်းဆိုတဲ့ အချက်တွေမှာ အဓိကထား လှုပ်ရှားကြပါတယ်။ နေ့စဉ် ပြုလုပ်နေကြ သမာရိုးကျ ထမင်းစားရေသောက် အလုပ်ကိစ္စတစ်ခုလို သဘောထားကြပါတယ်။ ဒါကြောင့်လဲ အချို့ ယုံကြည်သူတို့ရဲ့ ယုံကြည်ခြင်းတွေဟာ မလေးနက်ဘဲနဲ့ တဖြည်းဖြည်းပေါ့ လျော့သွားတတ်ပါတယ်။ ဘာသာကွဲ အသိုင်းအ၀ိုင်းနဲ့ ထိတွေ့တဲ့အခါဖြစ်စေ၊ အိမ်ထောင်စု စီးပွါးရေး ပြဿနာများကြောင့်ဖြစ်စေ မခိုင်မြဲတဲ့ ယုံကြည်မှုများဟာ ပြိုလဲကြရပါတယ်။
ခံစားချက်မပါသော လုပ်ဆောင်ချက်များဟာ တနည်းဆိုရရင်တော့ ကြက်ဥ အနှစ်ကို လွင့်ပြစ်ပြီး အခွံကိုကြော်စားတာနဲ့ အတူတူပါပဲ။ အပေါ်ယံ ဦးစားပေးတဲ့ ကိစ္စများသာ ဖြစ်ပါတယ်။ ဒီလို ခံစားချက်တွေ ပျောက်ပြီး ထင်ရာ လျှောက်လုပ်လို့လဲ လူတွေဟာ ခံစားတတ်တဲ့ လူအဆင့်ကနေ စက်ရုပ်တစ်ရုပ်ရဲ့ အဆင့်အတန်းကို ကျဆင်းသွားတာဖြစ်ပါတယ်။ ကိုယ်တော်ရှင်က စက်ရုပ်ဆန်ဆန် ကိုးကွယ်မှုကို မလိုလားပါဘူး။ မိမိရဲ့မေတ္တာနဲ့ တကယ်ဆည်းကပ် ကိုးကွယ်မှုကိုသာ လိုချင်တာပါ။ မိတ်ဆွေရော ဘယ်လိုအသိုင်းအ၀ိုင်းထဲမှာပါ ပါသလဲ။ မိတ်ဆွေ စက်ရုပ်တစ်ရုပ်ပဲလား၊ ဒါမှမဟုတ် လူသားတို့ရဲ့ ခံစားချက်တွေကို ခံစားတတ်တဲ့ လူသားတစ်ဦးလားဆိုတာ စဉ်းစားဖို့ လိုပါတယ်။ လောကမှာ ဘုရားရှင်ဖန်ဆင်းထားတဲ့ လူ့ခံစားချက်ကို အကျိုးရှိရှိအသုံးချပါ။ လူပီသအောင် နေထိုင်နိုင်ရပါမည်။ ခံစားတတ်ရမည်။ သနားတတ်ရမည်။ ၀မ်းသာတတ်ရပါမည်။ ၀မ်းနည်းတတ်ရပါမည်။ လူမည်သည်ကား မပူမအေး မဖြစ်ရ၊ တိကျရမည်၊ ပြတ်သားရမည်၊ ခံစားမှုကိုဖေါ်ကျူးနိုင်ရမည်။ ကျွန်တော့်အနေနှင့် မိတ်ဆွေကို လူပီသသော လူသားတစ်ယောက် ဖြစ်ပါစေလို့ တောင်းဆုဆန္ဒပြုလိုက်ပါတယ်။

ဝေလီ

Read More...

Tuesday, January 12, 2010

"ရွက်လွင့်ခြင်း"


"ရွက်လွင့်ခြင်း"


မင်းနဲ့ငါတို့
အနာဂတ်အဖို့
ရွက်လွင့်ကြစို့လေ။


မျိုးဆက်သစ်ခရီးသည်တွေ
ကြယ်အကေကိုကောက်
ခြေရာမပျောက်ရဘူး။


တို့တွေ အတူတွဲ
မခွဲဘဲ သွားမယ်

မပျက်စီးမဲ့တရား
ထာဝရတည်မဲ့ဘုရား
ဦးထိပ်ထားရင်း
အမှောင်ကိုခွင်း
ဖောင်တွေပြင်ရင်း
မျှော်လင့်ခြင်း ကမ်းစပ်သို့
မနားတမ်းလှော်ခတ်ကြစို့လေ။

(ဂျီ-အတ္တင်းမမ်)

Read More...

"တင်းတိမ်ရောင့်ရဲတတ်ပါစေ"


"တင်းတိမ်ရောင့်ရဲတတ်ပါစေ"

စာရေးဆရာ Douglas Malloeh ရဲ့ ကဗျာလေးနဲ့ စလိုက်ချင်ပါတယ်။ ကဗျာလေးကတော့ .....
"တောင်ကုန်းထိပ်က ထင်ရှုးပင်ကလေး မင်းမဖြစ်နိုင်ရင်
တောင်ကြားထဲက ချုံပုတ် လေးဖြစ်လိုက်ပေါ့၊
ဒါပေမဲ့ အကောင်းဆုံး ချုံပုတ်လေးဖြစ်ပါစေ ...။

သစ်ပင်တစ်ပင်မဖြစ်နိုင်လည်း ချုံနွယ်လေးတော့ဖြစ်သင့်ပါတယ်။
ချုံနွယ် မဖြစ်တောင် မြက်ပင်ကလေးပေါ့၊
လမ်းမကို ပျော်စရာအလှဆင်ရအောင်လေ ...။

အနံ့မွှေးတဲ့ ကတိုးကောင်လေး မဖြစ်လည်း ရေထဲကငါးကလေးပေါ့၊
ကန်ထဲမှာ အပျော်ဆုံး ငါးလေးဖြစ်ပါစေ ...။

လမ်းမကြီး မဖြစ်နိုင်ရင် လူသွားလမ်းကလေး လောက်ပေါ့ ...။
နေမင်းကြီးမဖြစ်လည်း ငွေကြယ်ကလေး လောက်ပေါ့ ...။

မင်းဟာ ဘာဘဲဖြစ်နေဖြစ်နေ အကောင်းဆုံး ဖြစ်ဘို့နဲ့ ကိုယ်ဖြစ်နေတဲ့ ဘ၀အခြေနေမှာ တင်းတိမ်ရောင့်ရဲမှု ရှိဘို့ဘဲလိုပါတယ် ကွာ..."

ယနေ့ လူတော်တော်များများဟာ အလွယ်လမ်းကို လိုက်နေကြပါတယ်။ ဘောလုံး နှစ်လုံးနဲ့ ချဲ(၁.၂.၃)တွေကို ကံစမ်းတာပါ၊ ဘ၀ ပြောင်းသွားအောင် ထိုးနေကြတာ ပါလို့ အလွယ်တွေး၊ အပျော်ထိုးနဲ့ ကိုယ်ရဲ့ ရှိနေတဲ့၊ ဖြစ်နေတဲ့ဘ၀လေးမှာ တင်းတိမ်ရောင့်ရဲမှု မရှိကြပါဘူး။ ချမ်းသာတဲ့ သူတွေက ပိုချမ်းသာရအောင် ဆင်းရဲသားကလည်း ချမ်းသာလာရအောင် ကြိုးစားကြ ဆုတောင်းကြတာ ဘုရားတောင်မှ မနေရ။ မယ်တော်ဆိုရင် နားတောင်ငြီး နေရောပေါ့။ မယ်တော့်ဆီကိုလာပြီး နှစ်လုံး သုံးလုံးပေါက်မှဖြစ်မှာ၊ မပေါက်လို့ကို မရဘူး၊ ဒီတစ်ခါ ပေါက်ပြီးရင် မထိုးတော့ပါဘူး အမေရယ်၊ ကူညီပါပေါ့။ တချို့ကလည်း မပေါက်လို့ကတော့ တောင်လုပ် မြောက်လုပ်လုပ်ရင် အပြစ်မတင်နဲ့နော်လို့ ဘုရားနဲ့ မယ်တော်ကိုတောင် ခြိမ်းခြောက်ကြ ပြန်ပါတယ်။ အဆိုးဆုံးကတော့ "ချက်မှီ ပြုတ်မှီ နှစ်လုံးထီ"တဲ့ အိမ်ထောင်ရှင်မတွေက လက်သုံးစကားလို လက်ကိုင်တားရင်း ယောက်ျားမသိအောင်တမျိုး သိအောင် တဖုံ နေ့တိုင်း ထိုးနေကြတော့ ပေါက်တုန်း တပြုံးပြုံး နဲ့မပေါက်တာများ ငွေမျော ငွေနဲ့လိုက်မယ်လို့ ကြုံးဝါးပြီးရှိတဲ့ ဥစ္စာတွေ ပေါင်နှံ ရောင်းချ၊ နောက်ဆုံး ကြိုးဆွဲချ သေတဲ့သူတွေ ဒုနဲ့ဒေး။ လမ်းဘေးမှာ နေစရာ မရှိ၊ အိမ်မဲ့ ယာမဲ့ ဘ၀ပျက်ရတဲ့ မိသားစုတွေ တစ်ပုံကြီး။ နောက်ဆုံးတော့ စီးပွားရေးပျက်၊ အိမ်ထောင်ပြိုလဲ၊ ဒုက္ခဆိုတဲ့ ၀ဲထဲမှာ နစ်ကြတော့ တာပါပဲ။ ဒါတွေဟာ အရင်း စစ်ကြည့်ရင် ဘုရားပေးတဲ့ ဘ၀လေးထဲမှာ တင်းတိမ် ရောင့်ရဲ မနေနိုင်ခဲ့လို့ပါဘဲ။

မယ်တော်ကို အတုယူကြဖို့ရာ မယ်တော့်ဘ၀ကို ပြန်ကြည့်မယ်ဆိုရင် တစ်ချက်နဲ့ လုံလောက်ပါတယ်။ မယ်တော်ဟာ ရှိနေတဲ့ ဘ၀လေးမှာ တင်းတိမ်ရောင့်ရဲတတ်တယ်။ သူမဟာ ဘုရားရဲ့အမေ အရာရာကို တတ်နိုင်တဲ့သူ၊ သေတဲ့သူကိုတောင် ရှင်အောင်လုပ်နိုင်ခဲ့တဲ့သူ၊ တန်ခိုးလက္ခဏာ တွေကို ပြနိုင်တဲ့သူရဲ့ မိခင်ပဲ။ ဒီလောက် လိုတရနိုင်တဲ့သူကို ပိုင်ဆိုင်ထားတဲ့ သူမက ဆင်းရဲသား လက်သမား ဇနီမယား ဘ၀နဲ့ ဆင်းဆင်းရဲရဲ မိသားစုဘ၀မှာ နေနိုင်ခဲ့လို့ စီးပွားပျက်တာတွေ၊ အိမ်ထောင်ပြိုလဲတာတွေ ကင်းဝေးပြီး အေးချမ်းသာယာ ပျော်ရွှင်တဲ့မိသားစု ဘ၀လေးကို တည်ဆောက်နိုင်ခဲ့တာပေါ့။ ဒါဟာ တင်းတိမ်ရောင့်ရဲမှု ရှိလို့ပဲပေါ့။
ချစ်လှစွာသော စာဖတ်ပရိသတ်တို့ ကျွန်တော်တို့ ဘ၀မှာ ဆင်းရဲလို့ အားမငယ်ပါနဲ့။ ချမ်းသာလို့လည်း လောဘမတတ်ပါနဲ့။ ဘုရားပေးတဲ့ ဘ၀လေးမှာ တင်းတိမ်ရောင့်ရဲ နေနိုင်ရင်တော့ စစ်မှန်တဲ့ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုကို ဘုရားက ပေးနေမှာပါ။ မယ်တော်ရဲ့ သန့်ရှင်းသော မိသားစုဘ၀ကို အတုယူပြီး တင်းတိမ် ရောင့်ရဲ နိုင်ကြပါစေ...။

M- နိုင်နိုင် (ခေတ္တရွာတော်)

Read More...

