Tuesday, May 12, 2009

ထာဝရ အမွေ


ထာဝရ အမွေ

ယနေ့ လမ်းပေါ်မှာ လေလွင့်နေကြတဲ့ ကလေးသူငယ် (လူငယ်)တွေ အများကြီး ရှိနေပါတယ်။ အဲဒီ လူငယ်တွေကို ဘယ်လိုနည်းနဲ့ လမ်းမှန်ကိုရောက်အောင် ပြုပြင်ပေးကြမလဲ။ တော်တော်နဲ့ ပြုပြင်ပေးလို့ လွယ်မယ် မထင်ဘူး။ ငယ်စဉ်က အဲဒီလူငယ်တွေရဲ့ အမိအဘတွေက လူ့လောကထဲကို လွယ်လွယ်လေးနဲ့ ပို့ဆောင်ခဲ့တာကြောင့် ယနေ့ အဲဒီလူငယ်တွေ စာရိတ္တ ပျက်ဆိုးသွမ်းနေကြတယ်။
အကျင့်စာရိတ္တပျက်စီးနေတဲ့ လူငယ်တွေ ဖြစ်မလာအောင် ဦးစွာ ပထမမိဘတွေက ငယ်စဉ်ကစတင်ပြီး ကိုယ့်ရဲ့ ရင်သွေး (ကလေးသူငယ်)တွေကို လမ်းကောင်း လမ်းမှန် ပြသပေးဖို့လိုပါတယ်။ (Character begins in our infancy and continue untill death.) အကျင့်စာရိတ္တ ဆိုတာ ကျွန်ုပ်တို့ ငယ်စဉ်ကတည်းက စတင်ပြီး သေသည့်တိုင်အောင် ဆက်လက် တည်မြဲနေမယ့်အရာ ဖြစ်ပါတယ်။ ပြီးတော့ (Man's character is his fate) အဲဒီ အကျင့်စာရိတ္တဟာ ကျွန်ုပ်တို့အားလုံးရဲ့ ကံကြမ္မာပါပဲ။ ကျွန်ုပ်တို့အားလုံးရဲ့ အကြီးမားဆုံး လိုအပ်ချက်နဲ့ အကြီးမားဆုံး ကာကွယ် စောင့်ရှောက်မှုဟာ အဲဒီအကျင့် စာရိတ္တပဲ ဖြစ်ပါတယ်။ ဆိုရိုးလေးတစ်ခုကလည်း - ငွေဆုံးလျှင် နည်းနည်းရှုံးသည်။ ကျန်းမာရေးဆုံးလျှင် တချို့တစ်ဝက်ရှုံးသည်။ စာရိတ္တဆုံးလျှင် အားလုံး ရှုံးသည် တဲ့၊ ဒါကြောင့် - လူမှာ အရေးကြီးဆုံး အရာဟာ "အကျင့်စာရိတ္တ" ပါပဲ။ ဒါတွေကို ကျွန်တော်တို့ မိဘတွေ သိမြင်ဖို့၊ အလေးထားဖို့ သိပ်အရေးကြီးပါတယ်။
ကျွန်တော်တို့ မိဘတွေက ကျွန်တော်တို့ကို အိမ်တွေ၊ ခြံတွေ၊ ကားတွေ၊ စိန်၊ ရွှေ၊ ငွေတွေပေးမှ မိဘအမွေလို့ ယူဆကြမှာလား။ မဟုတ်ပါဘူး။ ဒီအရာပစ္စည်းတွေဟာ ခဏတဒင်္ဂမျှသာ တည်မြဲမယ့် အရာတွေပါ။ ထာဝရအမွေ မဟုတ်ပါဘူး။ အတိတ်က သမိုင်းထဲမှာ စံပြမိဘတွေ အများကြီးတွေ့နိုင်ပါတယ်။
