Thursday, October 29, 2009

လူကိုပြောင်းလဲစေတတ်သောအမြင်


လူကိုပြောင်းလဲစေတတ်သောအမြင်

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ခေါင်းလျှော်ရည် ကုမ္ပဏီတစ်ခုကကိုစားလှယ် တစ်ယောက် ကျွန်မတို့ရွာကို ရောက်လာခဲ့ပါတယ်။ ရွာဒေသအနီးတ၀ိုက် လှည့်လည်ကြည့်ရှု သုံးသပ်ပြီးနောက် ကမ္ပဏီရုံးချုပ်ကိုပြန်သွားခဲ့ပါတယ်။ "မက်မောလောက်စရာ ဈေးကွက်မတွေ့ဘူး၊ ဒီဒေသက လူေ
တွ ခေါင်းလျှော်ရည် မသုံးဘူး" ဟူ၍ပင် ပြောသွားတယ်။ များမကြာမီ အခြားကိုယ်စားလှယ် တစ်ဦးရောက်လာပြန်ပါတယ်။ အခြေအနေကို ကောင်းစွာ လေ့လာပြီးသောအခါ "အလားအလာကောင်းသော ဈေးကွက်ကြီး ဖြစ်သည်။ ဤဒေသရှိ လူများခေါင်းလျှော်ရည် လိုအပ်သည်" ဟုဆိုကာ မိမိတွင် ပါလာသမျှ ဈေးနှုန်း မှန်ကန်စွာ ရောင်းချလေသည်။ အရောင်းကိုယ်စားလှယ် နှစ်ယောက်၏ ကွဲပြားသော "အမြင်"သည် ထိုသူတို့၏ အောင်မြင်မှု၊ ရှုံးနိမ့်မှုများကိုဖြစ်ပေါ်စေသည်။

ကျွန်မတို့ သူငယ်ချင်းသုံးယောက် လသာဆောင်မှ ပန်းခြံသို့ကြည့်သော အခါတစ်ယောက်က လမင်းကိုမြင်သည်။ ကျန်တစ်ယောက်က နှင်းဆီပန်းလှလှလေးတွေ မြင်တယ်။ ကျွန်မ မြင်ရတာကတော့ သစ်ပင်ရဲ့ အရိပ်မဲမဲတွေပါပဲ။ မိမိတို့ရဲ့ ကိုယ်ပိုင်အမြင်တွေ ပေါ်မူတည်ပြီး ကြည်နူးမှု၊ အေးမြမှုကိုရရှိသလို ၀မ်းနည်းမှု၊ စိုးရိမ်မှုတို့လည်း ဖန်တီးဖြစ်ပေါ် တတ်ပါတယ်။

ဆာမာရိတန်ပုံပြင် (လု ၁၀း၂၉-၃၅)တွင် ဂျေရုဇလင်မှ ဂျေရီခိုသို့သွားသော ခရီးသွားတစ်ယောက်ကို ဓါးပြဖြစ်သူက တိုက်ခိုက်လုယူဖို့ အသင့်တော်ဆုံး လူလို့မြင်တယ်။ ရဟန်းတစ်ပါးကတော့ ပြဿနာပေးမည့်သူ တစ်ဦးအဖြစ် ယူဆသလို လေ၀ီသည်လည်း မိမိနှင့် မသက်ဆိုင်သူဟုပင် ယူဆလေသည်။ ဆာမာရိတန် အမျိုးသားကမူကွဲပြားသော အမြင်ဖြင့် အကူအညီပေးလေသည်။ ထိုသူအားလုံးတို့၏ မတူညီသော အမြင်များသည် သူတို့၏ ကွဲပြားခြားနားသော တုန့်ပြန်လုပ်ဆောင်မှုများကို ဖြစ်စေခဲ့သည်။ သင်သည်လည်း အဘယ်သို့ ထင်မြင်မိသနည်း။ ကောင်းသောအမြင်ဖြင့် အရာရာကို ကြည့်တတ်ရန်၊ အပြုသဘောဆောင်သော အပေါင်းလက္ခဏာ အမြင်များကို မွေးမြူ ပြုစုပျိုးထောင်သင့်ပါသည်။ ကျွန်ုပ်တို့၏ အမြင်များ ပြောင်းလဲလာလျှင် အပြုအမူ အပြောအဆိုများလည်း ပြောင်းလဲလာပေမည်။ ထိုအခါ မိမိတို့၏ ဘ၀သည်လည်း အံ့သြဖွယ် ကောင်းလောက်အောင် ပြောင်းလဲသွားပေမည်။

မိုင်အဲန်နီ (တောင်ကြီး)

Read More...

Monday, October 26, 2009

အသွင်မတူပန်းတိုင်တူ၏


အသွင်မတူပန်းတိုင်တူ၏

လူတို့သည် ရှေးကာလပဝေသဏီကပင် မိမိတို့ထက် တန်ခိုးတိက္ကလက္ခဏာ ကြီးမားသော ပုဂ္ဂိုလ်အားရှာဖွေကာ မိမိတို့၏ ယုံကြည်ကိုးစား အားထားရာအဖြစ် ဆည်းကပ် ကိုးကွယ်အရိုအသေ ပေးခဲ့ကြပါသည်။ မိမိတို့၏ ညာလက်အစွမ်းအစအားဖြင့် တွေးတော၍ မရသေးနိုင်ခဲ့ရသော သဘာဝတရား၏ ဖြစ်စဉ်များဖြစ်သည့် နေပူခြင်း၊ မိုးရွာခြင်း၊ လျှပ်စီးလျှပ်ခြင်း၊ မိုးခြုံးခြင်းတို့ကို ကြောက်ရွံ့ တုန်လှုပ်ခဲ့ကြရသည်။ ၎င်းတို့အားလည်း ထူးဆန်းဖွယ် တန်ခိုးလက္ခဏာရပ်များအဖြစ် အံ့သြခဲ့ကြရသည်။ ထို့ကြောင့်လည်း နေ၊ လ၊ ရေ၊ မြေ၊ တော၊ တောင်အစရှိသည့် သဘာဝတရားများကို ရှိခိုးပူဇော်ပသခြင်းများ ရှိလာခဲ့ရသည်။ ထို့နောက်တွင် လူတို့သည်လည်းကောင်း သဘာဝတရားများကို ပိုင်ဆိုင်စောင့်ရှောက်နေသော တောစောင့် တောင်စောင့်၊ နေနတ်၊ လနတ်စသော နတ်များကို လက်ခံ ယုံကြည်ဆည်းကပ် ပူဇော်ခဲ့ကြပြန်လေသည်။ ဤသို့အားဖြင့် လူတို့သည် မိမိတို့၏ စွမ်းဆောင်နိုင်သမျှ မိမိတို့၏ စိတ်သက်သာရာကို ရစေမည့် တရားနှင့် မိမိတို့အား ကာကွယ်စောင့်ရှောက်ကာ လုံခြုံမှုကို ပေးနိုင်မည့်ပုဂ္ဂိုလ်အား ရှာဖွေခဲ့ရလေခြင်း ဖြစ်ပါတော့သည်။

ယနေ့ကျွန်ုပ်တို့၏ ကမ္ဘာကြီးတွင် လူတို့၏ စိတ်နှလုံးကိုချမ်းသာရာရစေသည့် ဘာသာတရားကြီးများစွာ ပေါ်ထွန်းအမြစ် တွယ်နေရပြီ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ မူဆလင်ဘာသာ၊ ဟိန္ဒူဘာသာ အစရှိသော ဘာသာတရားကြီးတွင် ကမ္ဘာလောကကြီး၏ ကောင်းမှုအကျိုး သူငါကိုးရမည့် ဗြမ္မစိုရ်တရားများကို လက်ကိုင်ထားသည်ကို တွေ့ရပါသည်။ ခေတ်အဆက်ဆက်တွင်လည်း လူတို့၏ စာရိတ္တလူသားတို့ ရပိုင်ခွင်ငြိမ်းချမ်းရေး၊ တရားမျှတရေးစသည့် နယ်ပယ်များ၌ ဤဘာသာတရားများ၏ ထိန်းကျောင်းမှုသည် ပဓာနကျခဲ့သည်ကို မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပေ။

ထိုကြောင့် ကျွန်ုပ်တို့ လက်ခ့ရမည်ကိား ဤဘာသာတရားတိုင်းသည် အလွန်ပင် ကောင်းမြတ်ကြပါသည်။ အပေါ်ယံအယူအဆများ ကွဲပြားကြသော်လည်း အနှစ်သာရ၌မူ ကောင်းမှုတစ်ခုတည်းကိုသာ ဦးတည်နေကြပါသည်။ ဘုရားရှင် ခရစ်တော်တည်ထောင်ခဲ့သော ခရစ်ယာန်ဘာသာသည် ကောင်းမြတ်ပါသည်။ ဗုဒ္ဓဘုရားရှင်တည်ထောင်ခဲ့သော ဗုဒ္ဓဘာသာသည် ကောင်းမြတ်ပါသည်။ ထိုအတူ အခြားသော ဘာသာတရားများသည်လည်း ကောင်းမြတ်ကြပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုဘာသာတရားများကို ယုံကြည် လက်ခံနေကြသူများ အချင်းချင်း ဆည်းကပ်မှုနည်းများ မတူညီကြသော်လည်း အားလုံးမှာမူ လောကီလောကုတ္တရာ အရေးအတွက် ကောင်းရာမွန်ရာ ပြုနေကြခြင်းသာ ဖြစ်ပါသည်။ နောက်ဆုံးသော ပန်းတိုင်မှာ အတူတူဖြစ်ကြသည်ဟု လက်ခံတတ်ရန်သာ လိုအပ်တော့သည်။

