Wednesday, July 15, 2009

အားတင်းထားစမ်းပါ။

အားတင်းထားစမ်းပါ။

စာရေးသုသည် ၁၈ သြဂုတ် ၂၀၀၅ ရက် သောကြာမှစ၍ အစာအိမ်ယောင် ရောဂါကြောင့် ဆေးရုံ တက်ခဲ့ရပါသည်။ ၂၇ ရက်နေ့မှာတော့ အဖျားတက်ကာ သတိလစ်လုလု ဖြစ်၍ ဆေးရုံတက်ခဲ့ရကာ ထိုနေ့မှစ၍ တစ်ပတ်ကျော် အိပ်ယာပေါ်မှာ ဗုံးဗုံးလဲပြီး အစာမစားနိုင် အိပ်ယာပေါ် ဆန်ပြုတ်သောက်ရင်း ဆေးဝါး မှီဝဲနေလျှက်ရှိစဉ် မိမိ ဖြစ်ပျက်နေမှုတွေ၊ ရှေ့ဆက်ဖြစ်လာမည့် အရာများကို တွေးရင်း အားငယ်စိတ်တွေ ပြင်းထန် လာပါသည်။ ထိုချိန်တွင် သူငယ်ချင်းများ၊ အကြီးအကဲများ၏ အားပေး စကားများကြောင့် မိမိ ကိုယ်ကို အားတင်းထားကာ မိမိကိုယ်ကို အားပေးနေမိပါသည်။ အားပေးသည် ဆိုသော်လည်း မိမိ ကျန်းမာရေးနှင့် ရှေ့ဆက်ရမည့် ဘ၀ခရီးအတွက် တွေးမိ တွေးရာ အတွေးများမှု စာဖတ်သူများ (အထူးသဖြင့် လူငယ်များ ) ထံသို့ ဝေမျှ လိုပါသည်။
လူတစ်ယောက်တွင် ကိုယ်ခန္ဓာနှင့် စိတ်ဟူ၍ ရှိပေသည်။ ကိုယ်ခန္ဓာအတွက် အင်အား ကြံ့ခိုင်လာစေရန် အစားအစာ အာဟာရနှင့် ကိုယ်ခံဓါတ်အား ပြည့်စေသော အားဆေးများ စားသုံးကြရသည်။ ဤတွင် စိတ်အတွက်လည်း စိတ်ဓါတ် ကြံ့ခိုင်အောင် စိတ်အား ဖြည့်တင်း ပေးရပေသည်။
တစ်ခါတရံတွင် စိတ်ကပင် အားငယ်စရာ ၀မ်းနည်းစရာတို့ကို လက်ခံစဉ်းစားခြင်းဖြင့် အားငယ် စိတ်ဓါတ် ကျရတတ်ပေသည်။ ““ငါ့ဘ၀ ဘယ်တော့များမှ အဆင် ပြေပါတော့မလဲ၊ ငါ့လို အင်ဆန္ဒ ပြည့်ဝတော့မှာ မဟုတ်ပါဘူး။ ငါ့ဘ၀တော့ လုံးပါးပါးပါပြီ၊ ငါကြံစည် တောင့်တသမျှ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး၊ မျှော်လင့်ချက်တွေ ဝေးပါပြီ”” စသည်ဖြင့် အဆိုး အပျက်များကိုသာ စဉ်းစားပြီး အားငယ်နေ မိပါသည်။
အရှုံး အပျက်တရားများ ကြုံရဖန် များလာသောခါတွင်လည်း စိတ်ဓါတ်ကျနိုင်ပါသည်။ ဤသည်မှာ မထူးဆန်းပေ။ စင်စစ် အားဖြင့် အပျက်တရားသည် အဆန်းမဟုတ် ချေ။ လောကတွင် အပျက်တရား သာ မဟုတ်၊ အဖြစ်တရားလည်း ရှိနေပါသည်။
