Sunday, December 27, 2009

သူငယ်ချင်း ....သို့


သူငယ်ချင်း ....သို့

ငါတို့၌ ပြုပြင်သော တန်ခိုးတော်အတိုင်း ငါတို့ တောင်းပန် ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှါ တတ်နိုင်တော် မူသော ဘုရားသခင် - (ဧဖက် ၃း၂၀)

သူငယ်ချင်းရေ ဒီလာမဲ့ ခရစ္စမတ်ကို "မင်း" နဲ့အတူပျော်ရွှင်စွာ ကြိုဆိုချင်လို့ "မင်း"ဆီ"တို့ စာရေးလိုက်တယ်။ "သူငယ်ချင်း"လို့ ဆိုတာထက် တို့တတွေဟာ "ကရင်"နဲ့ "ချင်း"ဖြစ်ကြပေမဲ့ "မောင်နှမ"တွေလို ခင်မင်လာခဲ့ကြတာ... ဘာပဲပြောပြော တို့တစ်တွေဟာ ခရစ်တော်၌ "ညီအစ်ကိုမောင်နှမ" တွေပဲပေါ့ ။
"မင်း"ကို "တို့" ဘာပြောခဲ့လဲ မှတ်မိလား။ မင်းရဲ့ခံစားချက်၊ စုံစမ်း နှောက်ယှက်ခြင်း ပြဿနာတွေကို ကြားရတာ ကိုယ့်ရဲ့အတိတ်အကြောင်း ပြန်ကြားရသလိုပဲ။ အချိန်နဲ့ စုံစမ်းနှောက်ယှက်ခြင်း ပုံစံ၊ တစ်ထပ်တည်း ဖြစ်ချင်မှဖြစ်မယ်။ စုံစမ်းနှောက်ယှက်ခြင်းဆိုတဲ့ အရာဟာ အခက်အခဲ ပြဿနာပေါင်း "သောင်းခြောက်ထောင်" မက တစ်နေ့တစ်မျိုးမရိုး ရလေအောင် လူတိုင်းဆီကို ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ တစ်ခုပြီးတစ်ခု၊ ဒါမှမဟုတ် အစုလိုက် အပြုံလိုက် ရောက်လာတတ်တာ သဘာဝပဲ။ အာဒံနဲ့ဧ၀တို့ ကြုံရသလိုပဲလို့ ပြောရမလား။ အဲဒီ "စုံစမ်းနှောက်ယှက်ခြင်း အခက်အခဲ" တွေကို တို့တွေ "ဘယ်လို" ရင်ဆိုင်ဖြေရှင်းလဲ၊ "ဘယ်သူ့"ကို အား ကိုးပြီး ဖြေရှင်းလဲဆိုတဲ့ အပေါ်မူတည်ပြီး တို့ရဲ့ စိတ်ခံစားမူတွေ၊ အမူအကျင့်တွေ၊ ဘ၀တွေပြောင်းလဲသွားရတာပဲပေါ့။
တို့ညီမ အငယ်ဆုံးအသက် (၂၀)ကျော် အရွယ်ကောင်းလေး အသည်းအသန်ဖြစ်တုံးက တို့လေ ညီမလေးကို ဘုရား သခင်ပြန်မခေါ်ဖို့ ဆေးရုံပေါ်မှာ အကြိမ်ပေါင်းများစွာ ဒူးထောက်မျက်ရည်ကျပြီး ဆုတောင်းခဲ့တယ်။ တွေ့သမျှ ဘုန်းကြီး၊ သီလရှင်၊ မယ်တော့်တမန်အဖွဲ့ အို... တို့ တွေ့သမျှ လူအားလုံးကိုလည်း ညီမလေး အတွက်ပဲ ဆုတောင်းခိုင်းခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အလိုတော်ကို တို့နားမလည်နိုင်ခဲ့ဘူး။
သူများ မိသားစုတွေကို တို့က ဆုတောင်းပေး၊ နှစ်သိမ့်ပေးနိုင်ခဲ့ပေမဲ့ ကိုယ့်ကို ကိုယ်ကျတော့ မနှစ်သိမ့်နိုင်၊ အလိုတော်ကို မနာယူနိုင်ခဲ့ဘူး။ တို့အရမ်းကြေကွဲ ခံစားရတယ်။ တို့ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ် ဆိုတာလဲ မရှိတော့ဘူး။ ဒါနဲ့တို့ ဘုရားတျောင်းလဲ မှန်မှန်မတက်၊ ဘုရားလဲ မှန်မှန်မရှစ်ခိုးဘဲ တစ်နှစ်ကျော်ကျော် ဘုရားသခင်ကို ဘာကြောင့်လဲ၊ ဘာကြောင့်လဲ၊ ဆိုတဲ့ မေးခွန်းတွေထုတ်၊ မကျေမနပ်နဲ့ တို့ရဲ့ပျော်ရွှင်မှုတွေ ပျောက်ဆုံးသွားခဲ့တယ်။
ဒီလိုနဲ့ (၁) နှစ်ကျော် တို့ခံစားမှုတွေမဲ့၊ ယုံကြည်ချင်းတွေ ပေါ့လျော့၊ ပျော်ရွှင်မှုတွေမရှိ၊ မငြိမ်မသက်နဲ့ တစ်ခုခု လိုနေတယ်လို့ ခံစားလာရတယ်။ ဘာလိုနေမှန်းလဲ မသိ၊ ဘာမှလဲမလိုချင်၊ လိုလဲလိုနေတယ်လို့ ဟာတာတာနဲ့ ဘ၀ဟာ အဓိပ္ပါယ်မဲ့လာတယ်။
ဒါနဲ့ တို့...စိန်မိုက်ကယ်ဘုရားကျောင်း အဲဒီတုန်းက ကျောင်းထိုင်ဘုန်းကြီး ဖာသာရ်ဂြိုလ်တုဆီသွားပြီး တို့ရဲ့ အဖြစ်အပျက်တွေ ခံစားချက်တွေကို သွားပြောပြခဲ့တယ်။ ဘုန်းဘုန်းက ဘာပြန်ပြောလဲ ဆိုတော့ "ဘုန်းကြီးကို ပြောပြခဲ့သလို... ကိုယ့် စိတ်ခံစားချက် အရှိကိုအရှိတိုင်း ဘုရားသခင်ကိုလဲ ပြောပြလိုက်ပါ"တဲ့။ တို့လဲ... ဟိုး... ငယ်စဉ်ကတည်းက အိပ်ယာဝင်၊ အိပ်ယာထ ဆုတောင်းနေကြ အကျင့်ရှိတော့ "ဘုရားသခင် ကျမ ဘုရားလည်း မရှိခိုးချင်ဘူး၊ ဆုလဲ မတောင်းချင်ဘူး၊ ဘာမှလဲလိုချင်တာ မရှိတော့ဘူး။ အလိုချင်ဆုံး ညီမကိုမှ ကိုယ်တော်မပေးဘဲ၊ ကိုယ်တော် ကျမကို အပြစ်ပေးချင်လဲပေး၊ လုပ်ချင်သလိုသာ လုပ်၊ ကိုယ်တော့်သဘောပဲ။ ကျမလဲ ဘာလုပ်ရမှန်း မသိတော့ဘူး" လို့ စိတ်ထဲကနေပြောရင်း အိပ်ခဲ့တဲ့ ညတွေ များခဲ့တယ်။
စုံစမ်းနှောက်ယှက်ခြင်း အခက်အခဲတွေဆိုတာ ဒီတစ်ယောက်ဆီမှာတော့ အရမ်းများနေပြီ သူ့ဆီ ထပ်မသွားတော့ဘူးလို့မှ မရှိတာ။ ဒါကြောင့်လည်း တို့ရဲ့ လုပ်ငန်းခွင်ထဲမှာ ပြဿနာအကြီးအကျယ်နဲ့ မိသားစုအတွင်း စိတ်ဝမ်းကွဲမှု ဒုက္ခခက်ခဲတွေ အစုံလိုက် တို့ဆီထပ်ရောက်လာခဲ့တယ်။ ပထမတော့ လူတွေကို အားကိုးပြီး တို့အခက်အခဲတွေကို အဖြေရှာခဲ့တယ်။ သူငယ်ချင်းတွေနဲ့ လျှောက်လည် ရုပ်ရှင်ကြည့်၊ ဗေဒင်လက္ခဏာမေး၊ ခဏတော့ စိတ်ပြေသလိုဘဲ၊ ဒါပေမဲ့ နောက်ဆုံး အချိန်ကုန်၊ ပိုက်ဆံကုန်၊ အအိပ်အစား မမှန်နဲ့ ကြာလာတော့ တို့ကို ဘယ်သူငယ်ချင်း မိတ်ဆွေမှ စိတ်မရှည်နိုင်တော့ဘူး။
(ဒီထက်ဆိုးတဲ့ ထွက်ပေါက်တွေဆီ ခေါ်သွားမဲ့ လူတွေနဲ့ မတွေ့ခဲ့တာ ဘုရားသခင်ရဲ့ကြီးမားတဲ့ ကာကွယ်မှု ဆိုတာ တို့နောက်မှ သိခဲ့ရတယ်)။
တကယ်တော့ တို့ရဲ့ပြဿနာ ဒုက္ခတွေကို ဘယ်သူမှ ကိုယ်စား ခံမပေးနိုင်ဘူး။ မျှဝေ ခံစားပေးတယ်ဆို တာလဲ ခဏပဲ။ လူတွေဆီက ငွေနဲ့ပစ္စည်း တစ်ချို့ကို ရနိုင်ပေမဲ့ ထပ်ထူညီမျှခံစားပေးမှု၊ အချိန်နဲ့ မေတ္တာကတော့ အလွန့်အလွန် ရှားပါးကာ တွေ့ခဲ့ရတယ်။
တို့ရဲ့ ပြဿနာက "တို့နဲ့ထပ်တူညီ ခံစားပေးနိုင်တဲ့သူ၊ တို့အတွက် အချိန်အမြဲ ပေးနိုင်တဲ့သူ၊ တို့ဘယ်လောက် ဆိုးဆိုး မေတ္တာမပျက် သည်းခံ ချစ်နိုင်တဲ့သူ ဘယ်မှာရှိမလဲ၊" တို့ ရှာမတွေ့ခဲ့ဘူး။
ဒါနဲ့တို့ရဲ့ ဆုတောင်းချက်တွေ တစ်ဖြည်းဖြည်း ပြောင်းလာခဲ့တယ်။ ကျမ တတ်နိုင်သလောက်တော့ ကြိုးစားလုပ်ပြီးပြီ၊ ကျမ မတတ်နိုင်တော့ဘူး။ ဘာလုပ်ရမှန်းလဲ မသိတော့ဘူး။ ကိုယ်တော်မတတ်နိုင်တာ မရှိတဲ့အတွက် ကိုယ်တော့်သဘောဘဲလို့ ဘုရားသခင်ထံ ပုံအပ် လက်နက်ချ အညံ့ခံလိုက်ပြီးမှဘဲ... တို့ တဖြည်းဖြည်း ငြိမ်သက်ခြင်းတွေ ရလာတယ်။ ဒါနဲ့ (၂)နှစ် ကျော်ကြာလာတဲ့ခါ တို့ဘ၀နောက်ကြောင်းကို ပြန်လှည့်ကြည့်လိုက်တော့ အံ့သြစရာတွေ အများကြီးတွေ့ရတယ်။
တို့ ဒီလောက်ဆိုးမိုက်နေတာတောင် ဘုရားသခင်ကတို့ကို ပေးခဲ့တဲ့၊ ပေးနေတဲ့ ကောင်းချီးတွေက ရေတွက်လို့မကုန် အောင်ရှိနေတယ်။ ဥပမာ- ဆူနာမီထဲမှာ တို့မပါဘူး။ ၀န်ထမ်းလျော့တဲ့ထဲ မှာမပါဘူး။ ဘတ်(စ်)ကား မှောက်တဲ့ထဲမှာ မပါဘူး။ တို့အတွက် နေဖို့၊ စားဖို့၊ လုံလောက်တဲ့ လစာငွေ၊ မန္တလေးမှာ မိဘနဲ့ခွဲပြီး အလုပ် လာလုပ်ရပေမဲ့ တို့ကို ဂရုစိုက်မဲ့ ဦးလေး၊ အဒေါ်၊ အစ်မတွေ၊ တို့အတွက် အမြဲဆုတောင်း ပေးနေတဲ့ မိဘနှစ်ပါး၊ မောင်နှမတွေ၊ တူ တူမလေးတွေ... အို... ပြောမယ်ဆို မကုန်နိုင်ဘူး။
သူ့ရဲ့ကျေးဇူးတော်တွေကို သေချာ စဉ်းစားကြည့်ရင် တို့မတောင်းဘဲနဲ့၊ တို့တောင် သတိမထားမိခဲ့တဲ့ သူပြင်ဆင် ပေးထားတဲ့ ကျေးဇူးတော်တွေ၊ တို့သူ့ကို ဘယ်လောက်ပြစ်ထား ပြစ်ထား၊ ဘယ်လောက် စိတ်နာအောင်လုပ် လုပ်၊ ဘုရား ကျောင်းမတက်၊ ဘုရားမရှိခိုးလဲ သူက ၀မ်းနည်းစွာ ခွင့်လွှတ် ချစ်နေတုန်းပဲ။ တို့နဲ့ မထိုက်တန်ဘဲနဲ့ကို တို့ လိုချင်တာတွေထက် ပိုကောင်းတဲ့ ကျေးဇူးတော်တွေ အံ့သြလောက်အောင် ပေးနေတာ တို့သိလိုက်ရတယ်။ တို့ လိုချင်တဲ့အဖြေ သီအိုရီကို တို့ ရှာတွေ့ပြီ။ အဖြေကတော့ အနန္တမေတ္တာနဲ့ ပြည့်ဝတဲ့ တို့ကမ္ဘာ လောကကြီးရဲ့ ဖန်ဆင်းရှင်ပဲပေါ့။
မင်းလိုချင်တာနဲ့ သူပေးတာ တစ်ထပ်တည်း ကျမနေသေးပေမဲ့ "မင်း"သိ ထားဖို့က သူပေးနေတဲ့ ကျေးဇူးတော်တွေက တို့နဲ့ မင်းတို့ ကျင့်ကြံအားထုတ်မှု၊ ကြိုးစားမှု၊ ကောင်းမှု ကုသိုလ်တွေနဲ့ ဘာမှမဆိုင်ဘဲ မထိုက်တန်ဘဲနဲ့ကို သူရဲ့ ကောင်းချီး၊ ကျေးဇူးတော်တွေဟာ မင်းလိုချင်တာထက် ပိုကောင်းတဲ့ အရာဖြစ်တယ်ဆိုတာ "မင်း"လဲ တစ်နေ့သိလာလိမ့်မယ်။
ယုံကြည်ခြင်း မရှိသလောက်ဖြစ်တဲ့အထိ နာကျဉ်းမှု၊ စုံစမ်းနှောက်ယှက်မှုတွေနဲ့ တွေ့ကြုံရပါစေ။ ဘုရားသခင်က မင်းကို တစ်နေ့ သူ့ဆီနောင်တနဲ့ ပြန်လှည့်လာအောင် ယုံကြည်ခြင်း ကြိုးမျှင်သေးသေးလေး ချန်ထားတယ်ဆိုတာ တို့ဘ၀နဲ့ အတွေ့ကြုံနဲ့ရင်းပြီး ယုံကြည်နေတယ်။ မင်းလဲ ဒီသီအိုရီကို သုံးပြီး မင်းရဲ့ ဘ၀အခက်အခဲတွေကို ဖြေရှင်းနိုင်မယ်လို့တို့ မျှော်လင့်သလို သူလဲ မျှော်လင့်နေမယ်ဆိုတာ တို့ယုံတယ်။ တို့ကိုသူ ဘယ်လောက်ချစ်လဲဆိုတာ ခရစ္စမတ်က သက်သေဘဲပေါ့။ တို့ကို ချစ်လွန်းလို့ တို့တစ်တွေ ဒီအတိုင်း ဆက်အသက်ရှင်နေရင် ထာဝရ ငရဲထဲကျမှာစိုးလို့၊ တို့ရဲ့ ထာဝရပျော်ရွှင်မှုတွေ ဆုံးရှုံးမှာစိုးလ၊ို့ နှမျောလို့၊ တို့တွေ အချိန်မှီ နောင်တရပြီး သူ့ဆီပြန်လာဖို့ သူနဲ့အမြဲပျော်ရွှင်ဖို့၊ အမြဲတမ်းခွင့်လွှတ်ခြင်း၊ မေတ္တာတွေနဲ့ သူကြိုဆိုနေရုံသာမကဘူး တို့နဲ့အတူ ထပ်တူခံစားဖို့၊ အချိန်ပေးဖို့၊ မေတ္တာပေးဖို့၊ တို့နဲ့အတူ ပျော်ရွှင်ဖို့ တစ်ပါးတည်းသော သားတော်ကို တို့ မတောင်းဘဲနဲ့တို့ လောက အပြစ်သားတွေဆီကို စေလွှတ်ခဲ့တယ်။
ကဲ... အဲဒီလောက်တောင် အံ့သြဘွယ်ကျေးဇူးတော၊် မေတ္တာတော၊် ခွင့်လွှတ်ခြင်းတွေနဲ့ ပြည့်ဝနေတဲ့ ဒီခရစ္စမတ်မှာ နှလုံးသားတံခါးတွေကို ဖွင့်ပြီး မင်းနဲ့တို့ ခရစ်တော်ကို အတူပျော်ရွှင်စွာ ကြိုဆိုရအောင်နော်။
ငါတို့၌ ပြုပြင်သော တန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန် ထူးခြားစွာပြုခြင်းငှာ တတ်နိုင်တော်မူသောဘုရားသခင် (ဧဖက် ၃း၂၀)။


ခရစ်တော်၏ နာမ၌မျှော်လင့်ခြင်းများစွာဖြင့်
မင်းရဲ့တို့
White Rose (Anisakan)

Read More...

အလင်းပေးတဲ့ည


အလင်းပေးတဲ့ည

မြူနှင်းတွေဖွေး ချမ်းတုန်ကွေး
ဒီဆောင်းညမှာ ဖွားခဲ့ရှာ
ဗက်သလင်ဟင်ရဲ့ တစ်နေရာ
လောကလူသား အသွင်ယူတား
ဆင်းကြွလာသော် ဘုရားသားတော်

လျောင်းစရာမရှိ နွားစားခွက်အထိ။
နှိမ့်ချခြင်းကိုပြခဲ့၏။

ချယ်ရီဇလပ်ပန်း ကြိုင်ကာလန်း
ကယ်တင်ရှင်ကို ကြိုနေသလို
ဒို့များနှလုံးသား ဖွင့်ကာထား
သူငယ်တော်ကိုကြိုစို့လား။

ဘယ်ဆီမှာနေ တို့တစ်တွေ
တောင်ပေါ်မြေပြန့်မခွဲခြား
ညီမျှခံစားကျေးဇူးတရား
ဘုရားချစ်ခြင်း အမှောင်ခွင်း
ထာဝရအလင်းဟာတို့အတွက်ပါ။


ပိုင် (SJA)

Read More...