လူတို့သည် လောကီရေးရာနှင့် လောကုတ္တရာရေးရာတွင် လောက၌ မိမိခန္ဓာကိုယ်အတွက် ရုန်းကန် ကြိုးစား အသက်ရှင်နေရခြင်း ဖြစ်ပါသည်။ လောကုတ္တရာရေးရာတွင် နောင်တမလွန်၌ မိမိ၏ ၀ိညာဉ်သို့မဟုတ် လိပ်ပြာသည် ချမ်းသာရာဖြစ်သော နိဗ္ဗာန် သို့မဟုတ် ကောင်းကင်နိုင်ငံ၌ စံစားခွင့်ရရန်ဖြစ်ပါသည်။ ထိုကြောင့် ဘာသာတိုင်း၌ ယုံကြည် ဆည်းကပ်သူတိုင်းသည် ဒီလောက၏ ခရီးသွား ဧည့်သည်များပမာ ရှင်သန်နေကြရပါတယ်။

လူတို့သည် ခန္ဓာကိုယ်ရှင်သန်ရန် ထမင်းနှင့်ဟင်းကို နေ့စဉ်စားသုံးနေရပါသည်။ သို့သော် ဒေသတစ်နေရာနှင့် တစ်နေရာ၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုး စားသုံးပုံခြင်း မတူညီကြပါ။ ဥရောပသားများက ဂျုံကိုစားသုံးမည်။ အာရှသားများက ဆန်ကို အများစုစားသုံးပေမည်။ ဆင်းရဲသူက ဆန်ကြမ်းသာ စားနိုင်မည်။ ချမ်းသာသူက ဆန်ကောင်းကို စားနိုင်ပေမည်။ မြစ်ချောင်းနှင့်နီးသူက ငါးဖြင့်စားသလို၊ တောင်ပေါ်နေသူက ပဲကို စားသုံးပေလိမ့်မည်။ မည်သည့်အရာဖြင့် စားသလိုနေပါစေ အဓိကမှာ ခန္ဓာကိုယ်အာဟာရဓါတ်ရရှိက အသက်ရှင် ရန်ပင် ဖြစ်ပါသည်။ ထိုနည်းတူပင် လူတို့သည် မိမိ၏၀ိညာဉ်အာဟာရ အတွက် ဘာသာတရား၏ အဆုံးအမများကို လိုက်နာ ကျင့်သုံးရပေမည်။ ဗုဒ္ဓဘာသာဝင်များ သည် ဗုဒ္ဓဘုရား၏ တရားအတိုင်း ကျင့်ပေမည်။ ခရစ်ယာန်များသည်လည်း ခရစ်တော် ဘုရားရှင်၏ တရားတော်အတိုင်း ကျင့်ရပေလိမ့်မည်။ နောက်ဆုံးတော့ နောင် တမလွန်ဘ၀အတွက် လူတို့သည် နိဗ္ဗာန်ဆု သို့မဟုတ် ကောင်းကင်သုခစံစားနိုင်ရန် ဘာသာတရားများ၏ ကောင်းမြတ်သော တရားဓမ္မအစာများကို မှီဝဲ ဆည်းကပ်စားသုံးနေ ရခြင်းသာ ဖြစ်ပါတော့သည်။

ထို့ကြောင့် ရှေးကဆိုခဲ့သည့်အတိုင်း လူတို့သည် မိမိတို့အပေါ် လွှမ်းမိုးနိုင်သော၊ မိမိတို့ မတက်စွမ်းနိုင်သည့်အရာများကို ဘုန်းတန်ခိုးဖြင့် ဖန်တီးနိုင်သောပုဂ္ဂိုလ်မှာ တပါးတည်းသာဖြစ်ပါသည်။ ထိုသို့ လူတို့ရှာဖွေနေသော ပုဂ္ဂိုလ်ကလည်း လူသားများ၏ အလိုဆန္ဒများကို သဗ္ဗညုတဥာဏ်အားဖြင့် သိရှိနေပေလိမ့်မည်။ ဤသို့ဖြင့် လူတို့သည် ဘာသာတရား အချင်းချင်းအမြင်စောင်း အပြစ်မြင်စရာ မလိုတော့ပေ။ ကိုးကွယ်မှု ဘာသာတရား အချင်းချင်းအပြန် အလှန်နားလည်မှုရှိကာ လေးစားရပေမည်။ ဘာသာတရားတိုင်းမှာ အလွန်ကောင်းပါ၏။ ကျွန်ုပ်တို့တစ်ဦးစီ ကိုယ်၌ကသာ ကောင်းရန် လိုအပ်ပေတော့မည်။ ဤသို့အားဖြင့် မိမိတို့၏ ကိုးကွယ်ဆည်းကပ်ထားရာ ဘာသာတရားများကို လေးစား တန်ဖိုးထားကာ အသွင်မတူကြားမှ အချင်းတူသည့် ပန်းတိုင်ဆီသို့ လျှောက်လှမ်း သွားကြရပေတော့မည်။

ဂျွန်သွီ (မော်လမြိုင်)

Read More...

Thursday, October 22, 2009

သတိပေးခွင့်ပြုပါ


သတိပေးခွင့်ပြုပါ

မှုန်ရီဝိုးတ၀ါး မသေချာမရေရာစွာနဲ့
မိဘတွေကျောခိုင်း ရင်ခွင်သစ်တွေရှာလို့
အတ္တကိုအဖော်ပြု
လောကထဲကို
ခရီးပြုတော့မယ်ဆို သူငယ်ချင်း .....


ရေတွက်မရ၊ ဒါဏ်ရာတွေ ဗလပွနဲ့
ဒုက္ခတွေ လှိုင်းထန်လာရင်
မင်းအနားမှာ ဖေးကူလမ်းပြမယ့်သူ
အဖေ့လိုလူ
လိုက်ရှာတွေ့နိုင်မှာတဲ့လား ....

အပြောကျယ်လှ လူ့ဘ၀ရဲ့မာယာတွေ
လှည့်ဖြားကာ ဟန်ဆောင်သုံးရင်
မင်းအနားမှာ ဖေးကူ နှစ်သိမ့်မယ့်သူ
အမေ့လိုလူ
လိုက်ရှာတွေ့နိုင်မှာတဲ့လား .....

ငယ်တုန်းကဆို

မေ့မရနေ့ များစွာကို
အဖေ့နားမှာ ခိုနား အမေ့ကို အဖော်ပြုလို့
ဒုက္ခတွေဖြေရှင်း သောကတွေ ဖြတ်နင်းပေးခဲ့တာကို
အားလုံးထားရစ် မေ့ပစ်လိုက်တော့မှာ သူငယ်ချင်း

တကယ်လို့များ ထင်တာတွေလွဲမှား
ယုံကြည်တာတွေ ကွဲပြားသွားတဲ့အခါ
မင်းအနားမှာဖေးကူ မင်းချစ်သူတွေလည်း

မရှိတော့တဲ့အခါ လေပွေရဲ့ နောက်သစ်ရွက်ခြောက်လို
လွင့်မသွားနဲ့နော်....

မင်းအတွက်ဆို အချိန်တိုင်းလိုလို
ထာဝရတည်မြဲ မပြောင်းလဲတဲ့ မေတ္တာတွေနဲ့
မင်းအပြန်ခရီးလမ်း လက်ကမ်းကာ ကြိုနေမယ့်
ခွင့်လွှတ်တတ်သူ (အဖေ)
မြတ်နိုးမယ့်သူ (အမေ)
ရှိနေတယ်ဆိုတာ
သတိပေးပါရစေ .. သူငယ်ချင်းရေ ....

ကဗျာရူး

Read More...

Wednesday, October 21, 2009

အချိန်မီပါသေးတယ်

အချိန်မီပါသေးတယ်

လွန်ခဲ့ပြီးသော (၂၀၀၂) ခုနှစ်မှာ ကျွန်တော်ဆိုတဲ့ လူငယ်တစ်ဦးဟာ ငွေဆိုတဲ့ ဂုဏ်ပကာသနကို မက်မောသောကြောင့် ကုမ္မဏီတစ်ခုမှာ ကျောက်တူးဖို့ အလုပ်ဝင်လုပ်တယ်။ သို့သော် အောင်မြင်မှု မရခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ ဒီအလုပ်နဲ့ အားမပေးခဲ့ဘူး။ ကျွန်တော်ဟာ ကက်သလစ် လူငယ် တစ်ဦးဆိုပေမယ့် ဘုရားတရားလည်း မလိုက်စားဘူး လူငယ်ကဏ္ဍမှာလည်း မပါဝင် စိတ်လည်းမ၀င်စားခဲ့ဘူး။ အဓိကတော့ သူငယ်ချင်း ပတ်ဝင်ကျင်နဲ့လည်း ဆိုင်သင့်သလောက်လည်း ဆိုင်တယ်။ မိတ်ဆွေတို့ မိဘတွေအတွက် အားပေးခဲ့ပေမယ့် ကျွန်တော် ကိုယ်တိုင်ကမှ စိတ်မှမ၀င်စားတာ ဘုရားနဲ့ ကျွန်တော် ဟာ အလှမ်းဝေးနေတယ်ဆိုပါတော့ တစ်ခါတစ်လေ အလှူပေးရင်တောင် (ဗီဒီယို) သွားကြည့်လိုက်တယ်။

ကျွန်တော်ဟာ အဲဒီအချိန်တုန်းက ဆေးလိပ်၊ ကွမ်းယာ၊ အရက်မှီဝဲ သုံးစွဲခဲ့ဖူးပါတယ်။ လူငယ်ဆိုတော့ စေလိုရာ စေသဘောပေါ့ လေတိုက်ရာကိုယိုင်ပြီး လတ်သလော အခြေအနေကို မသုံးသပ်ပဲ ပြုချင်ရာကိုပြု ညစ်ညမ်းတဲ့အရာကို သဘောတွေ့ မကောင်းမှု ဒုစရိုက်မှာ ကျင်လည်ကျက်စား နေတဲ့ လောကဓံတရားရဲ့ သားကောင်ပေါ့။ ဘုရားတရားနဲ့ ဆန့်ကျင်ဘက်လည်းပြီး အမှောင်ကမ္ဘာထဲမှာ ကြိတ်မိတ်ပြီး မျက်ကန်း ပမာ အဖြူအမဲ မသဲကွဲပြီး ရင်ဆိုင်နေရမရှာတဲ့ ဘုရားရဲ့ လူတွေဟာ ကိုယ့်ဘ၀ရဲ့ အနာဂတ်ကို မသိရှာပါဘူး။

