Wednesday, June 17, 2009

ဘာသာတရားနှင့် ယဉ်ကျေးမှု


ဘာသာတရားနှင့် ယဉ်ကျေးမှု

ကမ္ဘာပေါ်ရှိ လူသားတိုင်း အစာစားကြပါသည်။ တချို့လူမျိုးများက ပေါင်မုန့်ကို စားကြပါသည်။ တချို့မှာ (ထမင်း) သို့မဟုတ် ပြောင်း၊ လူး၊ ဆတ်ကို စားကြသည်။ သို့သော် စားပုံစားနည်းမတူညီကြပါ။ ဥရောပသားများ ကဓါးနှင့်ခရင်းကို သုံးကြသည်။ တရုတ်လူမျိုးများက တူဖြင့်စားကြသည်။ မြန်မာလူမျိုးများကမူ လက်ယာလက်ဖြင့် စားသောက်ကြသည်။

ညအချိန်တွင် လူတို့အိပ်စက်အနားယူတတ်ကြပါ သော်လည်း အိပ်ပုံချင်းမတူကြပေ။ တစ်ချို့လူမျိုးများက (အထူးသဖြင့် အေးသောအရပ်ဒေသများမှ လူမျိုးများက) မှို့ယာနှင့် ခုတင်ပေါ်အိပ်သော်လည်း တချို့လူမျိုးများကမူ နှီးဖြာပေါ်မှာ အိပ်ကြသည်။

နေ့စဉ်စကားပြောဆိုရာတွင် အချို့ဘာသာစကား များတွင် ““မင်းနှင့်ငါ”” သာရှိသော်လည်း တချို့ဘာသာ စကားများတွင်မူ ““မင်းနဲ့ငါ”” သာမကဘဲ ““ခင်ဗျားနှင့်ကျွန်တော်””၊ ““ဘုရားနှင့်တပည့်တော်”” ဟုအဆင့်ဆင့် သုံးနှုန်း ပြောဆိုတတ်ကြပါသည်။ တချို့လူမျိုးစုများတွင် ရှုးဖိနပ်စီးသွားပါမှ လူတကာ လက်ခံကြသော်လည်း တချို့လူမျိုးများတွင်မူ ဖိနပ်စီးကာ အိမ်ဦးခန်းသို့ဝင်ပါက် ရိုင်းရာကျလေသည်။


ထို့ကြောင့် ယဉ်ကျေးမှုဆိုသည်မှာ လူမျိုးစုတစ်ခု၏ ““သက်ရှင်သွားလာ နေထိုင်စားသောက် ၀တ်ဆင်ပြောဆိုပုံ”” ဟု အကြမ်းအားဖြင့် ခေါ်ဆိုရပေမည်။


လူမျိုးစုတို့၏ နေထိုင်ရာဒေသအလိုက် ၀တ်ပုံ၊ စားပုံ၊ နေထိုင်ပုံ၊ ပြောဆိုဆက်ဆံပုံ၊ ပစ္စည်းကရိယာသုံးစွဲပုံ၊ ဓလေ့ထုံးစံ၊ သင်္ကေတ၊ နီတိ၊ ဆိုဆုံးမစကား၊ အနုပညာ၊ ပန်းချီပန်းပု၊ လက်မှုစက်မှုအသုံးပြုပုံ၊ စိုက်ပျိုးပုံ၊ မွေမြူပုံ စသည်တို့ကို ယဉ်ကျေးမှုဟု တစ်ပေါင်းတစ်စည်းတည်းခေါ် ဆိုရပေမည်။


မြန်မာလူမျိုးများ၏ သက်ရှင်သွားလာနေထိုင်စား သောက်ဝတ်ဆင်ပြောဆိုပုံတို့ကို မြန်မာ့ယဉ်ကျေးမှုဟုခေါ် ရပါမည်။ တရုတ်၊ ကပ္ပလီ၊ အိန္ဒိယယဉ်ကျေးမှု စသည်ဖြင့် ခေါ်ဆိုကြပါသည်။


ထိုယဉ်ကျေးမှုများသည် နေရာဒေသလိုက်ကာ ကွဲတတ်ကြပေသည်။ တောင်ပေါ်မြေပြံ့အလိုက် မတူညီ တတ်ကြပေ။ ပူသောဒေသနှင့် အေးသောဒေသနှင့် အညီ ကွဲတတ်ကြပြန်ပါသည်။


မြန်မာလူမျိုးတို့သည် အနန္တော အနန္တငါးပါးကို ရိုသေရှိခိုးရုံအက ပသကါကြီးသူ ၀ါကြီးသူကို ငယ်သူက ရိုသေ လေးစားကြလေသည်။ ““အသက်ကြီးငယ်၊ ၀ါကြီးငယ်ကို၊ လွှဲဖယ်မသွေ၊ နှိမ့်ချလေ”” ဟူ၍အမြဲ ဂရုပြုနေတတ်ကြပါသည်။


