Monday, June 29, 2009

မေး/ဖြေ။။ မိမယ်တော်ကို ဘာကြောင့် နာမည်အမျိုးမျိုးမှည့် ခေါ်ကြတာလဲသိပါရစေ။


မေး။ အမိမယ်တော်ကို ဘာကြောင့် နာမည်အမျိုးမျိုးမှည့် ခေါ်ကြတာလဲသိပါရစေ။

ဖြေ။ ပထမဦးဆုံး သိရှိနားလည်ထားရမယ့် အချက်ကတော့ အမိမယ်တော်ကို နာမည်အမျိုးမျိုးနဲ့ မှည့်ခေါ်ကြပေမဲ့လို့ မယ်တော်ဟာ ခရစ်တော်ဘုရားရှင်ရဲ့ တစ်ပါးတည်းသော မယ်တော်ဖြစ်တယ် ဆိုတာပါပဲ။ နာမည် အမျိုးမျိုးကွဲပြားရခြင်းရဲ့အကြောင်းကတော့
  • မယ်တော်မာရီယားထင်ရှားပြခဲ့တဲ့နိုင်ငံ၊ နေရာဒေသနဲ့ ပြသတဲ့လူမျိုး အခြေအနေပေါ်မူတည်ပြီး ကွဲပြားသွားရခြင်း ဖြစ်ပါတယ်။
  • နောက်တစ်ချက်ကတော့ တစ်ချို့နေရာတွေမှာ မယ်တော် ကိုယ်တိုင် ထင်ရှားမပြပေမဲ့လို့ တချို့ ထူးခြားတဲ့မယ်တော်ဆင်းတုများက ပုံစံအမျိုးမျိုးနဲ့ သတိပေးတာမျိုးက စတင်ပြီး နေရာဒေသကို အစွဲပြု အမည်တွင်လာတာ မျိုးရှိတတ်ပါတယ်။ ဥပမာ ဆိုရင် မြန်မာနိုင်ငံမှာ မြန်မာပြည်အတွက် ချမ်းသာကုန်း မယ်တော်မျိုး၊ အောက်မြန်မာနိုင်ငံမှာ ညောင်လေးပင်မယ်တော်မျိုးတို့ဟာ ဒီသဘောမျိုးထဲမှာ ပါဝင် ပါတယ်။
  • ကမ္ဘာပေါ်မှာ မယ်တော်သခင်မ ထင်ရှားပြတယ်လို့ နေရာတော်တော်များများမှာ ပြောကြပေမဲ့လို့လည်း အသင်းတော် အသိအမှတ်ပြုထားတာတွေကတော့ အရည်အတွက် သိပ်မများလှသေးပါဘူး။ တချို့ ထင်ရှားတာတွေကို အနည်းငယ် တင်ပြပါမယ်။
ဒီလူ့ကမ္ဘာမှာ အထင်ရှားဆုံးကတော့ Our Lady of Lourda လို့ခေါ်တဲ့ လုဒယ် မယ်တော်ပဲဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ မြောက်ပိုင်း လုဒ်မြို့နားက မာဆီဘီလီဆိုတဲ့ ဂူနားမျာ အလွန်ဆင်းရဲနွမ်းပါးတဲ့ အသက် ၁၄ နှစ်အရွယ် ဘာနာဒက်ဆိုတဲ့ မိန်းကလေးစင်ကို ၁၈-ကြိမ်တိုင်တိုင် ထင်ရှားပြခဲ့ပါတယ်။
မယ်တော်ပြောတဲ့အဓိက သတင်းစကားကတော့
  • အပြစ်သားများ အကျင့်ပြောင်းလဲပြီး ကောင်းအမွန်သော အသက်တာနှင့် နေထိုင်ရန် ဆုတောင်းရန် ဆုတောင်းခြင်းနှင့် အပြစ်ဒဏ် ဆပ်ဖြေခြင်းတို့သည် လိုအပ်ကြောင်း
  • သူမသည် အပြစ်မဲ့ သန္ဓေယူသော သခင်မဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒုတိယ ထင်ရှားတဲ့ ရူပါရုံကတော့ ဖာတီမာမယ်တော် ဖြစ်ပါတယ် မယ်တော်ဟာ ပေါ်တူဂီနိုင်ငံ၊ ဖာတီမာမြို့မှာ ၁၉၁၇ ခု မေလ ၁၃ရက် ကနေ အောက်တိုဘာလ ၁၃ရက် အထိ ၄ ကြိမ်တိုင်တိုင် ကလေး ၃ဦး ဖြစ်တဲ့ လူစီယာ ၁၁နှစ်၊ ဖရန်စစ် ၉နှစ် နဲ့ ဂျာစင်တာ ၇ နှစ်တို့ကို ထင်ရှားပြခဲ့ပါတယ်။ မယ်တော်ပြောတဲ့သတင်းစကားများကတော့
  • ဘုရားသခင်အား ထိခိုက် ပြစ်မှား ကျူးလွန်လာသူများအား အကျင့်ပြောင်းလဲရန် ချိုးခြံ ၀ါရှောင်ခြင်းများ ပြုလုပ်၍ ဒုက္ခဝေဒနာများကို ပူဇော်၍ ပြစ်ဒဏ်ဆပ်ဖြေရန်
  • မယ်တော်ကို ဂုဏ်ပြုဘို့နဲ့ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းခြင်းရှိဘို့ စိတ်ပုတီး ညစဉ် စိတ်ရန်။
  • သူမ၏ သန့်ရှင်းသော နှလုံးတော်အား ပူဇော်ရန် သဒ္ဓါကြည်ညိုခြင်းရှိရန်။
  • ပထမ စနေနေ့ ငါးပတ်တိတိ၊ အဆက်မပြတ် အာပတ်ဖြေရန် အပြစ်ဒဏ်ဆပ်ဖြေသည့် အနေဖြင့် ကိုယ်တော်မြတ်ကို ပင့်ယူရန်။
  • ရုရှားပြည်အား သူမ၏ သန့်ရှင်းစင်ကြယ်သော နှလုံးတော်အား ပူဇော်ရန် စသဖြင့် ပြောကြားခဲ့ပါတယ်။
နောက်နာမည်ကြီးတဲ့ တစ်ခုကတော့
Gaudalupe ဂွါတာလွတ် သခင်မပဲဖြစ်ပါတယ်။ မက္ကစီက်ုမြို့ပြင် တာပက်ရဲ့တောင်ကုန်း ဂွါတာလွတ်ရွာက အသက် ၅၇နှစ် အရွယ်ရှိတဲ့ Juan Diego ဂျူအန်ဒီအေလိုကို ၁၅၃၁ ခုနှစ်မှာ ၄ ကြိမ်တိုင်တိုင် ထင်ရှား ပြခဲ့ပါတယ်။
အဲဒီမှာတော့ မယ်တော်ဟာ မွန်မြတ်သောမာရီယာ စစ်မှန်သောဘုရား၏ မယ်တော်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
နောက်ထင်ရှားတဲ့ မယ်တော်ရဲ့ရူပါရုံတစ်ခုကတော့ လာဇလက်မယ်တော်ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ တောင်ပိုင်း ရှိလာဇလက်ရွာမှာ ၁၈၄၀ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှာ မယ်တော်ဟာ သိုးထိန်းနေတဲ့သူ နှစ်ဦးဖြစ်တဲ့ မေလာနီ (Melanie) ဆိုတဲ့ ၁၅နှစ်အရွယ် အမျိုးသမီးငယ်နဲ့ ၁၁ နှစ်အရွယ်ရှိ မက်ဆီမင်ဂျီရပ် (Maxciman Giroud) တို့ကို ထင်ရှားပြခဲ့ပါတယ်။
မယ်တော်အဓိက ပြောသွားတဲ့ အချက်ကတော့
  • အပြစ်ဒုစရိုက်ကို ရှောင်ရှားရန် ဘုရားသခင်နှင့် နီးစပ်လာစေရန် သတိထားခြင်း
  • ဘုရားသခင်အတွက် တစ်ပတ်တွင် တစ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့တွင် ဘုရားကျောင်းတက်ရန် ဥပုပ် သီတင်းလ စောင့်တည်ရန်။
  • အပြစ် ဒုစရိုက်အတွက် နောင်တစွဲရန် ဆုတောင်းခြင်းဖြင့် အပြစ်ဒဏ်မှ လွတ်မြောက်နိုင်ကြောင်း စသဖြင့် ပြောကြားသွားခဲ့ ပါတယ်။
နောက်ဆုံးတစ်ခုတင်ပြရရန်တော့ ဘီအော်ရိန်း မယ်တော် အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လဂျီယန်ပြည် ၀ါးလွန်းတိုက်မယ် ဘူအော်ရိန်း (Beauraing) မြို့မှာ ၁၉၃၂ ခုနှစ် နိုဝင်ဘာလ ၂၉ ကနေ ၁၉၃၃ ခု ဇန္န၀ါရီလ ၃ ရက်နေ့ထိ ၃၃ ကြိမ်တိုင်တိုင် အမိမယ်တော်ဟာ
၁၅ နှစ်အရွယ်မိန်းကလေး ဖာနန်းဒေ
၁၁ နှစ်အရွယ်ယောင်္ကျားလေး အဲဘတ်
၁၃ နှစ်အရွယ်မိန်းကလေး ဂီလ်ဘတ်
၁၅ နှစ်အရွယ်မိန်းကလေး ဘန်းရီ နှင့်
၆ နှစ်ခွဲ အရွယ်မိန်းကလေး နောက်ဂီဘတ် တို့ကို ထင်ရှားပြခဲ့ပါတယ်။
မယ်တော်ပြောတဲ့စကားတွေကတော့
  • များစွာဆုတောင်းပါ
  • အမြဲတမ်းဆုတောင်းပါ။
  • သူမဟာအပြစ်မဲ့သန္ဓေယူသော သခင်ဖြစ်ကြောင်းနဲ့
  • အပြစ်သားများကို အကျင့်ပြောင်းလဲစေမှာ ဖြစ်တဲ့အကြောင်းနဲ့ ကလေးတွေကို လိမ်လိမ်မာမာ ကောင်းစွာ နေထိုင်ရန် ပြောကြားသွားခဲ့ပါတယ်။
အစမှာ ပြောခဲ့တဲ့အတိုင်း အမိမယ်တော်ဟာ တစ်ပါးတည်းဖြစ်တယ်လို့ နာမည်အမျိုးမျိုး မှည့်ခေါ်ရတဲ့ အကြောင်းကတော့ ထင်ရှားပြတဲ့ နေရာဒေသလိုက်ပြီး ပြောင်းလဲရခြင်းဖြစ်ကြောင်း
  • လုဒ်မှာထင်ရှားပြလို့ လုဒ်မယ်တော်
  • ဖာတီမာမှာ ထင်ရှားပြလို့ ဖာတီမာမယ်တော်
  • ဂွါတာလွတ်မှာ ထင်ရှားပြလို့ ဂွါတာလွတ်မယ်တော်
  • လာဇရက်မှာ ထင်ရှားပြလို့ လာဇလက်မယ်တော်
  • ဘူအော်ရိန်းမှာ ထင်ရှားပြလို့ ဘူအော်ရိန်းမယ်တော် လို့ခေါ်ရပါကြောင်း ပြောကြားလိုက်ပါတယ်။

