Monday, June 1, 2009

စဉ်းစားမိသလောက် ပြောကြည့်ချင်ပါသည်


စဉ်းစားမိသလောက် ပြောကြည့်ချင်ပါသည်



မြန်မာ့ကက်သလစ် သာသနာတော်နှင့် မြန်မာမှုပြုခြင်း၊ ကျွန်တော်တို့ ခေါတ်အခါနှင့် သာသနာပြုများ၏ ကျေးဇူးတစ်ချို့ကို စဉ်းစားမိသလောက် ရေးသားလိုပါသည်။
စာဖတ်သူအတွက် ““ဟိုဟာက ဘယ်လိုလည်း”” ဟုတ်မှဟုတ်ရဲ့လားဟု အငြင်းပွါးစရာများ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ကျွန်တော်တို့ မြန်မာကက်သလစ် ခရစ်ယာန်များအားလုံး (အထူးသဖြင့် မန္တလေး ကက်သလစ်သာသနာအနေဖြင့်) တစ်ခုတော့ ရိုးရိုးသားသား ၀န်ခံရပါလိမ့်မည်။ အဲဒါကတော့ ခရစ်တော်ဘုရားရှင်၏ တရားတော်ကို တစ်ခါမှမကြားဖူးသေးသော နေရာဒေသများများစွာ ရှိနေသေးတယ်ဆို တာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့သည် ရှေးယခင် အထက်ထက်က သာသနာပြုများမျိုးစေ့ကြဲချခဲ့သည့် မြို့ရွာများမှာပဲ တရားတော်ကို ဟောပြောနေကြပါသည်။ တစ်နည်းပြောပါက သာသပြုများ ဘုရားစကားသင်ခဲ့သည့် ရွာမှာပဲ ကျွန်တော်တို့လည်း ဘုရား စကားသင်ခဲ့သည့် အတိုင်း အမေးအဖြေလောက်ကပဲ မတက်နိုင်ကြသေးပါ။ သူတို့ စခဲ့သည့် ရွာမှာပဲ ဧ၀ံဂေလိတရားတော်ကို ဆက်တိုက်ဟောနေကြပါသည်။ ထိုမြို့ ရွာများမှာပဲ ရှေးယခင်က အတိုင်း ၀တ်ပြုကိုးကွယ်ကြပါသည်။ စက္ကရမင်တူး မင်္ဂလာပေးနေကြပါသည်။ မြန်မာစာ မြန်မာစကား မတတ်တတတ်နှင့် ပြန်ဆိုခဲ့သည့် သူတို့၏ ဆုတောင်းမေတ္တာစာအုပ်များကိုပဲ သုံးနေကြဆဲ ဖြစ်ပါသည်။
ရှေးယခင်သာသနာပြုများတွင် တစ်ချို့မှာဒတ်ခ်ျ၊ သြစတြီးယား၊ အိုင်ယာလန်လူမျိုးများဖြစ်ကြပါသည်။ အမေရိကန်လူမျိုးများလည်း ပါသေးသည်။ ထို့ကြောင့် ခရစ်တော်ဘုရား သင်ကြားတော်မူခဲ့သော တရားတော်တွင် ဥရောပလေသံနှော ပါနေပါလိမ့်မည်။ ကျွန်တော်တို့၏ ၀တ်ပြုဆုတောင်းပုံသည် အမေရိကန် ပုံပေါက်နေပါမည်။ ဘုရားဝတ်ပြုရာတွင် ခြေထောက်နှင့်လက်၊ ခေါင်းနှင့် ခန္စာထားသိုပုံများတွင် ဥရောပဆံ နေပါလိမ့်မည်။ နိုင်ငံခြားအမူအရာများ ကပ်ပါနေပါလိမ့်မည် အမေရိကန် လူမျိုးတစ်ဦးဘာသာပြန်ဆိုခဲ့သော ကျမ်းစာတော်မြတ်သည် မလိုဘဲ ဘိုသံ ပေါက်နေပါမည်။
ကျွန်တာ့်အနေနှင့် ရှေးဦး သာသနာပြုဖခင်ကြီးများ၏ ကျေးဇူးကို အမြဲအစဉ် ဦးထိပ်ထားပါသည်။
ရှေးဦးသာသနာပြုကြီးများသည် သာသနာ့ အာဇာနည်များ ဖြစ်ပါသည်။ သာသနာတော်အတွက် ခရစ်တော် ဘုရားရှင်အတွက် ကျွန်တော်တို့ မြန်မာလူမျိုးများအတွက် မိမိကိုယ်ကိုပူဇော်ဆက် ကပ်ထားခဲ့ကြသူများ ဖြစ်ပါသည်။ သာသနာတော် သင်ကြားသည့်အတိုင်း ကျွန်တော်တို့ကို လက်ထပ်သင်ကြား ပေးခဲ့ကြပါသည်။ ထိုခေတ် ထိုအခါက ကာလံဒေသံ အလိုက် တရားတော်အမွေကို ပေးထားခဲ့ကြပါသည်။