ကျွန်တော်စာရေးရင်း တစ်ခုထောက်ရှု စဉ်းစားမိတယ်။ မကြာသေးတဲ့ အဖြစ် အပျက်တစ်ခုပေါ့ "ကျွန်တော်တို့ ဘုရားကျောင်းမှာ ပွဲတစ်ခုရှိတဲ့ ညမှာပေါ့။ ပွဲကတော့ ပြီးသွားပြီ ပစ္စည်းတွေ သိမ်းပြီး လူငယ်တွေအပြင်မှာ လက်ဖက်ရည်သွား သောက်တယ်။ သိပ်မကြာခင် ပြန်လာပြီး လူငယ်ရုံးခန်းမှာ အနားယူနေတဲ့အချိန် ဆရာတစ်ယောက်ရဲ့ အော်သံဟာ ကျွန်တော်တို့ရဲ့နားကို လွှမ်းမိုးသွားစေခဲ့တယ်။ ဘာလဲဆိုတော့ "ဟေ့ကောင်တွေ သူခိုး ...သူခိုး တဲ့အော်လိုက်ရော လူငယ်တွေက ချက်ချင်းလက်ငင်းပဲ အုန်း ကနဲထပြီး အကုန်ဝိုင်းဖမ်းပါလေရော။ ကြိုးတုတ်ပြီး ကုလားထိုင်ပေါ်မှာ ထိုင်ခိုင်းပြီး စစ်ဆေးပါလောရော။ ဘယ်ကလဲ၊ ဘယ်သူလဲ၊ မိဘက ဘယ်မှာလဲ၊ အလုပ်အကိုင်က ဘာလဲ စသည်ဖြင့် မေးခွန်းများစွာ မေးတယ်။ သို့သော် အဲဒီစောကရ ငတတ်ပြား က ဘာတစ်ခုမှ ဖြောင့်ချက်မပေးဘူး။ ၀န်မခံတော့ လူငယ်တွေဟာ ကျွဲမြီးတိုသွား တာပေါ့။ လက်သီးနဲ့ထိုးလိုက်၊ ခြေထောက်နဲ့ ဆောင့်ကန်လိုက်၊ သူခိုးခမျာ အလူး အလဲပဲ ရေတောင်းလည်းမပေးဘူး။ တမင်းတောင်းလည်း မကျွေးဘူး။ ဖြေရင်တော့ ကျွေးမယ်ပေါ့။ ဒါပေမယ့် နောက်ဆုံးတော့ ရဲဘော် စစ်ပြေး တစ်ယောက်ဆိုတာတော့ သေချာသွားတယ်။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ သစ်တွေ ခဏခဏ ပျောက်နေတာ သူ့လက်ချက်နေမှာပဲ ဆိုပြီး ပုံအပ်လိုက်တာ မေးစေ့တောင် ပဲ့သွားတာ။ နောက်ဆုံးအဖြစ်တော့ ရဲစခန်းထဲသွားပို့ လိုက်တာပါပဲ။ ဒါကြောင့် ဒီအကြောင်းကို သုံးသပ်ကြည့်မိတာပေါ့။

ကျွန်တော်တို့ လူသားတွေဟာ ကမ္ဘာမြေပြင်မှာ နေစဉ်က မကောင်းမှုတွေ ကျူးလွန်ပြီး သေဆုံးသွား သောအခါ ငရဲပြည်ရောက်ပြီး လူ့လောကမှာနေစဉ်က ခိုးမှုတွေ၊ လိမ်ညာတာတွေဟာ ငရဲမင်းကြီးဆီမှာ အစီအရင်ခံပြီး အထိုးအနှက် အထုအထောင်း ဒယ်အိုးထဲမှာ မွှေနှောက်ခံရမှာတော့ မလွဲဧကန်ပဲ။ ကောင်းမှုလုပ်ရင် ကောင်းကင်ဘုံ ရောက်မယ်။ သို့သော်လည်း "ငါ့ကို အရှင်ဟု ခေါ် သူဟူသမျှသည် ကောင်းကင်နိုင်ငံတော်သို့ ၀င်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်သူသာလျှင် ကောင်းကင်နိုင်ငံတော်သို့ ၀င်ရလိမ့်မည်" ဟု (မာတေဦး-၇း၂၁) မှာ ယေဇူးသခင် မိန့်တော်မူခဲ့တယ်။ မကောင်းမှုကိုပြုသူ ကတော့ ငရဲပြည်ကိုရောက်မှာ သေချာပါတယ်။ ကျွန်တော်ငယ်စဉ် မိဘတွေက ကျွန်တော်ဆိုးလွန်းလို့ နောင်တရရန် အသိပေးခဲ့တယ်။ နောက်တော့လည်း ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ပြီး လူငယ်အစည်းအဝေးတွေတက်၊ ဘုရားဆိုတာ နားလည်လာတယ်။ လူငယ်သင်တန်းပို့ချခြင်းမှာ ဘုန်းကြီးတွေနဲ့ လိုက်ပြီးတော့ ဆက်ကပ်ခြင်းလုပ်တယ်။ အခုတော့လည်း ဘုရားရဲ့ အရိပ်အာဝါသအောက်မှာ အေးချမ်းစွာနဲ့ထမ်းဆောင်တော့မယ့် ဧ၀ံဂေလိတမန်တော် တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပါပြီ။ ဖြစ်အောင်လည်း ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချမိပါတယ်။ ဘုရားသခင်ရဲ့ ခေါ်တော်မူခြင်းခံရရင်လည်း ရွေးကောက်တော်မူခြင်း မခံရရင်တော့ မရနိုင်ပါဘူး။ ဒါကြောင့်လည်း ဆုတောင်းခြင်း ပြုလုပ်ဖို့၊ ကြိုးစားဖို့လိုတယ် မိတ်ဆွေ။

လူငယ်တစ်ဦးနှင့် တစ်ဦး စကား ပြောနေစဉ်မှာလည်း မုသားစကား မသုံးဘဲ၊ ချစ်ခင်ရင်းနှီးစွာ ပြုမူနေထိုင်ဖို့ အကြံပြုပါရစေ။ အဓိကကတော့ သန့်ရှင်းသော အသင်းတော်ရဲ့ လူငယ်တွေဟာ ပိုပြီး အရေးကြီးကြောင်း တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်တည်ထောင် ထားတဲ့အသင်းတော်ဟာ တစ်ခုတည်းသော ကက်သလစ်အသင်းတော် ဖြစ်ပါ တယ်။ တစ်ခါတစ်ရံ လူတွေဟာ ဒုက္ခ ရောက်စဉ်မှာတော့ ဘုရားကို သတိရ တက်ပြီး ပြန်လည်ပြီး အဆင်ပြေသွားရင် ငွေဂုဏ်တွေ ချမ်းသာလာသောအခါ ဘုရားကို မေ့လျော့တတ်သည်။ မမေ့လျော့အောင် အမြဲတမ်း ဦးနှောက်ထဲမှာရော၊ နှုတ်စကားထဲမှာရော၊ စိတ်နှလုံးထဲမှာပါ ကိန်းဝပ် နေစေချင်ပါတယ် ချစ်မိတ်ဆွေတို့။ ပြီးတော့လည်း အခုခေတ်မှာက ခေတ်လူငယ်၊ လူပျို၊ အပျိုတွေ ဘုရားတရားလုပ်လို့ ရှက်တတ်လာကြတယ်။ ခေတ်ရေစီး ကြောင်းမှာမျောပြီးတော့ စိတ်လွှင့်နေကြတယ်။

ဥာဏ်ပညာရှိပြီး လူမှုအစည်းအဝေးမှာ သိပ်ပါဝင်ခြင်း မရှိပေ။ အဓိကတော့ အလှတရားတွေ၊ ဂုဏ်ပကာသနတွေ ယှဉ်ပြိုင်မှုသာ အဓိကပင် ဖြစ်နေပေတော့သည် ဒီလိုမျိုး အပြုအမူတွေဟာ မှတ်သား လောက်ပါပေတယ်။ လောက စည်းစိမ်တွေကို မက်မောပြီး မခွဲနိုင်၊ မခွာနိုင် ဘုရားကို လစ်လျူရှုထားခြင်းဖြစ်သည်။ အလုပ်တစ်ခု လုပ်ရင်လည်း ဘုရားမှဖြစ်မည်။ ဘုရားဆို သည်မှာ အလုံးစုံကို တတ်နိုင်တော်မူသော တစ်ပါးတည်းသော သားတော်ဘုရားပင် ဖြစ်သည်။ စကားပုံတစ်ခုရှိသည်။ "သမား ဆိုအိုမှ၊ မယားဆိုပျိုမှ၊ သကြားဆိုချိုမှ၊ ဆားဆိုညိုမှ၊ တရားဆိုတိုမှ ကောင်းတဲ့ အလုပ်ကို ကောင်းတဲ့စိတ်ထားနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ကြပါတဲ့။" ဒါကြောင့် ပိုင်ရှင်စိတ်ထား၊ စေတနာ စိတ်ထားပြီးတော့ လုပ်ဆောင်ပေးပါ။ လူတွေ တစ်ဦးစီတိုင်းမှာ သိမ်မွေ့သော ကြင်နာမှုများ ရှိသင့်ပါတယ်။ အဖွဲ့အစည်း တိုင်းမှာလည်း အကြံဥာဏ်ရယူခြင်း လုပ်သင့်ပါတယ်။ ပြီးတော့ ကက်သလစ် လူငယ်တွေဟာ ဘုန်းကြီးတွေနှင့်
ဓမ္မဆရာ စသည့် ဘာသာရေးအမှုထမ်းများကို လေးစားသင့်ပါတယ်လို့ ဘာသာသူလူငယ်များနှင့် မိတ်ဆွေတို့ကို ဝေမျှလိုပါသည်။ ပုပ်ရဟန်းမင်းကြီး ဘေနေဒစ်ဆိုခဲ့ဖူးတယ်။ ကမ္ဘာမြေလောကကို အလှဖန်တီးပြီး တိုးတက်အောင် ဆောင်ရွက်ပေးတာဟာလည်း လူငယ်ပါပဲ။ အနာဂတ်ရဲ့ အသီး အပွင့်ဟာလည်း လူငယ်ပါပဲ။ စိတ်ဓာတ် မကျဘဲ တက်တက်ကြွကြွ ပါဝင်လုပ် ဆောင်သင့်ပါတယ်။