Read More...

Monday, June 22, 2009

သာမန်ဘာသာတူများ၏ ခေါ်တော်မူခြင်းနှင့် တာဝန်လုပ်ငန်း


သာမန်ဘာသာတူများ၏ ခေါ်တော်မူခြင်းနှင့် တာဝန်လုပ်ငန်း

“သာမန်ဘာသူဆိုတာ ကက်သလစ်ရဟန်းနဲ့ ပတ်သက်တဲ့ သိက္ခာကြီးများကို ခံယူထားတဲ့သူများ၊ သစ္စာ သုံးပါးဆိုထားကြတဲ့ သူတော်စင်များမှအပ အခြားအားလုံးသော ဘာသာဝင်များဖြစ်ကြပါတယ်” လို့ အသင်းတော်ရဲ့ ကာနွန်ဥပဒေသစ်မှာ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ အသင်းတော်ရဲ့ (၉၀%)ဖြစ်တဲ့ သာမန်ဘာသာဝင်များဟာ “သာမန်လောကီအသွင်”အားဖြင့် ကက်သလစ်ရဟန်းများ၊ သူတော်စင်များတို့နဲ့ ခြားနားကြပါတယ်။ “သာမန် ဘာသာတူများတို့ဟာ မိမိတို့ ခေါ်တော်မူခြင်း အလျှောက် လောကီရေးရာများမှာ ပါဝင် ဆောင်ရွက်ကြခြင်း၊ ၎င်းင်းကိစ္စတို့ကို ဘုရားသခင်ရဲ့ အကြံစည်တော်အတိုင်း ဆောင်ရွက်သွားခြင်း အားဖြင့် ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ရှာဖွေတည်ဆောက်နေကြပါတယ်”လို့ ဒုတိယဗာတီကန်က ရေးသား ထားပါတယ်။