ဟိုး- နှစ်ပေါင်း ၇၄-၇၅ ခုနှစ် လောက်ဆီက အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးပမ်းနေစဉ် လွတ်လပ်ရေး လှုံ့ဆော် စည်းရှုံးမှုအတွက်နဲ့ အင်္ဂလိပ်နယ်ချဲ့ အစိုးရရဲ့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ပန်ဒစ်ဂျဝါနေရူး၊ ဒီပုဂ္ဂိုလ်ကြီးက ၁၉၃၀ - ပြည့်နှစ်၊ အောက်တိုဘာလမှာ အသက် (၁၃) နှစ်ပြည့်မယ့် သမီးလေးထံ ဖခင် တစ်ဦးအနေနဲ့ မွေးနေ့လက်ဆောင်တစ်ခုခုတော့ ပေးချင်တာ၊ ထောင်ထဲကနေ ဘာမှ မတတ်နိုင်ပဲ ဖြစ်နေတယ်။ အဲဒီလို အခက်အခဲကြားထဲကနေ တတ်နိုင်သလောက် ဘ၀အတွက် မှတ်သားစရာ "ချစ်သမီးသို့" ဆိုပြီး စာရေးခဲ့ပါတယ်။
"ချစ်သမီးသည် သူတစ်ပါးမသိအောင် ပုန်းလျှိုး ကွယ်လျှိုး ကိစ္စတို့ကို ဘယ်သောအခါမှ မလုပ်မိစေရန်သတိရှိရမည်။ သူတစ်ပါး သိမည်စိုး၍ ဖုံးကွယ်လို သောကိစ္စမှာ သတ္တိမရှိသောစိတ်၊ ကြောက်ရွံ့သည့် စိတ်သာဖြစ်သည်။ ကြောက်ရွံ့သော စိတ်သည် ချစ်သမီးနှင့် မအပ်မတန်ချေ။ ချစ်သမီး သတ္တိရှိပါ။ သတ္တိရှိလျှင် ကိစ္စအားလုံး ပြီးသည်။ ချစ်သမီး သတ္တိရှိလျှင် ကြောက်တော့မည် မဟုတ်။ ချစ်သမီး ရှက်ရမည့် ကိစ္စကိုလည်း ပြုလုပ်တော့မည် မဟုတ်ချေ။" လို့ ထောင်ထဲကနေ ဒီစာလေးနဲ့ စိတ်ဓာတ်အမွေ ပေးခဲ့တယ်။ နောင်တစ် ချိန်မှာ သမီးအင်ဒီရာဟာ အိန္ဒိယနိုင်ငံရဲ့ ၀န်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
နောက် ... ဥာဏ်ထိုင်းတယ် ဆိုပြီး ကျောင်းကနေ ထုတ်ပယ်ခံရတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး သောမတ်စ်အယ်ဒီဆင် (Thomas Edison) ကို သူ့ရဲ့ အမေက ငါ့သား ဒီလောက်မညံ့ပါဘူး၊ ငါကိုယ်တိုင် သင်ပေးမယ်လို့ မခံချင်စိတ် (မေတ္တာ) လေးထားပြီး ပညာသင်ပေးခဲ့ရာ သူလေးသည် သိပ္ပံပညာမှာ သူမတူအောင် ကမ္ဘာကျော်ခဲ့တယ်။ ဒီလို မိဘကျေးဇူး (အမွေ) ကြောင့် ခေတ်တွေ နှောင်းခဲ့ပေမယ့် ဘယ်သူမှ သူ့ကို မမေ့ကြဘူး။ အဲဒါ ရင်ထဲ (နှလုံး သားထဲ) က စီးကျလာတဲ့ မိဘမေတ္တာ (အမွေ) ကြောင့်ပေပဲ။ မိမိတို့ရဲ့ သားသမီးတွေကို လူဘုံလယ်မှာ တင့်တယ်ထည်ဝါနိုင်အောင် ကျွန်တော်တို့ မိဘတွေက သောမတ်စ်အယ်ဒီဆင်ရဲ့ အမေလို မခံချင်စိတ် (မေတ္တာ) ရှေ့ထားကာ ကိုယ့်ရဲ့ သားသမီးတွေ ငယ်ရွယ်စဉ် အချိန်ကစပြီး ပညာ အမွေပေးသင့်ပါတယ်။ ယနေ့မှာ ခေတ်ကြီးက တိုးတက်နေပြီး ပညာမတတ်ရင် လူ့ အောက်ကျို့ရမယ်၊ လူဘုံလယ်မှာ မျက်နှာငယ် ကြရမယ်။ မိဘတွေက ဒီအချက်တွေကို လစ်လျူ မရှုသင့်ပါ။
