Monday, September 21, 2009

ထာဝရ ဥယျာဉ်မှူးကြီးကို ကျေးဇူးဆပ်တင် ကြပါစို့


ထာဝရ ဥယျာဉ်မှူးကြီးကို ကျေးဇူးဆပ်တင် ကြပါစို့

ကျမအရမ်းကြိုက်တဲ့ ကဗျာ၊ ခွန်အားယူစရာကောင်းတဲ့ ကဗျာလေး တစ်ပုဒ်ရှိတယ်။
ကြာနဲ့ဗေဒါ မတူတာက သဘာဝရဲ့ အလှတစ်မျိုးပဲ၊
ကျီးနဲ့ဗျိုင်းမတူ တာက သဘာဝရဲ့အလှ တစ်မျိုးပဲ၊
မင်းနဲ့ ငါမတူတာက သဘာဝရဲ့ အလှတစ်မျိုးပဲ၊
ဒါကြောင့် မင်းနဲ့သူများအသွင်ခြားလို့ အားမငယ်နဲ့သူငယ်ချင်း၊
သူများလိုမစွမ်း၊ မတတ်ကျွမ်းလို့ ၀မ်းမနည်းနဲ့သူငယ်ချင်း၊
မင်းမှာ သီးခြားပိုင်ဆိုင်ထားတဲ့
ဘုရား အမွေ အစွမ်းအစတွေလည်း
သူတို့ထဲမှာ သွားရှာဖွေလို့ တွေ့မှာမဟုတ်ဘူး။
အရာ အားလုံး လူအားလုံးဟာ တူနေပါလျှင်
ဖန်ဆင်းရှင်က အလှလျော့ပါးငြီးငွေ့ သွားမှာ သိခဲ့တာကြောင့်
တစ်ယောက် တစ်မျိုး မရိုးလေအောင်
အရောင်အဆင်း အရည် အချင်းများ
ခွဲခြားဖန်ဆင်း စီမံခြင်းပါ သူငယ်ချင်း"
ဆိုတဲ့ ကဗျာလေး ကို ဖတ်ဖူးခဲ့ပါတယ်။

ဖြူ၊ နီ၊ ၀ါ၊ ပြာ အရောင်မျိုးစုံ၊ အရွယ်မျိုးစုံနဲ့ ပန်းပေါင်းစုံဟာ လောက ကမ္ဘာကြီးရဲ့ အလှကို ပိုမိုပြည့်စုံလှပ စေကြတယ်။ အရောင်အသွေးစုံစွာနဲ့ လှပဝေဆာနေကြတဲ့ ပန်းလေးတွေမှာ ကိုယ်ပိုင်ရနံ ကိုယ်ပိုင်အလှနဲ့ ကိုယ်စီ သီးခြားစွာ ကွဲပြားနေကြတယ်။ တချို့ ပန်းလေးတွေရဲ့ ရနံဟာ မွှေးကြိုင်လွန်းလှ သလို တချို့ကျတော့ သင်းပျံ့တဲ့ ရနံလေးတွေနဲ့ လူသားအားလုံးအတွက် လေထုက တဆင့် စိတ်ကြည်နူးမှုကို ပေးစွမ်းနေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရောင်အဆင်းတွေကွဲပြား ထုံသင်းရနံတွေခြားနား နေပေမယ့် ပန်းပွင့်လေးတွေမှာ ကိုယ်ပိုင် ရနံ ကိုယ်ပိုင်အလှလေးတွေကို ဘုရားသခင်ဟာ ပိုင်ဆိုင်စေပါတယ်။ ဘုရားသခင်ဟာ သူဖန်ဆင်းထားတဲ့ အရာဟူသမျှကို သူနေရာတကျတည်ရှိ လှပစေပါတယ်။ သင့်အနေနဲ့ ပင်လယ်ကြီးကို တွေ့မြင်ကြည့်လိုက်ပါ။ မုန်းတိုင်းထန်ချိန်မှာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲ။ လှိုင်းတံပိုးတွေဟာ ဘေးမှာ ရှိနေတဲ့ တွေ့သမျှအရာတွေကို ၀ါးမျိုတော့မယ့် ဟန်တွေနဲ့ ကြိမ်းဝါးနေတဲ့အသံတွေ၊ ဒ်ီလိုအချိန်မှာ ပင်လယ်ကြီးဟာ ဘယ်လိုမှ မလှပနိုင်တဲ့ အကျည်းတန်လွန်းတယ်လို့ ကျမတို့ မှတ်ယူကြမှာပါ။ ဒါပေမဲ့ မုန်းတိုင်းတွေ ငြိမ်သက်သွားချိန်၊ ပင်လယ်ရဲ့ ကြိမ်းဝါးသံတွေ ရပ်တန့်သွားချိန်မှာတော့ ပင်လယ်ပြင်ရဲ့ အလှကို ရင်သပ်ရှုမောစွာနဲ့ ကျမတို့တွေ ခံစားကြရမှာပါ။ ဘယ်အရာမှာမဆို အကျည်းတန်မှုတွေသာ မဟုတ်ဘဲ လှပမှုလေးတွေ ကိုယ်စီရှိနေကြပါတယ်။ ကျမတို့တွေရော မိမိတို့ပိုင် ဆိုင်ထားကြတဲ့ ကိုယ်ပိုင်အလှတရားလေး တွေကို ရှာဖွေသတိထားမိကြရဲ့လား။ ကိုယ်ရဲ့ မျက်နှာပုံကိုတော့ အားလုံးသတိ ထားမိကြမှာပါ။ ငါ့ရဲ့မျက်နှာဟာ သူ့လို မလှဘူး။ သူ့လောက်မလှဘူး စသဖြင့် အကြိမ်ကြိမ် ညဉ်းတွားမိခဲ့ဖူးမှာပါ။ များသောအားဖြင့် ကိုယ့်မှာရှိတဲ့ အလှတရားကို မတွေ့တတ်ကြဘူး။ ဘုရားက ငါ့ကို ဘယ်ရုပ်မျိုး ဖန်ဆင်းထားတာလဲ။ ဘာလို့ ဒီလိုရုပ်ဆိုးတာလဲ အလှတရားကို မတွေ့ တတ်ကြဘူး။ ဘုရားက ငါ့ကို ဘယ်ရုပ်မျိုး ဖန်ဆင်းထားတာလဲ။ ဘာလို့ ဒီလိုရုပ်ဆိုးတာလဲ စတဲ့အတွေးမျိုးတွေ ကျမတို့စိတ်ထဲမှာ တစ်ခါတစ်ရံ တွေးတော နေမိတတ်ပါတယ်။ မတင်းတိမ်း မရောင့်ရဲတတ်တဲ့ စိတ်တွေနဲ့ ကိုယ်ပိုင်ဆိုင်ထားတဲ့ အလှကို မတွေ့မိဖြစ်ကြတယ်။ ရုပ်ပိုင်းဆိုင် ရာလှပဖို့၊ ပိုပြီး လှသထက်လှစေဖို့အတွက် လူတွေဟာ အမျိုးမျိုး ကြိုးစားပြုပြင် ကြတယ်။ ကျမ ပါအ၀င်လူအားလုံး လှချင်ကြတယ်။ မိန်းကလေးမှ လှချင်တာလဲ မဟုတ်ဘူးနော်။ အလှအပနဲ့ ပတ်သက်လာရင် ကိုယ်အတတ်နိုင်ဆုံး အတိုင်းတာနဲ့ အလှပဆုံး ဖြစ်စေကြတယ်။ လှပအောင် ပြုပြင်နေထိုင်တာ ကောင်းတဲ့ အရာတခုပါ။ ဒါပေမဲ့ ကျမတို့စဉ်းစားရမှာက မတည်မြဲနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုပဲ လှပစေမှာလား။ ပြုပြင်နေမှာလား