လူ့လောကတွင် မျက်လုံးတစ် ဖက်ကန်းသူ၊ စုံလုံးကန်းသူ၊ ခြေတစ်ဖက်၊ လက်တစ်ဖက်မရှိသူ၊ နှစ်ဖက်စလုံးမရှိသူ ဆွံ့အ၊ နားမကြားသူများလည်း လုပ်သင့်သမျှ့ လုပ်ကိုင်ဆောင်ရွက်၍ ရှင်သန်နေသော ဘ၀ကို အသုံးကျအောင် ကြိုးစားအားထုတ် နေကြပေသည်။ သို့ဖြစ်ရာ သာမန် လူကောင်း တစ်ယောက်ဖို့ အလားအလာ မရှိနိုင်စရာ အကြောင်းမရှိပါ။
စိတ်ဓါတ် ကျသောအကြောင်းများသည် တကယ်တန်း မမှန်ကန်သည်များ ကိုလည်း ကြုံဖူးပေမည်။ စိတ်ပျက်အား လျော့စေသော အကြောင်းဟူသမျှသည် ပကတိထက်ပို၍ ပမာဏ ကြီးမားပုံရနေ တတ် ပေသည်။ ထိုသဘာဝတရားများကို စဉ်းစားမိလျှင် အကြောင်းမလုံလောက်ဘဲ၊ မိမိ၏ ပျော့ညံ့မှုကြောင့် စိတ်ပျက်ခြင်း၊ စိတ်ဓါတ် ကျနေမိခြင်းများကို သင်မြင် ရပါလိမ့်မည်။ ထို့ကြောင့် အလွယ်တကူ စိတ်ဓါတ် မကျစေရန် သတိထား ရမည်။
စိတ်ကို တင်းရမည်၊ စိတ်တင်း ခြင်းသည်မိမိကိုယ်မိမိ အားပေးခြင်း၊ အားဖြည့်ခြင်းပင် ဖြစ်သည်။ စိတ်ကိုအလွယ် တကူလျှော့ချတတ်သူ၊ စိတ်ပျက်လွယ်သူသည် အကျင့်ပါ သွားတတ်လေသည်။ အလကားနေရင်း ပိုက်ဆံ မပေးရတိုင်းစိတ် ပျက်နေတတ်သည့် အကျင့်၊ အလေ့အထကို မစွဲ မိစေရ။ လက်ခံစရှိလျှင် အလွယ် နှင့် ၀င်လာတတ်ပေသည်။ ““မိုးရွာလိုက်တာ လည်းလွန်လို့ပါလား...”” ဟုစိတ်ပျက် နေမည့်အစား“ “မိုးရွာလျှင် ထီးဆောင်း သွားမည်၊ မိုးကာ အင်္ကျီ ၀တ်သွားမည်”” ဟုဆုံးဖြတ်ရမည်၊ ““မိုးရွာချင် သလောက်ရွာ စမ်းပါစေ ငါ့အလုပ်ကို လုပ်ဖြစ်အောင် လုပ်ပြလိုက်မယ်”” ဟုမိုးကို အံတုရပေမည်။ မိမိဘ၀ပေး အခြေအနေကိုလည်းအံတု နိုင်စွမ်းရှိရမည်။ ““ဆင်းရဲစမ်းကွာ တစ်နေ့ ချမ်းသာလာအောင် လုပ်ပြမယ်”” ဟုမာန်ဇွဲ၊ အံခဲ၍ ရုန်းကန် ကြိုးစားရမည်၊ ““အခြေအနေ မကောင်းလို့ ဆင်းရဲတာပဲ””ဟု အမွဲတွင်း၌ နှစ်သိမ့်ကျေနပ်နေမည်ဆို လျှင် ဘယ်နည်းနှင့်မျှ ချမ်းသာနိုင်မည် မဟုတ်ပါ။
ခရီးမထွက် သူသည်ဘယ်ကိုမျှ ခရီးမရောက်နိုင်၊ ခြေလျင်ခရီးနှင့် တင်းတိမ် နေလျှင် မော်တော်ကား၊ မီးရထား၊ အမြန်ယာဉ်များ ပေါ်