Tuesday, December 15, 2009

ကျွန်ုတို့အဖို့ငှါ ဆုတောင်းပေးတော်မူပါ

ကျွန်ုတို့အဖို့ငှါ ဆုတောင်းပေးတော်မူပါ

သခင်ယေဇူး ကောင်းကင်ဘုံကို တက်ကြွသွားပြီးနောက် အမိအသင်းတော်ဟာ နှစ်ပေါင်း (၃၀၀)ကြာအောင် ရောမ ဘုရင်မင်းဆက် (၁၀)ဆက်ရဲ့ နှိပ်စက် ညှင်းပန်းမှုကို ခံခဲ့ရပါတယ်။ အကြောင်းရင်းကတော့ ရောမအင်ပါယာရဲ့ ဘုရင်ကိုမကိုးကွယ်ဘဲ သခင်ယေဇူးကိုသာ ကယ်တင်ရှင်အဖြစ် ယုံကြည်ကိုးကွယ် ခဲ့ကြလို့ပါပဲ။ ယုံကြည်ခြင်းအတွက် အသက်စွန့်ခဲ့ကြတဲ့ ခရစ်ယာန်တွေကို ဓမ္မအာဇာနည်တွေ အဖြစ်ပွဲနေ့တွေ အသီးသီးသတ်မှတ်ပြီး ကြည်ညိုဂုဏ်ပြုကြပါတယ်။ တချိန်တည်းမှာပဲ သွေးမြေမကျသော်လည်း သန့်ရှင်းဖြူစင်တဲ့ ဘ၀နဲ့နေပြီး ကောင်းမှုကုသိုလ်တွေနဲ့ သေဆုံးသွားတဲ့ ပြက္ခဒိန်မှာမပါတဲ့ ရဟန္တာတွေလည်း အများကြီးရှိပါတယ်။ ဒီလိုလူ မသိသူမသိ ကျင့်ကြံ နေထိုင်သွားကြတဲ့ သူတော်စင်တွေကို ဂုဏ်ပြုဖို့ရာ အေဒီ ၆၀၉-ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး စတုတ္ထမြောက် ဘော်နီဖေ့စ် ([ope Moniface IX) ကနေ နှစ်စဉ် နိုဝင်ဘာလ(၁)ရက်နေ့ကို "ရဟန္တာအပေါင်းပွဲနေ့" အဖြစ်သတ်မှတ် ကျင်းပစေခဲ့ပါတယ်။ "ရဟန္တာပေါင်းပွဲ"ကို ကျင်းပတာဟာ "သူတော်သူမြတ် အပေါင်းတို့သည်တလုံး တ၀တည်းဖြစ်၍ အချင်းချင်းအကျိုး ကုသိုလ်တို့ကို ခံစားရကြောင်း" ဆိုတဲ့ ယုံကြည်ခြင်း အချုပ်ရဲ့ န၀မအပုဒ်ကို ၀န်ခံခြင်းဖြစ်ပါတယ်။ အမိအသင်းတော်က ဒီပွဲနေ့ကို ရည်ရွယ်ချက် (၂)ခုနဲ့ ကျင်းပပါတယ်။ ပထမတစ်ချက်က ရဟန္တာများကို ကယ်တင်ခြင်း ချမ်းသာ စံစားခွင့် ပေးတော်မူတဲ့ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ကို ချီးမွမ်း ထောပနာပြုဖို့ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ ဒုက္ခအခက် အခဲနှောင့်ယှက်ခြင်း အမျိုးမျိုး၊ အားနည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျွန်ုပ်တို့ လောကီသားတွေကို ဇွဲမလျော့ဘဲ သစ္စာရှိရှိနဲ့ ဆက်ပြီး ကြိုးစားကြဖို့အားပေး တိုက်တွန်းလိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ယုံကြည်သူတွေအတွက် ဒီလောကမှာ ဘ၀အခြေအနေ မတူညီပေမဲ့ နောင်ဘ၀မှာ ထာဝရသုခ ချမ်းသာစံစားရဖို့ ဆိုတဲ့ ပန်းတိုင်ကတော့ အတူတူပဲဖြစ်ပါတယ်။ ဒါဟာ ဖန်ဆင်းခြင်းရဲ့ မူလရည်ရွယ်ချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သံပေါလူးက ဘာသာတူများကို "သန့်ရှင်းသူ" တစ်နည်းအားဖြင့် ရဟန္တာလို့တင်စားပြီး ခေါ်ဝေါ် ထားပါတယ် (ရောမ ၁း၆၊ ပကော ၁း၂၊ ဒု-ကော ၁၃း၁၂)။ ဆေးကြောခြင်း မင်္ဂလာကို ခံယူပြီးတဲ့နောက် ကျွန်ုပ်တို့တွေဟာ ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်လာတဲ့အတွက်ကြောင့် နောင်ဘ၀မှာ ဘုရားသခင်ကို ဖူးမြင်ခွင့်ရကြမှာ ဖြစ်တယ်လို့ တပည့်တော်ကြီး သံယောဟန်ကဆိုပါတယ် (ပ-ယော ၃း၂)။ ယနေ့ခေတ်မှာ သွေးမြေကျအောင် နှိပ်စက်ညှင်းပန်းမှုတွေ မရှိသလောက်နည်း သွားတဲ့အတွက် ဓမ္မအာဇာနည်ဖြစ်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ နေ့စဉ်ရင်ဆိုင်နေရတဲ့ နှောက်ယှက်ခြင်း အမျိုးမျိုးကို ရင်ဆိုင် ကျော်လွှားနိုင်မှ ရဟန္တာဘ၀ကို ကျွန်ုပ်တို့ ရကြမှာဖြစ်တယ်။ ဘုရားသခင်ရဲ့ အမှတ်အသား ပါတဲ့သူတွေဟာ ဘေးအန္တရာယ် အပေါင်းက ကင်းလွတ်ကြပါတယ် (ဗျာဒိတ် ၇း ၃၊ ထွက် ၃၉း ၃၀၊ ယေဇကျေလ ၉း ၄)။ ကျွန်ုပ်တို့လည်း သိတတ်တဲ့အချိန်ကစပြီး ခရူစူးအမှတ်အသားကို အကြိမ်ပေါင်းများစွာ လုပ်ခဲ့ကြတဲ့အတွက် ဘုရားသခင်က ကာကွယ်စောင့်ရှောက်ပေးမှာ ပေးမှာသေချာပါတယ်။ ဒါ့အပြင် ကောင်းကင်ကနေ ကျွန်ုပ်တို့ကို ကူညီမဲ့သူတွေ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ ဒါကြောင့် နှောက်ယှက်ခြင်းတွေ ဒုက္ခအခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ ကျွန်ုပ်တို့စိတ်ပျက် အားငယ်မသွားဘဲ ဘုရားသခင်နဲ့တကွ ရဟန္တာများကို ပိုမို ယုံကြည်အားကိုး ကြရမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ကြိုးစားကြမယ်ဆိုရင် ရရှိမဲ့ ကောင်းကင်ဆုတွေကတော့ ဘုရားသခင်ရဲ့ ရှေ့တော်မှာအစဉ် ဖူးမျှော်ခွင့် (ဗျာ ဒိတ်၇း၁၅) နဲ့ အပြစ်ရဲ့ ဆိုးကျိုးများမှ လွတ်ကင်းခြင်း (ဗျာဒိတ် ၇း၁၆)တို့ပါပဲ။ သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင်သလို တစ်ဦးတစ်ယောက် အောင်မြင်ထွန်းပေါက်ရင် လူပေါင်းများစွာကို အကျိုးပြုနိုင်ပါတယ်။ အမိအသင်းတော် ဆိုတဲ့ ခရစ်ယာန်မိသားစုကြီးမှာ မရေမတွက်နိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ ကယ်တင်ခြင်း ချမ်းသာကို ရရှိထားကြပါပြီ။ ကောင်းကင်ဘုံက ရဟန္တာတွေက ကျွန်ုပ်တို့လို ခရီးသွား ဧည့်သည်တွေကို နည်းအမျိုးမျိုးနဲ့ အကျိုးပြုနေပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ကလည်း ရဟန္တာများကို ယုံကြည်ကိုးစားဖို့ကို အပ်ပါတယ်။ "ဘုရားသခင်က သူရဲ့ ကျေးဇူးမေတ္တာတွေကို ရဟန္တာတွေကနေ တဆင့် ပေးတော်မူတယ်၊ သူတို့တောင်းပေးလို့ ကျေးဇူးတော်တွေ ရတာမို့ မြင့်မြတ်တဲ့ သူတွေရဲ့ အကူအညီကိုယူရမယ်"လို့ ရဟန္တာ သောမတ်စ် အကွိုင်းနက်စ်ကဆိုပါတယ်။ အပြစ် မပြုခဲ့ဖူးတဲ့ရဟန္တာ မရှိသလို မျှော်လင့်ချက် ကင်းမဲ့နေတဲ့ အပြစ်သား ဆိုတာလည်း မရှိပါဘူး။ နောင်တော် ရဟန္တာများက "စိတ်မပျက်ပါနဲ့၊ ကျွန်ုပ်တို့လည်း တချိန်က သင်တို့လို အပြစ်သားတွေပါပဲ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ မေတ္တာတော်ကြောင့် ဒီဘ၀ကိုရတာပါ။ ကြိုးစားတဲ့ သူတွေအတွက် ကျွန်ုပ်တို့ဟာ ဘုရားသခင်ထံမှာ ဆုတောင်းပေးနေတယ် ကောင်းကင်ဘုံမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ထာဝရဆုလဒ်ကို စံစားရမယ်"လို့ ကျွန်ုပ်တို့ကိုဖိတ်ခေါ် ကြိုဆိုနေပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဖက်က ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ကို ဖတ်ရှုရုံမဟုတ်၊ လိုက်နာဖို့ ဘုရားသခင်ရဲ့ သွန်သင်မှုကို နှစ်သက်ရုံမဟုတ်ဘဲ နာခံဖို့၊ ယုံကြည်ခြင်းကို ၀န်ခံရုံမက ကျင့်ကြံကြဖို့ လိုအပ်ပါတယ်။ ဒါဟာ ကောင်းကင်ရောက်ရာ နည်းလမ်းပါပဲ။" အနန္တတန်ခိုးနှင့် ပြည့်စုံ၍အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်သည် သန့်ရှင်းတော်မူ၏"ဟု နေ့ညမပြတ် ကြွေးကြော်(ဗျာဒိတ်၎း၈) ကြတဲ့ ရဟန္တာများနဲ့အတူ ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ကို ချီးမွမ်းရင်း "ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်းပေး တော်မူကြပါ" လို့ ရဟန္တာများထံမှာ တောင်းခံကြပါစို့။

ခံပွင့်

Read More...

အမျိုးသမီးဖြစ်ရခြင်း၌ . . . ။

အမျိုးသမီးဖြစ်ရခြင်း၌ . . . ။

မိသားစုတွင်း၌၊ လူမှုရေး၌၊ ပညာရေး၌ အမျိုးသမီးများကို ခွဲခြားကန့်သတ်၊ ဖိနှိပ်ထားခဲ့မှုကြောင့် ကုန်လွန်ခဲ့သောရာစု နှစ်တစ်လျှောက်တွင် မိမိတို့၏ ဥာဏ်ရည်၊ ဥာဏ်သွေး၊ ပင်ကိုယ်အရည်ချင်း၊ တီထွင် ကြံဆနိုင်စွမ်းများကို ဖေါ်ထုတ်ခွင့်၊ အသုံးပြု ခွင့်မရဘဲ တိမ်မြုပ်သောဘ၀နှင့်သာ နေထိုင်သွားခဲ့ကြရရှာသည့် ထက်မြက်သော အမျိုးသမီးပေါင်း မြောက်များစွာရှိခဲ့မည်မှာ အမှန်ဖြစ်၏။ မည်မျှ နှမြောဖွယ် ကောင်းလှပါသနည်း။ ကမ္ဘာမြေနှင့် လူသားအချင်းချင်းကို အကျိုးပြု အလှဆင်ရန် ဖန်ဆင်းရှင်က အပြည့်အ၀ ထည့်သွင်းပေးလိုက်သော အမျိုးသမီး အရည်အသွေးများ ဖုံးဖိထားခြင်း ခံနေရပါသည်။
အမျိုးသမီး(မ)ဆိုလျှင် တစ်ဆင့်ချ၊ နှိမ်လိုသော သဘောသည် လူမျိုးတိုင်းလိုလိုမှာ မသိမသာရော၊ သိသိသာသာပါ ရှိနေသည်။ တိုးတက်ခေတ်မီပါသည်ဟူသော လူ့အသိုင်းများ၌ပင် ထိုအစွဲ လက်ကျန်ကရှိချင် သေးပေ၏။
ရှေးယခင်က မိသားစု၌ သား၊ သမီးပညာပေးလျှင် သားယောက်ျားကို ဦးစားပေးခဲ့ကြသည်။ ထို့ကြောင့် ပညာပို သင်ရသော ယောက်ျားလေးများ အသိအမြင်ဗဟုသုတပိုကယ်ကြ၊ အမြင်ပိုကျယ်ကြသည်။ သို့နှင့်လူ့ဘောင်တွင် ပို၍ နေရာရကြသည်မှာ မဆန်းပေ။ ပညာအတတ်များပြားရကား ထင်ရှားသော စာဆိုတို့လည်း အမျိုးသား ပိုများလေရာ ထိုထိုသော (ကျား) စာဆိုတို့၏ အမျိုးသမီး(မ) အကြောင်း နှိမ်၍ ရေးသားကြသည့် အကြောင်းများသာ ဖတ်ရ၊ ကြားရဖန်များ၍လည်း အမျိုးသမီး(မ)တို့ မကောင်းဟူသော အယူအစွဲကို ပို၍ ခိုင်လာစေခြင်း ဖြစ်နိုင်သည်။ ထိုသို့သော အယူအစွဲကို(မ)တို့အား ချီးမွမ်းထားသည့် နည်းပါးလှသောအဆို၊ အမွှန်း စကားတို့က မချေဖျက်နိုင်၊ မလွှမ်းမိုးနိုင်ခဲ့ပါ။ ယခုခေတ် မြန်မာနိုင်ငံတွင် အမျိုးသမီးထုကြီး (ဘာသာ၊ လူမျိုးတိုင်းကိုယ်စား)ဖက်မှ ရပ်တည်ကာ အမျိုးသမီးမြှင့်တင်ရေး စာပေရေးသားသော စောမုံညင်း၊ ခင်မျိုးချစ်၊ ခင်ဆွေဦး စသည့် စာရေးဆရာမကြီးများ လင်းလက်လာခြင်းအတွက် အားရ ၀မ်းမြောက်ဖွယ်ဖြစ်၏။ အသင်းတော်ကြီး၏ စာပေပိုင်း၌မူ (မ၊ကျား)ခွဲခြားမှု သိပ်မရှိကြောင်း တွေ့ရသည်။ နောက်ပိုင်း၌ အမျိုးသမီးများ ပညာတတ်လာ၊ လူမှုရေး၊ စီးပွားရေး၌ လုပ်ငန်းအမျိုးမျိုး၊ စသည့် အဖက်ဖက်၌ တရွေ့ရွေ့ ထိုးဖောက်လာနိုင်ပြီ ဖြစ်ပါသည်။ သို့တိုင် အမျိုးသမီး(မ)အား တစ်ဆင့်နိမ့်လူ တန်းစားအစွဲကို အပြီး မဖျောက်နိုင်သေးပါ။ ဘုရားရေး၊ ဘာသာရေးသည် မြင့်မြတ်သန့်ရှင်းသည်ဟူသော ယုံကြည်ချက် ရှိခြင်းကြောင့် ဤကဏ္ဍ၌လည်း (မ) တို့ကို နေရာ ခွဲခြား မှတ်သားပြီးသား ဖြစ်နေပေသည်။ ခရစ်ယာန်ဘာသာ၌သာ အားလုံးသည် ဘုရားသခင်၏ သားသမီးဖြစ်၏ဟူသော အခြေခံ ယုံကြည်ချက်ကြောင့် (မ၊ကျား) ခွဲခြားမှု အနည်းဆုံးဖြစ်နေသည့်တိုင် မိမိတို့ ဒေသရိုးရာဓလေ့(အထူးသဖြင့် အရှေ့တိုင်း)များကြောင့် ခွဲခြားမှု လက်ကျန်များရှိနေဆဲ မကွယ်ပျောက်နိုင် သေးပါ။ မျက်မှောက်လုပ်ငန်းခွင်မျိုးမျိုး၊ စီးပွားရေးဈေးကွက်မှ အစ အုပ်ချုပ်ရေးနှင့် စွန့်စားရသည့် အလုပ်တာဝန်မျိုးအထိ အမျိုးသမီးများ နေရာယူလာကြပြီဖြစ်သော လက်ရှိ နည်းပညာခေတ်ပိုင်းတွင် တော့ (မ၊ကျား) ခွဲခြားမှုထက် မဖြစ်စေ၊ ကျားဖြစ်စေပညာနှင့် ကိုယ်ရည်ကိုယ်သွေးကို ပို၍ ဦးစားပေး ရွေးချယ်လာကြပြီဟု ယေဘုယျအားဖြင့် ယူဆရပါသည်။ အမျိုးသမီးဆိုလျှင် ငြိမ်နေရမည်၊ ဆုတ်နေရမည်၊ ကျုံ့နေရမည်ဟူသော အလေးချိန်ကြီးကမူ တဖြည်းဖြည်းလျော့၍ လာနေပြီဖြစ်သည်။ ဤသို့ဖြစ်လာစေရန် ခေတ်အဆက်ဆက်မှ အမျိုးသမီးများ အချိန်များစွာယူခဲ့ကြရ၊ ရုန်းကန်ခဲ့ကြရသည်ကိုမူ သမိုင်းက မငြင်းနိုင်ပေ။ ဤအချက်ကို တွေ့ရှိဟန်တူသော Luciano Vian က ဤသို့ တစ်ချက်ဖော်ထုတ်တင် ပြထားသည်။ "အမျိုးသမီးတွေ အနေနဲ့ သူတို့ရဲ့ အခြေခံအခွင့်အရေး ရလာဖို့ လွန်ခဲ့တဲ့ ရာစုနှစ်အတော်များများ တိုက်ပွဲဝင် ခဲ့ကြပါတယ်။ အမျိုးသမီးဆိုသူတွေနဲ့ အလှမ်းဝေးနေတဲ့ ဥစ္စာပစ္စည်း၊ မြေယာ ပိုင်ဆိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ တန်း တူညီတူရပိုင်ခွင့်များနဲ့ မဲပေးပိုင်ခွင့် စတာတွေအတွက် နည်းလမ်းအမျိုးမျိုးနဲ့ တိုက်ပွဲဝင်ခဲ့ကြရပါတယ်။ ဒါတွေကို ရှည်လျားစွာ ရုန်းကန်မှုပြုပြီးမှပဲ အချို့ကိုရခဲ့ကြပြီး အချို့မရသေးပါ။ ယဉ်ကျေးမှု ဓလေ့ထုံးစံ များမှာလည်း ထိုက်သင့်တဲ့အယူအဆများ ၀င်မလာသေး။ နောက်ထပ်ပြီး မိသားစုတွင်းဥပဒေ၊ ကျား-မတန်းတူညီဖြစ်ရေး၊ အမျိုးသမီးရေးရာ အခွင့်အရေးဒါတွေ တင်ပြ တောင်းဆိုနေကြဆဲပါပဲ။} ဤနေရာတွင် တိုက်ဆိုင်ပြီး အကြောင်းအရာတူသော ဆောင်းပါးတစ်ပုဒ်ကိုလည်း ဖေါ်ပြလိုပါသည်။ Weekly Eleven (၂၀၀၆-ဇွန်လ) သတင်းစာစောင် မှ ပါမောက္ခဒေါက်တာ ဒေါ်မြင့်မြင့်ခင်၏ "အမျိုးသမီးနဲ့ပညာရေး" ဟူသည့် အခန်းဆက် ဆောင်းပါးဖြစ်ကာ - ကမ္ဘာ့သမိုင်းစဉ်၊ မြန်မာ့သမိုင်းစဉ်တစ်လျှောက်မှ မွှေနှောက်၍၄င်း၊ သူမ၏ ပြည်တွင်း၊ ပြည်ပ အတွေ့အကြုံပေါ်မှီ၍ အမျိုးသမီးဘ၀နှင့် အချို့ထင်ရှားသော အမျိုးသမီးများကိုတင်ပြထားခြင်း - လူမျိုးတစ်မျိုး၏ အစဉ်အလာ၊ ဓလေ့ထုံးစံ လောင်းရိပ်ကို အမျိုးသမီးများ တိုက်ရိုက်ခံစားရခြင်း - အမျိုးသမီး(မ) မြှင့်တင်ရေးတွင် ပညာရေးသည် အဓိကကျခြင်း - မြန်မာပြည်မှ အမျိုးသမီးများကို သူတို့ အရည်အချင်းနှင့် ထိုက်တန်သော နေရာမှန်များသို့ ထွန်းထွန်းပေါက်ပေါက် ရောက်ကြသည်ကို မြင်လိုလှခြင်း စသဖြင့် မီးမောင်းထိုးပြထားသည်။ (စာစောင်ကို ကိုယ်တိုင်ဖတ်ရှုလျှင် ပို၍ရှင်းလင်းပြည့်စုံပါလိမ့်မည်။) ထို "အမျိုးသမီးနဲ့ ပညာရေး" ဆောင်းပါးမှ အနည်းငယ် ကောက်နှုတ်၍ အရင်းအတိုင်း ဖေါက်သည်ချရမည်ဆိုလျှင် "မိန်းမတစ်ဦးနေနေရတဲ့ လူ့အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်းမှာ မိန်းမတွေကို ပိတ်ပင် ချုပ်ချယ်တားဆီးတဲ့ အစဉ်အလာတွေနဲ့ ဘောင်ခတ် လှောင်ပိတ်ထားရင် မိန်းမတွေ ဘာမှမလုပ်နိုင်ကြဘူး။ မျိုးဆက်ကို ဖြည့်ပေးရုံမှအပ မယ်မယ်ရရ အခြားကောင်းကျိုး မပြုနိုင်ပါဘူး။ လူ့အလယ်မှာလည်း အဆင့်နိမ့်ဆင်းသွားမယ် .." "လောကကြီးက အမျိုးသမီးတွေ အတွက် တစ်ဖက်သတ် ဆုံးရှုံးမှုတွေအများကြီးနဲ့ ရင်ဆိုင်နေရတာ။ အမျိုးသမီးတွေက ဘယ်လိုအပင်ပန်းခံ၊ အနစ်နာခံပြီး မိသားစုအတွက်နဲ့ အများအတွက် တန်ဖိုးရှိလှတဲ့ လုပ်အားတွေ ပေးခဲ့ပေမဲ့လည်း ဒါကိုဆုပေး ကျေးဇူးတင် စကားပြောဖို့နေနေသာသာ အသိမှတ်ပြုခြင်းတောင် မခံရပါဘူး.." "အထူးသဖြင့် လုပ်ငန်းခွင်မှာ မိန်းမတွေ တစ်ပန်းရှုံးနေတာဟာ ကွင်းကွင်းကွက်ကွက် ရှိလှပါတယ်။ လုပ်ငန်းမှာ မိန်းမတွေက ဘယ်လိုပဲ တော်တော်၊ တတ်တတ်၊ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ရာထူးတက်ဖို့ရာ မှာတော့ ယောက်ျားတွေကို ဦးစားပေး နေကြတာပါပဲ.. အထက်ရောက်လေလေ မိန်းမဦးရေ နည်းလေလေဖြစ်လာတယ် .. ဘာ့ကြောင့်လဲ စဉ်းစားစရာပါပဲ။ ဘယ်မှာမဆို ကိုယ့်အစွမ်း ဘယ်လောက်ရှိရှိ နောက်လိုက်တွေ၊ ဒုတိယတန်းစားတွေ၊ အိမ်နိမ့်စံတွေလုပ်နေကြရတာ ..." "အခုခေတ် မျိုးဆက်သစ်အမျိုး သမီးကလေးတွေက စွန့်စားဝံ့တဲ့သတ္တိမှာ ရှေးကအမျိုးသမီးတွေထက်ပိုတယ်ထင် ပါတယ်၊ အလွန်တက်ကြွပြီး ပညာလိုချင် စိတ်ရှိကြပါတယ်။ အနည်းနည်းအဖုံဖုံနဲ့ အဆင်မြင့်ပညာကိုရှာကြတယ်၊ ဒါပေမဲ့ ပညာရေးစနစ်ကတော့ အရေးကြီးပါတယ် ..." စသဖြင့်ဖြစ်ပါသည်။

Ref:
-What is your image of God ? What is your Female image of God?
By Sr. Ann Shwe , (SJA) -Woman: a person uniquely creative.
By (Luciano Cian) - In God's image ( Vol-19, No-2, June 2002)
- Gathering the voices of the silenced (EWA)
- Weekly Eleven news letter ( June,2006) tif0kdif;yef (SJA)

အင်ဝိုင်းပန် (SJA)

Read More...

