Tuesday, April 14, 2009

ဘာသာတရားကို ယဉ်ကျေးမှုနှင့် အညီပြုကြမည်ဆိုပါက.. (အပိုင်း ၂)


ဘာသာတရားကို ယဉ်ကျေးမှုနှင့် အညီပြုကြမည်ဆိုပါက..
(အပိုင်း ၂)


ရိုးရာ ယဉ်ကျေးမှု
ကြိုတင်သိထားသင့်သည့် နောက် အချက်တစ်ခုမှာ လူမျိုးတစ်ခု၏ ရိုးရာ ယဉ်ကျေးမှုဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ လူမျိုးစုတိုင်းတွင် မည်မျှပင်ရှေးကျစေကာမူ ရိုးရာဓလေ့ အမွေအနှစ်များရှိကြပါသည်။ မည်မျှပင် တောကျစေကာမူ သူတို့ ကိုယ်ပိုင် ဓလေ့များရှိကြပါသည်။ တစ်ချို့ လူမျိုးစုများတွင် ထို ရိုးရာဓလေ့များကို ပေထက် အက္ခရာတင်ကာ ရေးသားထားခဲ့ကြ၏။ တစ်ချို့လူမျိုးစုများကမူ မိမိတို့၏ ရိုးရာဓလေ့ကို စာအုပ်စာပေနှင့် မှတ်တမ်း ပြုမထားခဲ့ကြပါ။ သို့သော် ဘိုးဘွားအမွေ အနှစ်အဖြစ် လက်ဆင့်ကမ်း သယ်လာခဲ့ ကြလေသည်။
လူမျိုးစုတစ်ခု၏ ရိုးရာယဉ်ကျေးမှုဟုဆိုရာတွင် သူတို့၏ ရိုးရာဘာသာနှင့် ဓလ့ထုံးတမ်းစဉ်လာ အမွေအနှစ်များ ပါဝင်သည်။ သူတို့၏ နေထိုင်၊ ပြောဆို၊ ၀တ်စား ဆင်ယင်ပုံများလည်း ပါဝင်သည်။ ၀တ်ပြု ကိုးကွယ်ပုံ၊ ပွဲတော်အခမ်းအနား ကျင်းပပုံ၊ သေသူ သင်္ဂျိုလ်ပုံများလည်း ပါဝင် သည်။ သူတို့၏ ရေးခြစ်ရာများ၊ ရုပ်ပုံကောက် ကြောင်း၊ နိမိတ်ပုံများ၊ အမှတ် အသား၊ အထိမ်းအမှတ်၊ သင်္ကေတ၊ ပန်းချီ၊ ပန်းပု၊ အရေး၊ အဆို၊ အတီး၊ အက စသည့် အနုပညာများပါဝင်ပါသည်။ အယူအဆ၊ အတွေးအခေါ်၊ ဖွဲစည်းအုပ်ချုပ်ပုံများလည်း ပါဝင်ပါသည်။
ရိုးရာ ယဉ်ကျေးမှုတစ်ခုသည် ထိုလူမျိုးစု ရှင်သန်လှုပ်ရှားသွားလာရာ ဒေသရှိ သဘာဝ တောတောင် ရေမြေအပေါ် အခြေခံပါသည်။ နေ့စဉ် မြင်တွေ့နေရသော သက်ရှိသက်မဲ့ လောကကမ္ဘာကြီး အပေါ်ထားသည့် သူတို့၏ ခံယူချက်ကို အခြေခံပါသည်။ သန့်ရှင်းမြင့်မြတ်သော သဘောတစ်ခု၊ နေရာတစ်ခု (သို့မဟုတ်) လုံးဝဥဿုံ ပြည့်စုံသော အရှင်တစ်ပါးပါး အပေါ်ထားသည့် သူတို့၏ ယုံကြည်ချက်ကို အခြေခံပါသည်။ ထို တန်ခိုးတော်အရှင်နှင့် သော်လည်းကောင်း၊ လူထက်သာလွန်ပြည့်စုံ သော သဘာဝလွန်အဖြစ်တော်နှင့်သော် လည်းကောင်း၊ ပြောဆိုဆက်ဆံရာတွင် အခြေခံပါသည်။ ရိုးရာယဉ်ကျေးမှုတစ်ခုသည် ယောင်္ကျား၊ မိန်းမ၊ သက်ရှိသတ္တ၀ါ၊ လောကီလောကုတ္တရာမှ ရုပ်မဲ့နာမ်မဲ့များ အပေါ်ထားသည့် ထိုလူမျိုးစု၏ ယုံကြည်ခံ ယူပုံအပေါ် အခြေခံပါသည်။ လူ့ဒုက္ခနှင့် သေခြင်းတရား အပေါ်ထားသည့် သူတို့၏ အယူအဆကိုလည်း အခြေခံပါသည်။