သာမန် ဘာသာတူများဟာ လောက၌ နေထိုင်ကြတယ်လို့ ဆိုရာမှာ လောကနှင့်ဆိုင်တဲ့ ကျွန်းကျင်ရာ ပညာရပ်များနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာ ပါဝင်ကြခြင်း၊ မိမိတို့ဘ၀ အခြေစိုက်ရတဲ့၊ အသက်ရှင် လှုပ်ရှားနေတဲ့ နေရာဒေသ၊ သာမန် အခြေအနေများဖြစ်ကြတဲ့ အိမ်ထောင်စု အသိုင်းအ၀ိုင်းနှင့် လူမှုရေး အပေါင်းအသင်း လောကပတ်ဝန်းကျင်များမှာ နေထိုင် ကျင်လည်ကြခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။ သာမန် ဘာသာတူများဟာ ကမ္ဘာလော ကထဲမှာ ရှိနေကြပေမဲ့ မိမိတို့ရဲ့ ခရစ်ယာန် ခေါ်တော်မူခြင်းအားဖြင့် လည်းကောင်း၊ တဆေးဟာမုန့်ညက်ကို ဖေါင်းကြစေ သလိုပဲ ကမ္ဘာလောကကြီးကို ပြုပြင်ပြောင်းလဲပေးရမဲ့ မိမိတို့ရဲ့ မွန်မြတ်လှတဲ့ တာဝန်အားဖြင့် ခေါ်တော်မူခြင်း ခံကြရသူ များဖြစ်ပါတယ်။
ဆေးကြောခြင်း မင်္ဂလာအားဖြင့် ခရစ်ယာန်တိုင်းဟာ အသစ်သောအသက်၊ (ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား၊ ပုဂ္ဂိုလ်သုံးပါး တဆူဘုရားရဲ့ အသက်တော်)ကို လက်ခံရရှိပါတယ်။ စပျစ်ပင်ကြီးမှ ဖြာထွက်လာတဲ့ အကိုင်းအခက်လိုပဲ ခရစ်တော်ယေဇူး၌ ဆက်သွယ် ပေါင်းစပ်တဲ့အတွက်ကြောင့် ကိုယ်တော်ရဲ့ နက်နဲဖွယ်ရာ ခန္ဓာတော်ဖြစ်တဲ့ အသင်းတော်ရဲ့အသင်းဝင်သူ တစ်ဦးဖြစ်လာပြီး ခရစ်တော်နှင့် ကိုယ်တော်ရဲ့ သန့်ရှင်းသော အသင်းတော်၏ ကယ်တင်ခြင်း လုပ်ငန်းတော်မှာ တစ်တပ်တစ်အား ပါဝင်လုပ်ဆောင် ပေးပါတယ်။ ခရစ်တော်ရဲ့ နောက်လိုက်သက်သေခံ၊ တနည်းအားဖြင့် “ခရစ်ယာန်” ဆိုတဲ့ ပြည့်နက်တဲ့ အဓိပ္ပါယ်ကိုဆောင်ပါတယ်။ ခရစ်ယာန်အနေနဲ့ အသက်တာကို နေထိုင်ရာမှာ အသင်းတော်ထဲမှာ သာမက၊ အိမ်ထောင်စု၊ လုပ်ငန်းခွင်၊ နောက်ဆုံးအများနဲ့ ဆိုင်တဲ့ အမှုထမ်းဘ၀မှာ ခရစ်ယာန် သက်သေခံရပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် သာမန် ဘာသာတူတစ်ယောက်ရဲ့ ဘ၀ဟာ ကက်သလစ်ရဟန်း သို့မဟုတ် သူတော်စင်တစ်ပါးရဲ့ ဘ၀လိုပဲ ခေါ်တော်မူခြင်း တစ်ရပ်ပင်ဖြစ်ပါတယ်လို့ ပြောဆိုနိုင်ပါတယ်။
သာမန်ဘာသာဝင် တစ်ဦးရဲ့ လုပ်ငန်းတာဝန်ဟာ ခရစ်တော်ရဲ့ နောက်လိုက် သက်သေများဟာ ကိုယ်တော်ရဲ့ ဘ၀လမ်းစဉ်နှင့် လုပ်ငန်းများ၌ပါဝင်ဆောင်ရွက်ကြပါတယ် ခရစ်တော်ယေဇူးဟာ ကမ္ဘာလောကထဲသို့ ခမည်းတော်ဘုရား၏ စေလွှတ်ခြင်းခံရသလိုပဲ အသင်းတော် တစ်ခုလုံးဟာလည်း သတင်းကောင်း ကြော်ငြာဟောပြောရန်နှင့် လူသားများ ကယ်တင်ရေးအတွက် လုပ်ဆောင်ရန် စေလွှတ်ခြင်း ခံရပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ခရစ်တော်အကြောင်းကိုသော်၎င်းင်း၊ ကိုယ်တော်ရဲ့ မေတ္တာတရား သတင်းကောင်း၊ အခွင့်ကညလွှတ်ခြင်းနှင့်၊ လွတ်မြောက်စေခြင်းကိုသော်၎င်းင်း၊ မသိကြရသေးတဲ့ သူတွေအများကြီးရှိပါတယ်။ ဒါကြောင့် ခရစ်တော်ဘုရားရှင်ကို လူတိုင်းသိကြဖို့ ခရစ်တော်ရဲ့ သတင်းကောင်းကို ကြော်ငြာဟောပြော သက်သေခံဖို့အတွက် ကက်သလစ်ရဟန်းများနှင့် သူတော်စင်များ သာမက သာမန် ဘာသာတူတိုင်းမှာလည်း တာဝန်ရှိပါတယ်။
“သင်တို့သည် သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်၏နာမ၌ ဆေးကြောခြင်းကို ပေးကြလော” လို့(မာတေဦး ၂၈း၁၉)မှာ ရေးသားထားတဲ့ ခရစ်တော်ရှင်ရဲ့ မိန့်မြက်စကားဟာ ဘယ်အခြေ အနေမျိုးမှာ မဆိုရှိနေကြတဲ့ ခရစ်ယာန်တိုင်းအတွက် ဖြစ်ပါတယ်။ အသက်ရှင်တော်မူသော ခရစ်တော်ရဲ့ အင်္ဂါအစိတ်အပိုင်းများအဖြင့် ဘာသာဝင်များ အားလုံးဟာ ကိုယ်တော်ရှင်၌ တစ်ကိုယ်တည်း တစ်ဖွဲ့တစ်စည်းတည်းရှိနေပြီး ဆေးကြောခြင်း ခရစ္ဆမားအားပေးခြင်းနှင့် ကိုယ်တော်မြတ် မင်္ဂလာများအားဖြင့် ကိုယ်တော်ရှင် အသွင်သဏ္ဌာန်တူလာကြပါတယ်။
ဘုရားသခင်ရဲ့ နိုင်ငံတော် အလျင်အမြန်ရောက်စေဖို့ ဘာသာတူများကလည်း ကြိုးစားဆောင်ရွက်ရပါမယ်။ ခရစ်ယာန်များအနေဖြင့် စိုးမိုးခြင်းဟာ အစေခံခြင်း ဖြစ်ပါတယ်။ ခိုင်းစေခြင်းငှါ မဟုတ် အစေခံခြင်းငှါသာ ကြရောက်လာတဲ့ ခရစ်တော်ယေဇူးလိုပဲ ဘာသာတူများဟာ ခရစ်တော်နှင့် သူရဲ့ အသင်းတော်ကို အစေခံကြပြီး ကယ်တင်ခြင်း ချမ်းသာပေးတဲ့ အစေခံဝတ်ကို လူသား အားလုံးအတွက် ထမ်းရွက်ပေးကြပါတယ်။ ခရစ်တော်ရဲ့ ရဟန်းတော်အဖြစ်၌ ဝေငှပါဝင်ကြပြီး လူသား အားလုံးကိုယ်စား ဘုရားသခင်ထံ ယဇ်ပူဇော်ခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ တောင်းလျှောက်ပေးခြင်းနှင့် သနားခံပန်ကြားခြင်း အမှုတို့ကို ဆက်သဖို့ရန် သာမန်ဘာသာဝင်များကို ဘုရားသခင် ခေါ်တော်မူပါတယ်။ မိမိတို့ရဲ့ သန့်ရှင်းမွန်မြတ်ခြင်းအတွက် ကြိုးစားအားထုတ်ရင်း အခြားလူသားများအားလည်း မွန်မြတ်စုံလင် စေရပါမယ်။ ပရောဖက်များဖြစ်သည့် အလျှောက် သတင်းကောင်းကို ဟောကြားကြပြီး အပြောအဆိုနှင့် အပြုအမူအားဖြင့်လည်း ဟောပြော သွန်သင်ကြတဲ့ ဘုရားသခင်ရဲ့ အကျိုးတော်ဆောင်များ ဖြစ်ရန်လည်း တာဝန်ပေးအပ်ခြင်းခံကြရပါတယ်။
ဘုရားသခင်နှင့် လူတို့ကို လက်တွေ့အားဖြင့် ချစ်ခြင်းဆိုတာဟာ ဆင်းရဲသူ၊ ဒုက္ခဝေဒနာခံစားနေသူ၊ ဖျားနာသူ၊ ချို့တဲ့သူနှင့် အကူအညီ လိုအပ်နေတဲ့သူတွေကို ချစ်ခြင်းကိုဆိုလိုပါတယ်။ ခရစ်တော်ပြောခဲ့တဲ့ သင်တို့ထဲမှ အငယ်ဆုံးသော ညီအစ်ကို မောင်နှတို့အားချစ်လော”ဟု ဆိုခြင်းမှာလည်း ထိုကဲ့သို့သော သူများကို ချစ်ခင်လက်ခံခြင်း၊ ကျွေးမွေးဝတ်ဆင်၊ နေရာပေးခြင်းနှင့် သူတို့ကိုဂရုစိုက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့ ဆင်းရဲတဲ့အငယ်ဆုံးသောသူများဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပါတယ်။ ထိုသူတို့ကို ချစ်ခင်၊ စိတ်ပါဝင်စားမှု၊ ဆုတောင်းပေးခြင်းနှင့် ကျွန်တော်တို့ပိုင်ဆိုင်မှုထဲမှ ဖဲ့ယူဝေငှပေးခြင်း စတဲ့ နည်းအမျိုးမျိုးဖြင့် ကျွန်တော်တို့ တတ်နိုင်သရွေ့ကူညီမစရပါမယ်။
သာမန်ဘာသာတူတို့ဟာ လောကီရေးရာများကို ပြုပြင်မွမ်းမံပေးခြင်း၊ ခရစ်ယာန်သဘောတရားများ ဖေါ်ထုတ်ပေးခြင်း ပြုလုပ်ရန် အထူးဖိတ်ခေါ်ခံရပါတယ်။ သာမန်ဘာသာဝင်တစ်ဦးဟာ တစ်ချိန်တည်းမှာပဲ ယုံကြည်သူလည်းဖြစ်၊ တိုင်းသူပြည်သားလည်းဖြစ်တဲ့အတွက် ထိုသို့ ကြိုးပမ်းရာမှာ ကိုယ်တွေ့ လက်တွေ့ ထမ်းဆောင်နိုင်ပါတယ်။ “ဧ၀ံဂေလိကျမ်းစာ၏ သဘောတရားနှင့် အသင်းတော်၏ တွေးဆချက်တို့၏ လမ်းညွှန်မှုကို ယူ၍ ခရစ်ယာန် မေတ္တာစေတနာ တရား၏ လှုံ့ဆော်မှုကိုခံယူလျက် သာမန်ဘာသာတူများ သည် လောကီနှင့်ဆိုင်သည့် ဝေယျာဝစ္စများ၌ တိုက်ရိုက်ပြတ် ပြတ်သားသား ပါဝင်ထမ်းဆောင်ကြပါမည်” လို့ ဒုတိယဗာ တီကန်က ပြောကြားထားပါတယ်။

