Tuesday, July 7, 2009

ဘ၀ကိုအဆုံးသတ်လိုက်ချင်ပြီ


ဘ၀ကို အဆုံးသတ်လိုက်ချင်ပြီ


ကျွန်ုပ်နာမယ်နဲ့ရောက်လာတဲ့ စာတစ်စောင်ကို ဖောက်ဖတ်လိုက်တယ်၊ ဖတ်ရင်း ကျွန်ုပ်စိတ်ထဲ မကောင်းပါ ရေးထားသည် မှာ - - -

လေးစားရသောဘုန်းဘုန်း

ကိုယ်တော့်ဆီ တပည့်တော်စာရေးတဲ့ အကြောင်းကတော့ တပည့်တော် နောက်ဆုံး အနေနဲ့ ရင်ဖွင့်ခဲ့ ချင်တာရှိလို့ပါ။ တပည့်တော်က စိတ်ကျရောဂါသည် တစ်ယောက်ဖြစ်လို့ စိတ်ငြိမ်ဆေးတွေ သောက်ရတဲ့ အခါလည်း ရှိတယ်၊ နောက်နှစ်ဆိုရင် တပည့်တော် မရှိလောက်တော့ဘူး။ ဘ၀ကို အဆုံးသတ် လိုက်တော့မယ် ဒီလို လုပ်ချင်စိတ် ဖြစ်နေတာ အတော်ကြာပြီ အခုတော့ လုံးဝ ဆုံးဖြတ်လိုက်ပါပြီ။ တပည့်တော် ကိုယ့်လက်နဲ့ ကိုယ့်ကိုယ်ကို မစီရင်လည်း တပည့်တော်လို စိတ်မူမမှန်၊ ဘာမှသုံးမရတဲ့ လူဟာ မူမှန်စိတ်ရှိတဲ့ အနီးအနားက လူတွေရဲ့ ထိုးနှက်မှု အမျိုးမျိုးကြောင့် သေရမှာပါ၊ သူတို့က တပည့်တော်ကို ဒီလိုလုပ်ဖို့ ဘုရားသခင်ဆီက အာဏာ ရထားကြတဲ့သူတွေလား ထင်ရတယ်။

တပည့်တော် ခဏခဏ ငိုကြေးမိတယ်၊ အပြင်းအထန်ပါ။ ကိုယ်တော် - - - တပည့်တော် ဆုံးဖြတ်ထားတာကို လုပ်ဖို့ အင်အားရှိလာလို့ လုပ်ပြီးသွားခဲ့ရင် တပည့်တော်ကို အပြစ်လွှတ်ခြင်း ချမ်းသာ ပေးပါလို့။

ရိုသေစွာဖြင့်---

လို့စာကိုအဆုံးသတ်ပြီး အောက်မှာ လျို့ဝှက် နာမယ်နဲ့လိပ်စာကိုပါ ရေးထားတာတွေ့ရတယ်။ ကျွန်ုပ်ဆုတောင်း ပြီးနောက် ချက်ခြင်း သူ့ဆီ စာရေးဖို့ ပြင်လိုက်တော့တယ်။

ချစ်ခင်ရပါသောမိတ်ဆွေ-

ဘာကြောင့် အားလုံးကို ကျောခိုင်းရမှာလဲ၊ တောက်ပတဲ့ နေရောင်ခြည်ဟာ သင့်အတွက် ထွန်းလင်းနေတယ်၊ သင့်အတွက် လေပြေလေညင်း တိုက်ခတ်ပေးနေတယ်၊ ငှက်ကလေးတွေ သီချင်းဆိုနေတယ်၊ ပန်းတွေ သင်းပျံ့တဲ့ ရနံ့တွေပေးနေတယ်၊ ညမှာ ထူးဆန်းတဲ့ ကြယ်မျိုးစုံ လင်းလက်ပေးနေတယ် သင့်အတွက် ဘုရားဖန်ဆင်း ပေးထားတာတွေ အားလုံးကို အသိအမှတ် မပြုဘဲ ကျောခိုင်းမှာလား။