အသက်ကြီးသူ၊ ၀ါကြီးသူများရှေ့မှ ဖြတ်သန်းသွား လာခြင်း၊ ကျော်ခွသွားလာခြင်း မပြုကြချေ။ အကယ်၍ မလွဲ
သာလို့ သွားလာဖြတ်သန်းရပါက ခေါင်းငုံ့ကာ ခါးညွှတ်လျက် သွားကြသည်။ ပါးစပ်မှာလည်း ““ကန်တော့နော်”” ဟုဆိုတတ်ကြသည်။ တစ်စုံတစ်ခုကိုပေးလျှင်ဖြစ်စေ၊ ယူလျှင်ဖြစ်စေ၊ လက်နှစ်ဖက်နှင့် ယူကြပေးကြသည်။

လူကြီး သူမများ ရှေ့သော်လည်းကောင်း၊ ဘုရားပုံတော်၊ ဘုရားစဉ်၊ ရဟန်း ဘုန်းကြီးများ ရှေ့တည့်တည့် သို့သော် လည်းကောင်း ခြေထေက်ဆန့်တန်းခြင်း၊ ကျော်ပေးထိုင်ခြင်း မပြုကြချေ။


ထိုင်ရာတွင်လည်းတင်ပါးလွှဲထားလျက် ကျို့ကျို့ရို့ရို့ ထိုင်ကြလေသည်။ ဘုရား၊ ပုထိုးစေတီရှေ့တွင်လည်း ရဟန်းဘုန်းကြီးနှင့်မင်းစိုးရာဇာမှအစ မြန်မာအားလုံး တင်ပါးလွှဲထိုင်ကာ လက်ရှိခိုးလျက် ရိုသေသမှုပြုတတ်ကြ ပါသည်။ လမ်းမှာတွေ့ဆုံလျှင်လည်း ဖိနပ်ချွတ်ကာ ခြေစုံရပ်၍ လက်နှစ်ဖက်ကန်တော့ထိုးကာ ရှိခိုးနှုတ်ဆက်တတ်ကြ ပါသည်။


ဆရာသမားများ၊ လူကြီးသူမများနှင့် စကားပြော သောအခါ လက်ပိုက်၍ပြောဆိုကြလေသည်။ သို့သော် ဘုရားနှင့်ဘုန်းတော်ကြီးများနှင့်မူ လက်ရှိခိုးကာပြောဆို ကြလေသည်။


လူကြီးများနှင့်အတူထိုင်ရာတွင် ငယ်ရွယ်သူက မိမိထက်အသက်ကြီးသူထက်မြင့်သောနေရာတွင် မထိုင်ကြချေ။ ထမင်းဝိုင်းတွင်လည်း ““မိဦး၊ ဖဦး၊ ဆရာဦးကို ခူး၍ အလျင်မစားနှင့်”” ဟုဆုံးမစကားအတိုင်း
မိဘဆရာလူကြီးသူများကို ဦးမချဘဲ မစားကြချေ။ နံနက်စာ ဖြစ်ပါက ဘုရားဆွမ်းတော် မတင်မီ၊ သံဃာများအား ဆွမ်းမလောင်းမီ ခူးခပ်မစားကြပေ။

စကားပြောဆိုရာတွင်လည်း အသက်အရွယ်လိုက် ကာ ““မင်းနဲ့ငါ””၊ ““ခင်ဗျားနှင့်ကျွန်တော်”” ဟုပြောဆိုတတ်ကြ ပါသည်။ ဘုန်းတော်ကြီး သို့မဟုတ် ဘုရားနှင့်စကားပြောပါက ““ဘုရားနှင့် တပည့်တော်”” ဟုပြောကြပါသည်။


ဤသည်တို့ကိုစုပေါင်းကာ ခေါ်ဆိုရပါက မြန်မာ့ယဉ်ကျေးမှုဟု ခေါ်ဆိုရပေမည်။ မြန်မာ့ယဉ်ကျေးမှု များတွင်တစ်ချို့သည် အရှေ့တောင်အာရှမှ တခြားသောလူ မျိုးများ၏ ယဉ်ကျေးမှုနှင့် ဆင်ကြပါသည်။ သို့သော် အနောက်နိုင်ငံများနှင့်မူ ပြောပုံ၊ ဆိုပုံ၊ နေပုံ၊ ထိုင်ပုံ၊ ၀တ်စား ဆင်ယဉ်ပုံတို့သည် အလွန်ကွာခြားတာကိုတွေ့ရပါသည်။


ကိုးကွယ်ယုံကြည်မှုကြောင့် ခရစ်ယာန်ဖြစ်လာသော မြန်မာလူမျိုးခရစ်ယာန်များဤအချက်ကို သဘောပေါက်ထားရပါမည်။ ခရစ်ယာန်ဘာသာကို ကြည်ညိုသဒ္ဓါပွားကာ ခရစ်ယာန်ဖြစ်လာပါသော်လည်း
ခရစ်ယာန်လူမျိုးသည် ကမ္ဘာပေါ်မှာ ဘယ်တုံးကမှ မရှိခဲ့ပါ။