သူ့ထက်ပိုလှအောင်ပဲ ကြိုးစားနေမှာလား။ ကျမတို့မှာ ခန္ဓာနဲ့ ၀ိညာဉ်ပူးတွဲ တည်ရှိနေတာပါ။ လောကီနဲ့ ဆိုင်တဲ့ ခန္ဓာရဲ့ အလှကို ပြုပြင်နေကြသလို လောကုတ္တရာနဲ့ဆိုင်တဲ့ ၀ိညာဉ်ရဲ့ လှပမှုကိုလဲ ထည့်သွင်း စဉ်းစားသင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာခန္ဓာအလှအတွက် Beauty Paler ကို ကြိုးစားပြီးသွားနေ ကြသလို ကျမတို့ရဲ့ စိတ်ဝိညာဉ်လှပဖို့ အတွက် လှပမှုတွေနဲ့ မွမ်းမံတန်ဆာဆင် ပေးမဲ့ သခင်ခရစ်တော်ရဲ့ ဗိမ္မာန်တော်ကို သွားဖို့အတွက် ကြိုးစားကြပါစို့။ ဘယ်အရာမှာမဆို ကိုယ်လိုချင်တာ တစ်ခု ရဖို့အတွက် ကိုယ့်မှာရှိတဲ့ တစ်ခုခုကိုတော့ ရင်းနှီးလုပ်ရတာပါပဲ။ အခုခေတ်စား နေတဲ့ ဆံပင်အဖြောင့် ဆွဲတယ်ဆိုပါစို့ လှပတဲ့ ဆံပင်ဖြောင့်ဖြောင့်လေးရဖို့အတွက် ကိုယ်တိုင်ဒါမှမဟုတ် မိဘက ကြိုးစားပမ်းစား ရှာဖွေလို့ ရထားတဲ့ပိုက်ဆံတွေကို အရင်းနှီးလုပ်လိုက်ရတာပဲ မဟုတ်လား။ ကျမတို့ခရစ်ယာန်တွေရဲ့ ဘ၀အသက်တာဟာ တစ်နေ့သောအခါ ကောင်းကင်နိုင်ငံမှာ ထာဝရဘုန်းစည်းစိမ်ကို ခံစားရဖို့ပဲလေ။ ဒီလိုတန်ဖိုးကြီးမား လှတဲ့ ထာဝရသုခဘုံကို စံစားရဖို့ ဆိုရင် ထိုက်သင့်တဲ့ ရင်းနှီးမှုတော့ ပေးရမှာပါ။ ခရစ်တော်ဟာ ဘယ်နေရာမျိုးတွေမှာ ရှိနေတတ်တယ်ဆိုတာ သိထားမှသာ ကျမတို့ ခရစ်တော်ရှိရာကို ဖြောင့်တန်းစွာ သွားနိုင်မှာပါ။ ခရစ်တော်ဟာသူ့ရဲ့ ကယ်တင်ခြင်းကို လူသားအားလုံးအတွက် ပေးခဲ့ပါတယ်။ ဒါပေမဲ့ လူတစ်ဦးဆီကိုတော့ သူနဲ့အတူ ဒုက္ခစရိယာလမ်းကို မျှဝေခံထမ်းဖို့ကို လိုလားတောင့်တခဲ့ပါတယ်။ ခရစ်တော်ဟာ ကယ်တင်ခြင်းလမ်းကို ဘယ်လိုပဲ ခင်းပေးခဲ့၊ ပြင်ဆင်ပေးခဲ့ပါစေ မိမိကိုယ်တိုင် ပါဝင်လျှောက်လှမ်းပါမှ ထာဝရ သုခဘုံကို အရောက်လှမ်းနိုင်မှာပါ။ ထာဝရဘုရားဟာ ကောင်းတဲ့ သူအပေါ်မှာရော မကောင်းတဲ့သူ အပေါ် မှာပါ သူ့ရဲ့ မိုးကို ရွာသွန်းစေပါတယ်။ မိုးရေကို လိုချင်ရင် မိုးရွာချိန်မှာ ကိုယ်တိုင် ခံယူပါမှ မိုးရေရရှိမှာ ဖြစ်ပါတယ်။ ဒီလိုပဲ မိမိရဲ့ စိတ်နှလုံးဝိညာဉ်ကို လှပစေဖို့ ကိုယ်တိုင် ဖန်တီးဖို့ အင်အားတွေ လိုနေရင် အလှဖန်တီးရှင် ခရစ်တော်ရှိနေပါတယ်။ နှလုံးသားမာကျောသူတွေ၊ မပြည့်ဝမှုတွေနဲ့ အကျည်းတန်နေတဲ့ ကျမတို့ရဲ့ နှလုံးသားတွေကို လှပအောင် ပြုပြင်ပေးမဲ့ ခရစ်တော်ရဲ့ အလှပြုပြင်ရေးသင်တန်းရှိပါတယ်။ ခရစ်တော်ရဲ့ အလှဆင်သင်တန်းကို တက်ရောက်ဖို့အတွက် အသက်အရွယ်၊ လူမျိုး၊ ပညာအရည် အချင်း၊ ဓနဥစ္စာပိုင်ဆိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာ လှပမှုတွေ ဘာတခုမှ ကန့်သတ်မှုမရှိပါဘူး။ ဒါပေမဲ့ ယုံကြည်မှု တစ်ခုတော့ အထူးလိုအပ်ပါတယ်။ လူ့ပတ်ဝန်းကျင်မှာ ရှိသင့်ရှိထိုက်တဲ့ လှပမှုလေးတွေကို ဘုရား သခင်က အားလုံးကို ပေးထားပါတယ်။ အားလုံးပြည့်စုံနေသူဆိုတာ လောကမှာ မရှိသလို ကောင်းတာလေးတစ်ခုမှ မရှိတဲ့ သူဆိုတာလဲ လောကမှာ မရှိပါဘူး။ သင့်မှာ ရော ကျမမှာပါ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ဘုရားသခင်ပေးထားပါတယ်။ ဒီအပြုံးလေးဟာ ဘယ်တော့မှ ရိုးအီမသွားနိုင်ပါဘူး။ သင်ပြုံးနေပါ၊ ဘယ်သူက သင့်ကို အရုပ်ဆိုးတယ်ပြော မလဲ။ အပြုံးဆိုတာ နှလုံးသာကလာတဲ့ အချက်မရှိပါဘူးလို့ ဘယ်သူပြောဦးမလဲ သင့်ကိုယ်သင့်ရော ပြောနိုင်ဦးမလား။

ကိုယ်က သူများလိုမလှလို့၊ သူများတက်တဲ့ ပညာကို ကိုယ်က မတတ်လို့ စိတ်ဓါတ်ကျ ၀မ်းနည်းနေချိန်မှာ ဒီကဗျာလေးနဲ့ ကျမတို့တတွေ ပြန်လည်သုံးသပ် ခွန်အားယူသင့်ပါတယ်။ သူများက အင်ဂျင်နီယာတွေပဲဆိုရင်လဲ လောကကြီးက ပြီးပြည့်စုံသွားမှာလား၊ လောကကို ပြည့်စုံစွာ လှပစေဖို့ ဘုရားသခင်က အကွက်ကျကျ စီမံပေးပြီးသားပါ။ ကျမတို့ အနေနဲ့ ဘုရားက ကိုယ့်အတွက် ပြင်ဆင်ပေးထားတဲ့ လမ်းအတိုင်းလေးပဲ လမ်းလွဲမသွားအောင်၊ ရိုင်လဲမသွားအောင် အလိုက်သင့် ထိန်းသွားရမှာပါ။ ပန်းရောင် စုံပွင့်ဖူးနေတဲ့ပန်းဥယျာဉ်ကို မြင်လို၊ ပိုင်ဆိုင်လိုရင် ဥယျာဉ်မှုးပျိုးပင်၊ မြေသြဇာ အားလုံး တူညီစွာ ကောင်းမွန်ရပါမယ်။ ဒါမှသာ ပန်းတို့ရဲ့ ရနံ့ဟာ နေ့ရောညပါ ထုံးသင်းနိုင်ပါလိမ့်မယ်။ ၀ိညာဉ်ရေးဆိုင်ရာမှာလဲ ကျမတို့တွေ လမ်းမှားမရောက်အောင်၊ အနာဂတ်ဘ၀ လှပစိုပြေနိုင်အောင်၊ လူတော်လူတောင်းတွေ ဖြစ်လာ နိုင်အောင်လမ်းပြပေးမဲ့ ခရစ်တော် ရှိနေပြီပဲ။ ကျမတို့ အနေနဲ့ ဘာများလိုအပ် သေးလဲ။

ကမ္ဘာမိုးမြေကိုဖန်ဆင်းပေးတဲ့ ခမည်းတော်ဘုရား၊ ဖန်ဆင်းခံသတ္တ၀ါတွေကို လမ်းကောင်းပြကြည့်ရှုပေးတဲ့ သားတော်၊ အဆိုးနဲ့အကောင်းကို ခွဲခြား နိုင်အောင်၊ အလင်းနဲ့အမှောင်ကို မီးမောင်းထိုးပြပေးတဲ့ သန့်ရှင်းသော ၀ိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးဟာလည်း ဥယျာဉ်ထဲက ပန်းကလေးတွေရဲ့ ပိုင်ရှင် ဥယျာဉ်မှူးကြီးလိုပါပဲ။ သူတို့ရဲ့ ပန်းလေးတွေကို တနေ့သောအခါ တန်ဖိုးရှိတဲ့ ဘုရားပန်းလေးတွေဖြစ်အောင် ပြုပြင်ပေး နေပါတယ်။ အဖဘုရားသခင်ဟာ ပိုင်ဆိုင် သင့်တဲ့အလှတရားတွေကို ကိုယ်စီပေးအပ် ထားပါရက်နဲ့ ကိုယ့်မှာရှိတဲ့ အလှတရား၊ အစွမ်းအစတွေနဲ့ မရောင့်ရဲ မတင်းတိမ်နိုင်ပဲ သူများနဲ့ယှဉ်လို့ ကိုယ့်ကိုယ်ကို ဝေဖန်ပြစ်တင်နေမယ်ဆိုရင် ဖန်ဆင်းရှင်က ဘယ်မှာ ပျော်ရွှင်ကျေနပ်နိုင်ပါ့မလဲ။ ဒါကြောင့် ကျွန်မတို့ တစ်ဦးချင်းအနေနဲ့ ကိုယ်စီပိုင်ဆိုင်ထားကြတဲ့ အလှတရားတွေကို အရောင်လဲ့လာအောင်၊ တန်ဖိုးရှိလာ အောင်၊ တနေ့သောအခါ ကောင်းကင်ဘုံမှာ ဘုရးသခင်ကို ဆက်ကပ်နိုင်မယ့် ဖြူစင်တဲ့ ပန်းကလေးဖြစ်အောင် မိမိကိုယ်ကို ပြုပြင်ဖန်တီးရင်း ကျွန်မတို့ရဲ့ ထာဝရဥယျာဉ်မှူးကြီးကို ကျေးဇူးဆပ်တင်ကြပါစို့။ နောင်တမလွန်ကောင်းကင်နှင့် ဆိုင်ရာ စိတ်ဝိညာဉ်ကိုလည်း လှသထက်လှ အောင် ပြုပြင်ဖန်တီးရင်း စစ်မှန်တဲ့ ခရစ်ယာန်တွေရဲ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်တဲ့ ထာဝရသုခဘုံကိုအရောက် လှမ်းနိုင်အောင် ကြိုးစားကြပါစို့။

နှင်း (နဘတ်)