သာမန်ဘာသာဝင်များ ၀င်ရောက်လှုတ်ရှားရမည့် လုပ်ငန်းခွင်မှာ ကျယ်ပြန့်ထူးခြားလှပါတယ်။ အိမ်ထောင်ရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ အလုပ်တာဝန်ခန့် ထားရေး ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ပြန်ကြားရေးနှင့် ဆက်သွယ်ရေး၊ ကျမ်းမာရေးနှင့် စာပေအနုပညာစတဲ့ ကဏ္ဍများ ဖြစ်ကြပါတယ်။
ဒါကြောင့် သာမန်ဘာသာတူမျာရဲ့ လေးနက်တဲ့ အဓိပ္ပါယ်ဖြင့် အသင်းတော်နှင့် ကမ္ဘာတစ်ဝန်းလုံးမှာ ကျွန်တော်တို့ အားလုံးရဲ့ ခေါ်တော်မူခြင်းနှင့် လုပ်ငန်းတာဝန်ကို သိရှိပြီး မိမိခေါ်တော်မူခြင်းခံရတဲ့ အသက်တာမှာ တာဝန်ကျေပြန်စွာနဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို ထမ်းဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ရဟန်းတစ်ပါး

Read More...

Wednesday, June 17, 2009

ဘာသာတရားနှင့် ယဉ်ကျေးမှု


ဘာသာတရားနှင့် ယဉ်ကျေးမှု

ကမ္ဘာပေါ်ရှိ လူသားတိုင်း အစာစားကြပါသည်။ တချို့လူမျိုးများက ပေါင်မုန့်ကို စားကြပါသည်။ တချို့မှာ (ထမင်း) သို့မဟုတ် ပြောင်း၊ လူး၊ ဆတ်ကို စားကြသည်။ သို့သော် စားပုံစားနည်းမတူညီကြပါ။ ဥရောပသားများ ကဓါးနှင့်ခရင်းကို သုံးကြသည်။ တရုတ်လူမျိုးများက တူဖြင့်စားကြသည်။ မြန်မာလူမျိုးများကမူ လက်ယာလက်ဖြင့် စားသောက်ကြသည်။

ညအချိန်တွင် လူတို့အိပ်စက်အနားယူတတ်ကြပါ သော်လည်း အိပ်ပုံချင်းမတူကြပေ။ တစ်ချို့လူမျိုးများက (အထူးသဖြင့် အေးသောအရပ်ဒေသများမှ လူမျိုးများက) မှို့ယာနှင့် ခုတင်ပေါ်အိပ်သော်လည်း တချို့လူမျိုးများကမူ နှီးဖြာပေါ်မှာ အိပ်ကြသည်။

နေ့စဉ်စကားပြောဆိုရာတွင် အချို့ဘာသာစကား များတွင် ““မင်းနှင့်ငါ”” သာရှိသော်လည်း တချို့ဘာသာ စကားများတွင်မူ ““မင်းနဲ့ငါ”” သာမကဘဲ ““ခင်ဗျားနှင့်ကျွန်တော်””၊ ““ဘုရားနှင့်တပည့်တော်”” ဟုအဆင့်ဆင့် သုံးနှုန်း ပြောဆိုတတ်ကြပါသည်။ တချို့လူမျိုးစုများတွင် ရှုးဖိနပ်စီးသွားပါမှ လူတကာ လက်ခံကြသော်လည်း တချို့လူမျိုးများတွင်မူ ဖိနပ်စီးကာ အိမ်ဦးခန်းသို့ဝင်ပါက် ရိုင်းရာကျလေသည်။


ထို့ကြောင့် ယဉ်ကျေးမှုဆိုသည်မှာ လူမျိုးစုတစ်ခု၏ ““သက်ရှင်သွားလာ နေထိုင်စားသောက် ၀တ်ဆင်ပြောဆိုပုံ”” ဟု အကြမ်းအားဖြင့် ခေါ်ဆိုရပေမည်။


လူမျိုးစုတို့၏ နေထိုင်ရာဒေသအလိုက် ၀တ်ပုံ၊ စားပုံ၊ နေထိုင်ပုံ၊ ပြောဆိုဆက်ဆံပုံ၊ ပစ္စည်းကရိယာသုံးစွဲပုံ၊ ဓလေ့ထုံးစံ၊ သင်္ကေတ၊ နီတိ၊ ဆိုဆုံးမစကား၊ အနုပညာ၊ ပန်းချီပန်းပု၊ လက်မှုစက်မှုအသုံးပြုပုံ၊ စိုက်ပျိုးပုံ၊ မွေမြူပုံ စသည်တို့ကို ယဉ်ကျေးမှုဟု တစ်ပေါင်းတစ်စည်းတည်းခေါ် ဆိုရပေမည်။


မြန်မာလူမျိုးများ၏ သက်ရှင်သွားလာနေထိုင်စား သောက်ဝတ်ဆင်ပြောဆိုပုံတို့ကို မြန်မာ့ယဉ်ကျေးမှုဟုခေါ် ရပါမည်။ တရုတ်၊ ကပ္ပလီ၊ အိန္ဒိယယဉ်ကျေးမှု စသည်ဖြင့် ခေါ်ဆိုကြပါသည်။


ထိုယဉ်ကျေးမှုများသည် နေရာဒေသလိုက်ကာ ကွဲတတ်ကြပေသည်။ တောင်ပေါ်မြေပြံ့အလိုက် မတူညီ တတ်ကြပေ။ ပူသောဒေသနှင့် အေးသောဒေသနှင့် အညီ ကွဲတတ်ကြပြန်ပါသည်။