Sunday, January 10, 2010

ဘာသာတရားကို မြန်မာမှုပြုကြမည်ဆိုပါက (အပိုင်း ၄)


ဘာသာတရားကို မြန်မာမှုပြုကြမည်ဆိုပါက (အပိုင်း )

ဘာရယ်ညာရယ်တော့မဟုတ်ပါ ရောက်မိရောက်ရာ စဉ်းစားရင်း အောက်တိုဘာလ (၂၁) ရက်၊ ၂၀၀၄ ခုနှစ်က ဆွေးနွေးပွဲတစ်ခုကို ပြန်သတိရမိပါသည်။ မန္တလေး ဂိုဏ်းချုပ်ဆရာတော်ကြီးက "ရောမားမြို့မှ ကာဒီနယ် ခရေရှင်းဇီအို ဆေးပေ" နိုဝင်ဘာလ (၂၁) ရက်နေ့မှာ မန္တလေးသို့ကြွရောက်လာမည်။ ထို့ကြောင့် သာသနာ့အကျိုးဆောင် လူကြီးများနှင့် မြို့ပေါ်မှ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ဓမ္မဆရာများကို ခေါ်ရခြင်းဖြစ်ကြောင်း ရှင်းပြပါသည်။ မည်သို့ကြိုဆိုကြမည်။ ဘာတွေ ပြင်ဆင်ကြမည်ကို ဆွေးနွေးပါသည်။
ကာဒီနယ်ကြီး ကားပေါ်မှဆင်းလာပြီး ကာသီဒြယ်ဘုရားကျောင်းဝန်း အ၀င်ပေါက်မှာ ဘာသာဝင်များစုရုံးပြီး ကြိုဆိုကြဖို့ ဆွေးနွေးခန်း ရောက်လာပါသည်။ တချို့က သာသနာ့အလံငယ်လေးတွေ ဝှေ့ယမ်းပြီး "ကာဒီနယ်ကြီး ကျန်းမာပါစေ"လို့ ပြိုင်တူဆိုကာ ကြိုဆိုဖို့တင်ပြပါသည်။ တချို့က "လက်ခုတ်တီးမယ်"။ တစ်ချို့က "မြန်မာအကလေးတွေ ကပြပြီး ကြိုမယ်။" "ပန်းပွားအကလေးတွေ ကပြီး ကြိုမယ်။" စသည်ဖြင့် ကြိုနည်းဖွယ်ဖွယ်ရာရာကို စုံစုံလင်လင် သူပြီး ငါပြော တင်ပြကြပါသည်။
အတော်စုံတော့ ဆရာတော်ကြီးက "မြန်မာ့နည်းနဲ့ ကြိုဆိုမယ်ဆိုရင် ပိုမကောင်းဘူးလား"ဟု မေးပါသည်။ "မြန်မာ့ဟန်နှင့် ကြိုဆိုမည်ဆိုပါက ကာဒီနယ်ကြီး ကျောင်းပေါက်အ၀င်မှာ ဘာသာဝင်များက လက်အုပ်ချီကာကြိုမယ်။ မြန်မာ့ဟန်အတိုင်း ဆို နှုတ်က ဘာမှဆိုစရာမလိုတော့ကြောင်း" တစ်ဦးက ထောက်ခံလိုက်ပါသည်။

သည်မှာတင် ဆွေးနွေးပွဲက ဟော့ လာပါတော့သည်။ "လက်အုပ်ချီတယ်ဆိုတာ ခရစ်ယာန်မဆန်ဘူး။" အဲလိုဆို မသင့်တော်ဘူး။ ယုံကြည်ချက်နဲ့ လွဲနေတယ်။" "ပညာတ်တော်မှာ ဘုရားတစ်ဆူ အပြင် မည်သည့်အရာကို ဘုရားအမှတ်နှင့် ကိုးကွယ်ခြင်းကို မပြုရလို့ အသေအချာ ပါတယ်။" စသည် စသည်ဖြင့်။
"မဟုတ်ပါဘူး။ သည်လိုရှိပါတယ်။ ဟိုလို ရှိပါတယ်" စသည်ဖြင့် ရှင်းပြ လိုသော်လည်း ရှင်းပြခွင့်မရခဲ့ပါ။ ရှင်းပြ ချင်သူသာ အရှုံးပေးခဲ့ရသည်။
နောက်ဆုံးတွင် ကာဒီနယ်ကြိုဆိုပွဲမှာ လက်ခုတ်သံညံညံနှင့် "ကာဒီနယ်ကြီး ကျန်းမာပါစေ" အသံသာ လွှမ်းသွားခဲ့ရပါသည်။ မြန်မာပြည်ရောက်ကာဒီနယ်ကြီး မြန်မာ့ဟန်များ မြင်မသွားခဲ့ရပါ။ ဂိုဏ်းချုပ် ဆရာတော်ကြီးဖြစ်စေချင်သည့် မြန်မာ့ ဟန်လည်း လစ်ကျန်ရစ်ခဲ့ရပါသည်။

မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးဓလေများမှာ ဘုရား၊ တရား၊ သံဃာ၊ မိဘဆရာ သမား၊ သက်ကြီးဝါကြီးများ၊ အကြီးအကဲများ၊ ပညာရှင်များစသည့် မိမိထက်ကြီး မြင့်မြတ်သူတို့ကို သူ့နေရာနှင့်သူ သင့်လျော်အောင် ရှိ နေရာအရပ်ဒေသ အလိုက် အရိုအသေပေးရပါသည်။ ၁) ကန်တော့ခြင်း၊ ၂) လက်အုပ်ချီဦးညွတ်ခြင်း၊ ၃) လေးနက်စွာဦးညွတ်ခြင်း၊ ၄) ရိုးရိုးဦးညွတ်ခြင်း၊ ၅) သာမာန်ဦးညွတ်ခြင်းနှင့် ၆) သတိအနေအထားဖြင့် အရိုအသေပြုခြင်း တို့ဖြစ်ပါသည်။ အဆိုပါ (၆) နည်းမှ လက်အုပ်ချီခြင်းနှင့် ကန်တော့ခြင်းအကြောင်း ပြောချင်ပါသည်။