သခင်ယေဇူးမပါဘဲ ဘ၀အသက်တာကို လျှောက်လှမ်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ စကားပုံတစ်ခုပြော ပြအုံးမယ်။ "ကျွန်ုပ်တို့ ကက်သလစ် လူငယ်တွေဟာ ကြိုးစားရင် ဘုရားမဖြစ် နိုင်ပေမယ့် ရဟန္တာတော့ ဖြစ်နိုင်တယ်တဲ့။ ပြီးတော့လည်း သင်တို့လူသားတွေအတွက် ကောင်းကင်နိုင်ငံရောက်ရင် ကောင်းကင် တံခါးဝမှာ စာသားတစ်ခု တွေ့ရလိမ့်မည်။ သင်ကြားဖူးလည်း ကြားဖူးမှာပါ။ အချစ် မရှိမ၀င်ရတဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကတော့ ချစ်ခြင်းတရားရှိသော အရာခပ်သိမ်း ဟူသမျှကို မိမိကိုယ်နဲ့အမျှ ချစ်တတ်မှ ၀င်ခွင့်ပေးခြင်းဖြစ်သည်။ ငရဲတံခါးဝတွင် လည်း "အပြစ်မရှိ မ၀င်ရတဲ့" ပြောချင်တဲ့ အဓိပ္ပာယ်ကတော့ အပြစ်ရှိသူကိုသာ လက်ခံတယ်ဆိုလိုတာပါပဲ။ ကမ္ဘာလောက သားတွေဟာ အပြစ်တွေကို ကျူးလွန်နေပါတယ်။

ထို့ကြောင့်မို့လည်း သေဆုံးလျှင် ငရဲသို့တိုက်ရိုက်သွားခြင်း ဖြစ်သည်။ သူများမယား၊ သမီးပျိုတွေကို စိတ်နဲ့ တောင်မပြစ်မှားပါနဲ့ မိတ်ဆွေ။ အသင်းတော်မှာ ဥပဒေပုဒ်မ မရှိပါဘူး။ အပြစ်ရှိရင်ငရဲ၊ မရှိရင်ေ ကာင်းကင်ဘုံ ဒါပါပဲ မိတ်ဆွေတို့။ တစ်နာရီလောက်သာ စဉ်းစားကြည့်ပါ။ မိတ်ဆွေ နားလည်လာပါ လိမ့်မယ်။ မမှားဘူးတဲ့ လူဆိုတာ မရှိပါဘူး။ သို့သော် အပြစ်ငယ်လည်း များလာလျှင် အပြစ်ကြီးနှင့်ညီမျှပါတယ်။ သင်တို့ လုပ်သမျှကို ဘုရားသခင်သိတော်မူခြင်း ဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ ဘာသာတူ လူငယ်မောင်မယ်များ သိုးကောင်းထဲတွင် မပါဝင်သေးသော သိုးကလေးများ၊ ဘုရားရှင်ရဲ့ အလင်းတော်ကို ရရှိဖို့ တစ်နေ့တာကို အလာဟသ မဖြစ်စေဘဲ ဘုရားရှင်ရှေ့မှောက်မှာ မမေ့မလျော့ဘဲ စိတ်ငြိမ်စွာ ဆုတောင်းရင်း သင်၏ ဘ၀အသက်တာကို ဆက်ကပ်ပုံအပ်ကြ ပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။


သောမတ်(စ်) ခါးလီ(မြစ်ကြီးနား)

Read More...

Saturday, October 17, 2009

Let's Forgive

Let's Forgive


[youtube http://www.youtube.com/watch?v=yW759z7HsTw&hl=en&fs=1&]

Read More...