မြန်မာလူမျိုးတို့သည် အနန္တော အနန္တငါးပါးကို ရိုသေရှိခိုးရုံအက ပသကါကြီးသူ ၀ါကြီးသူကို ငယ်သူက ရိုသေ လေးစားကြလေသည်။ ““အသက်ကြီးငယ်၊ ၀ါကြီးငယ်ကို၊ လွှဲဖယ်မသွေ၊ နှိမ့်ချလေ”” ဟူ၍အမြဲ ဂရုပြုနေတတ်ကြပါသည်။


အသက်ကြီးသူ၊ ၀ါကြီးသူများရှေ့မှ ဖြတ်သန်းသွား လာခြင်း၊ ကျော်ခွသွားလာခြင်း မပြုကြချေ။ အကယ်၍ မလွဲ
သာလို့ သွားလာဖြတ်သန်းရပါက ခေါင်းငုံ့ကာ ခါးညွှတ်လျက် သွားကြသည်။ ပါးစပ်မှာလည်း ““ကန်တော့နော်”” ဟုဆိုတတ်ကြသည်။ တစ်စုံတစ်ခုကိုပေးလျှင်ဖြစ်စေ၊ ယူလျှင်ဖြစ်စေ၊ လက်နှစ်ဖက်နှင့် ယူကြပေးကြသည်။

လူကြီး သူမများ ရှေ့သော်လည်းကောင်း၊ ဘုရားပုံတော်၊ ဘုရားစဉ်၊ ရဟန်း ဘုန်းကြီးများ ရှေ့တည့်တည့် သို့သော် လည်းကောင်း ခြေထေက်ဆန့်တန်းခြင်း၊ ကျော်ပေးထိုင်ခြင်း မပြုကြချေ။


ထိုင်ရာတွင်လည်းတင်ပါးလွှဲထားလျက် ကျို့ကျို့ရို့ရို့ ထိုင်ကြလေသည်။ ဘုရား၊ ပုထိုးစေတီရှေ့တွင်လည်း ရဟန်းဘုန်းကြီးနှင့်မင်းစိုးရာဇာမှအစ မြန်မာအားလုံး တင်ပါးလွှဲထိုင်ကာ လက်ရှိခိုးလျက် ရိုသေသမှုပြုတတ်ကြ ပါသည်။ လမ်းမှာတွေ့ဆုံလျှင်လည်း ဖိနပ်ချွတ်ကာ ခြေစုံရပ်၍ လက်နှစ်ဖက်ကန်တော့ထိုးကာ ရှိခိုးနှုတ်ဆက်တတ်ကြ ပါသည်။


ဆရာသမားများ၊ လူကြီးသူမများနှင့် စကားပြော သောအခါ လက်ပိုက်၍ပြောဆိုကြလေသည်။ သို့သော် ဘုရားနှင့်ဘုန်းတော်ကြီးများနှင့်မူ လက်ရှိခိုးကာပြောဆို ကြလေသည်။


လူကြီးများနှင့်အတူထိုင်ရာတွင် ငယ်ရွယ်သူက မိမိထက်အသက်ကြီးသူထက်မြင့်သောနေရာတွင် မထိုင်ကြချေ။ ထမင်းဝိုင်းတွင်လည်း ““မိဦး၊ ဖဦး၊ ဆရာဦးကို ခူး၍ အလျင်မစားနှင့်”” ဟုဆုံးမစကားအတိုင်း
မိဘဆရာလူကြီးသူများကို ဦးမချဘဲ မစားကြချေ။ နံနက်စာ ဖြစ်ပါက ဘုရားဆွမ်းတော် မတင်မီ၊ သံဃာများအား ဆွမ်းမလောင်းမီ ခူးခပ်မစားကြပေ။

စကားပြောဆိုရာတွင်လည်း အသက်အရွယ်လိုက် ကာ ““မင်းနဲ့ငါ””၊ ““ခင်ဗျားနှင့်ကျွန်တော်”” ဟုပြောဆိုတတ်ကြ ပါသည်။ ဘုန်းတော်ကြီး သို့မဟုတ် ဘုရားနှင့်စကားပြောပါက ““ဘုရားနှင့် တပည့်တော်”” ဟုပြောကြပါသည်။


ဤသည်တို့ကိုစုပေါင်းကာ ခေါ်ဆိုရပါက မြန်မာ့ယဉ်ကျေးမှုဟု ခေါ်ဆိုရပေမည်။ မြန်မာ့ယဉ်ကျေးမှု များတွင်တစ်ချို့သည် အရှေ့တောင်အာရှမှ တခြားသောလူ မျိုးများ၏ ယဉ်ကျေးမှုနှင့် ဆင်ကြပါသည်။ သို့သော် အနောက်နိုင်ငံများနှင့်မူ ပြောပုံ၊ ဆိုပုံ၊ နေပုံ၊ ထိုင်ပုံ၊ ၀တ်စား ဆင်ယဉ်ပုံတို့သည် အလွန်ကွာခြားတာကိုတွေ့ရပါသည်။


ကိုးကွယ်ယုံကြည်မှုကြောင့် ခရစ်ယာန်ဖြစ်လာသော မြန်မာလူမျိုးခရစ်ယာန်များဤအချက်ကို သဘောပေါက်ထားရပါမည်။ ခရစ်ယာန်ဘာသာကို ကြည်ညိုသဒ္ဓါပွားကာ ခရစ်ယာန်ဖြစ်လာပါသော်လည်း
ခရစ်ယာန်လူမျိုးသည် ကမ္ဘာပေါ်မှာ ဘယ်တုံးကမှ မရှိခဲ့ပါ။

ထို့ကြောင့် မြန်မာတစ်ဦးသည် ခရစ်ယာန်ဘာသာ ၀င်တစ်ယောက်ဖြစ်လာသောအခါ လူမျိုးမှာ မြန်မာပဲ ဖြစ်ပါသည်။ သူ့လူမျိုးမှာ မြန်မာဖြစ်သလို သူ့ယဉ်ကျေးမှုသည်လည်း မြန့်မာ့ယဉ်ကျေးမှုသာ ဖြစ်ပါသည်။


သူ့ကိုးကွယ်ဝတ်ပြုပုံတို့သည် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် တစ်သားတစ်ထပ်တည်း ကျရပါမည်။ သူ့အနေအထိုင်၊ အေပြာအဆို၊ သွားလာပုံများသည်လည်း မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဖြစ်ရပါမည်။ သူ့ဟန်ပန်များ သည်လည်း မြန်မာ့ဟန်ပန်များဖြစ်နေရပါမည်။ သူ့သမိုင်းသည်လည်း မြန်မာ့သမိုင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ရပါမည်။ မြန်မာမြေပေါ်မှာ မြန်မာခရစ်ယာန် တစ်ဦး အဖြစ်မြင်တွေ့နိုင်ရပါမည်။ အမိမြေပေါ်မှာခြေနှစ်ချောင်း လုံးစုံရပ်နိုင်သည့် မြန်မာခရစ်ယာန်များ ဖြစ်ကြရပါမည်။


တစ်ခါတစ်ရံ အကြောင်းတစ်စုံတစ်ခုကြောင့် မိမိယဉ်ကျေးမှုကို ပွေ့ပိုက်ခွင့်မရ (သို့မဟုတ်) ပိတ်ပင် တားဆီးခြင်းခံရပါက မိမိ အမျိုးသားချင်းကို စော်ကားခြင်းပင် ဖြစ်ပါသည်။ မြန်မာ ခရစ်ယာန်တစ်ဦးသည် မိမိကိုယ်တိုင်က မိမိယာဉ်ကျေးမှုကို လျစ်လျူရှုလိုက်ပါက မိမိဇာတိမွေးရပ်မြေနှင့် လူမျိုးပျောက်ဆုံးခြင်းပင် ဖြစ်သွားပါလိမ့်မည်။