အမေရိကန် သမ္မတသမိုင်းမှာ နာမည်ကျော်ပုဂ္ဂိုလ်ကြီး ဂျော့ဝါရှင်တန် ငယ်စဉ်က သူ့ရဲ့ မွေးနေ့လေးတစ်နေ့မှာ ဂျော့အင်မတန်မှ အလိုချင်ဆုံး ပုဆိန်လေးကို ဖခင်က လက်ဆောင်အဖြစ် ပေးခဲ့တယ်။ ဂျော့လည်း ကလးတို့ သဘာဝ လိုချင်တာလေးကို မွေးနေ့လက်ဆောင်အဖြစ် ရတာကြောင့် အရမ်း ပျော်သွားခဲ့တယ်။ အဲဒီ မွေးနေ့လက်ဆောင် ပုဆိန်ကို ကိုင် သူတို့ အိမ်ခြံထဲဆင်းသွားပြီး အပင်တွေကို ခုတ်ဖြတ် ကစားခဲ့တယ်။ ဂျော့ခုတ်ဖြတ် ကစားခဲ့တဲ့ သစ်ပင်တွေထဲမှာ သူ့ဖခင် အလွန် မြတ်မြတ်နိုးနိုး တန်ဘိုးထား ပြုစုထားတဲ့ သစ်ပင်လေးဟာ ပြတ်လုနီးပါး ဖြစ်သွားခဲ့တယ်။ ညနေနေ၀င်စ အချိန်လေးမှာ ဖခင် ခြံဝန်းထဲ လမ်းလျှောက်ဆင်း အပန်းဖြေချိန် သူအင်မတန် မြတ်နိုးတဲ့ သစ်ပင်လေးပြတ်လုနီးပါး ဖြစ်နေတာကို တွေ့ရလို့ တအားကို စိတ်ဆိုးသွားတယ်။ ဂျော့ကိုလှမ်းခေါ်ပြီး သည်သစ်ပင်ကို ဘယ်သူခုတ်သွားသလဲ၊ ဘယ်သူဘဲဖြစ်ဖြစ် ဒီသစ်ပင်လေးကို ခုတ်ဖြတ်ခဲ့တဲ့သူကို ကောင်းကောင်းဆုံးမမယ် လို့ပြောလိုက်တယ်။ ဒီတော့ ဂျော့လေးခင်မျာ အလွန်ကြောက်ရွံ့သွားပြီး မျက်ရည်များ ၀ဲလာကာ "ဖေဖေ သားသည် သစ်ပင်လေးကို ခုတ်ဖြတ် ခဲ့မိပါတယ်" လို့ ၀န်ခံ ခဲ့ပါတယ်။ ဂျော့ရဲ့ ဖခင်က ကြောက်ရွံ့ပြီး မျက်ရည်ဝဲနေတဲ့ သားငယ်ကို "သား မင်း သည်သစ်ပင်လေးကို ခုတ်ဖြတ်တဲ့အတွက် ဖေဖေ စိတ်ဆိုးမိတာ အမှန်ပဲ၊ ဒါပေမဲ့ မင်းအမှန်ကို ပြောရဲတဲ့အတွက် ဖေဖေ၀မ်းသာတယ်၊ မင်း ဒီတစ်ခြံလုံးမှာရှိတဲ့ သစ်ပင်တွေကို ခုတ်ဖြတ်ပစ်လိုက်တာထက် လိမ်လည် ပြောဆိုမှာကို ဖေဖေ ပိုပြီး စိုးရိမ်ပါတယ်" လို့ဆိုရင်း ပွေ့ဖက်လိုက်ပါတော့တယ်။ ဒီလို ဖခင်ရဲ့ဆုံးမမှု (မေတ္တာ)ကြောင့် အမေရိကန် သမ္မတသမိုင်းမှာ ဂျော့ဝါရှင်တန်ဟာ ရိုးသားဖြောင့်မတ်သော သမ္မတကြီးအဖြစ် သမိုင်းတွင်ကျန်ခဲ့ရပါတယ်။ (ဂျော့ဝါရှင်တန်လည်း သူသမ္မတရာထူးရပြီးတဲ့အချိန်မှာ သူရဲ့ငယ်စဉ်က အကြောင်းလေးကို ပြန်ပြောင်း အောက်မေ့ရင်း ပြည်သူတွေကို မိန့် ခွန်းပေးလေ့ရှိပါတယ်။)