တည်နေမည့်မိဘကျေးဇူး


တည်နေမည့်မိဘကျေးဇူး

လူတိုင်း လူတိုင်းသည် မိဘအဖြစ် မရောက်ကြသေးပေမယ့် မဖြစ်ကြပေမယ့် သားသမီးဘ၀ နေရာမှာတော့ နေဖူးကြတာ ချည်းပါ။ နေနေကြတာ ချည်းပါ။ မိဘတို့ရဲ့ သားသမီးအပေါ်ယုယ ပိုက်ထွေးနွေးမှုတွေ၊ ကြင်နာ မေတ္တာထားမှုတွေဟာ အတိုင်းလွန်သည် မရှိပါ။ အတိုင်းဆ မရှိသော နွေးထွေးမှုတွေ အစဉ်သာ ပေးနေလျက်ပါ။ မိဘများရဲ့ ဦးခေါင်းထဲမှာ သားသမီးတွေ အတွက်သာ အမြဲ ပထမ ထည့်သွင်းဦးစား ပေးသည်။ မိဘများရဲ့ နှလုံးသားဆိုတာ သားသမီးတွေ အပေါ် အမြဲတမ်း အေးမြ ကြည်လင်ပြီး ခွင့်လွှတ်သည်။ သားသမီး တွေဘယ်လောက် ဘယ်လိုဆိုးဆိုး၊ မိုက်မိုက်ကြံဖန်ပြီး ခွင့်လွတ်သည်းခံသည်။ စိတ်ရှည်ရှည်ထားသည်။ ကမ္ဘာပေါ်မှာ ရှိတဲ့ ကွန်ပျူတာတွေ ပျက်စီးသွားပါစေ။ မိဘရဲ့ သားသမီးတွေအပေါ်မှာ အကင်းမဲ့ ထားရှိသော အနန္တအချစ်ဟာ ဘယ်လောက်အခါမှ ပျက်စီးသွားမည် မဟုတ်ပါ။ အင်တာနက်တွေ ပျောက်ကွယ်ရင် ပျောက်ကွယ်သွားပါစေ။ မိဘတွေရဲ့ သံယောဇဉ်ဟာ မိဘရဲ့ သံယောဇဉ်ဟာ ပျောက်ကွယ်သွားမည် မဟုတ်ပါ။ ပင်လယ် သမုဒ္ဒရာတွေ ခန့်ခြောက်သွားသော်လည်း သားသမီးအပေါ် ထားရှိတဲ့ မိဘမေတ္တာသည် ကောင်းကင်တစ်ခြမ်းနှင့် ညီပါသည်။ ကမ္ဘာ့ဝင်ရိုးစွန်း အဆုံးထိတိုင် လိုက်ရှာ ကြည့်ပါ မိဘရဲ့ အချစ်နဲ့တူတဲ့ အချစ်သည်ရှာ၍ တွေ့နိုင်မည်မဟုတ်ပါ။ မိဘရဲ့ ကျေးဇူးတရား ကြီးမားမှုတွေကို သားသမီးတိုင်းက သိတတ်ကြမယ်ဆိုရင် ဦးခေါင်းပေါ်တင်ပြီးတောင် တစ်ဘက်လုံး ပြုစုထားဖို့ကောင်း ပါတယ်။ မိဘမေတ္တာဆိုတာ နှိုင်းလို့မရပါ။ နှိုင်းစရာလည်း ဤကမ္ဘာလောကမှာ မရှိပါ။ ဆပ်လို့မကုန်နိုင်ပါဘူး။ အချို့ မွေးကင်းစအရွယ် တိရစ္ဆာန်ကလေးတွေဟာ သူတို့ရဲ့ မိဘတွေကို လုံးဝမပြင် ဖူးကြဘူး။ ငါးတွေဆိုရင် သူတို့ရဲ့ ဥတွေကို ရေအောက်မှာ ဥရုံဥ ပြစ်ထားခဲ့ကြတယ်။ ကျွန်ုပ်တို့တွေဟာ မိဘတွေက ပြုစုခဲ့လို့ အသက်ရှင်ရတာပါ။ မိဘတွေကသာ မပြုစု မစောင့်ရှောက်ခဲ့ရင် မွေးပြီးကတည်းက သေသွားကြမှာပါ။ မိဘတို့သည် သားသမီးအတွက်ဆိုရင် အရာရာကို စွန့်လွတ်စွန့်စားရဲကြသည်။ အသက် အသေခံရဲတယ်။ သားသမီးတွေကို အင်မတန်ချစ်တယ်။ ညဘက်တွင် သားသမီး အိပ်ပျော်နေသော်လည်း မအိပ်နိုင်ကြသေး အနီးတွင် ထိုင်ကာ သားသမီးမျက်နှာလေးကို ကြည့်ရင်း ရင်ခွင်ပိုက်ပြုစုခဲ့တာ သားသမီး လူ့ပြည် ရောက်လာသည့်နေ့မှ ယနေ့ထိ မြင်တွေ့ ခံစားနေရဆဲပါ။ ထိုအကြောင်းများကို သားသမီးတိုင်း တွေးတောကာ မေတ္တာဘာဝနာ ပွားသင့်သည်။ မိဘတွေဟာ သားသမီးတွေအတွက် နေပူမရှောင် မိုးရွာမရှောင် ရှာဖွေခဲ့ကြ တယ်။ နဖူးကချွေး ခြေမကျအောင် အပင်ပန်းခံခဲ့ရတာတွေ နေ့မရှောင် ညမရှောင် ဘယ်ဘေး၊ ဘယ်အန္တရယ်မှ မမှုဘဲသား သမီးအတွက်ဆိုတဲ့ မေတ္တာစိတ်ကြောင့် ရှေ့တိုးရင်ဆိုင်ခဲ့ကြတယ်။ လူသာ ပင်ပန်း ခဲ့ကြသော်လည်း စိတ်မပင်န်းကြပါဘူး။ သားသမီးတိုင်း စာနာနားလည်ပြီး ကိုယ်တိုင် မိဘနေရာမှာ ၀င်ရောက်ခံစား ပေးသင့်ပါတယ်။ မိဘတွေဟာ သူတို့ ရှာဖွေစု ဆောင်းထားသော ပစ္စည်းဥစ္စာတွေကို ဒီဘ၀ဆုံး၍ နိဂုံးချုပ်သွားတဲ့အခါ အားလုံး ထားပစ်ခဲ့ရမယ်ဆိုတာ လူတိုင်း သိကြပါတယ်။ မိဘတိုင်းသိကြပါတယ်။ ဒါပေမဲ့ သားသမီးတွေအဖို့သာ ရှာဖွယ်နေကြတယ် ဆိုသည့်အပြင် တစ်ခြားဘာမှ ပြောစရာ မရှိပါ။ မိဘတွေဟာ သားသမီးတွေအပေါ်မှာ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မျှော်လင့်ချက်တွေ ထားကြပါတယ်။ သားသမီးတွေကို ကောင်းစေချင်၊ ဖြစ်စေချင်၊ မြင်စေချင်တဲ့ အတိုင်းကောင်းရင်၊ ဖြစ်ရင်၊ မြင်ရရင် အလွန် ၀မ်းသာတတ်ကြပါတယ်။ မိဘတိုင်းဟာ သားသမီးတွေ သူတို့ရဲ့စကား၊ ဆုံးမ စကားတွေကို သေသေချာချာ နားထောင်၍ ရင်ထဲအသည်းထဲ ထိန်းသိမ်း ထားစေချင်တယ်။ ဒါပေမဲ့ အခုခေတ်မှာ များသော အားဖြင့် သားသမီးတွေဟာ မိဘစကားကို တန်ဖိုးထား ရင်ထဲအသည်းထဲ သိမ်းထားကြတဲ့ သူတွေ တော်တော်နည်းလာတယ်။ "အဖေကလည်းကွာ၊ အမေကလည်းကွာ" စသည့်အားဖြင့် ခံပြောကြတာ များလာတယ်။ တစ်ချို့ဆိုရင် မိဘကတောင် ဘာမှ မပြောရသေးခင် "အဖေတို့ အမေတို့ရဲ့ ရာစုဟောင်းတွေ ကုန်သွားပြီ" စသည် အားဖြင့် အသုံးအနှုန်း အမျိုးမျိုးနဲ့ ပြန်ပြော တတ်ကြတယ်။ သားသမီးတွေဟာ ဘာဖြစ်လို့များ မိဘရဲ့ စကားကို ကက်လန်ကက် ဆန်ပြန်ပြောတတ်ကြတာလဲ ရုပ်ဆိုးတဲ့ အမူအယာတွေ လုပ်ပြီး ဘာလို့ တုန့်ပြန်ကြတာလဲ၊ ထိုသူတို့သည် မိဘတွေရဲ့ မေတ္တာကို မသိကြလို့ မိဘမေတ္တာကို မခံစားတတ်လို့ ပြောနိုင်ကြတာပါ။ မိဘတွေရဲ့ မျှော်လင့်ချက်ကို မသိနားမလည်ကြလို့ပါ။ မိဘကို တကယ်စိတ်ချမ်းသာ စေလိုတဲ့ သားသမီးလိမ္မာတွေဟာ မိဘရဲ့ မျှော်လင့်ချက်တွေ၊ လိုအပ်မှုတွေကို ဖြည့်ဆည်းပေးကြပါတယ်။ သားသမီးရဲ့ မေတ္တာကို မိဘတိုင်းက မျှော်လင့်ကြပါတယ်။ အသက်အရွယ် ကြီးရင့်လို့ အိုမင်းမစွမ်းဖြစ်လာရင် သားသမီးတွေက ပြန်ပြုစု စောင့်ရှောက်ကြလိမ့်မယ်ဆိုတာ မိဘတွေရဲ့ ပထမ မျှော်လင့်ချက်ပါ။ မိဘတွေရဲ့ ဒီမျှော်လင့်ချက်ကို သားသမီးတိုင်းက ပိုပြီး အလေးထားသင့်တယ်။ ဖြည့်ဆည်း ပေးသင့်ပါတယ်။ သားသမီးတိုင်းရဲ့ တာဝန်ဝတ္တရားတွေပါ။ တစ်ချို့သော သားသမီးတွေဟာ မိဘကျေးဇူးတွေကို သိကြပါတယ်။ ဆပ်လို့ မကုန်နိုင်မှန်းသိကြပါတယ်။ ဒါပေမယ့် မဆပ်တတ်ကြပါဘူး။ ဘယ်လိုဆပ်ရမလဲ ဆိုတာလည်း မသိကြပါဘူး။ တကယ်ဆိုရင် အဓိက ကတော့ မိဘတွေရဲ့ ကျေးဇူးကို မဆပ်သေးရင် တောင်နေပါ။ ကျေးဇူးတော့ သိတတ်ဖို့ ကောင်းပါတယ်။ တကယ်လို့ ကျေးဇူး မသိတတ်သေးရင်တောင် ကျေးဇူး မကန်းမိဖို့ အရေးကြီးပါတယ်။ မိဘတိုင်း ဒုက္ခမရောက်စေကြဖို့ သားသမီးတိုင်းက သိတတ် နားလည်ကြရမယ်။ သားသမီးတွေ မလိမ္မာရင် မိဘတွေဒုက္ခနှင့် မကင်းတတ် ကြပါ။ မိဘတွေအတွက် ရင်ကျူး ရင်နာစရာ သိပ်ကောင်းတယ်။ သားသမီးများကို မိဘနှစ်ပါးထဲက ၀မ်းဝခါးလှအောင် လုပ်ကျွေးဖို့က ၀န်လေး တတ်ကြတယ်။ ကုန်ကုန်ပြောမယ်ဆိုရင် ရေတစ်ခွက်တောင် မခတ် မတိုက်ချင်ကြတဲ့ သားသမီးတွေ များလာတယ်။ ထမင်းတစ်လုတ်တောင် ကျေးဇူးမဆပ်ချင်တဲ့ သားသမီးတွေများ လာတယ်။ မိဘတွေ သားသမီးတို့ကို ကျွေးမွေးခဲ့တဲ့ ထမင်းဟာ တစ်နပ်လည်း မကပါ။ တစ်ရက်လည်း မကပါ။ တစ်နှစ်လဲ မကပါ။ ဒါတွေကို ပြန်ပြန် သတိရသင့်တယ်။ မိဘတို့ရဲ့ မျှော်လင့်ခြင်းနှင့် သားသမီးတို့ရဲ့ ပြန်လည် သိတတ်ကျေးဇူး ပေးဆပ်ခြင်း၊ ကိုက်ညီသွားမည်ဆိုရင် လောကမှာ ချမ်းမြေ့သာယာလာမှာပါ။ "သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည် အကြောင်း သင်၏ မိဘကို ရိုသေစွာပြုစုလော့" (ထွက်မြောက် ၂၀း၁၂)။ "ထိုသူတို့သည် မိမိတို့၏ မိဘများကို ဘုရားသခင်ကဲ့သို့ မှတ်ယူ၍ အစေခံလိမ့်မည်။ သင့်ဖခင်အား သူအိုမင်းသောအခါ၌ ကြည့်ရှု စောင့်ရှောက်လော့။ သူနေရာသမျှ ကာလပတ်လုံး စိတ်မဆင်းရဲစေနှင့်။ သူ့ကို မထိလေးစား မပြုလေနှင့်" မိမိ၏ ဖခင်ကို မပြုစုဘဲ ပစ်ထားသူသည် ဘုရားသခင်ကို ထိခိုက် စော်ကားသော သူနှင့်တူ၏။ မိမိ၏ မိခင်ကို ရိုသေ ကိုင်းရှိုင်းမှုပြုသော သူသည်များစွာသော စည်းစိမ်းဥစ္စာကို စုဆောင်းရာ ရောက်၏။ မိမိ၏ မိခင်ကို လေးစားဂုဏ်ပြုသော သူသည် ဘုရားသခင်ကို နာခံသော သူဖြစ်၏။ မိမိ၏ မိခင်ကို အမျက်ထွက်စေသော သူသည် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံရမည်" (နီတိဒေသနာ ၃း၁-၁၆)။ ကမ္ဘာ့မြေမျက်နှာ ရှစ်မျက်နှာတွင် ရှိရှိသမျှ ကမ္ဘာ့လူသားတို့ မိဘကျေးဇူးသတိရစို့၊ မိဘတို့အား ရိုသေပြုစုစို့၊ မင်္ဂလာခံယူကြပါစို့....။ မိဘတို့ အားလုံးသက်တော် ရာကျော်ရှည်ပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ။ လိုရာဆန္ဒ ပြည့်ဝပါစေ။ ၀ိညာဉ် ကာယနှစ်ဖြာသော ကျေးဇူးများ ခံစားရရှိပါစေ။ ဘုရားသခင်သည် အစဉ်ကွယ်ကာ စောင့်ရှောက်၍ အဖြာဖြာသော လိုရာကောင်းချီး ရရှိခံစားစေကြောင်း မိဘတို့အား ချီးမွမ်းဂုဏ်ပြုလျက်-

ဥယျောဂျာလ (မိုးကောင်း) အုတ်လှ

Read More...