သေးငယ်တဲ့ ပိုးမွှားလေးတွေ အခက်အခဲကို အံတုပြီး အသက်ရှင်ဖို့ ရုန်းကန်နေတာ၊ နွယ်မြက် သစ်ပင်တွေ နေရောင်ခြည် မြင်ရအောင် အတင်းထိုးထွက်ပြီး ရှင်သန်ဖို့ ကြိုးစားနေတာတွေ သင်မြင်ရက်နဲ့ ပိုပြီး ကြီးကျယ်တဲ့ သင့်ဘ၀ကို ဘာကြောင့် အရှုံးပေး ရှင်းပစ် ချင်ရတာလဲ။

အလျှော့မပေးပါနဲ့ အပစ်ပယ်ခံဘ၀မှာ စိတ်အားငယ်စရာတွေကို ခုခံပြီး အသက်ရှင်နေတဲ့ သန်းပေါင်းများစွာသော လူတွေကို အတုယူပါ၊ ဥပမာ အနူရောဂါသည်တွေကို ကြည့်ပါ သူတို့ အဂါင်္တောင် မစုံတော့ဘူး၊ ရောဂါလှိုက်စားလို့ မျက်နှာ၊ ခြေလက်တွေ လူနဲ့မတူပဲ တခြား တိရိစ္ဆာန်တစ်မျိုးမျိုးနဲ့တောင် တူနေပါပြီ၊ လူကောင်းတွေရဲ့ အမြင်မှာ သူတို့ဟာ ဘာမှကို အသုံးမကျတဲ့ သတ္တ၀ါသဖွယ် ဖြစ်နေတယ်၊ ဒါပေမဲ့ ဒီအနူရောဂါသည်တွေရဲ့ နှလုံးထဲမှာ အသက်ရှင်ချင်သေးဆန္ဒ၊ နောက်ဆုံး ထွက်သက်ထိ ရှင်သန်ချင်တဲ့ ဆန္ဒလေး ကိန်းအောင်းနေတာကြောင့် ဖြစ်တဲ့နည်းနဲ့ သူတို့ အသက်ကို ဖက်တွယ်ထားကြတာ၊ ကိုယ့်ကိုယ်ကို စီရင်ပစ်တဲ့ သူတစ်ယောက်မှ မကြားဖူးဘူး။

ရောမလူမျိုးတွေ ပြောလေ့၊ ပြောထရှိတဲ့ စကားတစ်ခုက ““အသက်ရှုနေသေးသ၍ ထိုလူနာ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိတယ်””တဲ့။ အသက်ဆိုတာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့ အလင်းတန်းတစ်ခု ဖြတ်ကနဲ လင်းလက် သွားသလိုပါပဲ၊ လူ့ ဘ၀ဟာ တိုတောင်းလှတဲ့အပြင် တန်ဖိုး မဖြတ်နိုင်ဘူး ဆိုတာ သင်သိမှာပါ။
သိပ်မကြာသေးခင်က ဘုန်းဘုန်းတို့ကျောင်းမှာ ကြုံရတဲ့ အဖြစ်အပျက် တစ်ခုပြောပြချင်တယ်၊ ကျောင်းဝင်းထဲမှာ ဘဲခြံတစ်ခြံရှိတယ် ကျောင်း အုတ်တံတိုင်း နံရံတစ်ဖက်ကိုမှီပြီး ကျန်နံရံသုံးဖက်ကိုတော့ သံဇကာနဲ့ ခိုင်ခိုင်၊ မြင့်မြင့်ကာ ထားတယ် ဘဲကတော့ အားလုံး (၂၄)ကောင် ရှိတာ။

