Tuesday, August 25, 2009

စိန်အန်ထော်နီ


စိန်အန်ထော်နီ

Labours in Italy
(၁၂၂၇ )ခုနှစ်ရဲ့ မိုးရာသီ လောက်မှာတော့ စိန်အန်ထော်နီဟာ ယိုမားညာပြည်နယ်ရဲ့ ရသေ့ဂိုဏ်းအုပ် အနေနဲ့ တာဝန်ယူခဲ့ရပါတယ်။ အဲ့သည် ယိုမားညာပြည်နယ်ဆိုတာ အီတလီ အထက်ပိုင်းတစ်ခုလုံး နီးပါးလောက် ပါဝင်ပါတယ်။

အဲသည် ပြည်နယ်မှာ စိန်အန်ထော်နီဟာ သာမန် ရသေ့ငယ်တစ်အနေနဲ့ အမှုတော်ထမ်းခဲ့ဖူးပါတယ်။ အခုတော့ အကြီးအကဲ တာဝန်ကိုယူပြီး အံ့ဖွယ်အမှုတော်များနဲ့ သာသနာပြုလုပ်ငန်းတွေကို ပိုမို တွင်တွင်ကျယ်ကျယ် လုပ်တော့မှာပါ။ စိန်အန်ထော်နီဟာ ပြည်နယ်မှုးတာဝန် ကိုယူထားရသော်လည်း အဲ့သည်အချိန်မှာ သူ့အသက်က သုံးဆယ့်နှစ်နှစ်ရှိပြီ။ စိန်ဖရန်စစ် ရသေ့တစ်ပါး အနေနဲ့က ခုနှစ်နှစ်ပဲ ရပါသေးတယ်။

အီတလီပြည် ဂျေမိုနာမြို့မှာတော့ စိန်အန်ထော်နီရဲ့ တရားပွဲဆို ကြိတ်ကြိတ်တိုးပဲ။ လူအများရဲ့ ကြည်ညိုလေးစားမှုကို မြင်တွေ့ရတဲ့ စိန်အန်ထော်နီဟာ အဲ့သည် မြို့နယ်မှာ မယ်တော့်ရဲ့ ဘွဲ့အမည်နာမနဲ့ ဘုရားကျောင်းတစ်ဆောင်အပြင် ရသေ့ကျောင်း တစ်ဆောင်ကိုလည်း ဆောက်လုပ်ခဲ့ပါတယ်။

ဒီအဆောက်အဦးတွေ ဆောက်လုပ်စဉ် စိန်အန်ထော်နီဟာ ထူးအံ့သြဖွယ် တန်ခိုးတော်တစ်ခုကိုလည်း ပြတော်မူ ခဲ့ပါတယ်။ အရေးကြီးတဲ့ အမှု အခင်းတွေကို ပေါ့ပေါ့တန်တန် သဘောထားတဲ့ သူတွေကို သင်ခန်းစာပေးတဲ့ သဘောနဲ့ ဒီအံ့ဖွယ် အမှု့တော်ကိုပြခဲ့ခြင်း ဖြစ်ပါတယ်။

ဒီအဆောက်အဦးတွေ အတွက် လိုအပ်တဲ့ ပစ္စည်ေးတွေသည်ဖို့ စိန်အန်ထော်နီဟာ အထူး အကူအညီ လိုအပ်နေတဲ့ အချိန်ပေါ့။ ဒီအချိန်မှာ လယ်သမားတစ်ဦး လှည်းနဲ့ လယ်က ပြန်လာတာကို တွေ့ရပါတယ်။ ဒါနဲ့ စိန်အန်ထော်နီက လှည်းကို ခဏရပ်ခိုင်းပြီး ဘုရားကိုချစ်တဲ့ စိတ်နဲ့ဘုရားကျောင်း ဆောက်တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်းလေးတွေအား လှည်းနဲ့သယ်ပေးပါလား လို့မေတ္တာရပ်ခံ ခဲ့ပါတယ်။ အဲ့သည် လယ်သမားက လယ်ထဲမှာ ပိုးထိတဲ့ သူ့သားရဲ့ အလောင်းကို သယ်လာရလို့ မကူညီနိုင်ကြောင်း ငြင်းလိုက်ကာ လှည်းကို ဒုန်းစိုင်းမောင်းပြီး ထွက်သွားပါတော့တယ်။ တော်တော် ဝေးဝေးရောက်တော့ လှည်းပေါ်က သူ့သားကို လှုတ်နှိုး လိုက်ပါတယ်။ ဒါပေမဲ့ သူ့သားငယ်ဟာ ဘယ်လိုပဲ လှုတ်လှုတ်၊ ဘယ်လိုပဲ ခေါ်ခေါ် တုတ်တုတ်မှ မလှုတ်တဲ့အတွက် သေချာကြည့်လိုက်တော့ အံ့သြ ထိတ်လန့်စဖွယ် သူ့သားငယ်ဟာ သေနေတာကို တွေ့ရပါတယ်။