လက်အုပ်ချီ ဦးညွှတ်ခြင်းသည် အိန္ဒိပြည်၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားပြည် တို့တွင် အရိုအသေပြုပုံနှင့် အတော်ဆင်ပါသည်။ အရိုအသေပြုခံရသူ တစ်စုံတစ်ယောက်အား ခြေစုံရပ်လျက် လက်အုပ်ချီ၍ လက်မနှစ်ခုနှင့် ရင်ညွှန့်ထိအောင် မြှောက်တင်နေစဉ် တစ်ချိန်တည်းမှာ ဦးခေါင်းကို အနည်းငယ်မျှ ရှေ့သို့ ညွတ်လျက် အရိုအသေပြုပါသည်။ လက်အုပ်ချီခြင်း၏ အဓိပ္ပါယ်မှာ "လေးစားခြင်း၊ အရိုအသေပြုခြင်း၊ ကြိုဆိုခြင်း၊ လက်အုပ်ချီထားသဖြင့် ကျုပ်မှာ လက်နက်ပစ္စည်း မပါပါဘူး။ ရန်ပြုဖို့၊ တိုက်ခိုက်ဖို့၊ ဝေဖန်ဖို့၊ အကြမ်းဖက်ဖို့ မဟုတ်ဘူး။ ထို့ကြောင့် ငြိမ်းချမ်းခြင်း" စသည့် အဓိပ္ပါယ်များနှင့် အရိုအသေပြုခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ အရိုအသေပြုခြင်းသည် ကိုးကွယ်ခြင်းမမည်ပါ။ ရှိခိုးကိုးကွယ်ခြင်း အထမမြောက်ပါ။ လက်အုပ်ချီ ဦးညွတ်ရုံဖြင့်လည်း ဘုရား၊ တရား၊ သံဃာတော် တို့ကို ရှိခိုးကိုးကွယ်ခြင်းတွင် မလုံလောက်ပါ။
ဘုရား၊ တရား၊ သံဃာတော်တို့ကိုခိုလှုံ ကိုးကွယ်ဝတ်ပြုရာတွင် ထိခြင်း ငါးပါးဖြင့် (တည်ခြင်းငါးဖြာဖြင့်) ဦးချကန်တော့ခြင်းဖြင့်သာလျှင် ရှိခိုးကိုးကွယ်ခြင်း အထမြောက်ပါသည်။

မြန်မာထုံးဓလေ့များတွင် ဘုရား တရား၊ သံဃာ၊ မိဘနှင့်ဆရာသမားတို့ ရှေ့တော်သို့ရောက်သည်နှင့် ၁) ဝေးလွန်း သောအရပ်၊ ၂) နီးလွန်းသောအရပ်၊ ၃) လေထက်အရပ်၊ ၄) မြင့်လွန်းသောအရပ်၊ ၅) မျက်နှာချင်းဆိုင် (ရှေ့တည့်တည့်) အရပ်၊ ၆) နောက်ကျောအရပ်တို့ကို ရှောင်ရှားကာ သင့်လျော်သောအရပ်ကို ရွေးချယ်ပြီး ယောင်္ကျားဖြစ်လျှင် ဆောင့်ကြောင့် (သို့မဟုတ်) ဒူးနှစ်ဖက် တုတ်လျက်၊ အမျိုးသမီးဖြစ်လျှင် ကြုံ့ကြုံ့ထိုင်ကာ ဦးချကန်တော့ ကြပါသည်။

ဦးချပုံမှာ ထိုင်၍ လက်နှစ်ဖက်ကို ကြာဖူး၊ ကြာငုံပမာ ယှက်ပြီးလျှင် ဦးထိပ်သို့ တင်လိုက်သည်။ ဦးထိပ်တင်ထားသော လက်နှစ်ဖက်ကို ထိုင်ထားသည့် ကြမ်းပြင်မှာ ထောက်၍ ဒူးနှစ်ဖက်ကိုလည်း ထောက်လိုက် ကာနဖူးကိုလည်း ကြမ်းပြင်နှင့် ထိအောင် ပြုလိုက်သည်။

ဤသို့ ဦးချစဉ် ၁) ခြေနှစ်ဖက်ကလည်း ကြမ်းပြင်ပေါ် တည်နေသည်။ ၂) လက်နှစ်ဖက်၊ ၃) ဒူးနှစ်ဖက်၊ ၄)တထောင် ဆစ်နှစ်ခုနှင့် ၅) နဖူးလည်း ကြမ်းပြင်မှာ တည်နေသည်။ ထိုသို့ "ခြေ၊ လက်၊ နဖူး၊ တထောင်၊ ဒူး" အဆို ထူးသည့် ဤငါးဌါနတို့ ကြမ်းပြင်နှင့်ထိအောင် ဦးချပြီးနောက် ဦးခေါင်းကို ဦးစွာ မော့လိုက်သည်။ အမျိုး သမီးဖြစ်ပါက ဒူးကို ပြန်တင်ဖို့ မလိုပါ အဘယ်ကြောင့်ဆိုသော် မူလကပင် ကြုံ့ကြုံ့ထိုင်နေသောကြောင့် ဖြစ်ပါသည်။ ဤသို့ ဦးသုံးကြိမ်ချသည်ကို (ပဉ္စပတိဌိတ) တည်ခြင်းငါးပါး (တည်ခြင်းငါးဖြာ) နှင့် ဦးချ ကန်တော့သည် ဟုခေါ်ပါသည်။

အနန္တငါးပါးဝင်များကို ထိတည်ခြင်းငါးပါးဖြင့် ဦးချကန်တော့ပါသည်။ သို့ရာတွင် အခြားပုဂ္ဂိုလ်များကိုလည်း မိမိအနေဖြင့် အနန္တငါးပါးဝင်ဟု ကျေးဇူးတရားများအရ ခံယူသောသူများကိုလည်း တည်ခြင်းငါးပါးဖြင့် ကန်တော့ကြပါသည်။
ထိုသို့ လက်နှစ်ဖက်ယှက်၍ ကန်တော့သဖွယ် ပြုလုပ်လိုက်တာကို ကန်တော့သည်ဟု ယူကြပါသည်။ ကန်တော့ခြင်း ဆိုသည့် ဝေါဟာရစကားတွင် "ကန်" သဒ္ဒါမှာ "ပုန်ကန်ခြင်း၊ တော်လှန်ခြင်း၊ ကန်ကျောက်ခြင်းစသည်ဖြင့် အဓိပ္ပါယ်ရပါသည်။ "တော့"သဒ္ဒါမှ "ရပ်နားခြင်း၊ စွန့်ပစ်ခြင်း၊ မပြုလုပ်ခြင်း" စသည်ဖြင့် အဓိပ္ပါယ်ရပါသည်။ ထိုသဒ္ဒါနှစ်ရပ်ပေါင်း လိုက်သောအခါ "ပုန်ကန်တော်လှန်ခြင်းမှ ရပ်ဆိုင်းပါတော့မည်။ မပြုလုပ်တော့ပါဟု" ဆိုလိုပါသည်။

ထိုသို့ ကာယ၀စီမနောချီပြီး အရို အသေ အလေးအမြတ်ထားကာ၊ လက်ဆယ် ဖြာအုပ်မိုး၍ ရှိခိုး ပူဇော် ဖူးမြော် မာန်လျော့ ကန်တော့ခြင်းသည် ကမ္ဘာပတ်ကာ ရှာပါသော်လည်း ဘယ်လူမျိုးမှာမှ ရှာမတွေ့နိုင်သည့် မြန်မာထုံးဓလေ့ ဘုရားရှိခိုးနည်း ဖြစ်ပါသည်။ အင်မတန်ကြွယ်ဝလှသော ဘုရား ကန်တော့ခြင်းဖြစ်ပါသည်။