Friday, December 11, 2009

ကျေးဇူးဆပ်တင်ရန် မမေ့လျော့


ကျေးဇူးဆပ်တင်ရန် မမေ့လျော့

နွေရာသီရဲ့ နေ့တစ်နေ့မှာ ကျွန်တော့်ရွာလေးကနေ မြို့ကို ဈေးဝယ်ဖို့ သူငယ်ချင်း ကိုလှထွန်းနဲ့ စက်ဘီးစီးသွား ကြပါတယ်။ စက်ဘီးပေါ်မှာလည်း မြို့မှာရောင်းဖို့ဟင်းသီးဟင်းရွက်တွေကို ပီနံ အိတ်တစ်အိတ်စီ တင်ပြီး သွားကြတယ်။ ကျွန်တော်တို့နေတဲ့ ရွာနဲ့ မြို့ဟာ (၁၂) မိုင် လောက်ဝေးတာကြောင့် မနက်စောစော (၆)နာရီလောက် ကတည်းက ရွာကနေ ထွက်လာကြရပါတယ်။ တောလမ်းဖြစ်လို့ တစ်နာရီခွဲ နင်းတာတောင် ခရီးသိပ်မပေါက် သေးပါ။ မနက် အစောကြီးဘာမှ မစားကြရသေး၊ လမ်းကလည်း ကြမ်းတော့ တော်တော်ကို ပင်ပန်းနေကြပါပြီ။
ဒီလိုနဲ့ လမ်းခရီး တစ်နေရာ အရောက်မှာတော့ ၀န်အပြည့်တင်လာတဲ့ နွားလှည်းတစ်စီးဟာ တံတားကို မကျော်နိုင်ဘဲ ရပ်နေတာကိုတွေ့လိုက်ကြပါတယ်။ နွားလှည်းပေါ်မှာတော့ နွားလှည်းမောင်း တဲ့ လူရွယ်နဲ့ အမျိုးသမီးတစ်ဦး စီးလာကြပါတယ်။ ဒီအချိန်မှာလူရွယ်က "အစ်ကိုတို့ ကျွန်တော့်လှည်းကို တဆိတ်လောက်ကူ တွန်းပေးကြပါဦး" လို့ အကူအညီတောင်းတာနဲ့ ကျွန်တော်တို့လည်း စက်ဘီးတွေရပ်ပြီး အခြေအနေကို ကြည့်လိုက်ကြပါတယ်။ ဒီအခါမှာ နွားတွေကလည်း ရုန်းရလွန်းလို့ မောပမ်းနေတာကို တွေ့ရတော့ ကျွန်တော်က "ကဲ ကိုလှထွန်းရေ ကျွန်တော်တို့ ခဏလောက် တွန်းပေးကြရအောင်" ဆိုပြီး လှည်းကို ကူတွန်းပေးကြပါတယ်။ ဒါပေမဲ့ လှည်းပေါ်က ပစ္စည်းများလွန်းတာရယ်၊ တံတားက မြင့်လွန်းတာရယ်ကြောင့် လှည်းကတော်တော်နဲ့ မရုန်းနိုင်အောင် ဖြစ်နေပါတယ်။ ကျွန်တော်တို့လည်း စောစောက စက်ဘီးနှင်းလာခဲ့လို့ မောနေပေမယ့် ကူညီလက်စနဲ့ ကူညီရအောင်ဆိုပြီး ကျွန်တော်က "ကဲ...ကိုလှထွန်း ရှိတဲ့ အားကုန်သုံးပြီး တစ်ခေါက်လောက် တွန်းကြရအောင်" ဆိုပြီး လှည်းကို တွန်းကြပြန်ပါတယ်။ နွား တွေကလည်း ရုန်း ကျွန်တော်တို့ကလည်း အားကုန်တွန်းနဲ့ပဲ နွားလှည်းဟာ တဖြည်းဖြည်းနဲ့ တံတားကို ကျော်ဖြတ်သွားနိုင်ပါ တော့တယ်။
နွားလှည်းကျော်ဖြတ် အပြီးမှာတော့ ကျွန်တော်တို့ နှစ်ယောက်ကို လူရွယ်နဲ့ အမျိုးသမီးက "ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားလေးများ ပြောမလားဆိုပြီး သူတို့ကို ကြည့်နေကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ကျေးဇူးစကား ပြောဖို့မဆိုနဲ့ လှည့်တောင် မကြည့်တော့ဘဲ သူတို့လှည်း ကိုဒုန်းစိုင်း မောင်းသွားကြပါတယ်။
ဒီအချိန်မှာ ကျွန်တော်တို့ နှစ်ယောက်ဟာ အတော်ကြီးကို မကျေမနပ်ဖြစ်သွားပြီး "ဒီနေရာမှာ ငါတို့သာ မကူညီဘူးဆိုရင် ဘယ်သူမှ ကူညီမဲ့သူမရှိဘူးကွ။ ဟင်း... လှည်း ဒီလောက်တွန်း ပေးတာကို ကျေးဇူးတင် စကားလေးတောင်မှ ပြောမသွားကြဘူး။ တော်တော် ကျေးဇူးကန်းတဲ့သူတွေပဲ၊ စားပြီး ခွက်မှောက်ဆိုတာ ဒီလို လူစားတွေ ပဲပေါ့" လို့ ပြောဆိုနေမိကြပါတယ်။
ဒီအချိန် ကျွန်တော့်စိတ်ထဲမှာ အတွေးတစ်ခု ၀င်လာပါတယ်။ အဲဒါကတော့ ကျွန်တော်လည်း အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ဖို့ မေ့ကောင်း မေ့ပါလိမ့်မယ် ဆိုတဲ့ အချက်ပါပဲ။ ကိုလှထွန်းကို ဖျောင်းဖျ ပြောဆိုပြီး မြို့ဘက်ကို ခရီးဆက် ခဲ့ကြပါတော့တယ်။
ကျွန်တော်တို့လည်း ဒုက္ခအခက်ခဲများနဲ့ ကြုံရတဲ့အချိန်မှာ ဘုရားသခင်က အများကြီး ကူညီတာရှိပါတယ်။ အဲဒီ အချိန်မှာကော ဘုရားသခင်ကို ကျေးဇူးတင်မိရဲ့လား။??? မိမိတို့ ကူညီလိုက်တဲ့ သူက ကျေးဇူးမတင်ရင် သူတို့ကို အပြစ်မမြင် သင့်ပါဘူး။ ဘုရားသခင်ဟာ ကျွန်တော်တို့ လူသားများအပေါ်မှာ အမြဲပဲကူညီ စောင့်ရှောက်နေတယ် မဟုတ်ပါလား။
ဒါကြောင့် မိမိတို့ ရရှိကြတဲ့ ကျေးဇူးတော်များအတွက် နွားလှည်းမောင်းသူ လူရွယ်နဲ့ အမျိုးသမီးလို ကျေးဇူးတင်ဖို့ မေ့တတ်တဲ့ သူတွေထဲ မပါစေဘဲ နေ့စဉ်နဲ့ အမျှ ရရှိခံစားရတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးဆပ်တင်ရန် မမေ့ လျော့တတ်သူများ ဖြစ်ကြပါစို့လို့ ဒီဆောင်းပါးလေးနဲ့ ဝေမျှ၊ နှိုးဆော်လိုက်ပါတယ်။ မိတ်ဆွေတို့ အပေါ် ဘုရားသခင်ကောင်းချီးပေးပါစေ။


ဝီလျံ သန်းဖေလေး (သစ်တော)

Read More...

Thursday, December 10, 2009

ဆင်ခြင်စရာ ငွေ၊ ငွေ၊ ငွေ

ဆင်ခြင်စရာ ငွေ၊ ငွေ၊ ငွေ

လူဟာ ကိုယ့်အတွက်ကောင်းစားဖို့ ငွေကို ကြိုးစားရှာကြရင်းက ကိုယ်ဘ၀လေး ဆိုးဖို့ ဖြစ်လာကြတယ်။ လူက ငွေကိုမထိန်း သိမ်းနိုင်ခင် ငွေကပဲလူကို ထိန်းကျောင်း လာတယ်။ လူက ငွေကို ဦးမဆောင်နိုင်ဘဲ ငွေက လူကို ခိုင်းစေလာတယ်။ လူရဲ့ ဦးနှောက်ထဲမှာလည်း ငွေအကြောင်းတွေပဲ ၀င်ပြီး နှောက်ယှက်နေတယ်။ လူရဲ့ နှလုံးသားထဲမှာလည်း ငွေက ၀င်ရောက်နေရာ ယူထားလို့ ဓမ္မတရားတော်၊ မေတ္တာကရုဏာစိတ်၊ သနားကြင်နာစိတ်၊ အကောင်းမြင်ဝါဒတွေဟာ ရှောင်ဖယ် ထွက်သွားကြရတယ်။ ဘုရားသခင်နဲ့ လူဆက်သွယ်တဲ့ ယုံကြည်ခြင်း ကြိုးကို ငွေသံလျက်က ဖြတ်တောက်ပစ်တယ်။ လူတွေ သိထားသင့်တာ ကတော့ မိမိကောင်းစားရေးအတွက် ငွေရဖို့ ကြိုးစားနေချိန်မှာ ဘုရားသခင်နှင့် ပေါင်းစပ်မှုရှိခြင်းဟာ အရေးကြီးဆုံး သော့ချက်ဖြစ်တယ် ဆိုတာကိုပါ။
မြို့တွေမှာ မနက်မိုးသောက်ကနေ ညနေ၀င်မိုးချုပ်အထိ ထမင်းဗူး၊ ထမင်းချိုင့် အမျိုးမျိုးကိုင်၊ လွယ်အိတ်အမျိုးမျိုးနဲ့ သွားနေကြတဲ့ လူတွေ၊ လမ်းမကြီးမှာ ပလက်ဖေါင်းပေါ်မှာ၊ လမ်းကြိုလမ်းကြားတွေမှာ တွေ့ရပါတယ်။ သူတို့တွေ ဘာတွေလုပ်ကြသလဲ။ အားလုံးသော လူတွေဟာ သူ့ နည်းသူ့ဟန်နဲ့၊ သူ့အဆင့်အတန်း၊ သူ့ဝတ်စုံအရောင်နဲ့ သူ့လူတန်းစားအလိုက် ငွေရှာနေကြတယ်။ နယ်များရှိ ရွှေမှော်များ၊ ကျောက်မျက်ရတနာမှော်များမှာလည်း မိုးသောက်မှ မိုးချုပ်တိုင်ကျင်းသူ၊ ကျင်းသားများ မရပ်မနား ကျင်းဂူအောက်ထဲမှာ ဂေါ်ပြား၊ ပေါက်တူး၊ တူရွင်းကိုင်ကာ ရွှေကျင်နေကြ၊ ကျောက်မျက်ရတနာ တူးဖော်နေ ကြတယ်။ သူတို့တွေ ဘာလုပ်ကြတာလဲ။ ငွေရှာနေကြတာပဲ။
ဆရာဝန်ဘွဲ့ ရထားသူတွေ၊ အင်ဂျင်နီယာကျွမ်းကျင်စွာ ပြုလုပ်သူတွေလည်း ငွေရှာနေကြတယ်။ သူတို့တွေ ငွေအကြောင်း၊ ငွေရှာနည်း အကြောင်းတွေ မသင်ကြားခဲ့ရဘဲ ဘာကြောင့်ငွေနဲ့ လုံးပန်း နေရတာလဲ။ ကျွဲ၊ နွားကျောင်းသားတွေလည်း သူ့နည်းသူဟန်နဲ့ ငွေရချင်ကြတယ်။ ဘာဖြစ်လို့လဲ။ ဘာသာရေး အမှုဆောင်သူတွေလည်း ငွေလမ်းကြောင်း ပေါ်မှာ မျောပါနေကြရတယ် ဘာအခက် အခဲကြောင့်လဲ။
တက္ကသိုလ်မှာ လေးငါးနှစ်တက်ကြပေမဲ့ ငွေအကြောင်း ဘယ်ကျောင်းမှာမှ မသင်ယူကြရ။ ဒါပေမဲ့လည်း ကျောင်းပြီးသွားတဲ့ အခါ ငွေရှာကြရတော့တယ်။ မျက်မမြင်တွေ၊ တောင်းရမ်းစားသူတွေလည်း ငွေလိုချင်ကြတယ် ငွေရှာကြတယ်။
တချို့လူတွေဟာ ဘုရားကျောင်း တက်နေချိန်၊ မစ္ဆားတရား ပါဝင်နေချိန်၊ ကိုယ်တော်မြတ်ဖူးဆောင်မှာ ကိုယ်တော် မြတ်ဖူးနေချိန်၊ စိပ်ပုတီးစိပ်နေချိန် သူတို့ အိတ်ထဲက (သို့)ခါးမှာ ချိတ်ထားတဲ့ Hand Phone လေးက အသံကျယ်စွာ အော်မြည်လာတဲ့အခါ ချက်ချင်း အပြင်ကိုထွက်သွားပြီး ဖုန်းပြန်ပြောတယ်။ ဘာအကြောင်းတွေ ပြောကြသလဲဆိုတော့ ငွေရှာဖို့၊ ငွေရဖို့ အကြောင်းတွေများပါတယ်။ ငွေအကြောင်းပြောဖို့ ဘုရားဆီက အာရုံက ငွေဆီကို ရောက်သွားတယ်။ ဘာကြောင့် ချမ်းသာသူတွေ ပိုပြီး ချမ်းသာချင်ကြတာလဲ။ ဘာကြောင့် ငွေကို ဒီလောက်ကျား ကုတ်ကျားခဲ ရှာနေကြတာလဲ။
လွန်ခဲ့သော နွေရာသီ ညတစ်ညမှောင် ရီပျိုးစချိန်မှာ ကျွန်တော် မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်များ ကျောင်းတိုက် CBCM ကျောင်းတော်ကြီး အ၀င်ပေါက် ဂိတ်ရှေ့မှာရပ်ပြီး ပြည်လမ်းမပေါ် ပြေးလွှားနေတဲ့ ကားတွေ၊ ပလက်ဖောင်းဟိုဘက် ဒီဘက်မှာလမ်းလျှောက် သွားနေတဲ့ လူတွေကို ကြည့်နေချိန် ရှပ်အင်္ကျီ အဖြူလက်ရှည်၊ ဘောင်းဘီရှည်နက်ပြာရောင်နဲ့ ထမင်းချိုင့် ကလေးကိုင်၊ လွယ်အိတ်လေး လွယ်ထားပြီး ကျွန်တော့်ရှေ့ နားက ဖြတ်သွားတဲ့ လူငယ်လေး တစ်ယောက်ကို "ညီလေး ဘယ်က ပြန်လာတာလဲ" လို့ စပ်စုပြီး မေးလိုက်ပါတယ်။ သူက "ကျွန်တော်ဆိုင်ကပြန်လာတာပါ" "အော် ..ဆိုင်မှာ အလုပ်လုပ်တာလား" "ဟုတ် ပါတယ်" "ဘာဆိုင်လဲ"လို့ ထပ်မေးတော့ "ဘီယာဆိုင်ပါ" တဲ့ "ဟုတ်လား၊ တစ်လ ဘယ်လောက်ရလဲ" ဒီမေးခွန်းကို သူဖြေဖို့အနည်းငယ်ကြာ စဉ်းစားပြီးမှ "မပြော စလောက်လေးပါ" ဆိုပြီး တိတိကျကျပြော မသွားပါ။ နောက်ဆုံး သူပြောခဲ့တာက "ရတဲ့ငွေဟာ ၀င်လိုက် ထွက်လိုက်ပါပဲ၊ အိမ်ရှေ့က ၀င်ရင် အိမ်နောက်က ထွက်၊ နောက်က ၀င်ရင် ရှေ့ကထွက် သွားတာပါပဲ၊ မြဲနေတာကို မရှိပါဘူး" လို့ ပြောပြီး စိတ်ပျက်တဲ့ မျက်နှာနဲ့ ထွက်သွားပါတယ်။
ငွေဟာ တန်ခိုးအာဏာရဲ့ ပုံစံ တစ်မျိုးလည်း ဖြစ်လာပါတယ်။ လူတွေကို ခိုင်းတယ်။ လူတွေဟာ ငွေရဲ့ ကျွန်ဘ၀ကို ရောက်လာကြတယ်။ ဘ၀ဆိုတာဟာ ဘာသာစုံကို တစ်ဦးထဲ သင်ပေးနေတဲ့ ဆရာကြီးပါပဲ။ တစ်ချို့က ဘ၀ကိုငွေကြောင့် အရှုံးပေး လိုက်ကြတယ်၊ တစ်ချို့က ပြန်ပြီး တိုက်ကြတယ်။ လူအနည်းငယ်သာ ဘ၀ကပေးတဲ့ သင်ခန်းစာနဲ့ ရှေ့ဆက် ချီတက်နိုင်ကြတယ်။ သေချာ လေ့လာကြည့်ရင် ဆင်းရဲသားတွေ၊ လူလတ်တန်းစားတွေဟာ ငွေအတွက် အလုပ်ကို ကြိုးစားနေကြတယ်။ ငွေကြေးချမ်းသာသူတွေကတော့ ငွေကို သူတို့ အတွက် အလုပ်လုပ်ခိုင်းကြတယ်။
လူတွေဟာ အကောင်းဆုံး ပညာတွေ တတ်မြောက်အောင် သင်ယူခဲ့ကြတယ်။ သင်ယူခဲ့တဲ့ ပညာတွေ အများကြီးပါ၊ သင်ယူ စရာတွေလည်း အများကြီးပါ၊ ဒါပေမဲ့ ငွေကို ဘယ်လိုအသုံးချရမယ် ဘယ်လိုခိုင်းစား ရမယ်ဆိုတာကိုတော့ လောကနယ်မှာ သင်ရပါအုံးမယ်။ မိမိ လက်တွင်းရလာတဲ့ ငွေကို ဘယ်လို ထိန်းသိမ်းရမယ်၊ ဘယ်လောက် ကြာအောင် ထိန်းသိမ်းထားပြီး တိုးပွါးအောင် လုပ်မယ်ဆိုတဲ့ အသုံးနဲ့အဖြုန်းကို ခွဲခြားသိဖို့က အရေးကြီးဆုံး အချက် ဖြစ်တယ်။ ငွေဟာ လူတွေရဲ့ စားဝတ်နေရေး ဘ၀အဆင်ပြေစေဖို့ ဖြစ်ပါတယ်။ လောဘကြီးဖို့၊ မောဟကြီးဖို့ မဟုတ်ပါ၊ ငွေကြောင့် လူတွေကို ပျက်စီးရန်လည်း မဖြစ်သင့်ပါ။ ငွေနဲ့ပတ်သက်တဲ့ သင့်ရဲ့ ဆုံးဖြတ်ချက်မှာ ဘုရားသခင်ကို ဦးထိပ်ထားပါ။ ဘုရားသခင်နဲ့ အဆက်အသွယ်ပြု စကားပြောနေတဲ့ အချိန်မှာ ငွေအပါအ၀င် ကြီးစွာ အနှောက်အယှက်ပေးနိုင်တဲ့ အရာများကို ဖယ်ထားပြီး ဘုရားသခင်ထံမှာ ရင်ဖွင့်ပါ။ ဘုရားကို အာရုံပြုနေချိန်ထိ အနှောင့် အယှက်ဖြစ်လာမယ်ဆိုရင် သင်ရဖို့ ကြိုးစားတဲ့ငွေဟာ စာတန် ဖြစ်နေပါပြီ။ အဲဒီအခါ ဘုရားသခင်နဲ့အတူ ရှိနေရာကနေ ဆွဲထုတ်နေပြီဆိုတာ သတိရှိဖို့ သင့်ပါတယ်။ သင်ငွေရှာနေတဲ့အချိန် သင့်လက်ထဲသို့ ငွေရောက်လာတာနဲ့ ဘုရားသခင်ထံ သင့်ရဲ့ငွေကို အပ်နှံထားပါ။ သခင်ဘုရား ယခု ကျွန်ုပ်လက်ထဲရောက်လာသော ငွေကို ကိုယ်တော့်လက်ထဲ အပ်နှံထားပါတယ်၊ မှန်ကန်စွာ သုံးနိုင်ရန် လမ်းညွှန်ပါလို့ ဆုတောင်းလိုက်ပါ။ အဲဒီလို အချိန်မီ ဘုရားသခင်ထံ မအပ်နှံလို့ စာတန်က ဦးပြီးအုပ်စိုး သွားရင်တော့ သင့်ရဲ့ ငွေဟာအကျိုးမရှိ၊ လျှင်မြန်စွာ ပျောက်သွားပါလိမ့်မယ် (သို့) အကျိုးမဲ့ နေရာတွေမှာ သုံးစွဲမိပါလိမ့်မယ်။
ဝင်ငွေရဖို့ ကြိုးစားနေသူ ဘယ်သူမဆို လူသားအားလုံး ဘုရားသခင်ထံမှာ အရာရာကို အမြဲ အပ်နှံပြီး စဉ်းစားဆင်ခြင်စွာနဲ့ ကြိုးစား ရုန်းကန် လှုပ်ရှားသွားမယ် ဆိုရင် ပျက်စီးပြိုလဲ မသွားဘဲ ရည်ရွယ်ချက်အတိုင်း ပန်းတိုင်ရောက်ပြီး ရှေ့ဆက်ကာ ဆက်ကာ အောင်မြင်မှုများစွာ ရရှိနိုင်မှာ ဖြစ်ကြောင်း စဉ်းစားမိသမျှ တင်ပြလိုက် ရပါတယ်။

ဥယျောဂျာလ
(မိုးကောင်း)

Read More...