ဒီလယ်သမားဟာ မရှက်နိုင်၊ မကြောက်နိုင် အော်ကြီး ဟစ်ကျယ်ငိုပြီး စိန်အန်ထော်နီထံ ပြေးလာရ ပါတော့တယ်။ စိန်အန်ထော်နီစီ ရောက်တာနဲ့ ခြေထောက်ကို ဖက်ပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး မှားယွင်းခဲ့မှု အားလုံးအတွက် တောင်းပန်ပြီး သူ့သားကို ပြန်ရှင်လာအောင် ဆုတောင်းပေးဖို့ မျက်ရည်တွေနဲ့ အနူးအညွှန့် တောင်းပန်ခဲ့ပါတယ်။ စိန်အန်ထော်နီဟာ လယ်သမားကြီး နောက်လိုက်သွားခဲ့ပါတယ်။ ချာတိတ်ရဲ့ အလောင်းဟာ လှည်းပေါ်က မချရသေးပါဘူး။ စိန်အန်ထော်နီလည်း ချာတိတ် အလောင်းကို ခမည်းတော်တားပြီး ဘုရား ရှင်ထံမှာ ဆုတောင်း တော်မူခဲ့ပါတယ်။

ဘုရားရှင်ဟာ သစ္စာရှိသော စိန်အန်ထော်နီရဲ့ ဆုတောင်းသံကို နားညောင်းတော်မူခဲ့တဲ့ အတွက် သေနေတဲ့ချာတိတ်ရဲ့ အလောင်းဟာ တဖြည်းဖြည်းနဲ့ သက်ဝင်လှုတ်ရှားလာကာ အကောင်းပကတိ ပြန်ဖြစ်လာပါတော့တယ်။

အဲ့သည် နေ့ကစပြီး လယ်သမားကြီးသာ မဟုတ်သေးပဲ တစ်မြို့လုံး၊ တစ်နယ်လုံးက လူတွေဟာ ဘုရားကျောင်းဆောက် တဲ့နေရာမှာ အင်တိုက်အားတိုက် ပါဝင် ကူညီခဲ့ကြပါ တော့တယ်။

အဲ့သည် အံ့ဖွယ်အမှုဖြစ်ခဲ့တဲ့ ဂျေမိုနာမြို့မှာ အဲ့သည်ဘုရားကျောင်းကြီးကို ယနေ့ထက်တိုင် တွေ့နိုင်ပါသေးတယ်။ အဲ့သည်မြို့မှာလည်း စိန်အန်ထော်နီကို အထူး သဒ္ဓါကြည်ညိုခြင်း အမှု့ဟာ အရှိန်အဟုန်ကောင်းဆဲပဲ ဖြစ်ပါတယ်။

(၁၂၂၇) ခုနှစ်မှာတော့ စိန်အန် ထော်နီဟာ ပထမဦးဆုံးအကြိမ် အဖြစ် ပါဒူးအားမြို့ကို ရောက်ခဲ့ပါတယ်။ နောင် အချိန်မှာ မိမိအမည်နှင့် အတူတွဲ ဖက်ပြီး လူသိများလာမယ့် ဒီမြို့လေးဟာ အခုအချိန်မှာတော့ ဘာသာရေး ၀ိဝါဒတွေ ကွဲလွဲနေတာကတော့ ကြောက်ခမန်း လိလိပါပဲ။ ဘာသာရေး အယူအဆ ကွဲပြားမှုတွေကြောင့် တစ်ဦးနှင့် တစ်ဦး သဘောထား တွေကွဲကာ ရန်စောင်းနေကြတော့ တာပါပဲ။