ခရစ်ယာန်တို့သည် ဘုရားအရှင်မြတ်ကို ဘုန်းတော်အနန္တ၊ တန်ခိုးတော် အနန္တ၊ အတုမရှိ မြင့်မြတ် သန့်ရှင်းတော်မူ၍ အပြစ်ဒုစရိုက်နှင့် မရဏသေခြင်းတရားတို့ကို ချုပ်ငြိမ်း အောင်မြင်တော်မူသော အရှင်ဖြစ်ကြောင်း ယုံကြည်ကြပါသည်။ လူသားအပေါင်းတို့သည် မိမိတို့ ရိုကျိုး ခိုလှုံ ဆည်းကပ် ကိုးကွယ်နေသည့် အနှိုင်းမဲ့ မေတ္တာတော်ရှင်ဘုရားအရှင်မြတ်၏ အဆုံး အမတရားတော်နှင့် လျော်ညီစွာ မဆောက်တည် မကျင့်ကြံဘဲ ဖေါက်ပြန်တတ်သော လူ့ဇာတိပကတိ သဘောသကန်အတိုင်း နေ့စဉ်လို ကာယ၊ ၀စီ၊ မနောအစဉ်မှာ ကန်ကျောက်နေကြလေသည်။ ထောင်ထား ပုန်ကန်နေကြလေသည်။ နားမထောင် မဆည်းကပ်ဘဲ တော်လှန်နေကြလေသည်။ အပြစ် လုပ်နေကြသည်။


ထိုသို့သော တရားသဘောကို နှလုံးသိမ်း၍ ကျွန်တော်တို့လည်း ထိုမြန်မာ့ ဓလေ့နှင့် ဘုရားရှင်ကို ရှိခိုးကိုးကွယ်ခြင်းသည် ဆီလျော် မှန်ကန်၏/မဆီလျော်၏ ဆိုသည်ကိုတော့ စာဖတ်သူသာ ဝေဖန် ကြည့်ပါလေ။

မာကု (ဒဿန)

Read More...

