Saturday, May 2, 2009

အရှုံးရေစီးထဲတော့ အမျောမခံပါ


အရှုံးရေစီးထဲတော့ အမျောမခံပါ


လူ့ဘ၀မှာ အကြောင်းမသင့် အဆင်မပြေမှုတွေ ကြုံရတတ်တယ်။ ဒီလို ကြုံတွေ့ခဲ့ရရင် သတိတရားမရှိတဲ့လူက "ငါတော့သွားပြီ၊ ဖြစ်မှဖြစ်ရလေခြင်း၊ ငါ တော့ ဒုက္ခကြုံပြီ" ဆိုပြီး ရင်ဘတ်စည်တီး ပြုလုပ်တတ်ကြပါတယ်။ ပညာရှိသတိရှိတဲ့ လူဆိုရင်တာ့ "ငါတော့ ဒုက္ခကြုံပြီ။ ဒီ အခက်အခဲကနေ ဘယ်လိုသင်ခန်းစာယူ ရမလဲ၊ ငါ့အခြေအနေကို ဘယ်လိုနည်းနဲ့ ကောင်းမွန်အောင်ပြုပြင်နိုင်မလဲ။ ငါဟာ ဒီကံဆိုးခြင်းအရာကို ကံကောင်းခြင်းအရာ ဖြစ်အောင် ဘယ်လိုကြိုးစားပြီးလုပ်ရမလဲ" လို့ ပြောဆိုမှာဖြစ်တယ်။ အသိတရားမရှိ တဲ့သူက ကံကိုအပြစ်တင်ကာ လောကကြီးကို မကျေမနပ်ဖြစ်နေပေမဲ့ ပညာသတိရှိတဲ့ သူကတော့ အဆိုးကအကောင်းဖြစ်အောင် လုပ်ဆောင်ဖို့ ကြိုးစားလမ်းရှာနေမှာဖြစ်တယ်။ လူတိုင်းမှာ ဒုက္ခတမျိုးစီ ကြုံရစမြဲပဲ။ ဒီလိုကြုံရတဲ့အခက်အခဲများတွေထဲက အောင်မြင်မှုရအောင် ကြိုးစားနိုင်ရမှာဖြစ်တယ်။

လူ့ဘ၀မှာ အရှုံးကိုအမြတ်ဖြစ် အောင်လုပ်နိုင်တဲ့သူ တစ်ယောက်ရှိခဲ့ပါတယ်။ ထိုသူကတော့ နယူးယောက်မြို့သူ အဲလ်မာတော်မဆင်ပဲ ဖြစ်ပါတယ်။ စစ်တွင်းက သူမရဲ့ခင်ပွန်းဟာ မြောက်အမေရိကတိုက် တောင်ဖက်အဖျားမှာ ရှိတဲ့ မက္ကဆီကိုနယ်က မိုးယေးသဲကန္တာရကြီးထဲမှာ စစ်ရေးလေ့ကျင့် သင်တန်းကို ပို့ခံရတာနဲ့ သူမပါလိုက်သွားတယ်။

သဲကန္တာရကြီးထဲမှာ နေရတာ ဘယ်လောက် ဆင်းရဲသလဲဆိုတာ ပြောမပြနိုင်အောင်ပါ။ သူမဟာ ဒီသဲကန္တာရကြီးကို ရွံ့မုန်းကြီး ဖြစ်ခဲ့ရပါတယ်။ ပူလိုက်တာလဲ လွန်ရော၊ သစ်ပင်ဆိုတာလည်း ရှားဇောင်း ပင်တွေပဲရှိတော့ အရိပ်လည်း ကောင်းကောင်းမရနိုင်ပါ။ မက္ကဆီကိုက လူတွေက အင်္ဂလိပ်စကား မပြောတတ်ကြပါ။ နေ့လည်မှာ သူမရဲ့ခင်ပွန်းအလုပ်ဆင်းရင် သူမဟာ တဲလေးထဲမှာတစ်ယောက်တည်း စကားပြောစရာ အဖော်လည်းမရှိနဲ့ အထီးကျန်၊ ပျင်းရိခြောက်သွေ့စွာ နေနေရပါတယ်။