Tuesday, December 8, 2009

မိမိကိုယ်ကို ငြင်းပယ်ခြင်း (သို့) ကိုယ်ကျိုးစွန့်ခြင်း


မိမိကိုယ်ကို ငြင်းပယ်ခြင်း (သို့) ကိုယ်ကျိုးစွန့်ခြင်း

မိမိကိုယ်ကို ငြင်းပယ်ခြင်း (သို့) ကိုယ်ကျိုးစွန့်ခြင်းတို့ ဆိုတာတွေကို ယခုခေတ် လူတွေ သိပ်မပြော ကြတော့ဘူး။ ကိုယ်ကျိုး အတ္တအကျိုးစီးပွားနဲ့ သာယာမှုနောက်ကိုသာ လိုက်လျှောက် နေကြပါတယ်။ ယခုမျက်မှောက်ခေတ် ကာလမှာ လူ့အချစ်ကို ရုပ်ရှင် ဇာတ်ကားတွေ၊ ၀တ္ထု စာအုပ်တွေ၊ ခေတ်ပေါ် သီချင်းတွေထဲမှာလို အာရုံခံစားမှုကို လှုံ့ဆော်ပေးသော အရာ၊ သာယာမှုနဲ့သာ ယူဆ လက်ခံကြပါ တော့တယ်။ လူ့ဘ၀ရဲ့စစ်မှန်တဲ့ အဓိပ္ပာယ် ဆိုတာကို အတ္တမဆန်သော နည်းလမ်းနဲ့ သူတစ်ပါးကို အစေခံခြင်းအားဖြင့်သာ ရှာဖွေတွေ့ရှိနိုင်ပါတယ် ဆိုတဲ့အတွေး အခေါ်ကတော့ ယခုခေတ် ကာလလူတွေရဲ့ စိတ်ထဲမှာ ဆက်စပ်၍ မရပါ။ ပြဒါး တစ်လမ်း၊ သံတစ်လမ်းဖြစ်၍ နေပါတယ်။ နှစ်ဆယ်ရာစု နောက်ပိုင်းစာပေနဲ့ မီဒီယာ လောကတွေမှာလည်း အကြမ်းဖက်မှု၊ အဓမ္မပြုမှုတွေနဲ့ ပျော်သလိုသာနေ ကိုယ့်လူရေ ဆိုတဲ့ အတွေး အခေါ်တွေသာ တိုးတက် လာနေပါတယ်။
ကျွန်ုပ်တို့တစ်တွေ များသောအားဖြင့် ခံယူချက်လွဲနေတဲ့ အချက်ကတော့ "ပျော်ရွှင်ခြင်းဆိုတာကို စစ်မှန်သော အရာလို့ မတွေးခြင်း" ပဲဖြစ်တယ်။ ပျော်ရွှင်ခြင်း ဆိုသောအရာကို ရှာဖွေရတာ မခက်ခဲလှပါဘူး။ တစ်ပါးသူရဲ့ အခက်အခဲကို ၀င်ရောက် ကူညီပေးခြင်း၊ ချစ်ခြင်းမေတ္တာ ပြသခြင်းဖြင့် ရှာဖွေလို့ရပါတယ်။ သူတစ်ပါးကို ကိုယ်ကျိုးစွန့်ပြီး အစေခံလာလေလေ လူပီသလေလေ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ ကမ္ဘာမြေကြီးမှာ မာသာရ်ထရေဇားလို ပုဂ္ဂိုလ်မျိုးတွေ အလွန် လိုအပ်နေပါတယ်။ အသက်အရွယ် ကြီးရင့် ပြီးချည့်နဲ့နေတဲ့ သီလရှင်မာသာရ်ထရေဇားဟာ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ချစ်ခြင်းနဲ့ အစေခံခဲ့တယ်။ လူ့ဘ၀ ချစ်ခြင်းရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို သူမရဲ့ ဘ၀တစ်ခုလုံးနဲ့ ဖော်ပြခဲ့ပါတယ်။ လောကရဲ့အပေါ်ယံမျှသာ ဖြစ်တဲ့ တန်ဖိုးတွေကို သူမဟာ အဆက်မပြတ် စိန်ခေါ်ခဲ့ပါတယ်။ စစ်မှန်တဲ့ကောင်းမြတ်ခြင်းနဲ့ သန့်ရှင်းဖြူစင်ခြင်းဟာ ဘာသာတရားမရှိတဲ့ သူကိုပင် ဆွဲဆောင်နိုင်စွမ်း ရှိတဲ့ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် မာသာရ်ထရေးဇားကို တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ လူတော်တော် များများဟာ ချစ်ခင်၊ ရိုသေ လေးစားကြပါတယ်။
သူမရဲ့ ယုံကြည်ချက်နဲ့အကျင့် အားဖြင့် နှစ်ဆယ်ရာစုရဲ့ Umanism ဆိုတဲ့ ဘာသာတရားမရှိပဲနဲ့လည်း ပျော်ရွှင်မှုနဲ့ ပြည့်စုံခြင်းကို ရရှိနိုင်တယ်ဆိုတဲ့ လူသား ပဓာန၀ါဒီများနဲ့၊ ရုပ်ဝါဒီသမားတွေရဲ့ အရိုးစွဲနေပြီး ဖြစ်တဲ့ ယူဆချက် အချို့ကို မှားယွင်းခြင်း အကြောင်းပြဆို နိုင်ခဲ့ပါတယ်။ ဥပမာ လူဦးရေထူထပ် သိပ်သည်းမှုကြောင့် အိန္ဒိယနိုင်ငံ နေရာအနှံ့အပြားမှာရှိတဲ့ ကလေးတွေ၊ သေအံ့ဆဲဆဲ လူနာတွေကို စွန့်ပစ် ထားကြတယ်။ သူတို့ကို စွန့်ပစ်ထားတဲ့ ဒီကမ္ဘာကြီးကနေ ထွက်ခွာမသွားမှီ နောက်ဆုံအချိန်လေးမှာ ချစ်ခြင်းမေတ္တာနဲ့ ကြင်နာယုယမှုတွေ ခံစားသွားနိုင်ဖို့ သူမနဲ့ သီလရှင်တွေက ဒုက္ခခံပြီး သယ်ယူကြ နှစ်သိမ့်ပေးကြ ပါတယ်။ ထိတ်လန့်ဖွယ်ရာ ကောင်းတဲ့ ဝေဒနာခံစားနေ ရသူကို ညင်ညင်သာသာ အသက်ထွက်စေပြီး သူတို့ရဲ့ ကြင်နာသနားခြင်းကိုပြတဲ့ သူတွေနဲ့ နှိုင်းယှဉ်ရင် မာသာရ်ထရေးဇားရဲ့ ရွေးချယ်မှုဟာ လွန်အံ့သြစရာ ကောင်းလှပါတယ်။
မာသာရ်ထရေးဇားရဲ့ စကားကို နားထောင်ကြည့်ရင် သူမရဲ့ စကားတွေထဲမှာ ကြီးမားတဲ့ စိတ်ခွန်အားနဲ့ ၀ိညာဉ်ရေး အလှတရားတွေ ပါရှိနေပါတယ်။ ဘုရားသခင်ဟာ သူ့ကိုယ်သူ ဆာမွတ်တဲ့သူများ၊ ဖျားနာနေသောသူ၊ အ၀တ်မရှိသောသူ၊ အိုးအိမ်မရှိသောသူတွေနဲ့ ထပ်တူပြုထား ပါတယ်။ ဆာမွတ်ခြင်းလို့ ဆိုရာမှာ အစားအသောက် တင်မကပဲ ချစ်ခြင်းမေတ္တာ ကြင်နာဖေးမမှုကို လိုအပ်လို့ အားငယ်နေခြင်း တွေပါပါတယ်။ အ၀တ်မရှိခြင်းလို့ဆို ရာမှာ အင်္ကျီ၊ လုံချည်တွေသာ မဟုတ်ပဲ လူတွေက သနားကရုဏာ မရခြင်း၊ မသိ ကျိုးကျွံပြုခံရခြင်းတွေပါ ပါတယ်။ အိုးအိမ် မရှိခြင်းဆိုရာမှာ သစ်၊ ၀ါး၊ အုတ်နဲ့ဆောက် ထားတဲ့ အိမ်တွေကိုသာ ဆိုလိုတာ မဟုတ်ပဲ မိမိရဲ့အပေါ်၊ မိမိကို ဖေးမပေးသူအဖြစ် ဘယ်သူ့ကိုမှ ခေါ်ပိုင်ခွင့်မရှိပဲ အားကိုးရာ မဲ့ခြင်းလည်း ပါဝင်ပါတယ်။
ချစ်ခြင်းမေတ္တာ အကြောင်းကို ပြောတဲ့အခါမှာလည်း မမှန်ကန်နေတဲ့ အချစ်ဆိုရင် နာကျည်းခံစားရမှာ ဖြစ်ပါတယ်။ သခင်ခရစ်တော်ဟာ လူသားတွေကို ချစ်ကြောင်း သက်သေပြဖို့ ကားတိုင်တော်ပေါ်မှာ အသေခံခဲ့ပါတယ်။ အကယ်၍ မိမိက တစ်ပါးသူကို ချစ်တယ်ဆိုရင် ပေးဆပ်ခြင်း ဆိုတာရှိကို ရှိရမှာ ဖြစ်ပါတယ်။ လူသားတိုင်းဟာ ဘ၀မှာ အဓိပ္ပါယ်ကို ရှာဖွေနေ ကြပါတယ်။ သူတို့ဘ၀ အတွက် ပင်ကိုရည် ရွယ်ချက်နဲ့ တန်ဖိုးကို ပေးမဲ့ အရာကို ရှာဖွေနေကြပါတယ်။ (Albert Einstein) က အခုလိုဆိုထားပါတယ် မိမိဘ၀ဟာ အဓိပ္ပါယ်မရှိပါဘူးလို့ သတ်မှတ်ထားတဲ့သူ ဟာဆိုရင် ပျော်ရွှင်မှုကို မရရှိရုံသာမကပဲ အသက်ဆက်ရှင်ဖို့ပင် မဖြစ်နိုင်လောက် အောင်ပါပဲတဲ့ ကျွန်ုပ်တို့ရဲ့ဘ၀မှာ ရည်ရွယ်ချက် မရှိဘူးဆိုရင် အသက်ရှင်နေရတာ အဓိပ္ပါယ် မရှိတော့ပါဘူး။ အကယ်၍ မိမိဘ၀မှာ အဓိပ္ပါယ် တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိနိုင်ရင် ကြီးကျယ်တဲ့ ဒုက္ခ ဝေဒနာတွေကိုတောင် ခံနိုင်ပါတယ်။ မျှော်လင့်ချက် ကင်းမဲ့လောက်အောင် စိတ်ဓာတ်ကျဆင်းခြင်းဟာ အဓိပ္ပါယ်မရှိတဲ့ ဒုက္ခဝေဒနာပဲ ဖြစ်ပါတယ်။ အမှန်တကယ် လူပီသဖို့ဆိုရင် မိမိအလိုဆန္ဒကို ငြင်းပယ်ခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းများကို မလွဲမသွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ မိမိရဲ့ အကျင့်စရိုက်နဲ့ စာရိတ္တဗလကို တိုးတက်ချင်ရင်တော့ မိမိကိုယ်ကို ထိန်းချုပ် ခြင်း (Self-control) .. က အလွန်အရေးကြီး ပါတယ်။
ငယ်ရွယ်တဲ့ ကလေးသူငယ်များကို အတ္တမဆန်တတ်ရန်နှင့် ရက်ရောတတ်ရန် အမြဲသွန်သင်ပေးရမှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အသင်းတော်က ကျွန်ုပ်တို့အတွက် ၀ါတွင်းကာလဆိုတာကို သတ်မှတ် ပေးထားပါတယ်။ တသီးတခြား ၀ါရှောင်၊ အသားရှောင်ရတဲ့နေ့တွေဟာ အလွန်အရေးကြီး ပါတယ်။ ဒီလို ခြိုးခြံခြင်းဖြင့် မိမိရဲ့အသွေးအသား ဆန္ဒ သဘာဝအ လျှောက်ပြုမှုလိုစိတ်ကို ထိန်းချုပ်ပေးပြီး ပိုမို မြင့်မြတ်တဲ့ သဘာဝသို့ ပို့ဆောင်ပေးပါတယ်။ အကယ်၍ ကျွန်ုပ်တို့ဟာ အရာ အားလုံးကို မိမိအတွက် ရယူနေမယ် မိမိရဲ့ စိတ်အလိုဆန္ဒကို လိုက်ဖြည့်နေမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ၀ိညာဉ်ရေးပိုင်း ဆိုင်ရာပါ ရင့်ကျက်မှု မရှိမှာ သေချာနေပါတယ်။ ကျွန်ုပ်တို့ဟာ သာလွန် မြင့်မြတ်တဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ရန်အတွက် မိမိကိုယ်ကို ငြင်းပယ်ရမှာ ဖြစ်ပါတယ်။ အတ္တမဲ့တဲ့ နည်းလမ်းတွေနဲ့ နီးစပ်သောသူများကို ချစ်ခြင်းမေတ္တာ ပြသရပါမယ်။ မိမိ၏အလိုကို ငြင်းပယ်ခြင်းဖြင့် လူ့ဘ၀ရဲ့ အဓိပ္ပါယ်ကို ပြည့်ပြည့်၀၀ သဘောပေါက်လာမှာ ဖြစ်ပါတယ်။ မိမိကိုယ်ကို ငြင်းပယ်နိုင်ရန်အတွက် မိမိကိုယ်ကို စည်းကမ်း သတ်မှတ်ထားရန် အလွန် အရေးကြီးပါတယ်။ ဘ၀မှာလည်း မိမိကိုယ်ကို ငြင်းပယ်ခြင်းဖြင့် ကောင်းမြတ်သော ဘ၀အသက်တာကို ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုမွန် ကောင်းတောင်းရင်း ဒီနေရာမှာဘဲ ရပ်နား ပါရစေလား။

တာ၀၀ာိံ

Read More...

ငါ့ကိုယ်ငါက အရင်စ၍


ငါ့ကိုယ်ငါက အရင်စ၍

ငါ့ဝန်းကျင်မှာ၊ မှားနေတာကို
ပြုပြင်လိုက၊ ငါ့ကိုယ်ငါက
အရင်စ၍ပြင်ရမည်။

ငါ့ဝန်းကျင်မှာ၊ ဖေါက်ပြန်တာကို
ပြုပြင်လိုက၊ ငါ့ကိုယ်ငါက

အရင်စ၍ ပြင်ရမည်။

ငါ့ဝန်းကျင်မှာ၊ မသင့်တာကို
ပြုပြင်လိုက၊ ငါ့ကိုယ်ငါက
အရင်စ၍ ပြင်ရမည်။


တစ်ယောက်စီက
အရင်စ၍
ပြုကြ ပြင်ကြ
တရားကျလျှင်
လောကကမ္ဘာ
ပြောင်းလဲလာမည်သာတကား။

နီလာရိုင်း

Read More...

Tuesday, December 1, 2009

ခရစ္စမတ်ပွဲတော်


ခရစ္စမတ်ပွဲတော်


ခရစ္စမတ်ပွဲတော်သည် ခရစ်ယာန်များ၏ အထွတ်မြတ်ဆုံး ပွဲတော်ဖြစ်သည်။ ယခုခေတ်တွင် ကမ္ဘာပေါ်ရှိ ခရစ်ယာန် တို့သည် ခရစ်တော်၏မွေးနေ့ အထိမ်းအမှတ် ဖြစ်သော ခရစ္စမတ် (နာတာလူး) ပွဲတော်ကို ဒီဇင်ဘာ (၂၅)ရက်နေ့၌ တခမ်းတနား ကျင်းပကြသည်။ ခရစ္စမတ်ပွဲတော်၏ ဓလေ့ထုံးစံများသည် ဘာသာအယူဝါဒ ပွဲတော်သက်သက်မှ တဖြည်းဖြည်း ပြောင်းလဲကာ ရာသီဥတု မိရိုးဖလာ အယူဝါဒ အမျိုးသားရေး စသော လောကီဓလေ့များ ပါဝင်သောပွဲတော် ဖြစ်လာသည်။ ခရစ်ယာန်နိုင်ငံ အသီးသီး၌ ခရစ္စမတ်ပွဲတော်ကို ကျင်းပရာတွင် မိမိတို့နိုင်ငံ မိမိတို့လူမျိုးဆိုင်ရာ ဓလေ့ထုံးစံများအတိုင်း ကျင်းပကြသည်။ ပွဲတော်နေ့တွင် ယောင်္ကျား မိန်းမ လူကြီး လူငယ် မရွေး မိမိတို့လုပ်ငန်းများကို ရပ်စဲလျက် ပျော်ပွဲရွှင်ပွဲ စားသောက်ပွဲများကို တခမ်းတနားကျင်းပကြသည်။

ခရစ်ယာန်ဘာသာဝင်တို့သည် အစောပိုင်းကာလ ကယ်တင်ရှင် ဖွားမြင်ရာ ဗက်သလင်မြို့သို့ နှစ်စဉ် ဘုရားဖူးသွား ရောက်ကြသည်။ နောက်ပိုင်းတွင် ဗက်သလင်သို့ မသွားကြတော့ဘဲ ခရစ်တော်ဖွားမြင်ရာ မြင်ကွင်းကို အမှတ်တရအဖြစ် ပြုလုပ်၍ မိမိတို့ တိုင်းပြည်၌ ကျင်းပကြသည်။ ခရစ်နှစ် အစောပိုင်းကာလတွင် ခရစ္စမတ်ပွဲတော်ကို မေလတွင် ကျင်းပခဲ့ကြသည်။ ထိုနောက် ဧပြီလတွင် ကျင်းပခဲ့ကြသည်။ ထိုမှတဖန် ဇန္ဒ၀ါရီလတွင် ပြောင်း၍ ကျင်းပခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီး ပထမမြောက် ဂျူလီယုစ် (ဗီ.၃၃၇-၃၅၂) လက်ထက်မှစ၍ ယနေ့တိုင် ခရစ္စမတ်ပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပခဲ့ကြသည်။

ဤပွဲတော် ကျင်းပရာတွင် ပုံစံအမျိုးမျိုးနှင့် သရုပ်ဖေါ်ခဲ့ကြသည်။ ယနေ့ တွေ့မြင်နေကြရသော ဆင်းတုရုပ်ပုံများ ကယ်တင်ရှင်ဖွားမြင်ရာ နွားတင်းကုတ်ပုံများ အသုံးပြုလာသကဲ့သို့ သရုပ်ဖော်ကပွဲများ တေးသီချင်းများကိုလည်း တီထွင်ခဲ့ကြသည်။ ကယ်တင်ရှင်ဖွားမြင်စဉ်က ကောင်းကင်၌ ထူးဆန်းသော ကြယ်တံခွန်ပေါ်ထွန်းခဲ့သည့် အထိန်းအမှတ်အဖြစ် ခရစ်ယာန်ဘာသာဝင်များသည် ကြယ်ကို အသုံးပြုခဲ့ကြသည်။ ယနေ့ပြုလုပ်နေကြသော ခရစ်တော်ဖွားမြင်ရာ မြင်ကွင်းပုံစံကို (၁၂) ရာခုနှစ်က စိန်ဖရန်စစ်အာစီစီ တည်ထွင်ခဲ့သည်ဟု သိရသည်။ ခရစ်ယာန်ဘာသာဝင်များ အသုံးများသော ရှေးအကျဆုံးဖြစ်သည့် "ယုံကြည် သူအပေါင်းတို့" (ADESTE FIDELE) သီချင်းကို ခရစ်နှစ် (၇)ရာစုအချိန်တွင် သီဆိုနေကြကြောင်း သိရသည်။

နှုတ်ခွန်းဆက်လွှာ ။ ။ ခရစ္စမတ်အချိန်၌ မိမိတို့ခင်မင်သော မိတ်ဆွေမျိုးများထံသို့ လက်ဆောင်များ ပေးကြသည်။ နှုတ်ဆက်လွှာများ ပို့ကြသည်။ ထိုဓလေ့များမှာ ရှေးရောမခေတ်ကပင် အစပျိုးခဲ့သော ဓလေ့များ ဖြစ်သည်။ ထိုဓလေ့ကို ခရစ်ယာန်တို့သည် ယနေ့တိုင် ဆက်လက် ကျင့်သုံးခဲ့ကြသည်။