ဘာသာကို ရိုးရာယဉ်ကျေးမှုပြု မည်ဆိုပါက ဤအချက်များကို သိထားရပါမည်။ ဘာသာတရားတစ်ခုကို လူမျိုးတစ်ခုအား ထိရောက်စွာ ဟောပြော ကြေညာနိုင်ရန် ထိုလူမျိုးစု၏ လောကီ လောကုတ္တရာ ခံယူချက် များကို ကြေညက်စွာ သိထားရပေမည်။
ရိုးရာဓလေ့တစ်ခုမှ မပြုအမူတစ်ခုသည် အယူသည်းသည့်အရာတစ်ခုဟု ထင်မြင်ထားခဲ့သော်လည်း အထက်ပါ အတိုင်း သဘောပေါက်ပါက အယူသည်းမှု တစ်ခုမဖြစ်တော့ပေ။ ရဟန္တာ ရှင်သြဂုတ်စတင်းက "နိမိတ်ပုံတစ်ခု (သို့မဟုတ်) သင်္ကေတတစ်ခုသည် လူမျိုးစုတစ်ခုလုံး တူညီစွာလက်ခံထားသည့် ဓလေ့ထုံးစံ တစ်ခု ဖြစ်ပါသည်။" တစ်ခုတည်းသော အမှတ်အသား သင်္ကေတတစ်ခုပင်ဖြစ်လင့်ကစား ရေမြေ တောတောင်ဒေသ ခြားနားမှုအပေါ် မူတည်ကာ ကွဲပြားသွားတတ်ပါသည်။ ဥပမာ - အာရှတိုက်သားတို့အတွက် ဖိနပ် သည် အနိမ့်ဆုံးအရာ၊ အရိုသေ အနည်းဆုံး အရာဖြစ်သည်။ ဘုရားကျောင်းကန်သို့သွား ပါက (သို့) ဘုရားဝတ်ပြုပါက ရိုသေလေးစားသည့် အနေဖြင့် ဖိနပ်ချွတ်ကြသည်။ ဥရောပသားတို့နှင့် တစ်ခြားကမ္ဘာ့တိုက် သားတို့အတွက်မူ ဖိနပ် (သို့) ရှုးဖိနပ်ကို သပ်ရပ်သေချာစွာ ၀တ်ဆင်ပါမှ ရိုသေလေး စားကြောင်း အဓိပ္ပာယ်ရလေသည်။ ကက်သလစ် ဘုန်းတော်ကြီးက လူသေကို သင်္ဂြိုလ်ရာနှင့် ဘုရားဝတ်ပြုရာတွင် လော် ဗာန်ကို မီးရှို့ပူဇော်တာကို ကက်သလစ် ခရစ်ယာန်မဟုတ်သူတစ်ဦးအတွက် နားမလည်နိုင်ပေ။ ကက်သလစ် ခရစ်ယာန် ကလေးငယ် တစ်ဦးက လည်ပင်းမှာ စိတ်ပုတီး (သို့) ဘုရား ရုပ်ပွားတော်ဆွဲ ထား ပါက ခရစ်ယာန် မဟုတ်သူတစ်ဦး အတွက်တော့ အယူသည်းမှုတစ်ခုဖြစ်နေပါမည်။ ကက်သလစ်ခရစ်ယာန်တစ်ဦး အတွက် တော့ ထိုသင်္ကေတသည် ရှင်းနေပါမည်။
ထိုနည်းတူ နိုင်ငံခြားသားတစ်ဦးအတွက် အမျိုးမတူသူ လူမျိုးတစ်မျိုး၏ ရိုးရာဓလေ့ ထုံးစံတို့သည် တစိမ်းဆန်နေပါမည်။ အယူသည်းမှုတစ်ခု ဖြစ်နေပါမည်။ ထိုပုဂ္ဂိုလ်သည် ရိုးသားနှိမ့်ချစွာ ထိုသင်္ကေတ၏ အဓိပ္ပာယ်ကို မမေးမြန်း မလေ့လာပါက နားလည်မှုလွဲနေမည်။ ဆုံးဖြတ်ချက် မှားနေပေမည်။ ဘာမျှ ဆက်လက် လုပ်ကိုင်နိုင် တော့မည်မဟုတ် ပါ။ လုပ်ဆောင်နေသော်လည်း သိပ်ပြီး ထိရောက်မည် မဟုတ်ပါ။
