Wednesday, July 22, 2009

ဘာသာတရားကို မြန်မာမှုပြုကြမည်ဆိုပါက (အပိုင်း ၃)


ဘာသာတရားကို မြန်မာမှုပြုကြမည်ဆိုပါက (အပိုင်း၃)

တက္ကသိုလ် ကျောင်းတော်သား ဘ၀က ဆရာကန်တော့ပွဲ တစ်ခုကို ပြန်သတိရမိပါသည်။ နွေရာသီတက္ကသိုလ် ကျောင်းမပိတ်မီ စာမေးပွဲများအပြီး ဆရာ ကန်တော့ပွဲ လုပ်လေ့ရှိပါသည်။ ကော်ဇော နီနီကြီးများကို ခင်းကာ ပန်းခြင်း၊ ပန်အိုးများနှင့် ခန်းခန်းနားနား ပြင်ဆင်ထားသည့် ခန်းမကြီးရှေ့မှာ ဆရာ၊ ဆရာမများကို နေရာ ပေးကြပါသည်။

ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူများကတော့ ကြမ်းပြင်ပေါ် ထိုင်ကာ ဦးချ ကန်တော့ကြရပါသည်။ ကျွန် တော်တို့က ခရစ်ယာန်များဖြစ်တော့ ဆရာ၊ ဆရာမများကို မကန်တော့ရဘူးဟု ထင်နေခဲ့ပါသည်။ ဆရာ၊ ဆရာမများကို ကန်တော့ပါက အပြစ် ဖြစ်သည်ဟု ထင်နေခဲ့ပါသည်။ ထို့ကြောင့် တခြား ကျောင်းသား၊ ကျောင်း သူများက ဦးချကန်တော့ကြသောအခါ ခါးအနည်းငယ် ကုန်းကာနေလိုက်သည်။ လူများ မရိပ်စားမိအောင် ကန်တော့ဟန် ဆောင်ခြင်းဖြစ်ပါသည်။ တချို့ခရစ်ယာန် ကျောင်းသားများကတော့ သည်အတိုင်း
ငုတ်တုတ်ထိုင်နေတာ တွေ့ရပါသည်။ တချို့ ကတော့ အပြင် ထွက်သွားကြသည်။

သည်နေရာမှာ ကျွန်တော်တို့၏ အပြုအမူသည် မည်မျှ ရိုင်းရာကျနေသည်ကို ထိုစဉ်က ကျွန်တော် မစဉ်းစားမိခဲ့ပါ။ ကျွန်တော်တို့၏ ကျောင်းနေဖက် သူငယ်ချင်းများက 'ခရစ်ယာန် ဘာသာတရား၏ အဆုံးအမမှာ မိဘနှင့်ဆရာသမားကို ရိုသေရမယ်ဆိုတာ ပါပုံမရဘူး" ဟု အထင် မှားစရာဖြစ်နေခဲ့တာကို ကျွန်တော် မရိမ် စားမိခဲ့ပါ။ ဆရာ၊ ဆရာမများကလည်း ခရစ်ယာန် ကျောင်းသားတွေ တော်တော် ရိုင်းစိုင်းကြတာပဲ။ ဆရာကို ဆရာမှန်း မသိကြလို့လား။ သူတို့ မိဘတွေကပဲ မသွန်သင်လို့လား။ ဒါမှမဟုတ် သူတို့ကိုးကွယ်တဲ့ ဘုရားရဲ့ တရားအဆုံးအမများမှာပဲ မပါလို့လားဟု ထင်စရာ ဖြစ်နေခဲ့တာကိုလည်း ကျွန်တော်မတွေးမိခဲ့ပါ။

ဘုရားပေး ဆုံးမတရားဖြစ်သည့် ပညတ်တော် (၁၀)ပါးတွင် ဘုရားအပေါ်မှာ လူသားတို့ စောင့်ရမည့်သီလ (၃)ပါး နှင့် လူလူချင်းစောင့်ရမည့် သီလ (၇)ပါးတွင် "မိဘတို့အား ရိုသေခြင်းကို ပြုပါ" ဟု ပထမ ဦးစားပေး ဆုံးမထားကို မှတ်ရပါသည်။ ဤနေရာတွင် "မိဘ" ဆိုသည်မှာ မွေးကျေးဇူးရှင်၊ ကျွေးကျေးဇူးရှင် မိဘနှစ်ပါး သာမကဘဲ မိဘနှင့် တစ်ဂိုဏ်းတည်းဖြစ်သောဆရာ၊ ဆရာမများနှင့် ကျေးဇူးရှင်များ၊ မိမိထက် အသက်၊ လုပ်အား၊ သိက္ခာ၊ ပညာ၊ ရာထူးစသည့် အရည်အချင်းသာသူများလည်း ပါဝင်ပါသည်။