Friday, January 1, 2010

မင်းကြီးသုံးပါးပွဲ


မင်းကြီးသုံးပါးပွဲ


မင်းကြီးသုံးပါးပွဲတော်ကို ဂရိဘာသာ စကားဖြင့် Epiphany ပွဲတော်လို့ခေါ်တယ်။ အဓိပ္ပါယ်ကတော့ ဘုရားသခင်သည် မိမိကိုယ်တော်ကို ဂျူးလူမျိုးတွေကို သာမက လူမျိုးခြားအားလုံးတို့အား ဖော်ပြတော်မူသောကြောင့် ဖြစ်တယ်။ ထာဝရ အရှင်ဘုရားသခင်ဟာ ဂျူးလူမျိုးတို့ရဲ့ကိုယ်စား သိုးထိန်းများထံ မိမိရဲ့ ကောင်းကင် သိကြားတမန်တော်များကို ထင်ရှားပြစေလျက် သူငယ်တော်ဘုရားရှင် ဖွားမြင်ခြင်းခံရာ နွားတင်းကုပ်သို့ခေါ် ဆောင်တော်မူခဲ့သလို လူမျိုးခြားများရဲ့ကိုယ်စား မာဂုမင်းပညာရှိသုံးပါးကို ကောင်းကင်ယံမှာ ကြယ်တော် ပေါ်ထွန်းစေလျှက် ကြယ်တော်အားဖြင့် သူငယ်တော် ဘုရားရှင်ဆီအရောက် ပို့ဆောင်တော်မူခဲ့ပါတယ်။ ဒီလိုနည်းအားဖြင့် ထာဝရအရှင် ဘုရားသခင်ဟာ မိမိရဲ့မဟာမေတ္တာတော်၊ ဂရုဏာတော်၊ ကျေးဇူးတော်များကို လူအားလုံးအတွက် ဖွင့်ဟတော်မူခြင်းဖြစ်တယ်။ သိုးကျောင်းသား၊ သိုးထိန်းလေးများဟာ ဘုရားသခင် ရွေးကောက်ခြင်းခံရတဲ့ လူမျိုးတော်အထဲမှာ အဦးဆုံး ခေါ်တော်မူခြင်း ခံခဲ့ကြရတဲ့သူတွေ ဖြစ်သလို မာဂုမင်းပညာရှိ သုံးပါးဟာလည်း ဘာသာခြား၊ လူမျိုးခြားတွေအထဲမှာ အဦးဆုံးခေါ်တော်မူခြင်း ခံခဲ့ရတဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း ဒီပွဲတော်ကို သာသနာတော် တည်ထောင်တော်မူစ အချိန်ကတည်းက ခမ်းခမ်းနားနား ကျင်းပလာခဲ့ပါတယ်။ ဒီပွဲတော်မြတ်နဲ့ ပတ်သက်ပြီး ခရစ်သက္ကရာဇ် (၈) ရာစု St.Bede ရဲ့ ရှာဖွေစုဆောင်းထားချက်အရ ဖော်ပြပေးရမယ်ဆိုရင် မဲလ်ကော်အမည်ရတဲ့ မင်းပညာရှိတစ်ပါးဟာ အသားလည်းဖြူ၊ ဆံပင်လည်းဖြူ၊ အသက်အရွယ် အနည်းငယ်ကြီး ရင့်နေသူလို့ ဆိုထားပါတယ်။ ယူဆောင်လာခဲ့တဲ့ လက်ဆောင်ဘဏ္ဍာတော်ကတော့ ရွှေဖြစ်တယ်။ ဒုတိယမြောက် မာဂုမင်းပညာရှိ တစ်ပါးကတော့ ဂက်စ်ပါဖြစ်ပါတယ်။ မုတ်ဆိတ်မွှေးမရှိ၊ အသားလည်းလတ်၊ ငယ်ရွယ်နုပျိုတဲ့ မာဂုမင်းပညာရှိတစ်ပါးဖြစ်တယ်။ ယူဆောင်လာတဲ့ လက်ဆောင်တော်မြတ်ကတော့ လော်ဗန်ဖြစ်တယ်။ တတိယမြောက် မင်းပညာရှိတစ်ပါးကတော့ ဘဲလ်တာဆာဖြစ်ပြီး အသားဟာ အတော်မည်းတဲ့အတွက် သပိတ်ရောင်ထနေတယ်။ အသစ်အဆန်းတွေ ရှာဖွေစူးစမ်းချင်တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အာဖရိကအနောက် မြောက်ဖက်မှာနေလေ့ရှိကြတဲ့ မိုးလ်လူမျိုး အာရပ်အနွယ်ဝင်များ ဖြစ်ဟန်တူတယ်လို့ ဆိုထားပါတယ်။ ယူဆောင်လာတဲ့ လက်ဆောင်ဘဏ္ဍာတော်ကတော့ မီးရားဖြစ်ပါတယ်။ ဒီအချက်ကို ထောက်ရှုစဉ်းစားခြင်း အားဖြင့် ဘုရားသခင်ဟာ အသားဖြူ၊ အသားမည်း၊ ဇရာအို၊ အရွယ်ပျို၊ အသင်းသား၊ အသင်းခြားရယ်လို့ ခွဲခြားခြင်းမရှိကြောင်း ကျမ်းစကားနဲ့ ပြောရမယ်ဆိုရင် အားလုံးပေါ်မှာ နေကိုထွက်စေတော်မူလျက် အားလုံးအပေါ်မှာ မိုးကို အတူတူ ရွာစေပါတယ်။ (သံမာတေဦး ၅း၄၅)
မာဂုမင်းပညာရှိတွေဟာ ကြယ်တော်ရဲ့ လမ်းပြမှုကြောင့် ဗက်သလင်မြို့တော်သို့ ရောက်ရှိခဲ့ကြကြောင်း နက္ခတ္တ ဗေဒပညာရှင်တစ်ဦးရဲ့ လေ့လာချက်နဲ့ တိုက်ဆိုင်မှုရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ကျော်လောက်က ခရစ်သက္ကရာဇ် ၁၆၀၃ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက် နေ့မှာ ကြာသပတေးဂြိုလ်နဲ့ စနေဂြိုလ်ဟာ ပူးကပ်ခဲ့ပါတယ်။ ၁၆၀၄ ခုနှစ် စက်တင်ဘာလထဲမှာ အင်္ဂါဂြိုလ်ကပါ ထပ်မံပူးကပ်လာတဲ့အတွက် ဂြိုလ် (၃) လုံးပေါင်းမိသွားခဲ့ကြပြီး ကောင်းကင်မှာ ထိန်ထိန်ငြီးခဲ့တယ်လို့ နက္ခတ္တဗေဒပညာရှင် ဂျိုအာနက်ကက္တလာက ဆိုခဲ့ပါတယ်။
သူဟာ နက္ခတ္တဗေဒနည်းတွေနဲ့ နောက်ကြောင်းပြန်ပြီး ရေတွက်ကြည့်လိုက်တဲ့ အခါမှာ သခင်ယေဇူးခရစ်တော် ဘုရားရှင် လူ့အဖြစ်ဇာတိကို ခံယူလျှက် မွေးဖွားခဲ့စဉ် အချိန်ကာလမှာလည်း ဒီဂြိုလ်ကြီးသုံးလုံး ပူးနေခဲ့တာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တရုတ်ပြည်ရဲ့ နက္ခတ္တဗေဒမှတ်တမ်းမှာလည်း အခုလို ဂြိုလ်ကြီးများပူးခဲ့ကြောင်း ၀န်ခံထားတာ လေ့လာတွေ့ရှိခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက်လုံးမှာ ထွန်းလင်း တောက်ပလျှက် လမ်းပြခေါ်ဆောင်လာခဲ့တဲ့ ကြယ်တံခွန်တော်ဟာ ယုဒပြည် အရောက်မှာတော့ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း