လာမည်မဟုတ်၊ လေယာဉ်ပျက်ကျမည်ကို ကြောက်နေလျှင် လေယာဉ် ခရီး သွားဖူးတော့မည် မဟုတ်ပေ။ လူ့ လောကတွင် အပျက်တရားကို ကျော်လွှား၍ အဖြစ်တရားကို တည်ဆောက် နိုင်မည်။
ဘ၀တွင်အားမန်၊ ဇွဲသတ္တိ၊ စိတ် ဓါတ် ကြံ့ခိုင်ဖို့လိုသည်။ ပျော့ညံ့၍မဖြစ်၊ စိတ်ယိုင်၍မဖြစ်၊ အားငယ်၊ အားလျောတတ်၍ မဖြစ်၊ အားတင်းထားရန် လိုသည်။ ““ငါမအိုသေး၊ ငါမသေသေး၊ ငါမရှုံးသေး၊ ငါမလျှော့သေး”” ဟူ၍ အဖန်တလဲလဲနှလုံး သွင်းထားရပေမည်။ လူ့ခန္ဓာကိုယ်တွင် နာကျင်မှုမှ အစဘ၀၏ နာကျည်းဘွယ်ရာများ ခံစားမှုများကိုလည်း တင်းခံနိုင်သော စိတ်ဓါတ်က ဝေဒနာခံစားမှုလျော့ပါး သွားစေနိုင်လေသည်။ စိတ်ကိုတင်းနိုင်ပါက စိတ်အင်အားလည်း ပို၍ ကြီးမားလာမည်။ တစ်ခါတရံ လူက အရှုံးနှင့်ကြုံပါစေ စိတ်က မရှုံးဖို့ လိုအပ်ပါသည်။
အချို့မကျန်းမာ၍ သေခါနီးလူမမာများ ပင်လျှင်သူတို့တွေ့လိုသော သံယောဇဉ် ကြီးမားသူများ ရပ်ဝေးမှရောက်မလာ မချင်း အသက်မကုန်သေးဘဲ၊ ဆန္ဒပြည့်ခါမှ အားမန်လျှော့လိုက်သည့် အလား အသက် ကုန်သွားသည်ကို တွေ့ဖူးပေမည်။ ဤသည်မှာ စိတ်တင်းအားကြောင့် အသက်ကိုဆွဲဆန့် ထားနိုင်သည့် သဘောပင်ဖြစ်သည်။ အချို့ သေလုမျောပါးခံစားရပြီးမှ အသက်ပြန်ရှင် လာသူများသည်လည်း “ငါမသေနိုင်ဘူး၊ ငါမသေရဘူး” ဟု စိတ်အားတင်းမှုများ ကြောင့် ဖြစ်ရသည်ကို တွေ့ရှိနိုင်ပေသည်။

ထို့ကြောင့်စိတ်အားတင်းခြင်းကို သေးငယ်သော အခါအခွင့်မှစ၍ သတိနှင့် လေ့ကျင့်ရန် လိုသည်။ အခက်ခဲတွေ့တိုင်း နောက်သို့ဆုတ်ဆိုင်း ရှောင်ဖယ်ခြင်း မပြုဘဲ ကြံ့ကြံ့ခိုင်နိုင်ရန် လေ့ကျင့်ထားရမည်။ ““အားတင်း ထားနိုင်သမျှ အရှုံးကိုလှမ်း၍ မမြင်နိုင်သေး၊ အောင်မြင်ရန်အလား အလာရှိနေဆဲ”” ဟူ၍ ဆိုရပေလိမ့်မည်။ ဘ၀ကို ရင်ဆိုင်နေရသော အသင်လူငယ်သည်လည်း ““အားတင်း၍သာ ထားစမ်းပါ”” ဟုတိုက်တွန်း လိုက်ရပါသည်။


ဂျွန်ဂျာလ (မိုးကောင်း)