မီးပုံပွဲ။ ။ ခရစ္စမတ်ပွဲတော်သည် ဆောင်းရာသီတွင် ကျင်းပလေ့ရှိကြသဖြင့် အအေးဒဏ်ခံနိုင်ရန် မီးဖို၍ မီးလှုံရာမှ မီးပုံကြီးများကိုဝိုင်း၍ လက်တွဲက ကြပြီး မီးပုံပွဲဟုခေါ်ဝေါ်လာကြသည်။ ခရစ်နှစ် (၁၅၇၇)ခုတွင် အင်္ဂလန်၌ အကြီးအကျယ် ကျင်းပပြီး ကမ္ဘာသို့ပျံ့နှံ့ခဲ့သည်။ ခရစ္စမတ်ပဒေသာပင် (Christmas Tree) အာရပ် သိပ္ပံဆရာတစ်ယောက်၏ အဆိုအရ ခရစ္စမတ်ည၌ သစ်ပင်ပန်းပင်များ ပွင့်လေ့ရှိသည်ဟု ယုံကြည်ကြသည်။ ဤယုံတမ်းစကားမှ စပြိး အလှဆင်ထားသော ပန်းများကို တီထွင်လိုကို (၁၆၀၅)ခုနှစ်တွင် ဂျာမဏီ၌ စတင်ပြုလုပ်ခဲ့သည်။ ထိုမှအပြည်ပြည်သို့ ပျံ့နှံ့သွားခဲ့ရာ ယနေ့တိုင် တည်ရှိဆဲပင်ဖြစ်သည်။

စန္တာကလောစ်။ ။ ခရစ်ယာန်ကလေးများသည် ခရစ္စမတ်ပွဲတော်အခါတွင် သူတို့အား စန္တာကလေ့စ်သည် လက်ဆောင်ပစ္စည်းများ လာရောက်ပေးလေ့ရှိသည်ဟု ယုံကြည်ကြသည်။ စန္တာကလော့စ်မှာ ရဟန္တာစိန်နိကလက်စ်ဖြစ်သည်။ အင်္ဂလန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတွင် ကလေးသူငယ်တို့သည် ခရစ္စမတ်ပွဲတော် မတိုင်မှီညနေတွင် စန္ဒာကလော့စ်လာ၍ လက်ဆောင်ပေးနိုင်ရန် ခြေအိတ်ရှည်များကို အလွတ် ချိတ်ဆွဲထားလေ့ရှိ၏။ ပြင်သစ်နိုင်ငံတွင် ကလေးများသည် လက်ဆောင်များ ခံယူနိုင်ရန် သစ်သားဖိနပ်များကို မီးဖိုပေါ်တွင် တင်ထားလေ့ရှိကြသည်။ နော်ဝေးနိုင်ငံတွင်မူ ကလေးသူငယ်များသည် လက်ဆောင်ကစားစရာများကို အိမ်တွင်း အိမ်ပြင်၌ တပျော်တပါး လိုက်လံ ရှာဖွေတတ်ကြသည်။
စန္တာကလော့စ်သည် ၀၀ပြုံးပြုံးနှင့် သေးငယ်သော အဖိုးအိုဖြစ်ပြီး နှာခေါင်းနီနီ မုတ်ဆိတ်ဖြူဖြူ ၀တ်စုံအနီ ခါးပတ်အနက်နှင့် ဒူးထိရှည်သော ဘွတ်ဖိနပ် အမြဲစီးထားသူဖြစ်၏။ စန္တာကလော့စ်သည် ပွဲတော်မတိုင်မီည၌ မြောက်ဝင်ရိုးစွန်းမှ ဒရယ်ရှစ်ကောင်ဆွဲသော စွပ်ဖားလှည်းအနီကို စီး၍ ခရီးလှည့်ကာ ကလေးတိုင်းကိုရပ်၍ အရုပ်များ အ၀တ်အစားများနှင့် စားစရာများကို ထားပေးခဲ့သည်။

ခရစ္စမတ်ပွဲတော်ဖြစ်ပေါ်လာရသောအကြောင်းရင်းမှာ ကမ္ဘာဦးမိဦးဖဦးဖြစ်သည့် အာဒါန်နှင့်ဧ၀တို့ကို ဘုရားသခင် ဖန်ဆင်းတော်မူခဲ့၏။ သူတို့သည် မြွေယောင်ဆောင်လာသော မာန်နတ်၏ ဖျားရောင်းသွေးဆောင်မှုကို ယုံမှားပြီး ဘုရား၏ ပညတ်တော်ကို ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင် ဖန်ဆင်းသော သတ္တ၀ါများထဲမှာ လူကို အမြတ်ဆုံးသတ္တ၀ါအဖြစ် ထားပါလျက်နှင့် ပညတ်တော်ကို ကျူးလွန်ခဲ့ကြသောကြောင့် မိမိသားသမီးအဖြစ်မှ စွန့်ခဲ့သည်။ သို့သော်လည်း ဘုရားသခင်သည် မဟာကရုဏာတော်နှင့် ပြည့်စုံတော်မူသော အရှင်သခင်ဖြစ်သည့်အတွက် မြွေယောင်ဆောင်လာသော မာန်နတ်ကို သင်သည် ဧ၀ကို ပါးနပ်စွာ လှည့်ဖျား၍ အနိုင်ယူခဲ့သည်။ သင်၏ဦးခေါင်းကို နင်းခြေ၍ သင့်ကို အနိုင်ယူမည့်သူသည် အမျိုးသမီးတစ်ဦးထံမှ ပေါ်ထွန်းလိမ့်မည် (ကမ္ဘာကျမ်း ၃း၁၅)ဟု မိန့်တော်မူသည်။ ဤကျမ်းချက်သည် တစ်နေ့သောအခါ လူသားများကို ကယ်ချွတ်မည့် ကယ်တင်ရှင်ကို ငါစေလွှတ်မည်ဟု ကတိစကား မိန့်ကြားခဲ့ခြင်း ဖြစ်သည်။


ဘုရားသခင်၏ ကတိတော်ကို အနာဂတ် တရားဟောဆရာတို့က နည်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် ဟောကြားခဲ့ကြရာ အီဇာယိယ အနာဂတ္တိကျမ်း (၇း၁၄)တွင် "ကြည့်လော သတို့သမီး ကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောင်္ကျားကို ဖွားမြင် လတ္တံ့၊ ထိုသားတော်ကို အေမာနုအယ်အမည်ဖြင့် မှည့်ခေါ်ရလတ္တံ့" ဟုတွေ့ရှိရသည်။

အထက်ပါ ကျမ်းချက်ကို နားလည်ကြသော ဂျူးလူမျိုးတို့သည် ကြွလာလတ္တံ့သော ကယ်တင်ရှင်ကို စောင့်မျှော်နေခဲ့ကြသည်။ ဂျူးလူမျိုး အပျိုကညာတို့သည်လည်း ကယ်တင်ရှင်၏ မယ်တော် မည်သူဖြစ်မည်နည်းဟု တွေးတောကာ နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့ကြသည်။ ခရစ်နှစ်မစမီ ကာလပိုင်း ရောက်သောအခါ ဂျူးလူမျိုး ကညာစင်မာရီယားအား "မာရီးယား မကြောက်ပါနှင့် သင်၏ ၀မ်း၌ သန္ဓေတည်၍ သားယောင်္ကျားကို ဖွားမြင်လိမ့်မည် သူကို ယေဇူးဟုခေါ်တွင်စေရမည်" ဟုသိကြားမင်းက အမိန့်တော် ပြန်ခဲ့သည်။
ထိုခေတ်ကာလသည် ရောမဘုရင် ဆေးဇားသြဂက်စတူး နန်းစံသော အချိန်ဖြစ်သည်။ ဆေးဇားသြဂတ်စတူးသည် တစ်နိုင်ငံလုံးကို သန်းခေါင်စာရင်း ကောက်ယူရန် အမိန့်ထုတ်သည်။ ဂျူးလူမျိုးများကို ဘုရင်ခံ ဟေရုတ်မှ တဆင့် သန်းခေါင်စာရင်း ကောက်သည်။ မာရီယားသည် အထိန်းတော်ဇူဇယ်နှင့် မိမိတို့ မွေးရပ်မြေ နာဇရက်မြို့မှ မြို့တော်ဘက်သလင်သို့ အမည်စာရင်းပေးရန် သွားကြရ၏။ ဘက်သလင်မြို့၌ သန်းခေါင်စာရင်းပေးသွင်းရန် လာရောက်ကြသောလူများ များပြားလှသဖြင့် တည်းခိုရန် နေရာမရသောကြောင့် မြို့ဆင်ခြေဖုံးရှိ နွားတင်းကုတ်တစ်ခုသို့ မမှောင်မီ အရောက်သွား၍ ခိုလှုံကြရသည်။ ထိုနေ့သည် မာရီယား၏ ကိုယ်ဝန်နေ့စေ့လစေ့ ဖြစ်နေသောကြောင့် ညအချိန်တွင် ကယ်တင်ရှင်ကို ဖွားမြင်ခဲ့လေသည် မိမိ၏ သားဦးကို အ၀တ်နှင့်ပတ်ပြီး နွားစားကျင်း၌ သိပ်ထားရသည်။ ထိုနေရာမှ မနီးမဝေးတွင် သိုးကျောင်းသားတို့သည် သိုးများကို အလှည့်ကျ စောင့်နေကြရသည်။ ထိုအချိန်၌ ဘုရားသခင်၏ ရောင်ခြည်တော်သည် သူတို့ ပတ်ဝန်းကျင်၌ ထွန်းတောက်သဖြင့် ထိပ်လန့်တကြား ဖြစ်သွားကြစဉ် ကောင်းကင်မှအသံက မကြောက်ကြနှင့် အမျိုးသားအပေါင်းတို့အား အလွန် ၀မ်းမြောက်စေသော သတင်းကို ငါပြောကြား၏ ကယ်တင်တော်မူမည့် ကယ်တင်ရှင်သည် ဒါဝိတ်၏မြို့ (ဘက်သလင်မြို့)၌ သင်တို့အဖို့ ဖွားမြင်တော်မူပြီ သင်တို့အဖို့ တွေ့ကြလိမ့်မည်ဟု ကောင်းကင်တမန်က ထင်ရှားပြ၍ ပြောလေသည်။

ထိုခဏခြင်းပင် တခြားကောင်းကင်တမန်များ ပေါ်ထွန်းလျက် "အထတ်ကောင်းကင်ဘုံ၌ ဘုရားသခင်အား ဘုန်းတော် ဂုဏ်တော်ရှိပါစေသော မြေကြီးပေါ်၌လည်း စိတ်နှလုံးကောင်းရှိသူတို့အား ငြိမ်းချမ်းသာယာခြင်း ရှိစေသတည်း (လုကား၂း၁၀-၁၄) ဟု ကောင်းပင်တမန်တော်တို့၏ တေးသံကို ကြားရပြီးနောက် သိုးထိန်းတို့သည် ဘက်သလင်မြို့သို့ အလျင်အမြန်သွားကြရာ နွားစားကျင်း၌ သိပ်ထားသော သူငယ်တော်ကို တွေ့ကြလေ၏။ ထိုအချိန်တွင် ကယ်တင်ရှင် မွေးဖွားကြောင်း ထင်ရှားစေရန် ကောင်းကင်တွင် ထူးဆန်းသောကြယ်တံခွန်တစ်ခု ပေါ်ထွန်းလေသည်။

ဤဖြစ်ရပ်ကို ကြားသိရသော မယ်တော်မာရီးယား အထိန်းတော်ဇူဇယ်နှင့် သိုးထိန်းတို့သည် ၀မ်းသာမဆုံးဖြစ်သကဲ့သို့ ယနေ့ ခရစ်ယာန်ဘာသာဝင်တို့သည်လည်း ကယ်တင်ရှင်ဖွားမြင်တော်မူသော နေ့ရက်ကိုသတိရပြီး နှစ်စဉ် ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ခရစ္စမတ် (သို့) နာတာလူးပွဲတော်ကျင်းပကြသည်။ နာတာလူး ဆိုသည်မှာ ဖွားမြင်ခြင်းဟု အဓိပ္ပါယ်ရသည်။

Center

သပြေ

Read More...

ခရစ္စမတ်နှင့် နှစ်သစ်ကူး နှုတ်ခွန်းဆက် မင်္ဂလာစကား


ခရစ္စမတ်နှင့်နှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား

ခရစ္စမတ် ည..ကျမ်းစာ နှုတ်ကပတ်တော်ကိုကျွမ်းကျင်တဲ့ သုခမိန်ကြီး ရဟန္တာသံ ဂျေရုမ်းဟာ သူငယ်တော် မွေးဖွားသော ဘုရားကျောင်းကြီးထဲက သူငယ်တော်ဂူလှိုင်နားမှာ ဆုတောင်းတုန်း သူငယ်တော်လေး ထင်ရှားပြတယ်လို့ ဆိုထားတယ်။ အဲဒီအချိန်မှာ အလင်းရောင်များတောက်ပလျက်ရှိနေတယ်။
သူငယ်တော်လေးက..
"ဂျေရုမ်း သင် ငါ့ရဲ့မွေးနေ့ ဘာပေးမလဲ?"
"သူငယ်တော်ဘုရား တပည့်တော်ရဲ့ နှလုံးသားကို ပေးဆက်ပါ့မယ်။"
"ကောင်းတယ်..ပိုပေးပါအုံး..?"
"တပည့်တော်ဆီမှာ ရှိသမျှတပည့်တော်ရဲ့ ဘ၀တစ်ခုလုံးကိုပေးပါ့မယ်"
"ငါလိုချင်တာ ရှိသေးတယ်..?"
"ကိုယ်တော်ဘုရား.. တပည့်တော်ဆီ နောက်ထပ် ဘာမျှ မရှိတော့ပါဘူး ဘာလိုချင် သေးပါသလဲ"
"ဂျေရုမ်း..သင့်ရဲ့အပြစ်များအားလုံးကိုပေးပါ..."
"ဒါတွေနဲ့ ကိုယ်တော် ဘာလုပ်မှာလဲ.."
"သင့်အပြစ်များ အားလုံးကို အခွင့်လွှတ်ပေးနိုင်ဖို့ ငါ့ကိုပေးပါ.."
"ခရစ်တော် ယေဇူးလေး တပည့်တော် ငိုချင်တယ်" ဆိုပြီး သံဂျေရုမ်းဟာ ၀မ်းသာအားရလွန်း၍ ခရစ်တော် ယေဇူး သူငယ်တော်လေးအား ပြည့်ဝသော ချစ်ခြင်းဖြင့် ကြည့်လျက် ငိုရှိုက် လိုက်တယ်။

ဒီအဖြစ်အပျက်လေးက ဘာကိုဆိုလိုပါသလဲ...
ရှင်းရှင်းလေးပါဘဲ.. ခရစ်တော်ကို ၀မ်းမြောက် ကြည်နူးစေဖို့ ကျွန်ုပ်တို့ တစ်ဦးစီ ကိုယ့်အပြစ်အမှားများအတွက် ၀မ်းနည်းတောင်းပန် အာပတ်ဖြေခြင်းနဲ့ ပြင်ဆင်ဖို့ဖြစ်ပါတယ်။ ဖြူစင်သော နှလုံးသစ်နဲ့ ကိုယ်တော်၏ စားပွဲတော်သို့ ချဉ်းကပ်ကြပါစို့...

Read More...

Saturday, November 28, 2009

လမ်းပြသူ


လမ်းပြသူ

ငှက်ကလေးတွေ သံချိုလွင်
တီတီတာတာ စကားသင်
ငှက်မိခင် သွန်သင်ပြ
ငှက်ကလေးတွေ လိုက်ဆိုကြ။

ကြက်မကြီးက ခြေယက်ကာ

အမှိုက်ထဲမှာ အစာရှာ
ကြက်ကလေးတွေ လိုက်ယက်ကြ
မိခင်ဆီမှ ပညာရ။

နံနက်လင်းစ သည်အချိန်ခါ
သားသမီးများ ပျော်ရွှင်စွာ

မစ္ဆားလိုက်ကာ ဆုတောင်းကြ
မိဘများက လမ်းကောင်းပြ
သားသမီးများ လိုက်ကျင့်ကြ။

ပြာလချောင် (သံဝင်း)

Read More...

အမျိုးသမီးဖြစ်ရခြင်း၌ . . .။


အမျိုးသမီးဖြစ်ရခြင်း၌ . . .။

Luciano Cian မှ God's Plan misunderstood (ဘုရားအစီအစဉ်ကို တလွဲနားလည်ခြင်း) ဟူသည့်ခေါင်းစဉ် နှင့် ဤသို့ ရေးသား ထားသည်။ "ပုံသေနည်း အရ ခင်ပွန်းနှင့်ဇနီး တူညီသောအဆင့် ဂုဏ်သိက္ခာရှိသည်။ သို့သော် လက်တွေ့တွင်မူ ဇနီး (အမျိုးသမီး)သည် ပိုနိမ့်သောအဆင့်၌ ရှိသည်၊ ဘုရားသခင်၏ မူလအစီအမံ ဖြစ်သော အမျိုးသမီး၊ အမျိုးသားကြားတွင် တန်းတူ ညီမျှရေးသည် ဓမ္မဟောင်းခေတ် ဂျူးလူမျိုးများက သွေဖယ်သွားစေခဲ့ကြသည်။ ၄င်းကို ဓမ္မသစ်ခေတ်တွင် သခင်ယေဇူးက ပြန်လည်ချမှတ် ပေးခဲ့ရသည်။ ကမ္ဘာဦးကျမ်းတွင် (မ)နှင့်(ကျား)တန်း တူညီ ဂုဏ်ရည်ရှိမှုကို တင်ပြထားပေသည်။ ဖန်ဆင်းရှင်၏ အလိုတော်မှာ ဂုဏ်ရည်တူ လူအမျိုးအစား နှစ်မျိုးတို့ အချင်းချင်း အကူအညီဖြစ်စေ၊ အပြန်အလှန် ဖြည့်စွက်ကြစေ အလို့ငှါသာ ရည်ရွယ်ခဲ့သည်။" (ကမ္ဘာဦး ၂း၂၃)။
"အမျိုးသမီးနှင့် အမျိုးသား၏ လုပ်ဆောင်ရန် တာဝန် အခန်းကဏ္ဍ မတူညီကွဲပြားသည် မှန်ပါ၏။ သို့သော် လူပုဂ္ဂိုလ် တန်ဖိုးချင်းမူကား တန်းတူရည်သာ ဖြစ်ကြပါသည်။ အမျိုးသားက အမျိုးသမီးအပေါ် မတရားအထက်စီးမှ အနိုင်ယူသည် ဟုပြောရန်မှာ ၀မ်းနည်းဖွယ်၊ ရှက်ဖွယ်ဖြစ်၏။ သခင်ခရစ်တော်သည် ဖန်ဆင်းခြင်း အစကတည်းက ထားရှိရည်ရွယ်သော အမျိုးသမီးတို့ ဂုဏ် သိက္ခာကိုပြန်လည် ထူမြောက်ပေးရန် ကြွလာခဲ့ပေသည်။" ဟူ၍လည်း Woman: a person uniquely creative စာအုပ်တွင်ရေးသားထားပါသည်။

လူတွင် အဆင့်အတန်း၊ အမျိုးအမည်၊ အသင်းအဖွဲ့၊ မြေနေရာဒေသ စသဖြင့် ခွဲခြားခြင်းကို ၀ါသနာပါသည့် စရိုက်ရှိနေပေသည်။ ခွဲခြားမှု အမျိုးမျိုးထဲမှ အမျိုးသမီး၊ အမျိုးသား (အမ၊အဖို) ခွဲခြားမှုတစ်ခုကလည်း အခိုင်အမာ အမြစ် တွယ်နေသည်ကို တွေ့ရမည်ဖြစ်သကဲ့သို့ ကျွန်မတို့နေထိုင်သော လောကကို အမျိုးသား (အဖို) ကြီးစိုးလျက်ရှိကြောင်း ထင်ရှားပေသည်။ အမျိုးသမီး၊ အမျိုးသား နှစ်မျိုးလုံးပါဝင်သော ကိစ္စတစ်ခုခု တင်ပြရန် ရှိလျှင်ထိပ်မှ၊ ရှေ့မှ အမျိုးသားအမည်များ အစီအရီ ရေးသားပြီးမှသာ နောက်မှ အမျိုးသမီးအမည်များ ရေးလေ့ ရှိကြသည်။ အသေးဆုံး ဥပမာအဖြစ် - သီချင်းခွေ၊ စီဒီဖုံးပေါ်မှ အဆိုတော်များ အမည်စာရင်းကိုသာ ကြည့်ပါ။

ဤသည်မှာ ရှေးပဝေသဏီမှ မြစ်ဖျားခံလာသော အယူအဆဖြစ်၍ မည်သူ့ကိုမျှ တရားခံစစ် ရှာမရနိုင်သကဲ့သို့ အပြစ်ပုံချရမည့်သူလည်း တွေ့မည်မဟုတ်ပါ။ အမျိုးသားက မြတ်သည်၊ မြင့်သည် ဟူသည့်အယူကို အမျိုးသမီးများ ကိုယ်တိုင်ကပင် ကျေကျေနပ်နပ် လက်ခံနေကြပေသည်။ အမျိုးသား၏ မြင့်ခြင်း၊ မြတ်ခြင်း အယူအစွဲသည် မည်မျှထိ ခရီးရောက်သွား သနည်းဟူမူ မိမိကိုးကွယ်သည့် ဘုရား နှင့်ပင် နှိုင်းယှဉ်၊ တိုင်းတာသည် အထိဖြစ်သွားရသည်။ အဖိုမဟုတ်၊ အမ မဟုတ် ခန္ဓာကာယလည်း မရှိ၊ ၀ိညာဉ်သက်သက်ဖြစ်သော ဘုရားကို ပင်အမျိုးသား (အဖို) အဖြစ်သာ မြင်ယောင်တင်စား လက်ခံထားကြလေသည်။