ကလေးသူငယ်တွေကို ငယ်စဉ်အချိန်ကစပြီး စာရိတ္တအမွေတွေ၊ ပညာ အမွေတွေပေးဘို့ လိုအပ်ပါတယ်။ ကလေး (လူငယ်) တွေဟာ နောင်တစ်ချိန် (အနာဂတ်) မှာ တက်လူ (လူကြီး) တွေ ဖြစ်လာကြအုံးမယ်။ အဲဒီအချိန်မှာ စိတ်ဓာတ်တွေ ယုတ်ညံ့၊ အမျှော်အမြင် (ပညာ) မရှိဘူး ဆိုရင် လူသားထုကြီးတစ်ခုလုံး တက်လမ်း မရှိပါ။
တစ်ခါက ပညာရှင်သုခမိန်ကြီး ဖရန်စစ်ဝေဟင်ပါထံ အမျိုးသမီးကြီးတစ်ဦးက "ဆရာကြီးရှင့် ကျွန်မကလေးလေးကို ဘယ်ချိန်မှာ ပညာစသင်ပေးရမလဲ" လို့ မေးလိုက်တော့ ဆရာကြီးက ခင်ဗျား ကလေးက မွေးပြီလားလို့ ပြန်မေးတယ်။ အမျိုးသမီးကြီးက မွေးပြီးလို့ အသက်ငါးနှစ်တောင် ရောက်ပါပြီလို့ ပြန်ဖြေလိုက်တော့ ဆရာကြီးက "ဟာ ... ဒါဆိုရင် မဖြစ်တော့ဘူး၊ အမြန်ဆုံးပြန်ပြီး ပညာသင် ပေးတော့၊ အခုလို စကားပြောနေဖို့တောင် အချိန်မရှိဘူး။ ကလေးကိုပညာသင်ပေးဘို့ အချိန် (၅) နှစ်တောင် လွန်သွားပြီ" လို့ ဆရာကြီး ဝေဟင်ပါ ပြန်ပြောခဲ့ပါတယ်။ ဒီအဖြစ်အပျက်က ကလေးတွေကို ငယ် ရွယ်စဉ်အချိန်က စတင်ပြီး ပညာသင်ပေးဖို့ရန် မီးမောင်း ထိုးပြနေပါတယ်။ မိမိတို့ရဲ့ သားသမီးတွေကို မိမိတို့က ဆင်းရဲသား လယ်သမား၊ ထန်းသမား၊ လက်လုပ်လက်စားမို့ ကိုယ့်သားသမီးတွေလည်း ဒီလိုဖြစ် စေကြမှာလား။ မုဆိုးနားနီးမုဆိုး၊ တံငါနားနီးတံငါ ဒီပုံစံကြီးအတိုင်းပဲ ဖြစ်စေကြမှာလား။ ဆင်းရဲသားရဲ့ သားသမီးတွေက ဆရာဝန်ကြီးတွေ၊ ပညာတတ်ကြီးတွေ၊ နိုင်ငံတော်အတွက် အကျိုးပြုမယ့်သူတွေ၊ သာသနာကြီးအတွက် အထောက်အကူ အကျိုးပြုမယ့်သူတွေ မဖြစ်နိုင်ကြတော့ဘူးလား။ ဟင်နရီဝါ့(ဒ်) ဘီးချားကပြောခဲ့ ပါတယ်... "စာအုပ်စာပေ မရှိတဲ့အိမ်ဟာ ပြတင်းပေါက်မရှိတဲ့ အိမ်တစ်လုံးနဲ့တူပါတယ်။ ဒီလိုပါပဲ စာပေကို လေ့လာဖတ်ရှုခြင်း မရှိတဲ့ ဘယ်လူမျိုးမှ ရင်သွေးငယ်လေးတွေကို မှန်မှန်ကန်ကန် ပြုစု ပျိုးထောင်ပေးနိုင်မှာ မဟုတ်ပါဘူးတဲ့။" ဒီမိန့်ဆိုချက်လေး အရ မိဘတွေ ကိုယ်တိုင် စာပေအသိရှိပြီး မိမိတို့ သားသမီးတွေ နောင်ရေးအတွက် စာရိတ္တ အမွေတွေ၊ ပညာအမွေတွေ ငယ်စဉ်အချိန်က စပေးကြမယ်ဆိုရင် လူသားအားလုံးအတွက် ကောင်းကျိုးဖြစ်မယ်၊ သားသမီးတွေလည်း ဘ၀မှာနေထိုင် ရတာ အောင်မြင်ပျော်ရွှင် နိုင်ကြမယ်။