လေကလဲ တနေကုန် တိုက်တယ်။ စားသမျှ အစာတွေထဲမှာ သဲမှုံနဲ့၊ အသက်ရှူရင်လည်း သဲတွေ နှာခေါင်းထဲဝင်သွားတယ်။ နေရာတကာမှာ သဲတွေချည်းပဲဖြစ် နေပါတယ်။ အဲလ်မာတော်မဆင်ဟာ အလွန်ပဲ စိတ်ဆင်းရဲ မိတာပေါ့။ ဒါနဲ့ သူမရဲ့ မိဘတွေဆီစာရေးလိုက်တယ်။ ဒီသဲကန္တာရ ကြီးထဲမှာ တစ်မိနစ်တောင် မနေချင်တော့ဘူး၊ ထောင်ထဲမှာတောင် ကောင်းကောင်း နေရအုံးမယ်။ ပြန်လာတော့မယ်လို့ ရေးလိုက်တယ်။ သူမရဲ့အဖေက စာပြန်ရေး လိုက်တယ်။ ပြန်စာက စာလေးနှစ်ကြောင်း ထဲပါ။ ဒါပေမဲ့ စာကြောင်းလေး နှစ် ကြောင်းကို သူမတသက်မမေ့နိုင်တော့ဘူး။
"လူနှစ်ယောက်သည် ထောင်တံခါးမှ အပြင် ဖက်ကို မျှော်ကြည့်ကြ၏။ တစ်ယာက်က ရွှံ့ကိုမြင်ပြီး တစ်ယောက်က ကြယ်တာရာကိုမြင်သည်" တဲ့။ အဲလ်မာတော်မဆင်ဟာ ဒီစာကြောင်းကို ထပ်ခါထပ်ခါဖတ်ပြီး အဓိပ္ပာယ် ပေါက်လာတဲ့အခါမှာ အရမ်းက ရှက်သွားပါတယ်။

မိမိဘာသာချထားတဲ့ ထောင်ခန်းထဲက အပြင်ကိုလှမ်းကြည့်တာ အနိဌာန်ရုံဖြစ်တဲ့ ရွှံ့ကို မြင်မနေတော့ဘဲ လှပကြည်နူးစရာ ကြယ်တာရာတွေကို ကြည့်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီအချိန်ကစပြီး သူမဟာ နယ်သူနယ်သားတွေနဲ့ အသိဖွဲ့တော့တာပါပဲ။ သူတို့တွေက ဒီလိုမိတ်ဆွေဖွဲ့ရင် သိပ်ကို ဖော်ရွေတတ်ကြ တာကို အံ့သြမိခဲ့တယ်။ သူတို့လုပ်တဲ့ အိုးလုပ်ငန်းနဲ့ရက်ကန်းလုပ်ငန်းတွေကို ဂရုစိုက်လိုက်တယ် ဆိုရင်ပဲ သူတို့ လက်ရာတွေကို လာပြီး လက်ဆာင်ပေးကြတယ်။ ဒီလက်ဆောင်ကောင်းတွေဟာ နယ်လှည့် ခရီးသည်တွေ လာပြီး ဈေးကောင်းကောင်းပေးဝယ်တောင် ရောင်းတာမဟုတ်ဘူး။ သူမကို ခင်လွန်းလို့ လက်ဆောင်ပေးကြတာ ဖြစ်တယ်။ သူမဟာ အဲဒီဒေသမှာပေါက်တဲ့ ရှားဇောင်းပင် အမျိုးမျိုးကို သေချာစွာ ကြည့်ပြီး ပညာတစ်ရပ်အဖြစ် လေ့လာတယ်။ သဲကန္တာရမှာရှိတဲ့ ခွေးတွေ အကြောင်းစုံစမ်းတယ်။ နေ၀င်ချိန်ကို
သေသေချာချာ ကြည့်တယ်။ သဲကန္တာရမှာ နေ၀င်ချိန်ဟာ အရမ်းကိုလှတာ မြင်တွေ့ခဲ့ရတယ်။ သဲကန္တာရထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း မရေမတွက်နိုင်လောက်တဲ့ အချိန်တုန်းက ပင်လယ်အောက် ကျန်ရစ်ခဲ့တဲ့ ခရုခွံတွေကို အရောင်စုံပုံစံ အမျိုးမျိုးနဲ့ တွေ့ရတယ်။