ဤအချက်နှင့် ဆက်စပ်၍ "အာရှအမျိုးသမီး အသင်းတော် (နျွှဗ)" ဒုတိယအကြိမ် အစည်းအဝေး (အင်ဒိုနီးရှား) တွင် ၂၀၀၄-ခုနှစ်က သွားရောက် ပါဝင်ဆွေးနွေးခဲ့သော Sr. Ann Shwe, SJA၏ ရှင်းလင်း ကိုးကားချက်များမှ တစ်ချက် ထုတ်နှုတ်ဝေမျှလိုသည်မှာ "ဖန်ဆင်းရှင်ဘုရားကို ဖြူသောဝတ်ရုံတော် ၀တ်ဆင်ထားလျက် မုတ်ဆိတ်ရှည်ကြီးနှင့် (ယောက်ကျားသား) အဖိုးကြီး၏ ပုံရိပ်မျိုး မြင်ယောင်တတ်ခြင်းကို မေ့ဖျောက် ပစ်ကြပါစို့။ ဘုရားကို မည်သူမျှ မမြင်စဖူးပါ၊ အမျိုးသားပန်းချီ၊ ပန်းပုဆရားများက ရေးဆွဲထုလုပ်သည့် ဘုရားပုံတော်များကိုသာ မျက်စိ ယဉ်နေခဲ့ကြသည်။ စွဲထင်နေ ခဲ့ကြပေသည်။ အကယ်၍ တစ်စုံတစ်ယောက်မှ ဘုရားကို ဤသို့ အမျိုးသားဟန် သဏ္ဍန်ဖြင့် ရူပါရုံ မြင်ရပါသည် ဆိုလျှင်ပင် ၄င်းသည် ကာလံ၊ ဒေသံနှင့် အခြေအနေတစ်ခု၏ သီးခြားလိုအပ်မှု အတွက်သာ ဖြစ်ပါလိမ့်မည်။ (အမ၊ အဖို) ခပ်သိမ်းကို အသက်ပေးသွင်း သူ၊ လိင်မဲ့၊ ခန္ဓာမဲ့ ၀ိညာဉ်သက်သက်ဖြစ်သော ဖန်ဆင်းရှင်ဘုရားကို ကျမ်းစာမှလည်း ဘုရားသခင်သည် (အဖို) ဖြစ်တော်မူ၏။ သို့မဟုတ် (အမ) ဖြစ်တော်မူ၏ ဟုဖေါ်ပြခြင်းထက်၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏ (၁ ယော ၁း၁၆ ) ဟူသာ တွေ့ရမည်ဖြစ်သည်။

ဘုရားသခင်သည် လူကိုဖန်ဆင်း ကတည်းက "ငါတို့နှင့်တညီ၊ တစ်သဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့" ဟု သာ ပြောခဲ့ပါသည်။ "လူတန်းစား နှစ်မျိုးကို ဖန်ဆင်းကြစို့" ဟုမပြောပါ။ (ကမ္ဘာဦးကျမ်း ၁၆း၇၈) က ဟာဂရ အမည်ရှိသော ကျွန်မတစ်ယောက်ကို ကောင်းကင်တမန် ကမေးသည့် "ဘယ်က လာပြီး၊ ဘယ်ကိုသွားမှာလဲ" ဤမေးခွန်းသည် အမျိုးသမီးတိုင်း မိမိ ကိုယ်ကို ပြန်မေးရမည့် မေးခွန်းပင် ဖြစ်ပါသည်။ ၄င်းမေးခွန်းကိုဖြေရန် ကျွန်မတို့ ငယ်ငယ်က ဘုရားစကား၌ သင်ခဲ့ရသော အမေး၊ အဖြေတစ်ခုက အကျုံးဝင်နေပါသည်။ "ဘုရားသခင်က လူကို ဘာအတွက် ဖန်ဆင်းတာလဲ" "သူ့ကိုသိဖို့၊ သူ့ကိုချစ်ဖို့၊ သူ့ကိုအစေခံဖို့နဲ့ နောင်ဘ၀ကျရင် သူနဲ့အတူထာဝရ ပျော်ရွှင်မှုကို ခံစားရစေဖို့" ဟူ၏။ သို့ဖြစ်လျှင် ဘုရားထံမှ လာကာ ဘုရားထံသို့ ပြန်သွားရမည့် အမျိုးသမီး၏ အရည်အသွေးကိုပို၍ ညံ့ဖျင်းသော လူသားတစ်မျိုးအဖြစ် ဖန်ဆင်းထား ပါမည်လော။ အမျိုးသမီး (အမ) ဖြစ်စေ၊ အမျိုးသား (အဖို) ဖြစ်စေ သူ၏ ဖန်ဆင်းရှင်ဖြစ်သော ဘုရားနှင့်တလုံး တ၀တည်း ဖြစ်စေရန်သာ ဖန်ဆင်းထားပါသည်။ ၀ိညာဉ် သက်သက်ဖြစ်သော အဖိုလည်းမဟုတ်၊ အမလည်း မဟုတ်သော၊ အနန္တ မေတ္တာရှင်သည် ချစ်ခြင်းမေတ္တာဖြစ်သောကြောင့် ထိုဘုရားသည် လူကိုအညံ့၊ အကောင်း ခွဲခြားပါမည်လော။

ထို့ကြောင့် အမျိုးသမီး ဖြစ်နေခြင်းကြောင့် တစ်ဆင့်နိမ့်၊ ဒုတိယတန်းစား၊ အရည်အသွေး ညံ့ဘ၀ရှင်ပါ ဟူသည့် အယူအဆကို ခေါင်းထဲမှ ထုတ်ပစ်ကြပါစို့။" ဤသို့ဆိုထားသည်။

သင်သည် အမျိုးသမီးတစ်ဦး ဖြစ်ပါက သင့်ကိုယ်သင် ကောမည်သို့ ခံယူထားပါသလဲ။ ဘာသာရေး၌၊ လူမှုရေး၌ သင့်မိသားစုအတွင်း၌ကော သင့်ကိုယ်သင် မည်သည့် နေရာ၌ ထားပါသလဲ။ မည်သည့် နေရာ၌ နေရပါသလဲ။

(ရှေ့ဆက်ရန်)

Ref:
- What is your image of God ?
- What is your Female image of God? By (Sr. Ann Shwe , SJA)
- Woman: a person uniquely creative. By (Luciano Cian)
- In God's image ( Vol-19, No-2, June 2002
- Gathering the voices of the silenced (EWA)


အင်ဝိုင်းပန် (SJA)

Read More...

Friday, November 20, 2009

သင့်ကိုအလိုရှိသည်


သင့်ကိုအလိုရှိသည်

လူငယ်များနှင့် ပက်သက်ပြီး ရေးသားကြတဲ့ စာပေတွေ အများကြီး ရှိပါတယ်။ အနာဂတ်ရဲ့ ဗိသုကာများလို့ တင်စားပြီး လူငယ်တွေကို ကြိုးစား၊ နိုးကြားဖို့ စေတနာတွေနဲ့ ရေးသားကြတဲ့ တက်ကျမ်းတွေလည်း အများအပြားပါပဲ။ ကျွန်တော်တို့ ကက်သလစ် အသင်းတော်ထဲမှာလည်း လူငယ်တွေအတွက် ရည်စူးပြီး ဖွင့်လှစ်တဲ့ သင်တန်းတွေ၊ ဟောပြောပွဲတွေ၊ စာပေတွေ ရှိပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လူငယ်ဆိုတာ သိပ်ကို တန်ဖိုးရှိပြီး အရေးကြီးတဲ့ ဘ၀ကို ပိုင်ဆိုင်ထားသူတွေ ပါလားလို့ ခံစားမိပါတယ်။

ခက်တာက ကျွန်တော်တို့ လူငယ်တွေပါ။ တန်ဖိုးရှိတဲ့ဘ၀၊ အချိန်၊ အခွင့် အရေးတွေကို ပိုင်ဆိုင် ထားကြပါလျက်နဲ့ တန်ဖိုးထားရကောင်းမှန်း မသိသေးတာပဲ။ အထူးသဖြင့် မြို့ပြနဲ့ ဝေးတဲ့ ဒေသက လူငယ်တွေပေါ့။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ ကျွန်တော်တို့တွေအားလုံး အများကြီး နောက်ကျ ကျန်ရစ် နေကြပါတယ်။ ကျွန်တော်တို့မှာ ပူပေါင်း ပါဝင်တတ်တဲ့ စိတ်ဓာတ်၊ တာဝန်ယူရဲတဲ့ စိတ်ဓာတ်၊ သိချင် တတ်ချင်တဲ့ စိတ်ဓာတ်တွေ ရှားပါးနေတယ်။ ကိုယ်ရဲ့ ဘာသာအကြောင်းကိုလည်း မသိသလို၊ ကိုယ့်ရဲ့ လူမျိုးဘာသာ စကားတွေကိုလည်း စိတ်ဝင်စားမှု နည်းပါးတာ တွေ့လာရပါတယ်။

ကျွန်တော့်အနေနဲ့ နေရာဒေသ အသစ် တစ်ခုခုကို သွားခွင့်ကြုံတိုင်း အဲဒီ ဒေသက လူငယ်တွေရဲ့ လှုပ်ရှားမှုကို အထူး သတိထား လေ့လာမိတတ်ပါတယ်။ ဒီအခါ နေရာတိုင်းမှာ ဖြစ်လေ့ ဖြစ်ထရှိပြီး လိုအပ်နေတဲ့ အရာတစ်ခုကို သတိထားမိပါတယ်။ အဲဒါကတော့ စည်းလုံးမှုနဲ့ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်တွေ လျော့နည်း နေကြတာပါဘဲ။ အသင်းတော်ထဲမှာ ကိစ္စတစ်ခုရှိလို့ လူငယ်တွေကို ဆင့်ခေါ်လိုက်ရင် အားတက်သရော စိတ်ဝင်တစားလာကြတဲ့ သူတွေ ရှားပါတယ်။ လူငယ်တွေလို့ ဆိုလိုက်ရင် မိန်းကလေးတွေကသာ အများစု ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ ကိုယ်ရွှေ ယောက်ျားတွေကတော့ အနည်းစုပါဘဲ။ ဒါဖြင့် ဒီရွာမှာ လူငယ် ယောက်ျားလေးတွေ မရှိလို့လား ဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး။ ဘောလုံးပွဲကြည့်ဖို့ ရောက်နေတဲ့ လူငယ်တွေ၊ ဘိလိယက်ဝိုင်း ရောက်နေတဲ့ လူငယ်တွေ၊ ကိုရီးယား ဇာတ်လမ်းကြည့်ဖို့ တီဗွီဖန်သားပြင် ရှေ့ရောက်နေတဲ့ လူငယ် သမီးပျိုတွေကလည်း တစ်ပုံကြီးပါဘဲ။ ဒီတော့ ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး မေးခွန်း ထုတ်ကြည့် ဖြစ်ပါတယ်။ ဒို့ ကက်သလစ် အသင်းတော်ကြီးပဲ ဆွဲဆောင်မှု မရှိဖြစ်နေလို့လား။ ဒါမှမဟုတ် ဦးဆောင်တဲ့သူတွေ ကဘဲ ညံ့နေတာလား၊ မိဘတွေကပဲ ကိုယ့် သားသမီးတွေကို တွန်းအားပေး ဆုံးမ သွန်သင်မှု နည်းသွားလို့လားဆိုတဲ့ မေးခွန်းပေါင်း များစွာကို အဖြေရှာဖို့ ကြိုးစားရင်းနဲ့ ဒီစာကို ချရေးဖြစ်ခဲ့တာပါ။

ကျွန်တော်တို့တွေဟာ ဘာကြောင့် တာဝန်သိသိနဲ့ အသင်းတော်ရဲ့ လှုပ်ရှားမှုတွေမှာ မပါဝင်ချင်ကြရတာလဲ။ ဆေးကြောခြင်း ခံယူထားတဲ့ ဘာသာဝင် တစ်ယောက်အနေနဲ့ မိမိရဲ့ ယုံကြည်ခြင်းကို သက်သေခံရဲတဲ့ စိတ်ဓာတ်တွေ ကျွန်တော်တို့မှာ လိုအပ်နေပါတယ်။ ဒီလို သက်သေခံတဲ့ နေရာမှာ ဆင်းရဲချမ်းသာ၊ ပညာ တတ်ခြင်း မတတ်ခြင်းတွေက အဓိက မကြပါဘူး။ ကျွန်တော်တို့ တတ်နိုင်တဲ့ နေရာလေးကနေပြီးတော့ အုတ်တစ်ချပ်၊ သဲတစ်ပွင့် အဖြစ် ပါဝင်ကြဖို့သာ အဓိကပါ။

မိမိတို့ရဲ့ သာသနာ တိုးတက်ဖို့ ကြိုးစားတဲ့ အရေးမှာ ကျွန်တော်တို့တွေ ခေါင်းရှောင်ချင်လို့ မရတော့ပါဘူး။ ငါမပါလည်း ဖြစ်သွားမှာပါ ဆိုတဲ့စိတ်နဲ့ ရေသာ ခိုနေဖို့ မသင့်တော့ပါဘူး။ အသင်းတော်ကြီးက သင့်ကို အလိုရှိနေတယ် ဆိုတာကို သိထားစမ်းပါ။ "We are the Church" ဆိုတဲ့ စကားလေးကို နှလုံးသားထမှာ သိမ်းထား လိုက်စမ်းပါ။ ကျွန်တော် တို့တွေ စည်းလုံးခြင်းတွေနဲ့ မိမိတို့ရဲ့ ယုံကြည်ခြင်းကို သက်သေခံ ဝေမျှကြဖို့ လိုနေပါပြီ။ "အဝေးဆုံးကိုသွားပြီး အစေ ခံကြမယ်ဟေ့" လို့ မကြွေးကြော်သေးခင် မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ အကောင်းဆုံး နေထိုင်ပြဖို့ လိုအပ် လျက်ရှိနေပါတယ်။ တနင်္ဂနွေ ဘုရားကျောင်းတက်ရုံနဲ့ တာဝန်ကျေပြီလို့ မယူဆပါနဲ့။ အသင်းတော်ကြီး တိုးတက် မြင့်မားဖို့ ကျွန်တော်တို့တွေ ကြိုးစားဖို့ အများကြီးလို ပါသေးတယ်။ ကျွန်တော်တို့ရဲ့ ငယ်ရွယ်တဲ့ ဘ၀အသက်တာကို ဘုရားအတွက် ဆက်ကပ်ချင်တဲ့ စိတ်ဓာတ်လေးတွေ မွေးမြူ လိုက်စမ်းပါ။

ဘုရားသခင်က ကျွန်တော်တို့ တစ်ဦးစီကို ကျေးဇူးတော် စွမ်းရည် သတ္တိ အသီးသီး ပေးအပ်ထားပါတယ်။ "ဒါပေမဲ့" အစားအကောင်း မြင်တတ်တဲ့ စိတ်နှလုံးသားနဲ့ပဲ အသက်ရှင်ကြဖို့ လိုနေပါပြီ။ သင့်ကို အသင်းတော်ကြီးက အလိုရှိနေတယ် ဆိုတာကို အမြဲသတိရလိုက်စမ်းပါ။ လူငယ် တစ်ယောက်အနေနဲ့ ကျွန်တော်တို့တွေ ဘယ်လို အသက်ရှင်သန် နေသလဲ။ ရင့်ရော်နေခြင်းလား၊ ဒါမှမဟုတ် ရင့်ကျက် လာခြင်းလား။ ကက်သလစ် လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော် တို့ရဲ့ ယုံကြည်ခြင်းက ဘယ်အဆင့်မှာလဲ။ မိဘတွေကြောင့်သာ ဖြစ်လာရတဲ့ သာမန် ယုံကြည်ခြင်းပဲလား။ ကျွန်တော်တို့ ကက်သလစ် လူငယ်တွေ အခြားသူတွေနဲ့ ယှဉ်ရင်ဘာ ကြောင့် နောက်ကျနေရတာလဲ။ ဒို့ ကက်သလစ်လူငယ်တွေ Love, Peace, & Unity ဆိုတာတွေကို ကျင့်သုံးနေပြီလား။

လူငယ်ဆိုတာ Mission & Vision တွေရှိရုံနဲ့မပြီးပါဘူး၊ လက်တွေ့ လုပ်ဆောင်ကြဖို့ ပိုပြီ အရေးတကြီး လိုအပ်ပါတယ်။ မထင်မရှား မွေးဖွားလာပြီး မထင်မရှား ကွယ်ပျောက် သွားမယ်ဆိုရင် ဘာထူးအုံးမှာလဲ။ မသေခင် ကျွန်တော်တို့ ဘာတွေ လုပ်သွားကြမလဲ.....စဉ်းစား..... စဉ်းစား။

ဂမုန်း(မိုးမောက်မြို့)

Read More...

Wednesday, November 18, 2009

"အသင်းတော်" မှ "သာသနာ"သို့ (သို့မဟုတ်) ဆန္ဒတစ်ခု


"အသင်းတော်" မှ "သာသနာ"သို့
(သို့မဟုတ်)
ဆန္ဒတစ်ခု

အသက် (၈၀) အရွယ် အဖွားတစ်ဦးနှင့် ဘာသာရေးပစ္စည်းဆိုင်မှာ စကားပြောဖြစ်ခဲ့ပါသည်။ ထိုအဖွားက "ကွယ်လွန်သူများ အတွက် မေတ္တာပို့ဆုတောင်းတဲ့ အောက်နက်ရာအရပ်က ကြွေးကြော်၍ဆိုတဲ့ မေတ္တာထဲမှာ ဘာသာတူ အပေါင်းတို့ကို ဖန်ဆင်းကယ်ချွတ်တော်မူပေသော အိုမြတ်စွာဘုရား သခင်... လို့ အမြဲတန်းဆိုကြတယ်။ အဲသည် စကားလုံးတွေကို ပြောင်းလဲ ပေးစေချင်တယ်။ ဘာ့လို့လဲ ဆိုတော့ အဲဒီ စကားလုံးများဟာ ကက်သလစ် သာသနာတော်၏ သွန်သင်ချက်နဲ့ ပြောင်းပြန် ဖြစ်မနေဘူးလား။ နာရေးတစ်ခုခုမှာ တစ်ခြားဘာသာဝင် တစ်ဦးဦးက ကြားမိရင် သူတို့ ဘုရားကလည်း သူတို့ကိုပဲ ဖန်ဆင်းပြီး သူတို့ကိုပဲ ကယ်တင်တာလားလို့ မထင်ပေဘူးလား ...လို့" အစချီပြီး ပြောပါတော့သည်။

"မေတ္တာတွေ ဓမ္မသီချင်းတွေက စာသားတွေမှာ ခေါ်တာနှင့် မကိုက်ညီတော့တာတွေ အများကြီး ရှိပါသေးတယ်။ အဲဒါတွေကို စီစစ်ပြီး ပြင်ပေးသင့်တယ်"။ (နာမည် မသိ) အဖွားတစ်ဦး၏ သေသေချာချာ အလေးပေး စဉ်းစားထားသည့် ဂုဏ်ယူဖွယ် ဆန္ဒတစ်ခု ဖြစ်ပါသည်။

တစ်နှစ်ခန့်အကြာ မမျှော်လင့်ပဲ ထိုအဖွားနှင့် နောက်ထပ်တစ်ခါ ပြန်ဆုံ ဖြစ်ပြန်ပါသည်။ ကျွန်တော်က အဖွားကို မမှတ်မိတော့ပါ။ ထိုအဖွားက "ကွယ်လွန်သူများအတွက် ပို့သသော ဆုတောင်းမေတ္တာအကြောင်း ဟိုတစ်ခါ ပြောဖူးတဲ့ အဖွားလေ။ အဲဒါလေး ဘယ်တော့လောက် ဖြစ်လာမလဲ"လို့ ပြောမှ ကျွန်တော် ထိုအဖွားကို မှတ်မိပါတော့သည်။

သည်တစ်ကြိမ်မှာတော့ အဖွားနာမည်ကို ကျွန်တော် မေးခဲ့ပါသည်။ အဖွားက သိုးထိန်းအသံစာဖတ် ပရိတ်သတ် တစ်ဦးဖြစ်တာကိုလည်း သိလာရပါသည်။ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်။ တင်ပြပေးပါမယ်။ သည့်အပြင်သည် အကြောင်း ဆောင်းပါးရေးမယ်လို့ ပြောတော့ အဖွားက သူ့နာမည်တော့ မဖေါ်ပြနဲ့နော် ဆိုတာကြောင့် နာမည်ကို မဖေါ်ပြတော့ပါ။

ကျွန်တော် ရင်တွင်းမှာလည်း ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေခဲ့သည့် ဆန္ဒတစ်ခုရှိပါသည်။ အဲဒါကတော့ ကျွန်တော်တို့ ဆုတောင်းမေတ္တာ စာအုပ်များ အပါအ၀င် ဓမ္မသီချင်းစာအုပ်များကို "ပြန်လည် သုံးသပ် ပြင်ဆင်ချင်စိတ် (a wish to revise)" ဖြစ်ပါသည်။

အဲသည်လို "ပြန်လည် သုံးသပ် ပြင်ဆင်ချင်တဲ့ (revised version)" စကားလုံးတွေထဲက "အသင်းတော် သို့မဟုတ် သာသနာ" အကြောင်းကိုပဲသည်လ ဆောင်းပါးမှာ ရေးလိုပါသည်။

ခုတစ်လော မော်တော်ကားရှေ့ မှန်များပေါ်မှာ "မန္တလေးသာသနာ"၊ "နှစ်ခြင်း သာသနာ" "ခရစ်ယာန် သာသနာ" "ကက်သလစ်သာသနာ" "ကက်သလခ်သာသနာ" စသည်ဖြင့် သာသနာပေါင်း စုံနေတာ သတိထား မိပါသည်။ ကက်သလစ် ဘာသာဝင်စစ်စစ် ဖြစ်သောကျွန်တော်သည်ပင် မျက်စေ့လည် ချင်ချင် ဖြစ်သွားပါသည်။ "ငါတို့ ခရစ်ယာန်များမှာ သာသနာဘယ်နှစ်ခုရှိလေမလဲ"ဟု တွေးကာ ပြုံးမိပါသည်။