မာဂုမင်းပညာရှိ သုံးပါးဟာ ယုဒပြည်ရဲ့မြို့တော်ဖြစ်တဲ့ ဂျေရုဇလင်မြို့တော်သို့ အရောက်သွားခဲ့ပြီး မေးမြန်း စုံစမ်းခြင်းအမှုကို ပြုကြပါတော့တယ်။ ကြယ်တံခွန်တော် အခုလို ပျောက်ကွယ်သွားရခြင်းရဲ့ ကြောင်းရင်းကတော့ တရားပေးချက် (၃) ချက်ရှိပါတယ်။ ပထမ တစ်ချက်ကတော့ သခင်ယေဇူးခရစ်တော် ဘုရားရှင်ကို ဖူးတွေ့ဖို့ ကြိုးစားကြတဲ့နေရာမှာ ထိုက်တန်တဲ့ဖူးတွေ့ခြင်း မျိုးရှိနိုင်ဖို့ အတွက် မိမိတို့ရဲ့ဇွဲ၊ ချစ်မေတ္တာ၊ သတ္တိများကို စမ်းသပ်မြှင့်တင်ပေးလိုက်ခြင်း ပဲဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ဒုက္ခ အခက်အခဲပြဿနာများနဲ့ ရင်ဆိုင်ကြရပြီ ဆိုရင် မိမိတို့ဖက်ကလည်း အစွမ်းကုန်ကြိုးစား၊ သာသနာတော်ရဲ့ အကြီးအကဲတွေဆီလည်း သွားရောက် အကြံဥာဏ်တောင်းခံကြဖို့ တရားပေးနေခြင်းဖြစ်တယ်။ တတိယတစ်ချက်ကတော့ မာဂုမင်းပညာရှိသုံးပါး အားဖြင့် မက်ဆီးယား ကယ်တင်ရှင် ဖွားမြင်ခြင်းခံယူခဲ့ပြီဖြစ်ကြောင်း ဂျေရုဇလင်မြို့ အနှံ့အပြားကြားသိစေဖို့ပဲ ဖြစ်ပါတယ်။ နောက်တော့မှ မသိလိုက်ရလို့ပါ ဆိုတဲ့ဆင်ခြေမျိုးကို ဂျူးလူမျိုးတွေ မသုံး နိုင်ရလေအောင် သူတို့ရဲ့ နှုတ်တွေကို ပိတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ရွှေဥဏ်တော်ရှင်ဘုရားသခင်ရဲ့ မဟာစီမံကိန်းတော်ပဲ ဖြစ်ပါတယ်။ မာဂုမင်းပညာရှိသုံးပါး ရဲ့ စွမ်းသတ္တိနဲ့ ဇွဲ လုံ့လတွေဟာ အံ့သြဖွယ် အင်မတန်ကောင်းလှပါတယ်။ ဘာကြောင့်လဲဆိုရင် "ယခုဖွါးမြင်သော ယုဒရှင်ဘုရင်သည် အဘယ်မှာရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ ကြယ်ကို ငါတို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီ" (ရှင်မာ တေဦး ၂း၂)။ ဒီအချက်ဟာ မာန်မာနထောင်လွှားပြီး အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ ယုဒရှင်ဘုရင် ဟေရုဒ်မင်းကြီးကို တိုက်ရိုက် စိန်ခေါ်လိုက်ခြင်းပင်ဖြစ်ပါတယ်။ မာဂု မင်းပညာရှိသုံးပါးဟာ ယုဒရှင်ဘုရင် ရှေ့လာပြီး ခရစ်တော်သခင်ကို မတွေ့ရသေးခင် ခရစ်တော် သခင်ကို ယုဒရှင်ဘုရင်အဖြစ် မကြောက် မရွံ့ အသိအမှတ်ပြုခဲ့ကြခြင်းဖြစ်တယ်။
ကျွန်ုပ်တို့ ခရစ်ယာန်တွေ ခရစ်တော်ကို သိပြီးသော်ငြားလည်း လူသူအများ ရှေ့မှာ မိမိတို့ရဲ့ အပြောအဆိုအပြုအမူများနဲ့ဝန်ခံဖို့ ၀န်လေးနေကြတယ် မဟုတ်လား။ မာဂုမင်းပညာရှိ (၃)ပါးဟာ ခရစ်တော် ဘုရားရှင်ကို ဖူးတွေ့ချင်လွန်းလို့ ဒုက္ခဆင်းရဲ အမျိုးစုံခံပြီး ဝေးလံတဲ့ ဒေသကနေထွက် ကြွလာခဲ့ကြရတယ်။
ဒီလိုပါပဲ ကျွန်ုပ်တို့ ခရစ်ယာန်တွေ ဘုရားကျောင်းနဲ့ အနီးဆုံး ပုဂ္ဂိုလ်တွေက ဘုရားကျောင်းမတက်ဆုံး ဖြစ်တတ်ကြသလို ဘုရားကျောင်း နောက်အကျဆုံး ပုဂ္ဂိုလ်များလည်းဖြစ်တတ်ကြပါတယ်။ "အိမ်သို့ ၀င်လေသော် မယ်တော်မာရီယားနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပျပ်ဝတ်ကိုး ကွယ်၍ မိမိဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးလျှင် လော်ဗန်နှင့် မုရန်းတည်းဟူသော နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။" (သံမာတေဦး -၂း၁၁) ဒီရွှေကျမ်းပိုဒ်ရဲ့ တရားပေးချက်ကတော့ ယေဇူးဘုရားရှင်ကို ချစ်မြတ်နိုးသူဟာ မယ်တော်မာရီယားကို ချစ်မြတ်နိုးသူဖြစ်တယ်။ မယ်တော်မာရီယားကို ချစ်မြတ်နိုးသူဟာလည်း သားတော်ဘုရားရှင်ကို ချစ်မြတ်နိုးသူ ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ရဟန္တာသြဂုတ်စတင်းရဲ့ မိန့်ဆိုချက်မှာတော့ ရွှေဟာ ရှင်ဘုရင်အဖြစ်နဲ့ အခွန်တော် ဘဏ္ဍာဆက်သတာဖြစ်သလို လော်ဗန်ဟာ ဘုရားရှင်အဖြစ်နဲ့ ပူဇော်ခြင်းဖြစ်တယ်။ မီးရားဖြစ်တဲ့ မုရန်းကတော့ လူ သတ္တ၀ါခပ်သိမ်းတို့ကို ကယ်တင်တော်မူဖို့အတွက် အသက်တော်စွန့် စတေးခံပေးရ မယ့်ပုဂ္ဂိုလ်တော်မြတ် အဖြစ် လှူဒါန်းလိုက်ခြင်း ဖြစ်တယ်လို့ဖော်ပြထားပါတယ်။