မိမိဘာသာတရားသည် တစ်စိမ်းအသွင် ၀င်သွားပါ လိမ့်မည်။ မိမိ အမျိုးသားချင်းအကြားမှာ မိမိသည် နိုင်ငံခြားသား အသွင်ဝင် နေပါလိမ့်မည်။ မိမိ ဘာသာတရားသည်လည်း နိုင်ငံခြားဘာသာအဖြစ် အမြင် မှားနေကြပါလိမ့်မည်။


ပျံလွန်တော်မူသွားပြီ ဖြစ်သော ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး အရှင်မြတ်က ““ဘုရားရှင် သည် ကျွန်ုပ်ကို ရွေးကောက်တော်မူသောကြောင့် ရဟန်းမင်းကြီး ဖြစ်လာတာနှင့်ချက်ချင်း ကက်သလစ်သာသ နာတော်ကြီးသည် ယဉ်ကျေးမှုနှင့်အညီ အတူယှဉ်တွဲရှိနေဖို့ အရေးပါလှတာကို မြင်တွေ့မိခဲ့ပါတယ်။ အဲလိုဖြစ်ဖို့လဲ အချိန်အခါ ရောက်နေပါပြီ။ လူတစ်ယောက်အတွက် သူ့ဘ၀ကြီးကို ပြည့်ပြည့်၀၀ ရှင်သန်နိုင်ဖို့ ယဉ်ကျေးမှုဟာ မရှိမဖြစ် လိုအပ်လှပါတယ်။ လူသားတို့၏ အနာဂါတ်များဟာ သူတို့၏ ယဉ်ကျေးမှုမှာ သာတည်ရှိနေပါတယ်။...””


““အဲသလိုပါပဲ ခရစ်ယာန်ယုံကြည်မှုနှင့် ယဉ်ကျေးမှု ဟာခွဲခြားမရအောင် ယှဉ်တွဲနေကြပါတယ်။...””


ရဟန်းမင်းကြီး အရှင်သူမြတ်က ဆက်လက်၍ ““ယုံကြည်မှုတစ်ခုဟာ သူ့ကိုယုံကြည် ကိုးကွယ်သည့် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု ဖြစ်မလာသေးသ၍ (ထိုလူမျိုးက) လုံးလုံးလျားလျား၊ ပြည့်ပြည့်၀၀ လက်ခံစဉ်းစား ယုံကြည်ကိုးကွယ်ခံရသည့် ယုံကြည်မှုတစ်ခု မဖြစ်သေးပါ။”” ဟု မိန့်ကြားခဲ့ဖူးပါသည်။


မြန်မာခရစ်ယာန်များ စဉ်းစားစရာအဖြစ် တင်ပြလိုက်ပါသည်။ မြန်မာခရစ်ယာန်များ မိမိတို့ယဉ်ကျေး မှုများကို တန်ဖိုးထားနိုင်ကြပါစေ။

မာကု ( ဒဿန )



Read More...

Monday, June 15, 2009

အမှတ်အသား


အမှတ်အသား

ကျွန်တော်တို့ငယ်ငယ်ဘ၀ကနေ စပြီးတော့ကြီး ပြင်းလာတဲ့အထိ အသိုင်းအ၀ိုင်းတိုင်းမှာ အမှတ်အသားတွေ တံဆိပ်တွေရှိကြပါတယ်။ တိရိစ္ဆာန်တစ်ကောင်ကောင်ရဲ့ တံဆိပ်ပဲဖြစ်စေ၊ အမှတ်အသားတစ်ခုခုပဲဖြစ်စေ၊ ပွဲစ၍ထား တဲ့ဒီဇိုင်းတခုပဲဖြစ်စေ၊ အသိအမှတ်ပြုဖို့ရန်အတွက် အသုံးပြုကြပါတယ်။ ဒါမှလဲ ထိထိရောက်ရောက်နဲ့ အချိန်တိုတိုနဲ့ ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လဲ အဖွဲ့စည်းတိုင်း အသင်းတိုင်းမှာ အသိမှတ်ပြု တံဆိပ်တွေ ရှိလာတာဖြစ်ပါတယ်။ များသောအားဖြင့် မိမိမြတ်နိုးတဲ့အရာ သို့မဟုတ် အများကို ကိုယ်စားပြုတဲ့အရာ တွေဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့ မြန်မာတွေအနေနဲ့ဆိုရင် ခြင်္သေ့တို့၊ ဒေါင်းတို့ပေါ့ အဲဒီလိုနဲ့ပဲ လူတွေဟာ မိမိတို့ကို ကိုယ်စားပြုမယ့် တံဆိပ်တွေ အမျိုးမျိုးကို အသိမှတ်ပြုရာက အမှတ်အသားတွေ အမျိုးမျိုးပေါ်လာကြတာ ဖြစ်ပါတယ်။ ဒီနေ့ အသိအမှတ်ပြု တံဆိပ်တွေကို အမှတ်သားတွေကို လူတို့ရဲ့ မြောက်များလှစွာသော လူ့အသုံးအဆောင် ပစ္စည်းအမျိုးမျိုး ကိုတွေ့နေရပါတယ်။ အသင်းအဖွဲ့အသီးသီးကလဲ ဂရုစိုက်ဝတ်ဆင်ကြတဲ့ အဆောင်အဖြစ်ထားရှိတြတယ်