သို့သော် ကျွန်တော်တို့၏ မေတ္တာစာအုပ်များနှင့် သြ၀ါဒတရားများမှာတော့ "ကက်သလစ် အသင်းတော်"ဟု သာ ဖတ်ရ ကြားရ တတ်ပါသည်။ "အမိအသင်းတော်"ဟုသာ ကြားရမြဲဖြစ်ပါသည်။ "မန္တလေးသာသနာ"ဟုသာ တွေ့နေရပါသည်။

ကျွန်တော်တို့ မြန်မာစကားတွင် "ကြက်ခြေနီအသင်း"၊ "သူနာပြုအသင်း" "သာရေး နာရေးအသင်း" "လှေလှော်အသင်း"၊ စသည်ဖြင့် အသင်းအဖွဲ့များ အများကြီးရှိပါသည်။ ထိုအသင်းအဖွဲ့များနှင့် တန်းတူထားကာ ကက်သလစ်ဘာသာကိုလည်း ကက်သလစ်အသင်းဟု ခေါ်ကြတာဖြင့် ၀မ်းနည်းစရာပါ။
"သာသနာ"ဆိုသည့် မြန်မာစကားလုံးသည် ပါဋိလို sasana ဟု ခေါ်ပါသည်။ မူရင်းအတိုင်း တိုက်ရိုက် ဘာသာပြန်ဆိုပါက "(message) တရား ဒေသနာ၊ သွန်သင်ဆုံးမ စကား၊ သတင်းစကား"ဟု အဓိပ္ပါယ်ရပါသည်။ ထို့အပြင် အဆုံးအမ၊ သွန်သင်ချက်၊ အယူဝါဒသင်ကြားချက် (teaching, doctrine)"ဟုလည်း အဓိပ္ပါယ်ရပါသည်။ မြန်မာဘိဓာန်တွင် သာသနာကို "မြတ်စွာဘုရား အဆုံးအမ၊ ယင်းအဆုံးအမ တည်ရှိ နေဆဲကာလ"ဟု အနက်ဖွင့်ဆိုပါသည်။ အကျယ်ဖွင့်ဆိုရပါက "သာသနာ"ဟု ခေါ်ဆိုနိုင်ရန် "ဘုရား"၊ "တရား"၊ "သံဃာ"နှင့် "ကိုးကွယ် ယုံကြည်သူ ဘာသာဝင်များ" ဆိုသည့် မဏ္ဍိုင်ကြီး (၄)ခု ပါဝင် ရပါသည်။ "တရား"ကို မိန့်ကြားဆုံးမသူမှာ "ဘုရား" ဖြစ်ပါသည်။ "ဘုရား အဆုံးအမ တရားအစုစုကို ယုံကြည်ရာ အချက်များအဖြစ်" ဆက်တိုက် သွန်သင်သူများမှာ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓဘုရား၏ သားတော် ရဟန်းသံဃာတော်များ ဖြစ်ပါသည်။ ဗုဒ္ဓ၏ အဆုံးအမ တရားတော် အ၀၀ကို ယုံယုံကြည်ကြည် ခိုလှုံဆည်းကပ် ကိုးကွယ်နေကြ သူများမှာ ယုံကြည်သူ ဘာသာဝင်များပင် ဖြစ်ပါသည်။

ထို့ကြောင့် "ကြက်ခြေနီအသင်း"ကို "ကြက်ခြေနီသာသနာ"ဟု မခေါ်နိုင်ပါ။ "နားရေးကိစ္စ အ၀၀ကို ကိုယ်ကျိုးစွန့် လုပ်ကိုင်နေပါသော်လည်း ထိုအဖွဲ့ကို နာရေး သာသနာဟု မခေါ်ဆိုနိုင်ပါ။

အင်္ဂလိပ်စကားလုံး Churh သည် ဂရိဘာသာ စကားလုံး Kyriake မှ ဆင်းသက်လာပါသည်။ အဓိပ္ပါယ်မှာ ဘုရားရှိခိုးကျောင်း (ဘုရားဝတ်ပြုသည့် အဆောက်အဦး)ဟု ခေါ်ပါသည်။ ခရစ်ယာန်အသုံးအနှုန်းတွင် Churh ကို ကိုးကွယ်ဝတ်ပြုသော လူစုလူဝေး (the liturgical assembly)၊ ဒေသအသီးသီးရှိ ယုံကြည်သူများ (the local community of believers)၊ ကမ္ဘာတစ်ဝန်းရှိ သာသနာတော် (the universal Church) စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းကြ ပါသည်။ ကက်သလစ်သာသနာကို Church ဟု ခေါ်ဆိုရာတွင် ထိုအဓိပ္ပါယ်သုံးမျိုးစလုံး ပါဝင်ရပါသည်။ ထို့ကြောင့် Church ဆိုသည်မှာ ဘုရားရှင် စုရုံးထားသော ကမ္ဘာတစ်ဝန်းလုံးမှ ယုံကြည်သူ တပည့်သားသမီးများ ဖြစ်ပါသည်။ ထိုယုံကြည်သူ တပည့် သားသမီးများသည် ဒေသအသီးသီးတွင် နေထိုင်အသက်ရှင်ကြသည်။ ဘုရားရှင်အားဝတ်ပြုကိုးကွယ်ရန် အထူးသဖြင့် ကိုယ်တော်မြတ် စက္ကရင်မင်တူးကို ကျင်းပနိုင်ရန် စုရုံးကြသောသူများ ဖြစ်လေသည်။ ဇူလိုင်လ (၁၀)ရက်၊ ၂၀၀၇ခုနှစ်နေ့က "သာသနာတော် (Church) အကြောင်း သင်ကြားချက်နှင့် ပါတ်သက်၍ မေးလာသော မေးခွန်းတစ်ချို့အတွက် ဖြေကြားချက် (Responses to Some Questions Regarding Certain Aspects of the Doctrine on the Church)" ဆိုသည့် ခေါင်းစဉ်နှင့် ကာဒီနယ် ၀ီလျှံ ဂျေ၊ ရေဗာဒါ လက်မှတ်ရေးထိုးပြီး ရဟန်းမင်းကြီး ဘေနာဒစ် (၁၆)အရှင်မြတ်ကိုယ်တော်တိုင် အသိအမှတ်ပြုထားသော သွန်သင်ချက်တစ်ခု ထုတ်ဝေ သွားခဲ့ပါသည်။

ထိုသွန်သင်ချက်တွင် "ကက်သလစ်သာသနာကြီးသည် တစ်ခုတည်းဖြစ်ပြီး စစ်မှန်သောသာသနာတော် ဖြစ်ပါသည်"။ "...တစ်ခြားသော ခရစ်ယာန်ဂိုဏ်းခွဲများ (ပရောတက်စတန် အသင်းများ)ကို သာသနာ Churchဟု မခေါ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်မြတ် စက္ကရင်မင်တူးနှင့် ရဟန်းသိက္ခါဆိုသည့် ယုံကြည်ရာ အချက်နှစ်ချက်နှင့် ပတ်သက်၍ အကြီးအကျယ်ကွာဟမှုကြောင့် ဖြစ်သည်" ဟု ကက်သလစ် သာသနာတော်က သင်ကြားပါသည်။

"...ဂိုဏ်းကွဲ ခရစ်ယာန် အသင်းတော်များတွင် တမန်တော်ကြီးတို့မှ အဆက်မပြတ် ဆင်းသက်လာသော ရဟန်း သိက္ခါတင်ခြင်း မရှိကြပါ။ ထို့ကြောင့် ထိုအသင်းတော်များတွင် Church သို့မဟုတ် သာသနာတော်ဟု ခေါ်ဆိုနိုင်ရန် လိုအပ်သော အချက်အလက်များ မပါရှိပါ။ တမန်တော်ကြီးများမှ စဉ်ဆက်မပြတ် ဆင်းသက်လာသော (ယနေ့ ရှိနေသော ကက်သလစ်ဆရာတော်ကြီးများမှ စတင်ကာ နောက်ပြန် ရေတွက်ပါက တပည့်တော်ကြီး ရှင်ပေထရု အထိ စဉ်ဆက်မပြတ် အဆက်ဆက်ရှိနေသော) ရဟန်းသိက္ခါ မပိုင်ဆိုင်တာကြောင့် ထိုအသင်းဂိုဏ်းများတွင် စစ်မှန်သော ကိုယ်တော်မြတ် စက္ကရင်မင်တူး (ခရစ်တော်ဘုရားရှင်၏ အသားတော် သွေးတော်) မပိုင်ဆိုင်တာကြောင့် ထိုဂိုဏ်းကွဲ ခရစ်ယာန်အသင်းတော်များကို သာသနာ (Church) ဟု မခေါ်ဆိုနိုင်ပါ"ဟု ဖြေကြားပါသည်။
ထို့ကြောင့် အဖွားတစ်ဦးရဲ့ ဆန္ဒတစ်ခုနှင့် ကျွန်တော့်ဆန္ဒတစ်ခုတို့သာ ပြည့်ဝမယ်ဆိုရင် "ကက်သလစ် အသင်းတော်" အစား "ကက်သလစ်သာသနာ"ဟု ထိုက်ထိုက်တန်တန် ခန့်ခန့်ညားညား ခေါ်စေချင်ပါသည်။ "အမိအသင်းတော်ကို ကောင်းချီးပေးတော်မူပါမည့်အကြောင်း"လိုဆိုမည့်အစား "အမိသာသနာတော်ကို ကောင်းချီး ပေးတော်မူပါမည့် အကြောင်း"ဟု ရဲရဲဝံ့ဝံ့ ပြောင်းဆိုစေလိုပါသည်။

မာကု (ဒဿန)


ကျမ်းညွှန်း

၁။ http://www.kusala.org/udharma2/dictionary/bd21.html; http://www.budsas.org/ebud/bud-dict/dic3_S.htm/
၂။ ခရီးဆောင် မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့ဦးစီးဌာန၊ ရန်ကုန်၊ ၁၉၉၉၊ စာမျက်နှာ ၃၂၂။
၃။ Catechism of the Catholic Church,Libreria Editrice Vaticana, Citta' del Vaticano, 1994, p. 173. သည်နေရာမှာ တိုက်ဆိုင်တာကြောင့် ရေဒီယိုအစီအစဉ်တစ်ခုက သတင်းကျေညာသွားပုံကို ထည့်ပြောလိုပါသည်။ အင်္ဂလိပ်လို Church ကို မြန်မာလို ဘုရားရှိခိုးကျောင်းဟု ခေါ်ပါသည်။ သို့သော် Catholic Church ကို ကက်သလစ်သာသနာဟု ခေါ်ပါသည်။ သို့သော် ထိုသတင်းအစီအစဉ်မှာ ကက်သလစ်ဘုရား ကျောင်းတော်ဟု မှားယွင်းစွာ ကျေညာသွားတာ သတိထားမိပါသည်။
၎။ Inside the Vatican, (Aug.-Sept, 2007), pp.10-13.

Read More...

Tuesday, November 17, 2009

ပျော်ရွှင်ဖွယ်ခရစ္စမတ်နေ့

ပျော်ရွှင်ဖွယ်ခရစ္စမတ်နေ့


ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့၏ တောင်စွယ် တောင်တန်း အလှတရားများ၊ စိမ့်စမ်း ရေတံခွန်များ၊ ချယ်ရီပန်းများနှင့် ဝေဆာလှသော အလှတရားများက မြင်ရသူများကို ရင်သပ် ရှုမောမေ့မရနိုင်အောင် ဆွဲဆောင်နိုင်သော သဘာဝအလှတရားများပင် ဖြစ်ပါသည်။ အထူးသဖြင့် ယခုလို မိုးကုန်ပြီး ဆောင်းရောက်ပြီဆိုလျှင် နေခြည်နွေးနွေးနှင့် အတူ သဘာဝရောင်စုံပန်းများ ဖူးပွင့် လာကြသည်။ ကျေးငှက်သရကာများ ပျံသန်းမြူးပျော် နေကြသည်။ ချမ်းအေးသော ရာသီဖြစ်၍ နေရာတိုင်း နှင်းဖွေးဖွေးများ ကျနေကြသည်။ ရွှေရောင် ၀င်းသောစပါးများကို ရိတ်သိမ်းစုစည်းပြီး သောကာလဖြစ်၍ တောင်သူ လယ်သမားများ ပျော်ရွှင်သောကာလလည်း ဖြစ်သည်။

ဤအချိန်သည် အရာရာ သာယာလှပနေသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ဆောင်းရာသီ၏ အလှများနှင့် တရားများတို့သည် ကျွန်တော်တို့၏ စိတ်ကိုအမောပြေ စေသကဲ့သို့ ကျွန်တော်တို့၏ စိတ်ထဲ၌ တစ်နှစ်တစ်ခါကျရောက်လာမည့် ဒီဇင်ဘာလ၏ ခရစ္စမတ်နေ့မြတ်ကို နွေးနွေးထွေးထွေး ကြိုဆို မျှော်လင့်လျက် ရှိကြသည်။ တိုင်းရင်းသား ခရစ်ယာန်ညီအစ်ကို မောင်နှမများအားလုံးသည် ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့ကို မျှော်လင့်နေ သကဲ့သို့ ကျွန်တော်တို့ "အခါ" လူမျိုး တိုင်းရင်းသားများသည်လည်း
ခရစ္စမတ်ရက်မြတ်ကို စောင့်မျှော်နေကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် လယ်ယာ စပါးရိတ်သိမ်းပြီး ဒီဇင်ဘာရောက်ပြီ ဆိုလျှင် ခရစ္စမတ်ပွဲနေ့၌ သုံးရန် ရည်ရွယ်၍ လိုအလှပသော အသုံးအဆောင်ပစ္စည်းများ၊ လက်ဆောင်ပစ္စည်းများကို ကြိုတင် ၀ယ်စုထားကြသည်။ ကလေးငယ်များရသော အိမ်ထောင်စုများသည်လည်း သူတို့သား သမီးများ ၀တ်ဖို့ အ၀တ်အစားများ ၀ယ်ပေးခြင်း၊ လက်ဆောင်ပစ္စည်းများ ၀ယ်ပေးခြင်းဖြင့် ပျော်ရွှင်စရာ ခရစ္စမတ်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်နေကြပါသည်။ ဒီဇင်ဘာလမြတ် ၂၂၊ ၂၃ ရက်နေ့ ရောက်ပြီဆိုလျှင် လူငယ်မောင်မယ်များဖွဲ့၍ ခရစ္စမတ် တေးသီချင်းများဖြင့် မိုးလင်းပေါက် တိုင်အောင် သီဆို နှုတ်ခွန်းဆက်ကြသည်။ ပျော်မြူးကြသည်။ စားပွဲသောက်ပွဲများ ပြုလုပ်လျက် အချင်းချင်း ဖိတ်ကြားကာ ပျော်ပျော်ရွှင်ရွှင် စားသောက်ကြသည်။ လက်ဆောင်ပစ္စည်းခြင်း လဲလှယ်ကြသည်။ အဝေးမှ ဆွေမျိုးများလာ၍ အတူတကွ ပျော်ရွှင်ကြသည်။ ကျွန်တော်တို့ "အခါ"လူမျိုးများသည် ခရစ္စမတ်ရောက်ပြီဆိုလျှင် အတတ်နိုင်ဆုံး ခေါပုတ် (ရှမ်းဘာသာ)ထောင်းကြသည်။ "အခါ" ဘာသာအားဖြင့် "ဟော်ထန်" ဟုခေါ်သည်။ "ဟော်"ကို ထမင်း၊ "ထန်"ကို ထောင်း "ထမင်းထောင်း"ဟုအဓိပ္ပါယ်ရသည်။

ကောက်ညှင်းပေါင်းပြီး နှမ်းစေ့ထောင်းဖြင့် ရော၍ ထောင်းရသည်။ မထောင်း တတ်လျှင် အလွန်ပင်ပန်းသည်။ ညက်နေအောင် ထောင်းမှသာ စားကောင်းသော ခေါပုတ်ကိုရသည်။ ထောင်းပြီးသား ခေါပုတ်ကို အချပ်သေး သေးလေးများလုပ်၍ မိတ်ဆွေ သူငယ်ချင်းများ၊ ဆွေမျိုးသားချင်းများကို (ခရစ္စမတ်၏ အစားအစာ အမှတ်တံဆိပ်အဖြစ်) စားသုံးစေသည်။ ခေါပုတ် (ဟောထန်)ကို မီးကင်၍ လည်းကောင်း၊ ဆီဖြင့်ကြော်၍ လည်းကောင်း နို့ဆီ၊ သကြားဖြင့် သုံးဆောင်နိုင်ပါသည်။ သကြားဖြင့် သုံးဆောင်နိုင်ပါသည်။ ဒီဇင်ဘာ (၂၄) ရက် ညသန်းခေါင်ယံတွင် မစ္ဆားတရားတော်မြတ်ကို ကမ္ဘာပေါ်ရှိ ဘုရားကျောင်းတိုင်း၌ ပူဇော်နေသကဲ့သို့
ကျွန်တော်တို့လည်း နှစ်စဉ် နှစ်တိုင်း သန်းခေါင်မစ္ဆား ပူဇော်နိုင်ရန် ဘုရားကျောင်းတက်ကြသည်။ ဒီဇင်ဘာ (၂၅) ရက် ခရစ္စမတ်ရက်ကြီး၌ မနက် မစ္ဆားနာယူပြီးသည်နှင့် သူ့ရွာ၊ ကိုယ့်ရွာ အိမ်တိုင်း အလှူခံသည်။ တစ်ချို့လည်း ခြံထွက် သီးနှံများလှူကြသည်။ ရလာသော အလှူများကို ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် စစ္စတာရ်များကို လှူဒါန်းကြပါသည်။ ပြီးလျှင်အိမ်သို့ပြန်လာပြီး ပျော်ရွှင်ဖွယ် ခရစ္စမတ်ရက်မြတ်ကို ဆက် ကျင်းပကြပါသည်။ ဒီဇင်ဘာ (၂၈) ရက်နေ့သည် ကျွန်တော်တို့ "အခါ"လူမျိုးများ၏ နှစ်သစ်ကူးနေ့ ဖြစ်ပါသည်။ နှစ်သစ်ကူးပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပကြသည်မှာနှစ်စဉ် နှစ်တိုင်းပင်ဖြစ်ပါသည်။

"အခါ" ရိုးရာသီချင်းများ၊ အကပဒေသာများ သီဆိုကခုန်၍ ဖျော်ဖြေ တင်ဆက်ကြပါသည်။ ပျော်ရွှင်စရာ နှစ်သစ်ကူးနေ့လည်း ဖြစ်သည်။ ဤသို့ဖြင့် ကျွန်တော်တို့ "အခါ"လူမျိုးများသည် မြင့်မြတ်သော ခရစ္စမတ်နေ့ကို ပျော်ရွှင်စွာ ကျင်းပကြသကဲ့သို့ "အခါ"နှစ်သစ်ကူးကိုလည်း စည်ကားစွာ ကျင်းပကြပါသည်။ နှစ်ဆန်း (၁) ရက်နေ့ မနက် မစ္ဆားတရားတော်မြတ်နာယူပြီး သောအခါ ထိုနေ့တစ်နေ့တာ၌ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြသည်။ ခရစ္စမတ်ပွဲနေ့ ပြီးဆုံးသွားပြီ ဖြစ်သော်လည်း ကျွန်တော်တို့၏ စိတ်၌ကား ပျော်ရွှင် ကြည်နူးနေပါသည်။ နောင်လည်း နှစ်စဉ်တိုင်း ပျော်ရွှင်ဖွယ်ခရစ္စမတ်နေ့ကို ကျင်းပဦးမည်မှာ အမှန်ပင် ဖြစ်ပါတော့သည်။

စိန်ပန်းနီ (ရှမ်းပြည်မြောက်)

Read More...