တစ်ညနေ အတော်လေး မှောင်လာတဲ့ အချိန်မှာ ဘဲခြံဖက်က ဆူဆူညံညံ အသံကြားရတယ်၊ ဘုန်းဘုန်း ထွက်ကြည့်တော့ ဘဲအားလုံး ခြံအပြင် ရောက်နေပြီး ဘုန်းကြီးကျောင်းတံခါးနားမှာ တိုးဝှေ့စုပြုံ၊ ဂဏှာမငြိမ် ဖြစ်နေကြတာ ဘဲခြံတံခါးကို သွားကြည့်တော့ သော့ခတ် ရက်သားပဲ။ ဘုန်းဘုန်းလည်း လုံးလုံး အံ့သြသွားတယ် ဒီလောက်မြင့်တဲ့ ခြံကို တံခါးမဖွင့်၊ အပေါက်မရှိဘဲနဲ့ ဒီလို မပျံနိုင် လေးလံတဲ့သတ္တ၀ါ၊ စဉ်းစားညာဏ်ဆိုတာလည်း မရှိသလောက် အမျိုးအစား ခြေအပြားကြီးနဲ့ ယိုင်တိုင်တိုင်သာ လမ်းလျှောက်နိုင်တဲ့ ဘဲတွေ ဘယ်လိုလုပ်များ အပြင် ရောက်လာကြတာလဲ။ အံ့သြလွန်းလို့ ခြံစောင့် အဖိုးကြီးကိုခေါ်ပြီး ဘဲခြံလိုက်စစ်တော့ အကြောင်းရင်းကို တွေ့ပါပြီ ဘဲတွေ ဖမ်းစားဖို့လာတဲ့ မြေခွေး ခြေရာတွေပေါ့၊ ဘဲခြံတစ်ဖက်ဖြစ်တဲ့ အုတ်တံတိုင်းနံရံကို အပြင်ဖက်ကနေ အဲဒီ မြေခွေးက မြေကြီးကို ယက်ပြီး ထွင်းဖေါက်ထားတာ ၀င်လို့ ရတာနဲ့ ဘဲတွေ တစ်ကောင်ပြီး တစ်ကောင် ပွဲတော် တည်ဖို့ပေါ့။

ဘဲတွေဟာ မြေခွေးရန်က လွတ်ဖို့ ဒီလိုမြင့်မားတဲ့ သံဇကာကို အလုအယက် တွယ်တက်ပြီး ထွက်ပြေးခဲ့ကြတာပဲ၊ အသက်ရှင်ရေး အတွက်လေ။

ဒါပါပဲ စဉ်းစားညာဏ်နည်းလှတဲ့၊ မနက်ဖန် သဘက်ခါ ဟင်းအိုးထဲရောက်မဲ့ ဘဲတွေတောင် အသက်ရှင်နိုင်ခွင့် ရဖို့ အသေအလဲ ရုန်းကန်ခဲ့ကြပါတယ်။ သင်ဖြတ်ပစ်ချင်တဲ့ ဒီအသက်ဆိုတဲ့အရာကို သင့်လောက် တန်ဖိုးမရှိတဲ့ သတ္တ၀ါလေးတွေက သူတို့ အသက်အတွက် မယုံနိုင်အောင် ရုန်းကန် ကာကွယ်ခဲ့ကြတယ်လေ။

ရောဂါကြောင့်လို့ သင်အကြောင်း မပြသင့်ဘူး၊ ရေဂါက အသက်ကို ဒုက္ခမပေးနိုင်ပါဘူး ခန္ဓာကိုယ် ပုပ်ရင်တောင် မသေနိုင်တဲ့ အသက်ကို ဘုရားသာ ပိုင်ပါတယ်။ ဘုရားပိုင်တဲ့ အသက်ကို ကိုယ့်သဘောနဲ့ကိုယ် ဖျက်ဆီးပြစ်ရင် ဘုရားကို အံတုရာ ရောက်သွားပါလိမ့်မယ်။

ကျွန်တော်ရဲ့ ဒီလို စိတ်နာကျနေတဲ့ အသက်က ဘာအသုံးကျမှာလဲ ဆိုတဲ့ မေးခွန်း မမေးပါနဲ့၊ ဘုန်းဘုန်းက ဖန်ဆင်းရှင် ရွှေညာဏ်တော်ရှင် မဟုတ်လို့ မဖြေနိုင်ဘူး။ ဒါပေမဲ့ ဘယ်သက်ရှိမှ အသုံးမကျဘူးဆိုတာ မရှိဘူးဆိုတာကိုတော့ ဘုရားအလင်း ကျေးဇူးတော်ကြောင့် သိနားလည်ထားတယ်။ သဲသောင်ပြင်က သဲမှုံတွေ၊ မိုးပေါ်ကကြယ်တွေ မရေမတွက်နိုင်အောင် များလွန်းလို့ မတည်ရှိလိုက်ရတဲ့ သဲတစ်မှုံ၊ မလင်းလက်လိုက်ရတဲ့ ကြယ်တစ်ပွင့်မှ မရှိပါဘူး။



Ref:
"Reflections for Teenager" Our Lady of Bandal, May-2005

အင်ဝိုင်းပန်