မိဘဆရာ ကန်တော့ခြင်းသည် အလွန် မြတ်နိုးလေးစားစရာ မြန်မာ့ရိုးရာ ဓလေ့တစ်ခုဖြစ်ပါသည်။ ကမ္ဘာကြီးပေါ်က ဘယ်လူမျိုးစုမှာမှ မတွေ့နိုင်သည့် ကြည်နူးဖွယ်ရာ ဘိုးဘွားစဉ်လာ ထုံးတမ်း တစ်ခု ဖြစ်ပါသည်။ ခရစ်ယာန် တရားတော်နှင့် လုံးဝမဆန့်ကျင်ပါ။ ခရစ်တော်ဘုရားရှင် ဆုံးမတရားနှင့်လည်း ဘယ်တော့မှ မသွေဖီပါ။ အကယ်၍သာ ခရစ်တော် ဘုရားရှင်သည် မြန်မာတစ်ပါးအနေဖြင့် ကြွလာခဲ့ မည်ဆိုပါက အရှင်ဘုရား ကိုယ်တော်တိုင် မယ်တော်၊ အုပ်ထိန်းသူသံဇူဇယ်နှင့် ကျေးဇူးရှင် ဆရာ၊ ဆရာမများကို ဦးချကန်တော့မှာ သေချာပါသည်။ အရှင်မြတ်၏ တရားများ မှာလည်း "သင်တို့၏ မိဘနှင့် ဆရာများကို ရိုသေကြပါ။ သူတို့၏ ကျေးဇူးများကို ဦးထိပ်ထားကြပါ။ မိဘနှင့်ဆရာများကို ဦးချကန်တော့ကြပါ" ဟု သင်ကြားခဲ့မှာ သေချာပါသည်။

ရဟန်းမင်းကြီး ဒုတိယမြောက် ယောန်ဟန်ပေါလ်လူး အရှင်က... "ကိုးကွယ်မှု ဘာသာတစ်ခုဟာ သူ့ကို ယုံကြည် ကိုးကွယ်သည့် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု ဖြစ်မလာသေးသ၍ (ထိုလူမျိုး) လုံးလုံး လျားလျား၊ ပြည့်ပြည့်၀၀ လက်ခံစဉ်းစား ကိုးကွယ်ခံရသည့် ဘာသာတရားတစ်ခု မဖြစ်သေးပါ" ဟု ဆုံးမဖူးပါသည်။
ထိုသို့ဆိုပါက ဆရာကန်တော့ပွဲ က ကျွန်တော့အပြုအမူသည် ဘုရားရှင်၏ တရားတော်နှင့် သွေဖီနေသလို မြန်မာ လူမျိုးစစ်စစ်ဖြစ်သည့် ကျွန်တော့် ယဉ်ကျေးမှုဓလေ့နှင့်လည်း လုံးလုံးကြီး ဆန့်ကျင်နေပါလားဟု သံဝေဂရမိပါသည်။ ဘုရားရှင်၏ မြင့်မြတ်တော်မူလှသော တရားတော်တစ်ခုကို လူအများ နားလည်မှု လွဲစေအောင်လုပ်တာနှင့် အတူတူပဲ ဖြစ်တာကို စဉ်းစားမိပါသည်။ ခရစ်တော်ဘုရားရှင် ကိုယ်တော်တိုင် တည်ထောင်တော်မူခဲ့သော ကက်သလစ် သာသနာတော်ကြီးသည် ကမ္ဘာ့သာသနာတော် အစစ်ဖြစ်သလို မြန်မာ့သာသနာတော် စစ်စစ်လည်း ဖြစ်ပါသည်။