Friday, October 16, 2009

အသပြာနှင့်ဂုဏ်သိက္ခာ

အသပြာနှင့်ဂုဏ်သိက္ခာ

ကမ္ဘာလူသားတွေ သူ့အကြောင်း ငါပြော။ ငါအကြောင်း သူပြောနှင့် အကြောင်းအမျိုးမျိုး ပြောနေကြသည်။ ထိုသို့ ပြောနေကြသော ပြောစကားထဲ၌ တစ်ဦးကတစ်ဦးကို အသိအမှတ်ပြုချီးမွမ်း စကားများပါရှိ သကဲ့သို့ အပြစ်မြင် အပြစ်တင်ပြီး ဂုဏ်သိက္ခာကျအောင် ဝေဖန်ပြောသော စကားတွေလည်း ပါရှိပါသည်။ တစ်ယောက်နှင့်တစ်ယောက် ဂုဏ်သိက္ခာ ကျအောင်ပြောသည့် စကားများကြောင့် မိမိ၏ ဂုဏ်သိက္ခာတွေ ကျကောင်းကျ နိုင်ပါသည်။ သို့သော်မိမိ၏ ဂုဏ်သိက္ခာကို တစ်ပါးသူ ချ၍ ကျသည်ထက် မိမိကိုယ်တိုင်ချ၍ ကျသည်က ပိုဆိုးပါသည်။ တစ်ပါးသူမှ မိမိ၏ ဂုဏ်သိက္ခာချ၍ မိမ၏ဂုဏ် သိက္ခာကျချင်မှ ကျမည်။
မိမိ၏ဂုဏ်သိက္ခာကို မိမိချလျှင်တော့ မိမိဂုဏ်သိက္ခာမရှိတော့မည်မှာ အမှန်ပင်ဖြစ်သည်။ မည်သူ မဆို မိမိကိုယ်ကို လေးစားတန်ဖိုး ထားကြရမည်။ မိမိ၏ တန်ဖိုးသိက္ခာကို ရှိလာအောင် ပြုလုပ်သူမှာ မိမိပင် အဓိက ဖြစ်သကဲ့သို့ ကျဆင်းအောင် ပြုလုပ်နိုင်သူမှာလည်း မိမိပင်ဖြစ်သည်။ ထို့ကြောင့် မိမိ၏ တန်ဖိုးဂုဏ် သိက္ခာကို မိမိကပင် ထိန်းသိမ်းရမည်။ မိမိ၏ကောင်းသော ကိုယ်ကျင့်တရား၊ ကောင်းသောစာရိတ္တနှင့် ထိန်းသိမ်းရမည်။ မည်သူတစ်ဦး တစ်ယောက်ကမျှ လာရောက် မပြုလုပ်ပေးနိုင်ပေ။ အထူးသဖြင့် မြင့်မြတ်သော မိန်းကလေးတို့သည် မိန်းကလေးတို့ ရှိသင့်ရှိထိုက်သော တန်ဖိုး ဣနြေ္ဒသိက္ခာ၊ ကိုယ်ကျင့်တရားကို လေးစား တန်ဖိုးထား ထိန်းသိမ်းကြသည်။ မြန်မာနိုင်ငံမှ အမျိုးသမီးများဆိုလျှင် ကိုယ်ကျင့် တရားကောင်မွန်ကြသည်။ ဣနြေ္ဒသိက္ခာ ရှိကြသည်။ ထို့ကြောင့် မြန်မာ အမျိုးသမီးများအတွက် "မိန်းမဣနြေ္ဒရွှေပေးလို့မရ" မြန်မာအမျိုးသမီးတို့၏ ဣနြေ္ဒသိက္ခာ၊ ကိုယ်ကျင့်တရားတန်ဖိုး မြင့်မားခြင်းကို ချီးကျူးပြောဆိုထားခြင်းဖြစ်သည်။ မှန်ပါသည်။ မြန်မာအမျိုးသမီးတို့သည် ကိုယ်ကျင့်တရား ကောင်းမွန်ကြသည်။ မိန်းကလေးတို့၏ ဣနြေ္ဒသိက္ခာရှိကြသည်။ ထို့ကြောင့်လည်း ထိုသို့သော ဆိုရိုးစကား ဖြစ်လာရခြင်းဖြစ်သည်။ သို့သော် တစ်ချို့ တစ်ချို့သော အမျိုးသမီးတို့သည် မိမိ၏ကိုယ်ကျင့်တရား ပျက်ပြားခြင်း၊ မိမိ၏ ဂုဏ်သိက္ခာမရှိအောင် ကိုယ်တိုင်ပြုလုပ်ခြင်း၊ ဣနြေ္ဒသိက္ခာ မရှိခြင်းကြောင့် မိန်းမတို့ ဣနြေ္ဒရွံ့ပိတ်လို့ဟူ၍ ပြောစကားတွေ ဖြစ်လာသည်။ မိမိ၏ ကိုယ်ကျင့်တရား၊ ဣနြေ္ဒဂုဏ်သိက္ခာကို မထိန်းသိမ်းခြင်းကြောင့် ဖြစ်သည်။ မရှိသင့်သော စိတ်ထား များရှိနေခြင်း၊ ရှိသင့်သော စိတ်ထားများ မရှိခြင်းတို့ကြောင့် ဖြစ်သည်။ ဆရာတစ်ဦး ၏ စကားလေးတစ်ခွန်းကို သတိရမိသည်။ "ယောင်္ကျားတို့သည် ချမ်းသာကြွယ်ဝလွန်းသောအခါ ပျက်စီးဖို့ရန် လွယ်ကူပြီး မိန်းကလေးတို့သည် ဆင်းရဲလွန်းသောအခါ ပျက်စီးဖို့ရန်လွယ်ကူသည်" မှန်ပေသည်။ မိမိ၏ဆင်းရဲခြင်းကို မဟုတ်မမှန်သော နည်းလမ်းနှင့် ဖြေရှင်းကြသည်။ တစ်ပါးသူများကဲ့သို့ နေချင်၊ စားချင်၊ ချမ်းသာချင်၍ မိမိ၏ ကိုယ်ကျင့်သိက္ခာကို ဖောက်ဖျတ်ကြသည်။ ကိုယ်ကျင့်သိက္ခာ အသာထားငွေ အသပြာရှိဖို့က အဓိကဆိုသည့် မရှိသင့်သော စိတ်ထားမျိုးကြောင့်ဖြစ်သည်။ မိန်းကလေးတို့သည် မိမိ၏ ကာယအလှနှင့်အတူ ကိုယ်ကျင့်သိက္ခာ အလှတရားနှင့်လည်း ၀တ်ဆင်ထားမှ လှပပြီး ဂုဏ်သိက္ခာကြီးမားသူဖြစ်မည်။ ကိုယ်ကျင့်သိက္ခာ ပျက်ပြားနေပါက မိမိ၏ ကာယအလှကို ငွေအသပြာကသာ ၀ယ်ယူ သွားပါလိမ့်မည်။ မည်သို့ပင် လှပချောမော ချမ်းသာနေပါစေ မည်သူမှ လေးစားတန်ဖိုး ထားကြလိမ့်မည် မဟုတ်ပေ။ မိမိ၏ ဂုဏ်သိက္ခာ မိမိ၏ တန်ဖိုးကို မိမိချနေခြင်း ဖြစ်သည်။ မိန်းကလေးတို့၏ ကိုယ်ကျင့်တရား၊ ဣနြေ္ဒသိက္ခာသည် အလွန်တန်ဖိုး ကြီးမားသည်။ မိန်းကလေးတစ်ယောက်၏ တန်ဖိုးလည်းဖြစ်သည်။ ထို့ကြောင့် မိမိ၏ တန်ဖိုးကို မိမိကပင် ထိန်းသိမ်းရမည်။ မိမိ၏ တန်းဖိုး ဂုဏ်သိက္ခာရှိအောင် ပြုလုပ်သူမှာ မိမိပင်ဖြစ်သကဲ့သို့ ကျဆင်း အောင် ပြုလုပ်သူမှာလည်း မိမိပင်ဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏ တန်ဖိုးဂုဏ်သိက္ခာ ရှိစေဖို့၊ ငွေအသပြာနှင့် ဂုဏ်သိက္ခာကို မလဲမိစေဖို့ လိုအပ်ပေသည်။

စောဆန်းဒေး (ပုသိမ်)

Read More...

Wednesday, October 7, 2009

ဖော်ရွေစွာပြောဆိုမှုရဲ့အာနိသင်


ဖော်ရွေစွာပြောဆိုမှုရဲ့အာနိသင်


ကျွန်မတို့ လူသားတွေဟာ ပေါင်းသင်းဆက်ဆံမှုနဲ့ မကင်းလွတ်ကြပါ။ ပတ်ဝန်ကျင် အသိုင်းအ၀ိုင်းနဲ့ နေကြသူများပင် ဖြစ်ပါတယ်။ မိသားစုအသိုင်း အ၀ိုင်း၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေ၊ မိမိနဲ့ နီးစပ်သူတွေ နဲ့ ထိတွေ့ဆက်ဆံကြရပါတယ်။ လူတစ်ဦး အမှုတစ်ရာဆိုသလို လူသားတိုင်းမှာ ခံစားမှု တစ်ခုခုတော့ ရှိစမြဲပင် သောကတွေနဲ့ ရင်မဆိုင်ရတဲ့ သူဆိုတာမရှိပါ။ မိမိလည်း သောကတွေနဲ့ တွေ့ကြုံခံစားရသလို တစ်ခြားသူတွေလည်း သောကတွေနဲ့ ရင်ဆိုင်နေကြရမှာ ဖြစ်တယ်။ သောကတွေ ခံစားရသူတွေ အချင်းချင်း ဖော်ရွေစွာ အားပေးဆက်ဆံတတ်ဖို့ အလွန်ပင် အရေးကြီးလှပါတယ်။ တစ်ယောက်ရဲ့ သောကကို တစ်ယောက်က အားပေးမှု၊ နှစ်သိမ့်ပေးမှုကြောင့် ပြေပျောက်သွားမှာ အမှန်ပင်။