အကျဉ်းချုပ်ပြီး ပြောချင်တာကတော့ မိဘတွေက သားသမီးတွေကို ချစ်တာမှန်ရင် အိမ်တွေ၊ ခြံတွေ၊ ကားတွေ၊ စိန်၊ ရွှေ၊ ငွေတွေ ပေးစရာမလိုပါဘူး။ မိမိတို့ရဲ့ သားသမီးလေးတွေ လျှောက်လှမ်းကြရအုံးမယ့် ဘ၀ခရီးအတွက် စိတ်ထားမှန်ကန်စွာ မေတ္တာတရား ရှေ့ထားပြီး လျှောက်လှမ်းနိုင်အောင် သားသမီးတွေကို မိမိတို့ရဲ့ လုပ်ပုံ ကိုင်ပုံ အမူအရာ ကောင်းလေးတွေနဲ့ ပြသသင့်ပါတယ်။ ပန်ဒစ်ဂျဝါနေရူးလို၊ ဂျော့ဝါ ရှင်တန်ရဲ့ ဖခင်ကြီးလို ပေးပုံချင်းတော့ တူချင်မှ တူမယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့တော့ အမွေကောင်း (ထာဝရ အမွေ) ပေးခဲ့ကြရပါမယ်။ လူမှုဆက်ဆံရေးရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ဟာလည်း လူတစ်ဦးချင်းစီရဲ့ အကျင့် စာရိတ္တပဲ ဖြစ်ပါတယ်။ "လူတစ်ဦး အနေဖြင့် သူနေထိုင်ရာ အဖွဲ့အစည်းအတွက် ရုပ်ပိုင်းဆိုင်ရာ၊ အသိဥာဏ်ပိုင်း ဆိုင်ရာ၊ ကိုယ်ကျင့်တရား ဆိုင်ရာများ၌ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်သည် ဆိုပါက သူ့ကို မည်သည့်အရာကမှ အသိအမှတ် မပြုဘဲနေလိမ့်မည် မဟုတ်။" လို့ ဒေါက်တာဘွတ်ကာတီဝါ ရှင်တန်က ဆိုထားခဲ့ဘူး ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ၀န်စတန်ချာချီ ငယ်စဉ်ကလေးဘ၀က သူ့သူငယ်ချင်းတွေကို "တို့အားလုံးဟာ ပိုးကောင်လေးတွေ ဖြစ်ကြတယ်။ ဒါပေမယ့် ငါကတော့ ပိုးစုန်းကြူးကွ" လို့ပြောခဲ့သလို ကျွန်တော်တို့ မိဘတွေကလည်း ကိုယ့်ရဲ့ ရင်သွေးငယ်လေးတွေ ငယ်ရွယ်စဉ်အချိန်ကစပြီး ရုပ်ပိုင်းဆိုင်ရာ၊ အသိဥာဏ်ပိုင်းဆိုင်ရာနှင့် ကိုယ်ကျင့်တရားတို့မှာ အမြဲတမ်း ပိုးစုန်းကြူးလေးလို တောက်ပအောင် လမ်းပြပေး သင့်ပါတယ်။ မိမိတို့နဲ့အမျှ ချစ်ရတဲ့ မိမိရဲ့ သားသမီးကို ထာဝရအမွေပေးနိုင်ကြပါစေ၊

ရှန်ပိန်