ဒါပေမဲ့ ဘယ်လိုပဲ အယူဝါဒသဘောထားတွေ ကွဲပြားနေနေ စိန်အန်ထော်နီရဲ့ တရားပွဲ နာယူဖို့ကို တညီတညာတည်း ရှိကြပါတယ်။ ဒါကြောင့် အဲသည်မြို့မှာ စိန်အန်ထော်နီရဲ့ တရားပွဲတွေဟာ အောင်မြင်မှုတွေ တစတစရလာ ပါတော့တယ်။ ဘာသာထဲ ၀င်လာကြတဲ့ သူတွေဟာလည်း အံ့သြစဖွယ် ကောင်းလောက်အောင် များပြား လာကြပါတယ်။ အဲ့သည်မြို့က အကျင့်ဆိုးတွေဟာလည်း တစနဲ့တစ အားရုတ်လာပြီး စိန်အန်ထော်နီရဲ့ တရားဟောချက်တွေက နေရာ ယူလာပါတော့တယ်။ ဒါကြောင့်လည်း စိန်အန်ထော်နီရဲ့ လုပ်ဆောင်ချက်တိုင်းကို အဖဘုရား သခင် ကောင်းချီးပေး တော်မူပါတယ်။ တဖြည်းဖြည်းနဲ့ စိန်အန်ထော်နီရဲ့ ပါရမီ ရင့်ကျက်ပုံ တရားဟောကောင်းပုံ၊ အံ့ဖွယ် အမှုတော်တွေကို စွမ်းဆောင်နိုင်ပုံ၊ စသည့် သတင်းတွေဟာ တနယ်လုံးကို ပျံ့နှံ့ သွားပါတယ်။ သူ့ရဲ့ တရားပွဲတိုင်းဟာလည်း တိုးမပေါက်နိုင် လောက်အောင်ကို စည်ကားလှပါတယ်။

နောက် တစ်နှစ်ဖြစ်တဲ့ (၁၂၂၈) ခုနှစ်ဖြစ်တဲ့ ၀ါတွင်းမှာတော့ ၀ါတွင်းနဲ့ ပတ်သက်ပြီး သိကောင်း စရာ အကြောင်းကို အပတ်စဉ်ဆက်တိုက် သင်ပေးခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ ဘုရားကောင်းချီး ခံစားရပါတယ်။ မိသားစုဝင် အချင်းချင်း တင်းမာမှုတွေ လျော့နည်း သွားပြီး အချင်းချင်း အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ တန်ဖိုးထားမှုတွေ ပိုမိုနေရာ ယူလာကြပါတယ်။ အများ ရှေ့မှာ သံသယ၀င်ပြီး မသင်္ကာမှုတွေနှင့် သိက္ခာကျနေကြရသူတွေ အတွက် အားလုံးနှင့်အချစ်တွေ ပြန်ခံစားရပြီး သံသယနှင့် အဖမ်းခံထားရသူတွေဟာ လွတ်မြောက် လာကြရပါတော့တယ်။

စိန်အန်ထော်နီရဲ့ ပါရမီ ရင့်ကျက်မှုတွေနှင့် စိတ်ကောင်း နှလုံးကောင်းရှိမှုတွေကြောင့် သူ့ရဲ့သတင်းဟာ ကျော်ဇော လာပါတော့တယ်။ သူ့ရဲ့ တရားဟောပြောတွေမှာလည်း လူတွေဟာ ပိုမို စည်ကားလာပါ တော့တယ်။

နောက်ဆုံးမှာတော့ ဘုရားရှင်ရဲ့ ကူညီမှိုင်းမမှုကြောင့် အဲ့သည်မြို့မှာ ရှိတဲ့ ရသေ့ကျောင်းလေး တစ်ကျောင်းမှာ သွားရောက် အနားယူ ခဲ့ရပါတော့တယ်။ အဲ့ဒီအချိန်ကတော့ (၁၂၃၀) ခုနှစ်ဖြစ်ပြီး သူ့ရဲ့အသက်တော်ဟာ (၃၅)နှစ် ဖြစ်ပါတော့တယ်။

သူငယ်တော်ယေဇူးကို အထူးသဒ္ဓါကြည်ညိုသူ စိန်အန်ထော်နီဟာ ကျွန်ုပ်တို့ရဲ့ သခင်ခရစ်တော်နဲ့ မိခင်မာရီယားတို့ကို အထူးသဒ္ဓါ တရားပွားများသူ ဖြစ်သည်။ သူတို့ရဲ့ နှလုံးသားနဲ့ အနီးကပ်ဆုံးနေရာမှာ အမြဲတမ်းရှိပါတယ်။ အထူးသဖြင့် စိန်အန်ထော်နီဟာ ဘုရားရှင် လူ့အဖြစ်ကို ယူတော်မူခြင်းနှင့် ဆိုင်ရာ နက်နဲရာအချက်တွေနဲ့ ခရစ်တော်ရဲ့ ငယ်စဉ် ကလေးဘ၀တွေကို အထူး သဒ္ဓါကြည်ညိုလေ့ရှိသူ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း သူငယ်တော် ယေဇူးလေးကို စိန်အန်ထော်နီနဲ့ အတူ မကြာမကြာတွေ့နိုင်ပါတယ်။ အဲ့ဒီလို စိန်အန်ထော်နီဟာ သူငယ်တော်လေးနဲ့ အတူရှိတော်မူကြောင်းကို မျက်မြင် သက်သေတွေ အများကြီးရှိခဲ့ပါတယ်။ အဲ့ဒီလို မျက်မြင်သက်သေတွေ အများကြီးထဲက တစ်ဦးအကြောင်းကို ယနေ့ဝေမျှ ခြင်ပါတယ်။