ကျွန်မတို့ဟာ လူသားတွေပီပီ မိမိ မကျေနပ်မှုတွေကိုပဲ သတိရတတ်ကြပါတယ်။ မကျေနပ်မှုတွေ ပြန်စဉ်းစားတိုင်း သောကပွားကြရမှာ ဖြစ်တယ်။ ဒါကြောင့် မိမိတွေ့ကြုံရတဲ့ အကျေန်မှုတွေထဲမှာ မနေဘဲ ရုန်းကန်ထွက်လိုက်ပါ။ မိမိလို သောကတွေနဲ့ တွေ့ကြုံရမဲ့ သူတွေအများကြီး ရှိကြောင်းကို သတိရပါ။ မိမိနဲ့ နီးစပ်သူတွေရဲ့ ဘ၀ကို စာနာကြည့်ပါ။ ဥပမာ ပန်းသည်လေးတွေ သူတို့ကို စကားစမြည် ပြောဖူးပါသလား။ တနေ့ရောင်းရင် ဘယ်လောက်မြတ်သလဲ။ မိသားစုအတွက်ကော လုံလောက်ရဲ့လား။ တစ်နေ့နေ့သွားရတဲ့ ခရီးက မနည်းဘူး။ သူတို့နဲ့ စကားစမြည် ပြောခြင်းဖြင့် သူတို့တွေ့ကြုံရတဲ့ သောကတွေ ပြေပျောက်စေနိုင်ပါတယ်။ မိမိကို စာနာတဲ့သူ ရှိပါသေးတယ်။ အာငယ်စရာ မရှိဘူးလို့ တွေးမိကြမှာ အမှန်ပင် စာပို့ကဲ့ ပိုးစမင်း၊ ဖိနပ်ချုပ်တဲ့ လူကြီး၊ တောင်းစားတဲ့ သူတွေနဲ့ စကားပြောဖူးပါသလား။ သူတို့လည်း လူသားဖြစ်ကာကြောင့် သောကတွေနဲ့ ရင်ဆိုင်ကြရမှာဖြစ်တယ်။ ဒီလို အညတရလူတွေရဲ့ ပြောပြတဲ့စကားတွေကို ဖော်ရွေစွာ နားထောင်ပေးလျှင် သူတို့တွေဟာ အလွန်ပျော်ရွှင်ကြမှာ ဖြစ်တယ်။ သူတို့မှာလည်း အတွေးတွေ ၊ အကြံလေးတွေ၊ မျှော်လင့်ချက်တွေ၊ ရည်ရွယ်ချက်တွေ ရှိမှာဖြစ်တယ်။ သူတို့ကလည်း အခြားသူတွေကို မိမိတို့ရဲ့ အကြောင်းကို ပြောပြချင်မှာပင် မိမိက သူတို့ပြောပြတာကို ဖော်ရွေစွာ နားထောင်စိတ်ဝင်စားပါက သူတို့မှာ အလွန်အမင် ကျေနပ် ၀မ်းမြောက်ကြမှာ ဖြစ်တယ်။ ဒီလို ကရုတစိုက် ဖော်ရွေစွာ ပြုမူခြင်းက မိမိအတွက် ၀န်မလေးပေမယ့် သူတို့အတွက်တော့ မွန်မြတ်တဲ ကရုဏာကြီး တစ်ခုလိုပင် လောကမှာ နေ့စဉ် မိမိတတ်အားသမျှ ကူညီစောင်မမှုလေးတွေ ပြုလုပ်သင့်ပါတယ်။ ကောင်းကျိုးကောင်းရာမှာ ကြီးကြီး ကျယ်ကျယ်ဘောင်မှ တောင်းတယ်လို့ မထင်မှတ်ပါနဲ့ အသေးအဖွဲလေးကို ဆောင်ရွက်ပေးပေမယ့် အကျိုးဆောင်ခြင်း ခံရသူအဖို့ စိတ်ချမ်းသားမှုရမှာဖြစ်တယ်။ လူသားအချင်းချင်း ဆက်ဆံရာမှာ ဖော်ရွေစွာ ပြောဆိုမှုလည်း အရေးပါလှပါတယ်။ ဘယ်သူမဆို ကြမ်းတမ်းတဲ့ စကားကို မကြားချင်ကြပါ။ လူသားတွေ မပြောနဲ့ တိရစ္ဆာန်လေးများပင် ကြမ်းတမ်းစွာ ပြောဆိုတာကို မကြိုက်ကြပါ။ ဒါကြောင့် ဒုက္ခရောက်နေသူကို မိမိက မကူညီနိုင်ပေမယ့် ဖော်ရွေစွာပြောဆို ဆက်ဆံအား ပေးမှုကြောင့် တပတ်သတ်လူကို နှစ်သိမ့်မှု ပေးနိုင်မှာ ဖြစ်တယ်။ ကြီးကြီးမားမား မလုပ်ဆောင်နိုင်ပေမယ့် ဒုက္ခရောက်နေသူရဲ့ ခံစားမှု ပြေပျောက်အောင် ပြောဆိုမှုက အရေးကြီးလှပါတယ်။ ဆေးရုံတတ်တဲ့ လူနာနဲ့ မိသားစုတွေဟာ အလွန်ပဲ စိတ်ဆင်းရဲရမှာ အမှန်ပင်။ ငွေကုန်ကြေး ကျများတာရယ်၊ စိတ်ဆင်းရဲမှုတွေနဲ့ တွေ့ကြုံရမှာ ဖြစ်တယ်။ အဲဒီလူနာဆီသွားပြီး အားပေး စကားပြောခြင်း၊ ဆုတောင်းမေတ္တာပို့ပေိးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သူတို့ဆီမှာ ၀မ်းသာပျော်ရွှင်မှုကို ခံစားကြရမှာ ဖြစ်တယ်။ ဒီလိုဖော်ရွေစွာ ပြောဆိုမှုတွေ ကြောင့် လူတဖတ်သား ပျော်ရွှင်မယ်ဆိုရင် မိမိနဲ့တွေ့ကြုံရတဲ့ လူသားတွေကို ဖော်ရွေစွာ ပြောဆိုမှုက အလွန်ပင် အရေးကြီး လှပါတယ်။ လောကကြီးမှာ ဒုက္ခအမျိုးမျိုး စိတ်သောက အမျိုးမျိုးနဲ့ ရင်ဆိုင်နေကြ ရတဲ့ သူတွေ အများကြီး ရှိကြပါတယ်။ လောကကြီးပိုမို ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်ဖို့ ဘုရားရှင်တလွဲ၍ ဘယ်သူမှ မတတ်နိုင်ပါ။ ဒါပေမယ့် မိမိအသက်ရှင်နေထိုင်စဉ် ကာလလေး အတွင်းမှာ မိမိနဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့ လူသားအချင်းချင်းပေါ် စာနာစိတ်ထားပြီး ဖော်ရွေစွာ ပြုမှုဆက်ဆံမယ်ဆိုရင် မိမိလည်း ပျော်ရွှင်ရသလို တစ်ပါးသူလည်း ပျော်ရွှင်ရမှာ အမှန်ပင်။ ပေါင်းသင်းဆက်ဆံရမှာ လူသားအချင်းချင်းကိုယ်ချင်း စာစိတ်ရှိမှ တစ်ဦးအပေါ် တစ်ဦးနားလည်ကြမှာ ဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး အားပေး ပြောဆို ဆက်ဆံကြမယ်ဆိုရင် နေထိုင်ရတဲ့ အချိန်တိုလေးမှာ သာယာချမ်းမြေ့မှုနဲ့ ပြည့်စုံနေမှာ ဖြစ်တယ်။ ဒါကြောင့်မို့ "အများအကျိုးဆောင် ကိုယ့်အကျိုးအောင်" ဆိုသလိုပင် သူတစ်ပါးအကျိုးကို ဆောင်ရွက်တတ်သူ ဖြစ်အောင်လည်း ကြိုးစားပြီး နေထိုင်သင့်လှပါတယ်။ မိမိ တတ်နိုင်တဲ့ဖက်က ကူညီပေးမယ်အားပေး စကားတွေ ပြောဆိုကြမယ်ဆိုရင် အကျိုးပြုသူပါ။ အကျိုးပြုခံရတဲ့ သူပါပျော်ရွှင်မှုကို ခံစားကြရမှာ အမှန်ပင်ဖြစ်ပါတော့တယ်။

မနော

Read More...