ဥပမာ အလံတို့ ရင်ထိုးတို့ဦးထုတ်တို့ အင်္ကျီတို့မှာတပ်ဆင် အသုံးပြုကြပါတယ်။ ဒီလိုဆိုရင် ဘာသာတရားတွေမှာတော့ ဒီလိုတံဆိပ်တွေအသိအမှတ် အရိုအသေပေးတဲ့အချက်တွေ မရှိဘူးလား။ ရှိပါတယ် မိတ်ဆွေ၊ သူ့ဘာသာအလျောက် ရှိကြပါတယ်။ ကျွန်တော်တို့ ခရစ်ယာန်ဘာသာဝင်တွေကို ပြောချင်တာတခုရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ ခရစ်ယာန်တွေအသုံးပြုနေတဲ့ ခရစ္စတူးကို လူတွေ အထင်သေးမခံရမှာ ကြောက်လှပါတယ်။ အကျိုးမဲ့ကြောက်လို့ အချို့လဲရှက်လို့ အချို့လဲ လူအထင်သေးခံရမှာ ကြောက်လို့ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သက်သေမခံရဲတာတော့ သေချာပါတယ်။ အဖွဲ့အစည်းတိုင်းဟာ ကိုယ့်တံဆိပ်ကိုယ်ကို မြတ်နိုးကြပါတယ် ဒါပေမဲ့ ကျွန်တော်တို့ ခရစ်ယာန်တွေကတော့ ရဲရင့်စွာ သက်သေမခံရဲကြပါဘူး။အချို့ ဒီခရစ္စတူး အမှတ်အသားကို ခြင်ခြောက်တာလိုလို ယင်ခြောက်တာလိုလိုနဲ့ လုတ်တတ်ကြပါတယ်။ ကျွန်တော်တို့ ဓမ္မဆရာတစ်ဦးက ပြောပါတယ်။ အဲဒါကတော့ “မင်းတို့ခရစ်တော်ရဲ့ကားတိုင်ကို ကြိုက်တဲ့နေရာမှာ စိုက်လို့ရတယ်တဲ့၊ လေယာဉ်ကွင်းမှစိုက်မလား၊ စားသောက်ဆိုင်မှာ စိုက်မလား၊ ကားဂိတ်မှာ စိုက်မလားရပါတယ်။ မိမိရောက်တဲ့နေရာမှာ ရဲဝံ့စွာခရစ္စတူးအမှတ်အသား ပြုလုပ်ဖို့ပါပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်မိတ်ဆွေ မိမိကြိုက်တဲ့ နေရာမှာ ကိုယ်တော်ရှင်လို သက်သေခံလို့ရပါတယ်။ တကယ် တမ်းစဉ်းစားမိပါသလားမိတ်ဆွေ၊ ဒီခရစ္စတူးဟာတချိန်က လူသတ်ကုန်းမှထားတဲ့ ညစ်ညူးရာ တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်တော်ရှင်နှင့်ထိတွေ့တဲ့အခါ အကုန်လုံးပြောင်းလဲ တယ်ဆိုတဲ့အတိုင်း ဒီသင်္ချိုင်းက လူသတ် ပစ္စတိုတခုဟာ၊ ကမ္ဘာ ကိုငြိမ်းချမ်းစေတဲ့ အထိမ်းအမှတ်တခု၊ ဒါမှမဟုတ် ကယ်တင်ခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့တတွေက လည်ပင်းမှချိတ်ဆွဲတာတို့ ရင်ထိုးလုပ်ဖို့ သိပ်ကို ခက်ခဲနေကြပါတယ်။ မယ်တော်က ဘယ်လိုပြောခဲ့ဘူးသလဲ ဆိုတော့ ““လည်ပင်းမှာ ဘာမှဆွဲမထားတဲ့ ပုဂ္ဂိုလ်ဟာ လည်ပတ်မပါတဲ့ ခွေးကို ပိုင်ရှင်မဲ့ပြစ်ယူမှာ ဖြစ်ပါတယ်၊တဲ့”” ရှင်းပါတယ် မိတ်ဆွေ၊ ကိုယ်တော်ရှင်ကို ယူတင်ဆောင်ခြင်းမရှိတဲ့ ဘ၀ဟာ လောကရဲ့အလယ်မှာ ပိုင်ရှင်မရှိတဲ့ ခွေးနဲ့တူပါ တယ်။ ဒီစကားကျွန်တော်ကြားမိရင်၊ ကျွန်တော်တို့မန္တလေးမြို့က ကျားစာအတွက် လည်ပတ်မပါတဲ့ ခွေးတွေကို လိုက်ဖမ်းတာကို တွေးမိပါတယ်၊ ဒီလိုပါဘဲေ
ွးတွေလို နတ်ဆိုးကဖမ်းဆီး ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ကဲမိတ်ဆွေ အပေါင်းဘယ်လို တွေးမိပါသလဲ၊ ကျွန်တော်တို့ရော ကိုယ်တော်ရှင်ကို သက်သေခံနိုင်နေပါပြီလား ကြောက်ရွံ့ရုံနဲ့ပဲ နေတတ်သေးသလား နတ်ဆိုးရဲ့ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံရဖို့ သေချာနေပြီလား ဘယ်လိုဘဲဖြစ်ဖြစ် မိမိရဲ့အမှတ်အသား၊ ဂုဏ်ပုဒ်တခုကိုတော့ မြတ်မြတ်နိုးနိုး ဆင်မြန်းသင့်ပါတယ်။ မိတ်ဆွေ၊ တို့အတူကျမ်း စာထဲက သင်္ကေတတွေဖြစ်တဲ့ ငြိမ်းချမ်းရေးရဲ့ငှက်ငယ်တို့ ဆေးပညာရဲ့သင်္ကေတဖြစ်တဲ့ ကြေးကြော်တို့၊ ဂုဏ်ပြုခြင်းရဲ့ သင်္ကေတဖြစ်တဲ့ သံလွင်ခက်တို့ကိုလဲ ဂုဏ်ယူနိုင်ကြပါစေ။ မြင့်မြတ်သော ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ၊ ကိုယ်တော်ရှင် သက်သေခံနိုင်ကြပါစေ... ရဲရင့်ကြပါစေ။

ဝေလီ

Read More...

Tuesday, June 2, 2009

စိန့်ဂျွန်းဗီအာနေ


စိန့်ဂျွန်းဗီအာနေ

၁။ ရဟန်းများတွက်
ရှေ့ဆက်ခရီး
ကျင့်နည်းမှန်၊မှား
ချန်၍ထားခဲ့
တရားကိုင်းရှိုင်းသူ။

၂။ လောကီပညာ

အားနည်းပါငြား
တရားအကျင့်
အဆင့်မြင့်စွာ
ပါရမီပြည့်ဝသူ။

၃။ ကိုယ်တော်မြတ်ကို
ကြည်ညိုလေးစား
ထိုခွန်အားနှင့်
ပြစ်သားအပေါင်း
စိတ်ထားပြောင်းအောင်လုပ်နိုင်သူ။

၎။ မေတ္တာဆိုရင်း
ဆုတောင်းခြင်းပြု
ခွန်အားစုသည်
လူ့အားနည်းချက်
ဘုရားဖက်၍ဖြည့်စွက်သူ။


၅။ ဘုရားမပါ
အသက်တာလျှင်
အောင်မြင်ပွင့်၊ သီး
မကြီးရင့်ကြောင်း ကောင်းကောင်းနားလည်သူ...

၆။ အပြစ်ဖြေပေး
ထိုအရေး၌
အလေးထားကာ
ကြိုးစားရှာသည်
နာရီများစွာကြာမြင့်သည်။

၇။ ဘုရားကျေးဇူး
အမှီပြု၍
လူ့စိတ်အတွင်း
ဖြစ်၊ပျက်ခြင်းများ
သူသိထားလျက်ပြင်ပေးသူ။

၈။ ပါရမီထွန်းပြောင်
အလင်းရောင်ဖြင့်
အမှောင်လောက
အလင်းပြသည့်
ဓမ္မသူတော်စင်။

နီလာရိုင်း

Read More...