ရဟန်းမင်းကြီး ဆဌမမြောက် ပေါလ်လူးအရှင်က "အကယ်၍ တိုင်းပြည် တစ်ခုအတွင်း မှီတင်း နေထိုင်ကြကုန်သော လူမျိုးစုတို့သည် ထိုတိုင်း ထိုပြည်၏ လူမျိုးဖြစ်သည်ဟု သင်သတိမမူပါက၊ အကယ်၍ ထိုတိုင်း ထိုပြည်သားတို့၏ စကား၊ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု၊ အနုပညာတို့ကို သင်အသုံး မပြုပါက၊ ...သင်ဟောပြောသော တရားတော်သည် များများစားစား ခရီး တွင်မည် မဟုတ်ပါ"ဟု မိန့်ကြားခဲ့ပါသည်။


"ဘာသာတရားကို ယဉ်ကျေးမှုပြုခြင်း"မှာ အချိန်တိုင်း၊ နေရာဒေသတိုင်း၊ တိုင်းနိုင်ငံတိုင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတိုင်းမှ လူမျိုးစုတို့သည် အရှင်၏ တရားတော်မြတ်ကို ပိုမိုနားလည် ယုံကြည်လာဖို့ အတွက်ပင် ဖြစ်ပါသည်။ ခရစ်ယာန်ကျင့် စဉ်နှင့် ယုံကြည်ရာများကို လူမျိုးတိုင်း၏ ကိုယ်ပိုင် တွေးခေါ်ခံယူမှုများနှင့်
အညီပြန်လည် ပုံဖေါ်ပေးခြင်းလည်း ဖြစ်ပါသည်။

ထို့ကြောင့် ကက်လစ်ဘာသာကို မြန်မာ့ယဉ်ကျေးမှု ပြုမည်ဆိုပါက တခြား ရှည်ရှည်ဝေးဝေး မတွေးစေချင်သေးပါ။ များများစားစား မလှမ်းစေချင်သေးပါ။ အလိုအပ်ဆုံးနှင့် အခြေခံအကျဆုံး ယဉ်ကျေးမှုပြုခြင်းများ အမြောက်အမြား ရှိပါသည်။ ထိုအခြေခံများနှင့် စသင့်ပါသည်။


ဥပမာ- မြန်မာကက်သလစ် ဘာသာဝင်တို့၏ အနေအထိုင်၊ အပြောအဆို၊ ၀တ်စားဆင်ယင်ပုံ၊ သွားလာပုံများကို ယဉ်ကျေးမှုပြု နိုင်ပါသည်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာများကို ယဉ်ကျေးမှု ပြုနိုင်ပါသည်။ ရှေးအခါကတည်းက မြန်မာ့နီတိများ၊ ဆုံးမစာများ၊ ကျင့်ဝတ်များရှိပါသည်။ ထို့အပြင် မြန်မာ့ ယဉ်ကျေးမှု အရပ်ရပ်တွင် အိမ်၌ယဉ်ကျေးခြင်းများ ရှိပါသည်။ ထို အခြေခံများမှ စတင်ကာ ယဉ်ကျေးမှု ပြုနိုင်ပါသည်။

ယနေ့ ကက်သလစ်လူငယ်များနှင့် လူလတ်ပိုင်းများသည် ယဉ်ကျေးမှုဆိုတာ နားမလည်ကြတော့ပေ။ နီတိဆိုတာ စားစရာလား၊ သောက်စရာလားဟုပင် အထင်မှားချင် မှားနေကြပေမည်။ မကြားဖူး ကြတော့ပေ။ မိဘဆိုမိဘမှန်းမသိ၊ ဆရာဆို ဆရာမှန်းမသိ၊ ဘုန်းကြီး ဘုန်းကြီးမှန်း မသိ၊ လူကြီး လူကြီးမှန်း မသိကြချေ။ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးသိမ်မွေ့၊ ပြေပြစ်၊ တတ် သိလိမ္မာမှုမရှိကြတော့ချေ။ ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာများနှင့် သွေဖီနေကြပါသည်။ အသင်အကြားလည်း မရှိကြတော့ပါ။


သို့ပါသောကြောင့် ခရစ်တော်ဘုရားရှင်၏ အထူး အလွန်မြင့်မြတ် သိမ်မွေ့တော်မူသော တရားတော်များကို မြန်မာများ သိနားလည်ရအောင် ဘာသာတရားကို မြန်မာမှုပြုခြင်း အရေးကြီးလှ ပါကြောင်း သာဓကတစ်ခုအနေနှင့် ရေးသားလိုက်ပါသည်။


မာကု(ဒဿန)