ယခုအခါ ကျွန်တော်တို့နောက် ပြန်လှည့်ကြည့်မည် ဆိုပါက အချိန်ကာလ ဆိုတာလည်း အတော်ကြာခဲ့ပါပြီ။ ခေတ်တွေလည်း ပြောင်းခဲ့ပါပြီ။ စံနစ်တွေလည်း ပြောင်းသွားပါပြီ။ ကျေးဇူးရှင်သာသနာပြုကြီးများ ပင်မရှိကြတော့ပြီ။ သာသနာတော်ကြီးသည်ပင် ဒုတိယဗာတီကန်သံဃာယနာတင် အစည်းအဝေးကြီးဖြင့် သွန်သင် ချက်တစ်ချို့ကို ပြုပြင်ပေးခဲ့ပါပြီ။ ၀တ်ပြုနည်း တစ်ချို့ကို အသစ်ပြုပေးခဲ့ပါပြီ။
သေချာစဉ်းစားပါက သူတို့ဘ၀တွေနှင့် အသက်တွေကိုရင်းပြီး ပေးထားခဲ့သည့် သာသနာ့ အမွေကြီးကို ကျွန်တော်တို့ မြန်မာတိုင်းရင်းသား စစ်စစ်များက သူတို့စပေးထားခဲ့သည့်အတိုင်း ကိုင်ထားနေသေးတာ ကိုတော့ သူတို့ စိတ်မကောင်းဖြစ်နေကြမှာပါ။
သူတို့ခေတ် သူတို့ချိန်ခါက အတိုင်း မူမပျက်၊ ဟန်မပျက်ပဲ လက်ရာမယွင်း ထားတာကို မြင်တွေ့ပြီး နောင်တမလွန်မှနေ အားမလိုအားမရ ဖြစ်နေကြမှာပါ။ မြန်မာစာ မတတ်တတ်နှင့် သင်ပေးခဲ့သော ဘာသာစကားလုံးများကို မြန်မာစစ်စစ်များက သူတို့အတိုင်း မပီကလာပီကလာ သုံးနှုန်း ခေါ်ပြောနေတာကို ကြားနိုင်ပါက သူတို့ စိတ်ထိခိုက် မိကြပါလိမ့်မည်။
သူတို့စခဲ့သည့် မြို့ရွာများမှာပဲ ကျွန်တော်တို့ဝဲနေကြတာကြောင့် အားမရ ဖြစ်နေပါလိမ့်မည်။ သူတို့လုပ်ခဲ့တာလောက်နှင့်ပဲ မြန်မာတိုင်းရင်းသားများက ကျေနပ်နေကြတာကို ဂရုဏာ ဒေါသောနှင့် စိတ်တိုစိတ်ဆိုး ဖြစ်နေကြမှာပါ။ သူတို့ ခေတ်သူတို့အခါက ကက်သလစ်သာသနာတော်ကြီး သင်ကြားသည့်အတိုင်း တသဝေမတိမ်းလိုက်ခဲ့ကြသူများ ပီပီ ကျွန်တော်တို့ကို ကြည့်ကာ တမလွန်ဘ၀ကနေ စိတ်မချမ်းသာ ဖြစ်နေကြမှာလို့ပဲ ကျွန်တော်ယုံကြည်ပါသည်။
ထိုကြောင့် သာသနာပြုကြီးများ မသွားနိုင်ခဲ့သည့်နေရာဒေသများသို့ ကျွန်တော်တို့ သွားကြပါစို့။ သူတို့ချစ်မြတ်နိုးခဲ့သော အမိမြန်မာပြည်ကြီးနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ကျွန်တော်တို့လည်း တန်ဖိုးထားကြပါစို့။ သူတို့ချန်ထားခဲ့သည့် သာသနာတော်ကြီးကို မြန်မာအနုပညာများဖြင့် တန်ဆာဆင်ကာ ကျေးဇူးဆပ်ကြပါစို့။
တစ်နည်းဆိုရပါက မွန်မြတ်လှသည့်တရားတော်ကို မြန်မာစစ်စစ်က မြန်မာစစ်စစ် နောက်တစ်ဦး သဘောပေါက်နားလည် လက်ခံနိုင်အောင် ဟောပြောကြပါစို့။ တရားတော်ကို မြန်မာ့တရားတော်စစ်စစ် အဖြစ် လက်ခံနိုင်အောင် မြန်မာမှုပြုကြပါစို့။ မြန်မာများတို့သည် တရားတော်နှင့် သာသနာတော်ကို သူစိမ်းသူရံတာ ဖြစ်မနေစေဘဲ မိမိအပိုင်၊ မြန်မာ့အပိုင်၊ မြန်မာ့အမွေ အနှစ်အဖြစ် ခံစားလာစေရအာင် လုပ်ဆောင်ကြပါစို့ဟု။

မာကု ( ဒဿန )