Thursday, October 1, 2009

ယုံကြည်ခြင်းနှင့် ဥာဏ်ပညာ


ယုံကြည်ခြင်းနှင့် ဥာဏ်ပညာ

သခင်ယေဇူးက သူ့ရဲ့ အသင်းတော်ကြီးကို တည်ဆောက်ရာမှာ ထာဝရတည်မြဲစေဖို့ရာ ယုံကြည်ခြင်း (Faith) နဲ့ ဥာဏ်ပညာ (Wisdom) ဆိုတဲ့ မဏ္ဏိုင်ကြီးနှစ်ခုကို အခြေပြုခဲ့ပါတယ်။ တပည့်တ်ာကြီး သံပေရူးနဲ့ သံပေါလူးတို့ဟာ ယုံကြည်ခြင်းနဲ့ ဥာဏ်ပညာကို ကိုယ်စားပြုတဲ့ အသင်တော်ရဲ့ မဏ္ဏိုင်ကြီးနှစ်ခုဖြစ်ပါတယ်။ သခင်ယေဇူးက သူ့ရဲ့ အသင်းတော်ကြီးကို ယုံကြည်ခြင်းပြင်းပြတဲ့ သံပေရူး၊ ဥာဏ်ပညာကြီးမားတဲ့ သံပေါလူးတို့နဲ့ ဘယ်လို တည်ဆောက်ခဲ့သလဲ ဆိုတာ လေ့လာကြည့်ကြပါစို့။


သံပေရူး
သူဟာ ဂါလီလဲနယ်က စာပေမတတ်တဲ့ တံငါသည် တစ်ဦးပါ။ သူ့ရဲ့ ညီအင်ဒရူးက ခေါ်လာလို့ သခင်ယေဇူးနဲ့ သိခွင့်ရတာဆိုပေမယ့် သူ့ရဲ့ ယုံကြည်ခြင်းကြောင့် သခင်ယေဇူးက သူ့ကို သွားလေရာ ခေါ်သွားတတ်ပါတယ်။ "လူအများတို့သည် ငါအား အဘယ်သူဟု ထင်ကြသနည်း" (လုကား၉း၁၈)ဆိုတဲ့ သခင် ယေဇူးရဲ့မေးခွန်းကို တပည့်တော်ကြီးတွေက အမျိုးမျိုးဖြေကြပါတယ်။ သံပေရူးကတော့ "ကိုယ်တော်သည် အသက်ရှင်တော်မှု သောဘုရား၏ သားတော် ခရစ္စတူးသခင် ဖြစ်ပါ၏" (လုကား ၉း၂၀)လို့ အမှန်ဆုံး အဖြေကိုပေးခဲ့ပါတယ်။ ယုံကြည်ခြင်းရဲ့ အနှစ်ချုပ်ဖြစ်တဲ့ ဒီအဖြေကို ခမည်းတော်ဘုရား ကိုယ်တော်တိုင် ဖော်ပြတော်မူတယ်လို့ သခင်ယေဇူးက ချီးကျူးခဲ့ပါတယ်။ ဒီအဖြေကြောင့် သူ့ကို အသင်းတော်ရဲ့ အုတ်မြစ်အဖြစ် ရွေးချယ်လိုက်ပြီး ကောင်းကင်နိုင်ငံတော်ရဲ့ တံခါးသော့နဲ့ တကွ ၀င်ခွင့်ပြုမပြု ဆိုတဲ့ အာဏာကိုပါ ပေးအပ်တော်မူခဲ့ပါတယ် (မာတေဦး ၁၆း၁၇-၁၉)။ တောင်ပေါ်မှာ သခင်ဘုရားအဆင်း သဏ္ဍန်ပြောင်းလဲတဲ့ အချိန် ခမည်းတော်ဘုရားရဲ့ သက်သေခံချက်ကို ကြားရပြီးတဲ့ နောက် သံပေရူးရဲ့ ယုံကြည်ခြင်း ပိုမိုခိုင်မြဲ လာပါတယ် (မာတေဦး ၁၇း၁-၈)။

သံပေါလူး
သူဟာ တာရှုမြို့က ရာဘီဘွဲ့ရ ကျမ်းတတ်ဆရာ ဖာရီရှဲတစ်ဦး ဖြစ်ပါတယ်။ သူ့ခေတ်အခါမှာ ပညာအတတ်ဆုံး သူတစ်ဦးပါပဲ။ တပည့်တော်ကြီးတွေရဲ့ လက်ထောက်ဦးပဇင်းကြီး စတီးဗင်းကို သခင်ယေဇူးအကြောင်း ဟောလို့ ကျောက်ခဲနဲ့ ပေါက်သတ်ကြတုံးက သူဟာ ကလေး ဘ၀နဲ့ တတ်အားသမျှ ပါဝင်ခဲ့ပါတယ် (တမန် ၇း၅၈)။ အဲဒီလို ခိုင်မာခဲ့တဲ့ ခရစ်ယာန် မုန်းတီးစိတ်ကို လူကြီးဖြစ် လာတဲ့အခါမှာ ဆက်ပြီး အကောင်အထည် ဖော်ခဲ့ပါတယ်။ ခရစ်ယာန်တွေကို ဖမ်းပြီး ထောင်ထဲ ပို့ခဲ့ပါတယ်။ တစ်နေ့ ခရစ်ယာန်တွေကို ဖမ်းဆီးဖို့ ဒါမာစကူးမြို့ကို အသွားလမ်းမှာ သခင်ဘုရားက တန်ခိုးထင်ရှားပြပြီး တပည့်တော်ကြီး အဖြစ် တိုက်ရိုက် ရွေးချယ် အသုံးပြုခဲ့ပါတယ် (တမန် ၉း၁-၃၀)။ သူနောင်တရပြီး သခင် ယေဇူးကို ပြန်တောင်းပန်ခဲ့ပါတယ်။ ဖာရီရှဲစောလုဘ၀ကနေ တပည့်တော်ကြီး ပေါလုဖြစ်လာပြီး ကျန်ရှိနေတဲ့ ဘ၀သက်တာမှာ သူ့ရဲ့ပညာစွမ်းနဲ့ လူမျိုးကွဲ ဘာသာခြားတွေကို သခင်ယေဇူးအကြောင်း ဟောပြောသက်သေခံတဲ့ တမန်တော်ကြီး ဖြစ်လာခဲ့ပါတယ်။ သူဟာ ကျမ်းတတ် ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အတွက် ဖာရီရှဲတွေနဲ့ ယှဉ်ပြိုင်ပြီး တရားဆွေးနွေးနိုင်သလို ရောမနိုင်ငံသား ခံယူထားတဲ့အတွက် အုပ်ချုပ်သူအာဏာပိုင်တွေကိုလည်း တရား ဟောခွင့်ကြုံခဲ့ရပါတယ်။ သူရဲ့ ဓမ္မသင်္ဂြိုလ် ကျွမ်းကျင်ပိုင်နိုင်မှုကို သူရေးသားခဲ့တဲ့ သြ၀ါဒစာ (၁၄)စောင်က သက်သေ ပြနေပါတယ်။

တူညီချက်
တစ်မျိုး ဆီအားသာတဲ့ ဒီတပည့် တော်ကြီးနှစ်ပါးမှာတူညီတဲ့ အဓိက အရေးကြီးဆုံး အချက်ကတော့ "သခင်ယေဇူး ကိုချစ်ခြင်း" ပဲဖြစ်ပါတယ်။
သခင်ယေဇူး ရှင်ပြန်ထမြောက် ပြီးတဲ့နောက် သံပေရူးကို ထင်ရှားပြပြီး "သင်သည် ငါ့ကို ချစ်သလော" လို့ သုံးကြိမ် တိုင်တိုင် မေးတော်မူခဲ့ပါတယ်။ သံပေရူးက ချစ်ကြောင်းဝန်ခံတဲ့ အခါ "ငါ၏သိုးတို့ကို ကျွေးမွေးလော့"လို့ တာဝန်ပေးခဲ့ပါတယ်။ သခင်ဘုရားပေးတဲ့ တာဝန်ကို သံပေရူး ကျေပြွန်အောင် ထမ်းဆောင်ခဲ့ပါတယ်။ သခင်ယေဇူး အကြောင်း ဟောပြော သက်သေခံတဲ့ အတွက် အဖမ်းခံခဲ့ရပါတယ် (တမန် ၁၂း၁-၁၁)။ ရောမ အာဏာပိုင်တွေက တစ်ဖက် ဂျူးလူမျိုး ဘာသာရေး ခေါင်းဆောင်တွေက တစ်ဖက် ၀ိုင်းပြီးနှိပ်စက်လို့ ပြေးလွှားနေရတဲ့ကြားထဲက သြ၀ါဒစာ (၂) စောင်ရေးခဲ့ပါသေးတယ်။ နောက်ဆုံးရောမမြို့က စိန်ပီတာကျောင်းတော်ကြီး နေရာမှာ လက်ဝါးကားတိုင်း ဇောက်ထိုးတင်ပြီး အသတ်ခံ ခဲ့ရပါတယ်။
သံပေါလူးကတော့ သခင်ယေဇူး အကြောင်း လှည့်လည်ဟောပြောဖို့ ကုန်းတတန်၊ ရေတတန်နဲ့ သာသနာပြုခရီး (၃)ကြိမ် ထွက်ခဲ့ပါတယ်။ ဒီအတောအတွင်း ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေကို ဒု-ကောရိန္တု ၁၁း၂၃-၂၇ မှာ အသေးစိပ်မှတ်တမ်းတင် ထားပါတယ်။ နောက်ဆုံးသူလည်းပဲ ရောမမြို့မှာ ခေါင်းဖြတ်ပြီး ကွပ်မျက်ခံခဲ့ ရပါတယ်။
ဒါတွေကို ကြည့်ခြင်းအားဖြင့် သခင်ဘုရားကို ချစ်တဲ့သူတို့နှစ်ဦးရဲ့ မေတ္တာတရားဘယ်လောက်ကြီးမားတယ် ဆိုတာ သိနိုင်ပါတယ်။

နိဂုံး
ကျွန်တော်တို့ တစ်တွေ သံပေရူးနဲ့ သံပေါလူးတို့ကို ဂုဏ်ပြုဖို့ရာ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ရဲရဲဝံ့ဝံ့ ၀န်ခံဖို့ လိုအပ်သလို ယုံကြည်ခြင်းကို ပျံ့နှံစေဖို့လည်း ကြိုးစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်မှာ သံပေရူး လောက် ယုံကြည်ခြင်းနဲ့သံပေါလူးလောက် ပညာပါရမီ မရှိသေးပေမယ့် သခင်ယေဇူး အပေါ်ထားရှိတဲ့သူတို့ နှစ်ဦးရဲ့ ချစ်ခြင်း မေတ္တာမျိုးပေးသနားတော်မူပါလို့ ဆုတောင်းပြီး ကျွန်တော်တို့ ယုံကြည်ရာကို ကျွန်တော်တို့ တတ်တဲ့ပညာနဲ့ သက်သေခံ နိုင်ဖို့ ကြိုးစားသွားကြပါစို့။

ခံပွင့်

Read More...

Everyday God


Everyday God




Read More...