သင်၏ခေါ်တော်မူခြင်းကိုရှာဖွေဖေါ်ထုတ်ပါ။


သင်၏ခေါ်တော်မူခြင်းကိုရှာဖွေဖေါ်ထုတ်ပါ။

ကျွန်တော် ငယ်စဉ်က အဖေသည် ကျွန်တော်အား မမေ့နိုင်သော စကားတစ်ခွန်းကို ပြောခဲ့သည်မှာ - "သားမင်းကို မွေးစဉ်က၊ ကမ္ဘာလောကကြီး ၀မ်းမြောက်ရွှင်လန်းနေစဉ် မင်းဟာငိုနေခဲ့တယ်။ သေသောအချိန် မင်းဝမ်းရွှင်လန်းနေစဉ် ကမ္ဘာလောကကြီးငိုကြွေးနေရအောင် မင်းရဲ့ဘ၀မှာနေထိုင်ပါ" ဟူ၍ ဖြစ်သည်။ ကျွုန်ုပ်တို့သည် ဘ၀ဆိုတာဘာလဲဆိုတာ မေ့နေသည့်ခေတ် ကာလတွင် နေထိုင်နေကြသည်။ လူတစ်ယောက်ကို လကမ္ဘာသို့ လွယ်ကူစွာပို့ဆောင်နိုင်သောလည်း လမ်းကိုဖြတ်၍ မိတ်ဆွေတစ်ယောက်ကို တွေ့ရန် အခက်အခဲတွေ့ နေကြသည်။ မိုင်ထောင်ပေါင်းများစွာ အကွာအဝေးတွင်ရှိသော အလွန်သေးငယ်သည် ပစ်မှတ်ကို မစ်ဆိုင်းဒုံးကျည်ဖြင့် မလွဲအောင်ပစ်ခတ် နိုင်သော်လည်း၊ မိမိအိမ်မှာရှိသော ကလေးများနှုင့် စာကြည့်တိုက်သို့သွားရန် ရက်သတ်မှတ်၍ မရဘဲဖြစ်နေသည်။ ကျွန်ုပ်တို့တွင် အီးမေးလ်၊ ဖက်စ်၊ ဒီဂျစ်တယ်ဖုံးနှင့် အမြဲ ဆက်သွယ်နိုင်ကြသော်လည်း၊ တစ်ဦးနှင့်တစ်ဦးဆက်ဆံမှု နည်းပါးသော အချိန်ကာလတွင် နေထိုင်ကြသည်။ ကျွန်ုပ်တို့သည် လူများနှင့် ထိတွေ့မှုမရှိကြ။ ရည်ရွယ်ချက်များ ပျောက်နေကြသည်။ မည်သည်အရာသည် အရေးကြီးဆုံးဖြစ်သည်ကို မေ့လျော့နေကြသည်။
သင် ဤစာအုပ်ကို စတင်ဖတ်သောအချိန်မှာပင် ကျွန်ုပ် သင့်အား လေးစားစွားမေးပါမည်။ သင်သေသောအခါ မည်သူငိုမည်နည်း။ ဤကမ္ဘာမြေပေါ်တွင် အသက်ရှင်သန်ခွင့်ရစဉ်၌ လူသားပေါင်း မည်မျှနှင့် သင်ထိတွေ့မည်နည်း။ နောင်လာမည့် မျိုးဆက်သစ်အား သင့်ဘ၀က မည်သို့သော အရှိန်အ၀ါကို ပေးမည်နည်း။ သင်၏ နောက်ဆုံးထွက်သက် နောက်တွင် မည်သည့် အမွေအနှစ်ကို ချန်ထားခဲ့မည်နည်း။ ကျွန်ုပ်၏ ဘ၀တွင် ကိုယ်တိုင်သင်ယူခဲ့သော သင်ခန်းစာမှာ ဘ၀ကို သင်ကမပြုလျှင် ဘ၀ပြုသမျှ သင်နုရလိမ့်မည်။ နေ့ရက်များသည် ရက်သတ္တပတ်များသို့၊ ရက်သတ္တပတ်များသည် လများသို့၊ လများသည် နှစ်များသို့ လျင်မြန်စွာ ကူးပြောင်းသွားကြသည်။ ဘ၀တွင် တ၀က်တစ်ပျက် နေထိုင်ခဲ့သောကြောင့် မကြာမီ မည်သည့်အရာမျှ မကျန်တော့ဘဲ နောင်တဖြင့် ကြေကွဲနေသော နှလုံးသားသာ ကျန်ရှိပေမည်။ သင့်ဘ၀တွင် ပြန်လည်နေထိုင်ခွင့်ရလျှင် သင်ဘာလုပ်မည်နည်း ဟုအိပ်ရာထဲတွင် လဲနေသော စာရေးဆရာကြီး ဂျောခ်ျဘားနန်ရှောအား မေးရာ သူကစဉ်းစား၍ "ငါဖြစ်ချင်သော ပုဂ္ဂိုလ်မျိုး ငါဖြစ် နိုင်ပါတယ်။ ဒါပေမဲ့ငါမဖြစ်ခဲ့ဘူး" ဟုသက်ပြင်းချလျက် ပြန်ဖြေခဲ့သည်။ ကျွန်ုပ် ဤစာအုပ်ရေးသားခြင်းသည် သင် ဤကဲ့သို့ မဖြစ်စေရန် ဖြစ်သည်။
ဤသို့ အစပြုသည်နှင့် သင့်ဘ၀လည်း ပြောင်းလဲသွားလိမ့်မည်။

Who Will cry when you die? စာအုပ်မှ Discover your calling ကိုပြန်ဆိုသည်။

အုတ်လှ

Read More...

Tuesday, November 10, 2009

ဘုရင်ဂျီ (သို့) စာနီ



ဘုရင်ဂျီ (သို့) စာနီ

သားသမီးရတနာ ဘာသာသွင်းဖို့
မိဘတို့ရဲ့ တာဝန်ကွယ်။
ဘုရားစကားတွေ သင်ကာတတ်တော့
ကိုယ်တော်မြတ်ကို စပင့်မယ်။
ခရစ္စမားရရင် ဘာသာရေးကို
ဝေးဝေးကနေ မရှောင်နဲ့ဟယ်။
အရွယ်ရောက်လာ ကြင်ယာတွေ့တော့
ပေါ့လျော့ခဲ့တာ အဖတ်ဆယ်။
မူးပြီးရမ်းတာ ဘုရင်ဂျီ/စာနီလားလို့
အများမေးရင် ရှက်စဖွယ်။
အိမ်ထောင့်တာဝန် အလွန်များလည်း
ဘုရားကျောင်းတော့ တက်ကြမယ်။
လှူဒါန်းကြမယ် ကုသိုလ်ရေးမို့
လက်မနှေးနဲ့ ညီစေကွယ်။
စည်းလုံးသွန်သင် မေတ္တာထားလို့

မိသားစုတို့ ပျော်ရွှင်ဖွယ်။
ယုံကြည်ခြင်းကို လက်တွေ့ကျင့်မှ
ကောင်းကင်ရဖို့ သေချာမယ်။
မယ်တော်ဆီမှာ ဒို့အားကိုးလို့
ဆထက်ထမ်းပိုး ကြိုးစားမယ်
ကြိုးစားမယ်၊ ကြိုးစားမယ်။

ခံပွင့်

Read More...

စာပေနှင့်မိသားစုဘဝ


စာပေနှင့်မိသားစုဘဝ

အလိမ္မာ စာမှာရှိ ဆိုတဲ့စကားကို ဓမ္မမိတ်ဆွေအပေါင်း ကြားဖူးကြပါတယ်...။ မှန်ပါတယ်မိတ်ဆွေ၊ စာပေနဲ့ ထိတွေ့နေရတဲ့ ဘ၀ရဲ့ကြည်နူးမှု ဟာယဉ်ကျေးမှုအဆင့် အတန်း၊ လူ့အဆင့်အတန်းကို မြင့်တက်လာစေ ပါတယ်။ ဒါပေမဲ့ အချို့ အချို့သောလူတွေဟာ၊ စာပေနဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့အတွက်၊ ငယ်ရွယ်စဉ် ကျောင်းသား ဘ၀ကအသိနဲ့ပဲဆက်ပြီး အသက်ရှင်နေကြတာတွေကို တွေ့ရပါတယ်။ တချို့ကျတော့ ဆက်ပြီး စာအုပ်စာပေတွေကို လိုက်စားလေ့လာလို၊ သူတို့ရဲ့ ဘ၀တလျှောက်လုံးအတွက် ဆက်လှမ်းနိုင်အောင် လှေကားထောင်သည့်သဖွယ် ဖြစ်တဲ့လူ တွေရှိကြပါတယ်။... ဤကဲ့သို့ လူတစ်လုံး သူတလုံးနှင့် နေနိုင်ဖို့ ဆိုတာဟာ သိပ်ကိုခက်ခဲတဲ့၊ သိပ်ကိုရနိုင်ခဲတဲ့ လူ့ဘ၀ပတ်ဝန်းကျင်ဆိုတာ လိုအပ်လှပါတယ်။ လူငယ်တစ်ယောက် စာကြည့်တိုက်ကို သွားဖို့၊ စာအုပ် စာပေဖတ်ရှု လေ့လာနိုင်ဖို့ဆိုတာ သူ့ဘ၀ ပတ်ဝန်းကျင်မှာ သင့်တင့်တဲ့၊ ကောင်းမွန်တဲ့ အသိုင်း အ၀န်းလိုအပ်လှပါတယ်။ အချို့လဲအများနှင့် မတူပဲတမူ ထူးခြားပြီးတော့ ပတ်ဝန်းကျင်နဲ့ ဆန့်ကျင်ကာ မိမိရဲ့ဗီဇစိတ်ကလေးတွေ ပါလာတတ်လို့ ထွန်းပေါက်သွားတာလည်း ရှိပါတယ်။ ဒါပေမဲ့ ရှားလှပါတယ်။ အများပိုင်ကတော့ ပတ်ဝန်းကျင်ရဲ့ ပြုစုပျိုးထောင်မှုကြောင့် ဖြစ်လာတာ ပိုပြီးများပါတယ်။

ကျွန်တော်
ငယ်စဉ်က ကလေးတစ်ယောက်ကို တွေ့ခဲ့ဘူးပါတယ်။ ကျွန်တော် စတွေ့တုန်းက၊ ကလေးငယ်ဟာ နှစ်တန်းလောက် ရှိပါပြီ။ သူဟာ ငယ်ရွယ်ပေမဲ့ သူဦးလေးတစ်ယောက်နဲ့ မန္တလေးက နာမည်ကြီး စာအုပ်ဆိုင်တစ် ဆိုင်ကိုရောက်ရောက် လာတတ်ပါတယ်။ အဲဒီတုန်းက သူဦးလေးက ဆယ်တန်း၊ သူ့ဦးလေးကလည်း အမှိုက်ဖြစ်မဲ့ စာအုပ်ဆို ကိုင်တာမဟုတ်ပါဘူး။ ကလေးက စာအုပ်မဖတ်နိုင် သေးပေမဲ့၊ သူ့ဦးလေးက စာအုပ်တွေကို ဖတ်ပြ၊ ရှင်းပြသူက နားထောင်နဲ့ပဲ၊ နှစ်တန်းကျောင်းသား ဒီကလေးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းတွေ၊ ဖက်ဆစ်တော်လှန်ရေးကြီးတွေကို သိနေတယ်။ သူ့ ဦးလေးမရှိတော့တဲ့ အချိန်ကာလ နောက်ပိုင်းမှာ သုံးတန်းလောက်သာရှိသေးတဲ့ ဒီကလေးဟာ၊ စာအုပ်ဆိုင်ကြီးကို ယောင်တောင်တောင်နဲ့ ရောက်ချလာတတ်ပါတယ်။

စာအုပ်ဖတ်ဖို့ထက် ဒီကလေးရဲ့ စိတ်ထဲမှာ အိမ်မှာအားနေရင်း ဒီစာအုပ်အငှား ဆိုင်ကိုပဲ သတိရလာတတ်တဲ့ သူ့ဦးလေးရဲ့ အကျင့်တွေ တူနေလို့ပါပဲ။ ဒါကြောင့် သူ့ဦးလေးမရှိလဲ ရောက်ရောက်လာတတ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ သိပ်အရေးကြီးတာ ကလေးရဲ့ အပေါ်ဆိုင်ရဲ့ ဆက်ဆံရေးပါပဲ။ ဒီကလေးဟာ သိပ်ကံကောင်းပါတယ်။ ဒီဆိုင်ကဆိုင်ရှင် လူပျိုကြီးက ဒီကလေးကို လက်ခံကြိုဆိုပြီး စာအုပ်ငှါးခတောင် မယူဘဲနဲ့၊ ကလေးနဲ့ကိုက်တဲ့ လိုက်တဲ့ စာအုပ်ကလေးကို လူကြီးတစ်ယောက်လို ဆက်ဆံကြတယ်လေ။ ဒီလိုနဲ့ သူဦးလေးကို အဖေါ်ပြုပြီး လာနေရတဲ့ ကလေးဟာ၊ သူ့သူငယ်ချင်း စာအုပ်ဆိုင်က ဦးဦးတွေနဲ့အဖေါ်လုပ်ပြီး ပျော်နေခဲ့ပါတယ်။ ဒီလိုနဲ့ သူဟာ သူရွယ်တူကလေးတွေနဲ့ မတူတော့ဘဲ လူကြီးတွေနဲ့သာ ပေါင်းတတ်လာပါတယ်။ သူရဲ့ နိုင်ငံရေးတွေ၊ ကမ္ဘာအရေးတွေကိုလည်း ကလေးတွေက နားမလည်ကြပါဘူး။
ဒီလိုနဲ့ ပဲကြာလာတော့ ဒီစာအုပ်ဆိုင်ကလေးဟာ ကလေးငယ်ရဲ့ ဒုတိယ အိမ် ဖြစ်လာတတ်ပါတော့တယ်။

ကျွန်တော်တို့ကျောင်းတွင် နံရံကပ်စာစောင်ပြိုင်ပွဲမှာ လေးတန်း ကျောင်းသား ဒီကလေးရဲ့ စာမူတစ်ခုကို တွေ့လိုက်ရလို့ သိပ်ကို အံ့သြသွားခဲ့ပါတယ်။ တကယ်တန်း ဒီလိုပြိုင်ပွဲမျိုးဆိုတာဟာ အတန်းကြီး အထက်တန်း ကျောင်းသားတွေရဲ့ လက်ရာတွေနဲ့သာ လွမ်းမိုးနေတတ်တာပါ။ နောက် ၈၈ နောက်ပိုင်းတော့ ကျောင်းတွေကွဲသွားလို့ မတွေ့ဖြစ်
တော့ ပါဘူး၊ ဒါပေမဲ့ ၀တ္ထုတွေ၊ ဆောင်းပါးတွေတောင် ရေးနေပြီလို့တော့ ကြားလိုက်ပါတယ်။

ကျွန်တော်တင်ပြချင်တဲ့ အချက်ကတော့၊ ကလေးငယ်တစ်ယောက် စာအုပ၀ါသနာပါဖို့၊ စာဖတ်လေ့ ဖတ်ထရှိဖို့ဆိုတာဟာ ရေခံ မြေခံကောင်းတွေရှိရမှာ ဖြစ်ပါတယ်။ လက်ခံနိုင်တဲ့ အသိုင်းအ၀ိုင်းနဲ့၊ အားပေးထောက်ခံမှု ရှိရမှာ ဖြစ်ပါတယ်။ စောစောက ကျွန်တော် တင်ပြခဲ့တဲ့ ကလေးဟာ စာအုပ်ဆိုင်က လူကြီးတွေကသာ ရှုပ်ပါတယ်ဆိုပြီး မောင်းထုတ်လိုက်ပါက၊ ဘယ်လိုမှ စာဂျပိုးလေးတစ်ကောင် ဖြစ်မလာပါဘူး၊ တစ်ကောင်ဆိုလို သိပ်ရိုင်း သွားပါသလား၊ စာပေ၀ါသနာအိုးများဟာ သူတို့ကို စာဂျပိုး လေးတစ်ကောင်လိုက ပြောတာကို ခံနိုင်ကြပါတယ်။ သိပ်လည်းဂုဏ်လို့ ခေါ်လောက်တဲ့၊ စာပေ၀ါသနာရှင်ပေါ် ထွက်ခဲ့ပြီးလား၊ ပေါ်ထွက်လာ တော့မှာလား။ ပေါ်ထွက်မလာ စေချင်ဘူးလား၊ သုံးသပ်ပါ မိတ်ဆွေ...စာဖတ်ခြင်းဟာ ရင့်ကျက်တဲ့ဘ၀၊ အသိဥာဏ်ရှိတဲ့ ဘ၀တွေကို ဆွတ်ခူးရယူနိုင်ပြီးတော့ အောင်မြင်မှုရဲ့ မှန်ကန်တဲ့ လမ်းပေါ်ကို လျှောက်လှမ်းနိုင်ပါတယ် မိတ်ဆွေ
ကလေးငယ်များကို အစတွင် လစဉ်ထုတ်စာစောင်လေးများ၊ ကာတွန်းလေးများဖြင့် ကလေးအကြိုက် စည်းရုံးနိုင်ပါတယ်။ အခြားအတွက် ပိုက်ဆံကို အကုန်ကျခံမည့်အစား အဟောင်းဈေးနဲ့ ပြန်ထုတ်လို့ရတဲ့ စာအုပ်လေးတွေ ၀ယ်သင့်ပါတယ်။ မိတ်ဆွေရဲ့ အိမ်နားမှာ စာအုပ်ဆိုင်လေးတွေ၊ စာကြည့်တိုက်တွေရှိရင်တော့ အကောင်းဆုံးပေါ့ ညနေခင်း လမ်းလျှောက်ခြင်းနဲ့ပဲဖြစ်ဖြစ်၊ ကလေးတွေကို ခေါ်သွားခြင်းဖြင့် စိတ်ဝင်စားစရာ ဖြစ်အောင် ပြုစုပျိုးထောင်ပေးလို့ ရပါတယ်။ အချို့ကလေးကြတော့လည်း စာအုပ်တွေ့ရင် မနေနိုင်လောက်အောင် ဖတ်ချင်တဲ့ ၀ါသနာကြီးသူတွေလည်း ရှိပါတယ်။ ဒီလိုကလေးတွေဆိုရင် မကောင်းသောစိတ်တွေ၊ အတွေးအခေါ်တွေဖြစ်စေတဲ့ စာအုပ်တွေ ကလေးတွေ လက်ထဲရောက်မှာကိုတော့ စိုးရိမ်ရပါတယ်။

မရင့်ကျက်သေးခင်ပါ မိတ်ဆွေ၊ ရင့်ကျက်တဲ့ အဆင့်အတန်းရောက်ရင်တော့ ကိစ္စမရှိလှပါဘူး။ သူဟာ သူ ခွဲခြား ဆုံးဖြတ်နိုင်သွားပါပြီ။ အသက်နဲ့ရင့်ကျက်မှုကို မဆုံးဖြစ်နိုင်ပါဘူး။ အတွေ့အကြုံနဲ့ လေ့ကျင့်ရယူမှုကသာ ရင့်ကျက်မှုကို ပေးစွမ်းနိုင်တာပါ။ ဒါတွေ အားလုံးဟာ စာအုပ်ထဲက စကားလုံးတွေမှာရှိပါတယ် မိတ်ဆွေ...

အချို့သော မိဘတွေ ရှိပါသေးတယ်။ ကလေးက စာအုပ်ငှါးဖတ်ရလို့ တနေ့တနေ့ပေးရတဲ့ ပိုက်ဆံကို နှမြောတတ်ကြပါတယ်။ ဆင်းရဲလွန်းတဲ့ မိသားစုတွေကိုတော မပြောလိုပါဘူး။ ဒါပေမဲ့ အချို့မိသားစုတွေဟာ၊ မိမိတို့ အခြားသုံးနေတဲ့ ငွေတွေကိုကျတော့ မစဉ်းစားပဲနဲ့၊ ကိုယ့်သားသမီး တနေ့ စာအုပ်ငှါးဖတ်ရတဲ့ ငွေတစ်ဆယ် အစိတ်ကို မြင်တက်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် မိတ်ဆွေ ဆေးလိပ်သောက်၊ ကွမ်းစားတာထက် စာရင်အများ ကြီးခံသာပါတယ်။ မိမိသားသမီးရဲ့ ပါလာတဲ့ ၀ါသနာတစ်ခုကို တိုးတက်အောင် ပြုစုပျိုးထောင်ပေးဖို့ရန် မိဘတွေမှ တာဝန်ရှိလှပါတယ်။

မတတ်နိုင်တဲ့ မိဘတွေကတော့ ရပ်ကွက် စာကြည့်တိုက်လေးတွေ၊ နီးစပ်ရာစာပေ ၀ါသနာရှင်တွေကနေပြီးတော့ စာဖတ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိနိုင်ပါတယ်။ သမိုင်းမှာ ထင်ရှားလှသော အာဗြာဟံလင်ကွန်းဟာ၊ စာအုပ်ဖတ်ဖို့အတွက် သူများ အိမ်မှာအစေခံ လုပ်ခဲ့ဖူးပါတယ်။ မိတ်ဆွေ... ကျောင်းမတက်နိုင်ရှာတဲ့ လင်ကွန်း၊ ဆင်းရဲလွန်းတဲ့ လင်ကွန်းဟာ နောက်ဆုံးမှာ အမေရိကန်ပြည်ထောင်စုရဲ့
သမ္မတကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်...။ စာပေ လေ့လာခြင်း၊ စာဖတ်ခြင်းရဲ့ ရလဒ်တွေပါ မိတ်ဆွေ....

ကျွန်တော် နောက်ဆုံး ပြောချင်တာကတော့ စာဖတ်ခြင်းဟာ မိတ်ဆွေတို့ရဲ့ အိမ်ထောင်စုဘ၀၊ သာယာ တိုးတက်နိုင်ရေး အစအတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ စာပေပညာရှင်များဟာ လောကကို အလှဆင်သလို၊ ထိမ်းကျောင်းနိုင်သလို၊ မိတ်ဆွေများရဲ့ စာပေ၀ါသနာပါတဲ့ သား သမီးတွေဟာလည်း မိတ်ဆွေတို့ရဲ့ အိမ်ကို အလှဆင်နေမယ်။ ထိန်းကျောင်း နေမယ် ဆိုတာတော့ သတိရစေ ချင်ပါတယ်... ကဲဒိလိုဆို.... ဓမ္မမိတ်ဆွေရဲ့ အိမ်မှာစာ ဖတ်ဝါသနာပါသော သူများ မွေးထုတ်နိုင်အောင် ကြိုးစားပါ၊ အစပိုင်းမှာ ကျွန်တော်တင်ပြခဲ့တဲ့ ကောင်ကလေးဟာ သူ့ဘ၀၊ သူ့ဦးလေး၊ စာအုပ်ဆိုင်က လူတစ်စုကြောင့် စာပေ ၀ါသနာရှင်များ ဖြစ်သွားခဲ့သလိုပဲ မိမိပြုစုပါလို့ တိုက်တွန်းလိုပါတယ်...။

မိတ်ဆွေများရဲ့ အိမ်မှာ ဘုရားရှင်ရဲ့ ကောင်းကြီး ကျေးဇူးတော်များ ခံစားရရှိပြီး စာပေ၀ါသနာပါသော စာဂျပိုးကလေးများ ထွန်းကား နိုင်ကြပါစေ။ သုခစံအိမ်လေးတစ်ခု ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါသည် ချစ်သော မိတ်ဆွေများ ခင်ဗျား......


ဝေလီ

Read More...