Monday, June 1, 2009

စဉ်းစားမိသလောက် ပြောကြည့်ချင်ပါသည်


စဉ်းစားမိသလောက် ပြောကြည့်ချင်ပါသည်



မြန်မာ့ကက်သလစ် သာသနာတော်နှင့် မြန်မာမှုပြုခြင်း၊ ကျွန်တော်တို့ ခေါတ်အခါနှင့် သာသနာပြုများ၏ ကျေးဇူးတစ်ချို့ကို စဉ်းစားမိသလောက် ရေးသားလိုပါသည်။
စာဖတ်သူအတွက် ““ဟိုဟာက ဘယ်လိုလည်း”” ဟုတ်မှဟုတ်ရဲ့လားဟု အငြင်းပွါးစရာများ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ကျွန်တော်တို့ မြန်မာကက်သလစ် ခရစ်ယာန်များအားလုံး (အထူးသဖြင့် မန္တလေး ကက်သလစ်သာသနာအနေဖြင့်) တစ်ခုတော့ ရိုးရိုးသားသား ၀န်ခံရပါလိမ့်မည်။ အဲဒါကတော့ ခရစ်တော်ဘုရားရှင်၏ တရားတော်ကို တစ်ခါမှမကြားဖူးသေးသော နေရာဒေသများများစွာ ရှိနေသေးတယ်ဆို တာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့သည် ရှေးယခင် အထက်ထက်က သာသနာပြုများမျိုးစေ့ကြဲချခဲ့သည့် မြို့ရွာများမှာပဲ တရားတော်ကို ဟောပြောနေကြပါသည်။ တစ်နည်းပြောပါက သာသပြုများ ဘုရားစကားသင်ခဲ့သည့် ရွာမှာပဲ ကျွန်တော်တို့လည်း ဘုရား စကားသင်ခဲ့သည့် အတိုင်း အမေးအဖြေလောက်ကပဲ မတက်နိုင်ကြသေးပါ။ သူတို့ စခဲ့သည့် ရွာမှာပဲ ဧ၀ံဂေလိတရားတော်ကို ဆက်တိုက်ဟောနေကြပါသည်။ ထိုမြို့ ရွာများမှာပဲ ရှေးယခင်က အတိုင်း ၀တ်ပြုကိုးကွယ်ကြပါသည်။ စက္ကရမင်တူး မင်္ဂလာပေးနေကြပါသည်။ မြန်မာစာ မြန်မာစကား မတတ်တတတ်နှင့် ပြန်ဆိုခဲ့သည့် သူတို့၏ ဆုတောင်းမေတ္တာစာအုပ်များကိုပဲ သုံးနေကြဆဲ ဖြစ်ပါသည်။
ရှေးယခင်သာသနာပြုများတွင် တစ်ချို့မှာဒတ်ခ်ျ၊ သြစတြီးယား၊ အိုင်ယာလန်လူမျိုးများဖြစ်ကြပါသည်။ အမေရိကန်လူမျိုးများလည်း ပါသေးသည်။ ထို့ကြောင့် ခရစ်တော်ဘုရား သင်ကြားတော်မူခဲ့သော တရားတော်တွင် ဥရောပလေသံနှော ပါနေပါလိမ့်မည်။ ကျွန်တော်တို့၏ ၀တ်ပြုဆုတောင်းပုံသည် အမေရိကန် ပုံပေါက်နေပါမည်။ ဘုရားဝတ်ပြုရာတွင် ခြေထောက်နှင့်လက်၊ ခေါင်းနှင့် ခန္စာထားသိုပုံများတွင် ဥရောပဆံ နေပါလိမ့်မည်။ နိုင်ငံခြားအမူအရာများ ကပ်ပါနေပါလိမ့်မည် အမေရိကန် လူမျိုးတစ်ဦးဘာသာပြန်ဆိုခဲ့သော ကျမ်းစာတော်မြတ်သည် မလိုဘဲ ဘိုသံ ပေါက်နေပါမည်။
ကျွန်တာ့်အနေနှင့် ရှေးဦး သာသနာပြုဖခင်ကြီးများ၏ ကျေးဇူးကို အမြဲအစဉ် ဦးထိပ်ထားပါသည်။
ရှေးဦးသာသနာပြုကြီးများသည် သာသနာ့ အာဇာနည်များ ဖြစ်ပါသည်။ သာသနာတော်အတွက် ခရစ်တော် ဘုရားရှင်အတွက် ကျွန်တော်တို့ မြန်မာလူမျိုးများအတွက် မိမိကိုယ်ကိုပူဇော်ဆက် ကပ်ထားခဲ့ကြသူများ ဖြစ်ပါသည်။ သာသနာတော် သင်ကြားသည့်အတိုင်း ကျွန်တော်တို့ကို လက်ထပ်သင်ကြား ပေးခဲ့ကြပါသည်။ ထိုခေတ် ထိုအခါက ကာလံဒေသံ အလိုက် တရားတော်အမွေကို ပေးထားခဲ့ကြပါသည်။
ယခုအခါ ကျွန်တော်တို့နောက် ပြန်လှည့်ကြည့်မည် ဆိုပါက အချိန်ကာလ ဆိုတာလည်း အတော်ကြာခဲ့ပါပြီ။ ခေတ်တွေလည်း ပြောင်းခဲ့ပါပြီ။ စံနစ်တွေလည်း ပြောင်းသွားပါပြီ။ ကျေးဇူးရှင်သာသနာပြုကြီးများ ပင်မရှိကြတော့ပြီ။ သာသနာတော်ကြီးသည်ပင် ဒုတိယဗာတီကန်သံဃာယနာတင် အစည်းအဝေးကြီးဖြင့် သွန်သင် ချက်တစ်ချို့ကို ပြုပြင်ပေးခဲ့ပါပြီ။ ၀တ်ပြုနည်း တစ်ချို့ကို အသစ်ပြုပေးခဲ့ပါပြီ။
သေချာစဉ်းစားပါက သူတို့ဘ၀တွေနှင့် အသက်တွေကိုရင်းပြီး ပေးထားခဲ့သည့် သာသနာ့ အမွေကြီးကို ကျွန်တော်တို့ မြန်မာတိုင်းရင်းသား စစ်စစ်များက သူတို့စပေးထားခဲ့သည့်အတိုင်း ကိုင်ထားနေသေးတာ ကိုတော့ သူတို့ စိတ်မကောင်းဖြစ်နေကြမှာပါ။
သူတို့ခေတ် သူတို့ချိန်ခါက အတိုင်း မူမပျက်၊ ဟန်မပျက်ပဲ လက်ရာမယွင်း ထားတာကို မြင်တွေ့ပြီး နောင်တမလွန်မှနေ အားမလိုအားမရ ဖြစ်နေကြမှာပါ။ မြန်မာစာ မတတ်တတ်နှင့် သင်ပေးခဲ့သော ဘာသာစကားလုံးများကို မြန်မာစစ်စစ်များက သူတို့အတိုင်း မပီကလာပီကလာ သုံးနှုန်း ခေါ်ပြောနေတာကို ကြားနိုင်ပါက သူတို့ စိတ်ထိခိုက် မိကြပါလိမ့်မည်။
သူတို့စခဲ့သည့် မြို့ရွာများမှာပဲ ကျွန်တော်တို့ဝဲနေကြတာကြောင့် အားမရ ဖြစ်နေပါလိမ့်မည်။ သူတို့လုပ်ခဲ့တာလောက်နှင့်ပဲ မြန်မာတိုင်းရင်းသားများက ကျေနပ်နေကြတာကို ဂရုဏာ ဒေါသောနှင့် စိတ်တိုစိတ်ဆိုး ဖြစ်နေကြမှာပါ။ သူတို့ ခေတ်သူတို့အခါက ကက်သလစ်သာသနာတော်ကြီး သင်ကြားသည့်အတိုင်း တသဝေမတိမ်းလိုက်ခဲ့ကြသူများ ပီပီ ကျွန်တော်တို့ကို ကြည့်ကာ တမလွန်ဘ၀ကနေ စိတ်မချမ်းသာ ဖြစ်နေကြမှာလို့ပဲ ကျွန်တော်ယုံကြည်ပါသည်။
ထိုကြောင့် သာသနာပြုကြီးများ မသွားနိုင်ခဲ့သည့်နေရာဒေသများသို့ ကျွန်တော်တို့ သွားကြပါစို့။ သူတို့ချစ်မြတ်နိုးခဲ့သော အမိမြန်မာပြည်ကြီးနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ကျွန်တော်တို့လည်း တန်ဖိုးထားကြပါစို့။ သူတို့ချန်ထားခဲ့သည့် သာသနာတော်ကြီးကို မြန်မာအနုပညာများဖြင့် တန်ဆာဆင်ကာ ကျေးဇူးဆပ်ကြပါစို့။
တစ်နည်းဆိုရပါက မွန်မြတ်လှသည့်တရားတော်ကို မြန်မာစစ်စစ်က မြန်မာစစ်စစ် နောက်တစ်ဦး သဘောပေါက်နားလည် လက်ခံနိုင်အောင် ဟောပြောကြပါစို့။ တရားတော်ကို မြန်မာ့တရားတော်စစ်စစ် အဖြစ် လက်ခံနိုင်အောင် မြန်မာမှုပြုကြပါစို့။ မြန်မာများတို့သည် တရားတော်နှင့် သာသနာတော်ကို သူစိမ်းသူရံတာ ဖြစ်မနေစေဘဲ မိမိအပိုင်၊ မြန်မာ့အပိုင်၊ မြန်မာ့အမွေ အနှစ်အဖြစ် ခံစားလာစေရအာင် လုပ်ဆောင်ကြပါစို့ဟု။

မာကု ( ဒဿန )


Read More...