ခရစ်တော်ဘုရားရှင်၏ တရားတော်ကို ကြေညာဟောပြောသက် သေခံနေ ကြသော သာသနာပြုများ ( တိုင်းရင်းသား များရော၊ တိုင်းတစ်ပါးသားများပါမကျန်) မိမိရောက်ရာဒေသ၏ ရိုးရာ ယဉ်ကျေးမှု ဓလ့ထုံးတမ်းစဉ်လာတို့ကို သင်ယူရပါမည်။ နားလည်အောင် ကြိုးစားရပါမည်။ အသေးစိတ်အထိ လေ့လာရပါမည်။ ထိုဒေသ ထို လူမျိုးသုံးနေသည့် သင်္ကေတ (သို့) ဓလ့၏ လေးနက်စစ်မှန်သော အဓိပ္ပာယ်ကို သိနိုင်မှသာ ဝေဖန်မှုမမှားတော့ပေ။ အထင်သေး စိတ် ပျောက်ကွယ်သွားပေမည်။ နှိမ်လိုစိတ် ကင်းလာပေလိမ့်မည်။ အမှန်တွင် ဓလေ့ ထုံးတမ်းတစ်ခုသည် အပေါ်ယံအဓိပ္ပာယ်ထက် ထိုလေးနက်သည့် အဓိပ္ပာယ်များဖြင့်သာ ပြည့်နေတတ်ပါသည်။ ထိုလေးနက် ပြီးပြည့်ဝသည့် အဓိပ္ပာယ်များကို သိလာခြင်း ဖြင့်သာ ထိုလူမျိုးစု၏ လောကီလော ကုတ္တရာအပေါ်ထားသည့် ယုံကြည် ခံယူချက်များကို သိခွင့်ရလာပေလိမ့်မည်။
ထိုသို့ဆိုပါက မြန်မာ ကက်သလစ် သာသနာတော်သည် မြန်မာ့ ယဉ်ကျေးမှုနှင့် ထိတွေ့မှု နည်းသေးတာကို တွေ့လာရပါသည်။ မြန်မာ့ယဉ်ကျေးမှုကို သေသေချာချာ ဂဃနဏ မသင်ယူသေးတာကို ထောက်ပြနေပါသည်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတို့ကိုလည်း တရားတော် ဟောပြောရာတွင် တွင်ကျယ်စွာ အသုံးမပြုတာကို မြင်လာပါသည်။ ၀တ်ပြုကိုးကွယ်ရာတွင်လည်း မြန်မာ့ဟန်နှင့် ရိုးရာဓလေ့၏ အငွေ့အသက်နည်းနေတာကို ၀န်ခံရပါမည်။
ဘာသာကို မြန်မာမှုပြုဖို့ မြန်မာ့ ဓလေ့ထုံးတမ်းနှင့် ရိုးရာယဉ်ကျေးမှုများကို လေ့လာသင်ယူရပါမည်။ သို့မှသာ သွေဖီ ရာများကို စွန့်ပစ်နိုင်မည်။ ဆီလျော်ရာ များကို ပွေ့ပိုက်နိုင်ပါလိမ့်မည်။ သာမန်ဘာသာဝင်များ ပါဝင်မှု ကြိုတင်သိထားသင့်သည့် တတိယအချက်မှာ ရင့်ကျက်၊ ရိုးသားပြီး တက်ကျွမ်း သော ဘာသာဝင်များ၏ အခန်းကဏ္ဍပင် ဖြစ်ပါသည်။ ဘာသာကို ယဉ်ကျေးမှုပြုခြင်းသည် သီအော်လောဂျီပညာရှင်များ၏ အလုပ်သက်သက်မဟုတ်ပါ။ ကျောင်းထိုင် တစ်ဦးတည်း၏ အလုပ်လည်း မဟုတ်ပါ။ ဘာသာကို ယဉ်ကျေးမှုပြုခြင်းသည် သာသနာတစ်ခုလုံး၏ လက်ခံပါဝင်မှု လိုအပ်ပါသည်။ အထူးသဖြင့် ယုံကြည်ခြင်း၌ ခိုင်မာရင့်ကျက်သော ဘာသာဝင်များ လိုအပ်ပါသည်။