စိန်အန်ထော်နီ အသက်ရှင်စဉ် ကပေါ့၊ ““တီဆို”” လို့ခေါ်တဲ့ ပါဒူးဝါးမြို့သား၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီး အကြောင်း ကိုပြောပြချင်တယ်။ ဒီပုဂ္ဂိုလ်ကြီးဟာ စိန်အန်ထော်နီ တရားဟောထွက်တိုင်း လိုက်ပါခဲ့ပြီး စိန်အန်ထော်နီကို ၀တ်ကြီး ၀တ်ငယ်နဲ့ ပြုစုတတ် ပါတယ်။
၁၂၂၉-ခုနှစ်လောက်ကပေါ့။ လူကြီးမင်း ““တီဆို”” ရဲ့ တလေးတစား ဖိတ်ခေါ်မှုကြောင့် စိန်အန်ထော်နီဟာ ““တီဆို”” ပိုင်ဆိုင်တဲ့ ခမ်းနားထည်ဝါတဲ့ ““ရဲတိုက်””ကြီးမှာ ရက်အနည်းငယ် အနားယူခဲ့ပါတယ်။ တစ်ညမှာတော့် ““ဆီဆို””ဟာ စိန်အန်ထော်နီ အနားယူနေတဲ့ အနားကို ဖြတ်သွားတယ်။ စိန်အန်ထော်နီ တံခါးဘက်က ပိတ်ထားတဲ့ တံခါးကြားကနေ အလင်းရောင်ခြည်တန်းတွေ ဖြာထွက်နေတာကို တွေ့လိုက်ရတယ်။ ““တီဆို””ဟာ သိချင်တဲ့ စိတ်နဲ့တံခါးအနားသွားပြီး သော့ပေါက်ကနေ အထဲကို ချောင်းကြည့်မိ လိုက်ပါတယ်။ အခန်းထဲက စာအုပ်စားပွဲပေါ်က ဖွင့်ထားတဲ့ ကျမ်းစာအုပ် နံဘေးမှာ ရပ်နေတဲ့ စိန်အန်ထော်နီရဲ့ လက်နဲ့ချီပိုက်ထားတဲ့ သူငယ်တော်လေးကို တွေ့မြင်လိုက်ရပါတယ်။ စိန်အန်ထော်နီ လက်ပေါ်က သူငယ်တော်လေးကလည်း သူ့လက်ကလေးနဲ့ စိန်အန်ထော်နီရဲ့ လည်ပင်းကို သိုင်းဖက် ထားပြန်ပါတယ်။ အဲ့ဒီ မြင်ကွင်း မြင်တွေ့လိုက်ရတဲ့ “တီဆို” တစ်ယောက် အံ့သြခြင်းကြီးစွာနဲ့ ရင်သပ် ရှုမောခဲ့ရပါတယ်။

သူငယ်တော်လေး ပတ်လည်မှာ လင်းရောင်ခြည်တွေဟာ ၀င်းဖြာနေပါတော့တယ်။ သူငယ်တော်လေးနဲ့ စိန်အန်ထော်နီတို့ဟာ တစ်ဦးကို တစ်ဦးပြောမပြနိုင်အောင် အကြင်နာတွေ ဖိတ်မတတ်နဲ့ ကြည့်နေလိုက် ကြပါတယ်။ ငေးမောကြည့်နေမိတဲ့ တီဆိုရဲ့ နှလုံးသားမှာတော့ ပီတိတွေဖြာလို့၊ နှလုံးသား ဖြူစင်ပြီး မိမိရဲ့အထူး အခွင့်အရေးများ ခံစားရသော အစေခံ စိန်အန်ထော်နီကို ဘက်သလင်မြို့သား သူငယ်တော် ယေဇူးနဲ့က ကြည်နူးနှစ်သိမ့်မှုများ ပေးလျက်ရှိပါသည်။ ဒါ့ကြောင့် ဒီ့ထက်ကြည်နူးစရာ ကောင်းတဲ့မြင်ကွင်းမျိုး ရှာလို့တွေ့ပါမည်လား မိတ်ဆွေ။ သူငယ်တော်နှင့် စိန်အန်ထော်နီဟာ တံခါးဘက်ကို လျှောက်လာပါတယ်။ သူ့ရဲ့ လက်ချောင်းထဲဝယ် ပွေ့ချီထားသော သူငယ်တော်လေးက ရုတ္တရက်တီဆိုရှိတဲ့ ပြူတင်းပေါက်ဖက်ကို လက်ညှိုးထိုးပြပြီး စိန်အန်ထော်နီကို တိုးတိုးလေး ပြောနေပါတယ်။ တီဆိုလည်း ငါချောင်းကြည့် နေတာကို သူသိသွားပြီလို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ သူချောင်း ကြည့်နေတာက သူ့ကို အပြစ်ပြောဖို့ မဟုတ်ပါဘူး။