ဒီအချက်တွေကို ထောက်ရှုခြင်း အားဖြင့် သခင်ယေဇူးခရစ်တော်ဘုရား ရှင်ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်တယ်ဆိုတဲ့ အချက်ကို သိမှတ် ၀န်ခံမှုပြုနေခြင်းဖြစ်တယ်။ မာဂုမင်းပညာရှိ (၃) ပါးမှ ကပ်လှူ ပူဇော်လိုက်သည့် လက်ဆောင်ပစ္စည်းများရဲ့ တန်ဖိုးအစစ် အမှန်ဟာ အမြင်ပေါ်မှာ မူမတည်ပါ။ လက်ဆောင်ဟာ ဘယ်လောက်ပဲ တန်ဖိုးကြီးပြီး အံ့သြဖို့ကောင်းနေပေမဲ့ ပေးဆပ်လာသူ၊ ကပ်လှူပူဇော် သူရဲ့မေတ္တာကင်းမဲ့နေလျှင် တန်ဖိုးမရှိပါဘူး။ ဘ၀တူ လူသားချင်းကတော့ လက်ခံ ချင်လက်ခံမှာပဲ၊ ဘုရားရှင်တော်မြတ်ကတော့ လက်ခံတော်မူမှာ မဟုတ်။ ဒါကြောင့် ကျွန်ုပ်တို့ လုပ်လေသမျှ၊ ကြံလေသမျှ တမလွန် ကောင်းကင်ဘဏ္ဍာဖြစ်ဖို့အတွက် ဘုရားရှင်ရှေ့မှာ တရားဝင်ပြီး ဘုရားရှင်ရဲ့ လက်ခံတော်မူခြင်း ခံရဖို့အတွက် မေတ္တာပါဖို့ လိုအပ်ပါတယ်။
ဒီပွဲနေ့မှာ မာကုပညာရှိ (၃)ပါး မှပေးနေတဲ့ နောက်ထပ် တရားပေးချက် တစ်ခုကတော့ ဘုရားရှင်ဆီသွားရင် လက်ချည်းဗလာ သွား၍မရ၊ တစ်ခုခုဆောင်ယူ သွားဖို့လိုအပ်ပါတယ်။ ဆောင်ယူရမှာကတော့ မေတ္တာဓါတ်ခံ၍ ပြုလုပ်ဆောင် ရွက်တဲ့အရာများပဲဖြစ်ပါတယ်။ ကျမ်းတတ်ဆရာတွေ ကျမ်းတတ်ပုဂ္ဂိုလ်တွေဟာ အကျင့်တရားမှာ မထိရောက်လေတော့ မက်ဆီယားကယ်တင်ရှင်ရဲ့ ဖွားမြင်တော်မူခြင်းနဲ့ ပတ်သက်ပြီး တစ်ကျွန်းတစ်နိုင်ငံသား မာဂုမင်းပညာရှိများက ညွှန်ပြပေးနိုင်ခဲ့ကြပေမဲ့ မိမိကိုယ်တိုင်သွားရောက် ရှိခိုးကိုးကွယ်ခြင်းမရှိ၊ အလေးမမူ ဂရုလည်း မစိုက်ကြပါဘူး။ ဤကျမ်းတတ်ပုဂ္ဂိုလ်ကြီးတွေဟာ ဘာနဲ့တူသလဲဆိုရင် ခရီးလမ်း ညွှန်တဲ့မှတ်တိုင်ကြီးတွေနဲ့ တူကြပါတယ်။ ခရီးသည်တွေကိုသာ လမ်းပြပြီး မိမိတို့ ကိုယ်တိုင်ကတော့ လှုပ်ရှားခြင်း မရှိကြပါဘူး။ မာကုမင်းပညာရှိ (၃) ပါးဟာ သူငယ်တော် ဘုရားရှင်လေးကို ပူဇော်ဆက်ကပ်ဖို့ အတွက် လောကီဘဏ္ဍာများကိုသာ ဆောင်ယူခဲ့ကြပေမဲ့ မိမိတို့ရဲ့ဂုဏ်သိက္ခာ၊ မာန် မာနတွေကိုပါ ခြေတော်ရင်းမှာ ချထားခဲ့ကြပြီး မိမိတို့စိတ်နှလုံးထဲမှာ ဘုရားရှင်ရဲ့ အလင်း၊ ဘုရားရှင်ရဲ့ရူပါရုံ၊ ဘုရားရှင်ရဲ့ အာမခံချက်များနဲ့ ပြည့်ဝပြီး ပြန်ခဲ့ကြပါတယ်။ တမလွန် ကောင်းကင်ဘဏ္ဍာရရှိဖို့ အတွက် လောကီအရာများကို စတေးပြီး ပေးချေရပါတယ်။ ဒီနေ့ဖတ်ရှုရတဲ့ အသက်ပေးနှုတ်ကပတ်တော်မှာ "သူတို့သည် မိမိတို့ဆီသို့ အခြားသော လမ်းမှပြန် သွားကြလေပြီ" (သံမာ တေဦး-၂း၁၂)။ မာဂုမင်းပညာရှိ (၃) ပါးဟာ ခရီးစတင်၍ ထွက်ခွာလာခဲ့စဉ်တုန်းကတော့ လောကီပညာရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာခဲ့ရပေမဲ့ သူငယ်တော်ယေဇူးဘုရားရှင်ကို ဖူးတွေ့ပြီးတဲ့ နောက်ပိုင်းမှာတော့ အခြားသောလမ်းဖြင့် ပြန်ခဲ့ကြတယ်။ အလာခရီးမှာတော့ ကြယ်တံခွန်တော်ကြီးကို အားကိုးခဲ့ရပေမဲ့ အပြန်ခရီးမှာ ကြယ်တံခွန်တော်ကို အားပြုဖို့ မလိုတော့ပါဘူး။ ကောင်းကင်မှ လမ်းပြမဲ့ကြယ်အစား မိမိ တို့ရဲ့ စိတ်နှလုံးထဲမှာရှိသွားပြီဖြစ်တဲ့ လမ်းပြကြယ်တော်ကိုသာ အားကိုးခဲ့ပါတယ်။ ခရစ်တော်ဘုရားရှင်ကို ရှာဖွေ တွေ့ရှိခဲ့ကြတဲ့ ပုဂ္ဂိုလ်တိုင်းဟာ အစပထမမှာတော့ လောကီနဲ့ ပတ်သက်တဲ့ ပညာဆင်ခြင်တုံ တရားများ၊ ထိုးထွင်းဥာဏ်များကို အားကိုးခဲ့ကြပေမဲ့ ခရစ်တော်ဘုရားရှင်နဲ့ထိတွေ့ သွားပြီးတဲ့ နောက်ပိုင်းမှာတော့ လောကီပညာထက် ဘုရားရှင်ကိုသာ အားကိုးလာ တတ်ကြပါတော့တယ်။ ကိုယ်တော်ရှင်နဲ့ ထိတွေ့ဖူးတဲ့ ပုဂ္ဂိုလ်တိုင်းဟာ ဘုရားရှင်ရဲ့ လမ်းပြ ပို့ဆောင်မှုတွေကို ခံစားကြရစမြဲပါ။ ကျွန်ုပ်တို့ ကိုယ်စီမှာလည်း ခရစ်တော် ဘုရားရှင်ဆီ အရောက် ပို့ဆောင်ပေးတဲ့ ကြယ်တော်တွေရှိကြသလို မိမိတို့ကိုယ်စီရဲ့ အပြောအဆို၊ အပြုအမူများဟာလည်း သူတစ်ပါးအတွက် လမ်းပြကြယ်တော်များ ဖြစ်နိုင်ကြဖို့ အင်မတန် အရေးကြီးလှပါတယ်။ ကျွန်ုပ်တို့အားလုံးသည် မာဂု မင်းပညာရှိသုံးပါးကဲ့သို့ ရွှေနဲ့သဏ္ဍာန်တူတဲ့ မေတ္တာနဲ့ ဘုရားရှင်မြတ်ကို စိတ်အားရှိသမျှ၊ ခွန်အားရှိသမျှ၊ အစွမ်းရှိသမျှ ချစ်၍ မိမိနဲ့နီးစပ်သူကို ကိုယ်နှင့်အမျှ ချစ်နိုင်ဖို့ ကြိုးစားကြပါစို့။ လော်ဗန်နဲ့အလား သဏ္ဍာန်တူတဲ့ ဆုတောင်းမေတ္တာကို ပတ္ထနာပြုကြပါစို့။ မီးရာနဲ့ အဆင်တူ၊ အသွင်တူတဲ့ ကိလေသာတဏှာရာဂများနဲ့တကွ အာရုံ ငါးပါးကို ခြိုးခြံချုပ်တည်းလျှက် မိမိတို့ ဘ၀ကိုယ်စီကို လှူဒါန်း ဆက်ကပ်သွားကြပါစို့။
မိမိတို့ ကိုယ်စိတ်နှလုံးသုံးပါးကို အစဉ်လှူဒါန်းသူ၊ မိမိကိုယ်ကို အစဉ်အုပ်စိုးသူ မင်းပညာရှိများ ဖြစ်နိုင်ကြပါစေလို့ မေတ္တာပြုပါတယ်။


ဘုန်းတော်ကြီး ဒေါမနစ်ဂြိုလ်တု

Read More...