ဘာသာကို မြန်မာမှုပြုခြင်းသည် မြန်မာခရစ်ယာန်များ အားလုံးအတွက်ဖြစ် ပါသည်။ ထို့ကြောင့် "ဘယ်အချက်တော့ဖြင့် မြန်မာမှုပြုမယ်။" "ဘယ်လို လုပ်ကြမယ်" "ဘယ်ဟာတော့ဖြင့် မဆီလျော်ဘူးထင် တယ်။" စသည်ဖြင့် အတူတကွ ဆုံးဖြတ်လုပ် ဆောင်နိုင်ကြပေမည်။
ဘာသာဝင်များ ထိုကဲ့သို့ပါဝင် လာခြင်းဖြင့် မြန်မာမှုပြုထားသော အရာတစ်ခုသည် မိမိတို့အတွက် ပါလားဟု ခံစားလာပေလိမ့်မည်။ မိမိတို့ ယုံကြည်ခြင်း ပိုမို အသက်ရှင်စေဖို့ ဖြစ်ပါလားဟု လက်ခံ လာပါလိမ့်မည်။

ကက်သလစ် သာသနာ့ သံဃာများပါဝင်မှု
ကြိုတင်သိထားသင့်သည့် စတုတ္ထ အချက်မှာ သာသနာတော်၏ ဦးခေါင်းများ ဖြစ်သည့် ဘုန်းတော်ကြီးများ၏ အမြင် ကျယ်ကျယ်နှင့် လက်ခံအားပေးမှု ဖြစ်ပါသည်။ ယဉ်ကျေးမှုပြုခြင်းတွင် သာသနာပိုင် ဆရာတော်ကြီးသည် ရှေ့ဆုံး မှ ဦးအောင်သူဖြစ်ရပါမည်။ ဘာသာဝင် များနှင့်အတူ လက်တွဲကာ မည်သို့ မည်ပုံ လုပ်ကြမည်။ မည်သည့်အရာကို ဦးစွာလုပ်ကြမည်။ စသည်ဖြင့် တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံး လုပ်ဆောင်ကြရပါမည်။ သာသနာ့ ဦးစီးများက စိတ်လည်းမပါ၊ အားလည်းမပေး၊ မပူမနွေးဖြစ်နေပါက အောင် မြင်မှု နှေးကွေးနေပါမည်။

ဒေသခံကျွမ်းကျင်သူများ
ပဉ္စမမြောက် ကြိုတင်သိထားသင့် သည့်အချက်မှာ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ပတ်သက်သည့် အသိပညာရှင် အတတ်ပညာရှင်များ ရှိထားဖို့လိုအပ်ခြင်း ဖြစ်ပါသည်။ မြန်မာ့ အတီးအမှုတ်အဆိုအက တွင် စိတ်ဝင်စားသူများ လိုအပ်ပါသည်။ မြန်မာ့ လက်မှုပညာတွင်လည်း ကျွမ်းကျင်သူများ လိုအပ်ပါသည်။ ပန်းချီ၊ ပန်းပု ပညာ တတ်မြောက်သူများ မွေးထုတ်ပေးရပါမည်။ သည့်အပြင်ယဉ်ကျေးမှုအနုပညာများကို လေ့လာနိုင်သည့် ရုံးခန်းများ လိုအပ်ပါသည်။
အသိပညာရှင်၊ အတတ်ပညာရှင်များရှိရမည် ဆိုသော်လည်း သူတို့ချည်းလည်း မဖြစ်နိုင်ပါချေ။ အားလုံး စုပေါင်း ပါဝင်လုပ်ဆောင်ကြဖို့ ပိုမိုလိုအပ်ပါသည်။

-မာကု (ဒဿန)-