တီဆိုက အဲ့သည်မြင်ကွင်းလေးကို သူ့မျက်စေ့အောက်က ပျောက်သွားမှာစိုးလို့ တစိမ့်စိမ့်ကြည့် နေပါတယ်။ ကောင်းကင်က ရောင်ခြည်လေးတွေ တဖြည်းဖြည်း ပျောက်ပြီး အမှောင်ထုလေး ဖုံးလာတဲ့ အထိပေါ့။ အဲ့သည်ကြမှပဲ အဆောင်ကို ပြန်လာခဲ့ရပါ တော့တယ်။
ခဏနေတော့ စိန်အန်ထော်နီဟာ တီဆိုအခန်းကို ရောက်လာပါတော့တယ်။ တွေ့တာနဲ့ တီဆိုကို ပွေ့ဖက်ပြီး စိန်အန်ထော်နီက တစ်ခု တောင်းဆိုလိုက်ပါတယ်။ သူအသက်ရှင်နေသမျှ ကာလပတ်လုံး ဒီရူပါရုံအကြောင်းကို ဘယ်သူ့ကိုမျှ မပြောဖို့ ကတိတောင်းခဲ့ပါတယ်။ ဒါ့ကြောင့် စိန်အန်ထော်နီ ဖြစ်စေချင်တဲ့ အတိုင်း စိန်အန်ထော်နီအသက် ရှင်နေသမျှ ကာလပတ်လုံး ဒီထူးဆန်း အံ့သြဖွယ်အကြောင်းကို တီဆိုဟာ ရေငုံနှုတ်ပိတ် နေခဲ့ပါတယ်။ စိန်အန်ထော်နီမရှိတဲ့ နောက်ပိုင်း ဒရူပါရုံကို ပြန်ပြောပြတိုင်း တီဆိုဟာ မျက်ရည် တွေဝဲပြီး နှလုံးခုန်နှုန်းတွေလည်း မြန်မြန် ခဲ့ရပါတယ်။

အလွန် အင်မတန်မှနှိမ့်ချပြီး ရိုးသားဖြူစင်သော စိန်ဖရန်စစ်စကင် ရသေ့အန်ထော်နီကို ပြုစုဧည့်ခံခဲ့တဲ့ “တီဆို”ကို ဘုရားရှင်ကတော့ ပစ်မထားပဲ ဆုလာဘ်တွေချီးမြှင့်မှာက သေချာလှပါတယ်။ ဒါကြောင့်လည်း ရိုးသား မြင့်မြတ်တဲ့ ရှင်ရသေ့ စိန်အန်ထော်နီနဲ့ သူငယ်တော် ယေဇူးလေးတို့ စကားလက်ဆုံကျတဲ့ ရူပါရုံ မြင်ကွင်းကို မျက်မြင် သက်သေတစ်ဦး အနေနှင့် ဖူးတွေ့စေခဲ့တာပဲ ဖြစ်မှာ သေချာလှပါတယ်။

အဲ့ဒီ နောက်ပိုင်းမှာတော့ “တီဆို”ဟာလည်း လောကီ စည်းစိမ်တွေကို ငြီးငွေ့လာပြီး ပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်ပစ်ကာ ရသေ့ဂိုဏ်းသို့ ၀င်လိုက်ပါတော့တယ်။ တီဆိုဟာ ရသေ့ဂိုဏ်းမှာ နှစ်အတော်ကြာ ရသေ့ ၀ိနည်းတော်များနဲ့အညီ နေထိုင်ကျင့်ကြံ တရားအားထုတ် ခဲ့ပါတယ်။ စိန်အန်ထော်နီ ပျံလွန်ပြီးနောက် နှစ်-နှစ်အကြာမှာတော့ တီဆိုလည်း ပျံ လွန်တော်မူခဲ့ပါတယ်။

ဆက်ရန်
ဘုန်းတော်ကြီး ခင်မောင်ထွေး