ထို့ကြောင့် မြန်မာတစ်ဦးသည် ခရစ်ယာန်ဘာသာ ၀င်တစ်ယောက်ဖြစ်လာသောအခါ လူမျိုးမှာ မြန်မာပဲ ဖြစ်ပါသည်။ သူ့လူမျိုးမှာ မြန်မာဖြစ်သလို သူ့ယဉ်ကျေးမှုသည်လည်း မြန့်မာ့ယဉ်ကျေးမှုသာ ဖြစ်ပါသည်။


သူ့ကိုးကွယ်ဝတ်ပြုပုံတို့သည် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် တစ်သားတစ်ထပ်တည်း ကျရပါမည်။ သူ့အနေအထိုင်၊ အေပြာအဆို၊ သွားလာပုံများသည်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဖြစ်ရပါမည်။ သူ့ဟန်ပန်များ သည်လည်း မြန်မာ့ဟန်ပန်များဖြစ်နေရပါမည်။ သူ့သမိုင်းသည်လည်း မြန်မာ့သမိုင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ရပါမည်။ မြန်မာမြေပေါ်မှာ မြန်မာခရစ်ယာန် တစ်ဦး အဖြစ်မြင်တွေ့နိုင်ရပါမည်။ အမိမြေပေါ်မှာခြေနှစ်ချောင်း လုံးစုံရပ်နိုင်သည့် မြန်မာခရစ်ယာန်များ ဖြစ်ကြရပါမည်။


တစ်ခါတစ်ရံ အကြောင်းတစ်စုံတစ်ခုကြောင့် မိမိယဉ်ကျေးမှုကို ပွေ့ပိုက်ခွင့်မရ (သို့မဟုတ်) ပိတ်ပင် တားဆီးခြင်းခံရပါက မိမိ အမျိုးသားချင်းကို စော်ကားခြင်းပင် ဖြစ်ပါသည်။ မြန်မာ ခရစ်ယာန်တစ်ဦးသည် မိမိကိုယ်တိုင်က မိမိယာဉ်ကျေးမှုကို လျစ်လျူရှုလိုက်ပါက မိမိဇာတိမွေးရပ်မြေနှင့် လူမျိုးပျောက်ဆုံးခြင်းပင် ဖြစ်သွားပါလိမ့်မည်။


မိမိဘာသာတရားသည် တစ်စိမ်းအသွင် ၀င်သွားပါ လိမ့်မည်။ မိမိ အမျိုးသားချင်းအကြားမှာ မိမိသည် နိုင်ငံခြားသား အသွင်ဝင် နေပါလိမ့်မည်။ မိမိ ဘာသာတရားသည်လည်း နိုင်ငံခြားဘာသာအဖြစ် အမြင် မှားနေကြပါလိမ့်မည်။


ပျံလွန်တော်မူသွားပြီ ဖြစ်သော ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး အရှင်မြတ်က ““ဘုရားရှင် သည် ကျွန်ုပ်ကို ရွေးကောက်တော်မူသောကြောင့် ရဟန်းမင်းကြီး ဖြစ်လာတာနှင့်ချက်ချင်း ကက်သလစ်သာသ နာတော်ကြီးသည် ယဉ်ကျေးမှုနှင့်အညီ အတူယှဉ်တွဲရှိနေဖို့ အရေးပါလှတာကို မြင်တွေ့မိခဲ့ပါတယ်။ အဲလိုဖြစ်ဖို့လဲ အချိန်အခါ ရောက်နေပါပြီ။ လူတစ်ယောက်အတွက် သူ့ဘ၀ကြီးကို ပြည့်ပြည့်၀၀ ရှင်သန်နိုင်ဖို့ ယဉ်ကျေးမှုဟာ မရှိမဖြစ် လိုအပ်လှပါတယ်။ လူသားတို့၏ အနာဂါတ်များဟာ သူတို့၏ ယဉ်ကျေးမှုမှာ သာတည်ရှိနေပါတယ်။...””


““အဲသလိုပါပဲ ခရစ်ယာန်ယုံကြည်မှုနှင့် ယဉ်ကျေးမှု ဟာခွဲခြားမရအောင် ယှဉ်တွဲနေကြပါတယ်။...””


ရဟန်းမင်းကြီး အရှင်သူမြတ်က ဆက်လက်၍ ““ယုံကြည်မှုတစ်ခုဟာ သူ့ကိုယုံကြည် ကိုးကွယ်သည့် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု ဖြစ်မလာသေးသ၍ (ထိုလူမျိုးက) လုံးလုံးလျားလျား၊ ပြည့်ပြည့်၀၀ လက်ခံစဉ်းစား ယုံကြည်ကိုးကွယ်ခံရသည့် ယုံကြည်မှုတစ်ခု မဖြစ်သေးပါ။”” ဟု မိန့်ကြားခဲ့ဖူးပါသည်။


မြန်မာခရစ်ယာန်များ စဉ်းစားစရာအဖြစ် တင်ပြလိုက်ပါသည်။ မြန်မာခရစ်ယာန်များ မိမိတို့ယဉ်ကျေး မှုများကို တန်ဖိုးထားနိုင်ကြပါစေ။

မာကု ( ဒဿန )