ဒီလိုလုပ်လိုက်တာ့ သူမရဲ့ အခြေအနေဟာ ပြောင်းသွားတယ်။ အဲဒါ ဘာကြောင့် ပြောင်းလဲတာလဲ။ သဲကန္တရကြီးက ပြောင်းသွားတာလား၊ နယ်သူနယ်သားတွေ ပြောင်းလဲသွားတာလား။ မဟုတ်ပါဘူး။ ပြောင်းသွားတာက သူမရဲ့ စိတ်သဘောထားပါ။ အစက ရွှံ့မုန်းပေမယ့် ခုတော့ ဒီဒေသမှာ အလိုအလျောက် ပျော်စရာကြီးပါလားလို့ သဘောထားမိလာတယ်။ နေရာသစ်ကို ရောက်တဲ့အခါ စိတ်တက်ကြွပြီး မြင်မြင်သမျှဟာ အထူးအဆန်းချည်း ဖြစ်နေတော့တယ်။ စိတ်ဝင်စားစရာ တွေများလွန်းလို့ (Bright Ramparts) "တောက်ပသော မြေကတုတ်" ဆိုတဲ့ အမည်နဲ့ဝတ္ထု စာအုပ်တစ်အုပ်တောင် ရေးဖြစ်ခဲ့တယ်။ အဲဒီတော့မှ သူမအဖေ ရေးပေးလိုက်တဲ့ ကဗျာကောက်နှုတ်ချက်ထဲကလို ထောင်ခန်းထဲက နေကြယ်တာရာကို မြင်တဲ့သူနဲ့ တူလာပါတော့တယ်။


အခက်အခဲကို အောင်မြင်လိုက်ရာမှ ရရှိလာတဲ့ စိတ်ချမ်းမြေ့မှုက အလွန်ပဲ ကြီးမားလှပါတယ်။ လူ့ဘ၀မှာ အခက်အခဲ မရှိရင် အောင်မြင်မှုဆိုတာ မရှိနိုင်ပါ။ ဒါကြောင့် နယူးယောက်မြို့သူ အဲလ်မာတော်မဆင်လို လက်တွေ့ဘ၀မှာကြုံရတဲ့ အရှုံးအခက်အခဲမှ အမြတ်၊ အောင်မြင်မှုရအောင် ကြိုးစားသွားကြရမှာ ဖြစ်ပါတယ်။ ဘယ်သူမဆို အခက်အခဲနဲ့ မတွေ့ကြုံရတဲ့ သူဆိုတာမရှိပါ။ ကြုံရတဲ့ အခက်အခဲတွေထဲမှာ ညည်းညူ အရှုံးပေးမနေဘဲ ကြိုးစား လုပ်ဆောင်သွားမှသာ အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်တယ်။ ကံဆိုး သံပုရာကို ကံကောင်း ဖျော်ရည်ဖြစ်အောင် လုပ်နိုင်တဲ့အချက်က စိတ်ကျေနပ် ပျော်ရွှင်စရာပင်။ အကြောင်းမသင့်လို့ အခက်အခဲကြုံခဲ့ရင်တောင် ပညာသတိ ရှိစွာနဲ့အရာရာကို ကျော်လွှားနိုင်အောင်၊ ကြုံရတဲ့ အခက်အခဲတွေ ထဲမှာ အညံ့မခံဘဲ အောင်မြင်မှုကမ်းဆီသို့ အရောက် ကူးခပ်သွားဖို့ ကြိုးစားကြရမှာ လူသားတွေရဲ့ တာဝန်ပင် ဖြစ်ပါတော့တယ်။


မနော