Tuesday, October 28, 2008

လွပ်လပ်မှု ဟူသည်


လွပ်လပ်မှု ဟူသည်

လူသည် လွတ်လပ်မှုကို ခုံမင်သည်။ လွတ်လပ်မှုကို မြတ်နိုးသည်။ လွတ်လပ်မှုကို ရယူ ပိုင်ဆိုင်လိုသည်။ လူသည် လွတ်လပ်မှုနှင့် မွေးဖွားလာပြီး သဘာဝဗီဇအားဖြင့် လွတ်လပ် ချင်သည်။ မိမိကို ဒီဘောင်လေးနှင့်ခတ်၊ ဟိုစည်း လေးနှင့်ကာ၊ ဘာကလနားလေးနှင့် ကွတ်ပြီး ထိန်းချုပ်ထားတာကို မည်သူမျှ မနှစ်မြို့လိုကြပေ။ ဟိုမသွားနှင့်ဆိုလူက သွားချင်သည်။ ‘ဒါမ လုပ် နှင့် ဆို လူက လုပ်ချင်သည်။ ဤလူ့သဘောသည် စပ်စုခြင်းဆိုသည်ထက် ထိန်းချုပ်မှုကို တွန်းလှန် လိုခြင်း သို့မဟုတ် မိမိ လွတ်လပ်မှုကို ကာကွယ်လို ခြင်း စိတ်ကြောင့် ဖြစ်ရပေသည်။ လွတ်လပ်မှု၌ ရွေးချယ်နိုင်မှု၊ အချုပ် အနှောင်မှ ကင်းလွတ်မှု၊ ဆန္ဒအလျောက် စိတ်ပိုင်း ဖြတ် အကောင်အထည်ဖော်နိုင်မှု၊ မိမိကိုယ်ကို ထိန်းချုပ် ပဲ့ကိုင်နိုင်မှု စသည်တို့ ပါဝင်ပေသည်။ လူတိုင်း မကုန်ဆုံးနိုင်သော ရွေးချယ် စရာများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရမြဲဖြစ် သည်။ ဤရွေးချယ်စရာများ ထဲမှ မိမိနှစ်သက်ရာ ကို ရွေးချယ်နိုင်မှုသည် လွတ်လပ်မှု ဖြစ်သည်။ ဤရွေးချယ်နိုင်မှုနောက် အနီးကပ်ဆုံး လိုက်ပါလာ သည်က ဆန္ဒအလျောက် စိတ်ပိုင်းဖြတ် အကောင် အထည်ဖော်နိုင်မှု ဖြစ်သည်။ ရွေးချယ်နိုင်မှု ရှိပါလျက် ဆန္ဒအလျောက် စိတ်ပိုင်းဖြတ် အကောင်အထည် မဖော်နိုင်လျှင်လည်း လွတ်လပ် မှုရှိသည်မမည်။ ရွေးချယ်နိုင်မှုသာရှိပြီး ဆန္ဒ အလျောက် အကောင်အထည်မဖော်နိုင်လျှင် "ကြိုက်တဲ့ အထည်ရွေးပါ၊ ဒါပေမယ့်အဲဒီရွေးတဲ့ အထည်ကို မယူပါနဲ့"ဟု ပြောတာနှင့် အတူတူ ပင်။ အခြားဥပမာ တစ်ခု ထပ်ပြရလျှင် "ကဲ...မင်းဖြစ်ချင်တာ မင်းကိုယ့်ဟာကိုယ်ရွေး တော့"ဟု အဖေကဆိုသော်သားဖြစ်သူက ပန်းချီဆရာ ဖြစ်ရန် ရွေးချယ်လိုက်သည်။ သို့သော် နောက်နေ့မှာပင်အဖေဖြစ်သူက သူ့ကိုလက်သမား သင်တန်းကျောင်း ပို့လိုက်သည်။ ဤနေရာ၌ သားဖြစ်သူမှာ အမှန်လွတ်လပ် သည်ဆိုလျှင် သူရွေးချယ်ထား သည်အရာကို စိတ်ပိုင်းဖြတ် အကောင်ထည် ဖော်နိုင်ခွင့်မှ ပိတ်ဆို့ ကာဆီး နေသောအတား အဆီးများ၊ ထိန်းချုပ်မှုများမှလည်း ကင်းလွတ်ရ မည်ဖြစ်သည်။ ဤသို့ဆိုလိုက်၍ ဘေးလူတွေ ဘာမျှဝင်ပြောစရာမလို၊ သူကြိုက်ရာ လုပ်ပါစေဟု မဆိုလို။ ဘေးလူတွေ၏ စကားလုံးများသည် လူတစ်ယောက်၏ လွတ်လပ်မှုကို အသုံးပြုမှုပေါ်၌ များစွာ အထောက်အကူပြုပြီး၊ အချို့ကိစ္စရပ်များ၌ မရှိမဖြစ်ပင် လိုအပ်ပေသည်။ သို့သော်လည်း ဘေးလူ၏ စကားလုံးများသည် လွတ်လပ်မှုကို အသုံးပြုမည့်သူအတွက် အတား အဆီးမဖြစ်စေရ။ ထို့ထက်ပို၍ ဘေးလူ၏ စကားလုံးများသည် လွတ်လပ်မှုကို အသုံးပြုမည့် သူအတွက် ထိန်းချုပ်မှု တစ်ခု မဖြစ်စေရပေ။ လူ သည် လွတ်လပ်မှုနှင့် မွေးဖွားလာပြီး မိမိလွတ် လပ်မှုကို မိမိ ပိုင်ဆိုခွင့် ရှိသည်။ လူတစ်ယောက်၏ လွတ်လပ်မှုကို အခြားသော လူတစ်ယောက်က ထိန်းချုပ်ထားပိုင်ခွင့် မရှိပေ။ ဒါရွေး ချယ်သင့် မသင့်၊ ဒါလုပ်သင့် မသင့် ဆိုတာကိုတစ် ပါးသူတစ်ယောက် အား လမ်းညွှန် အကြံပေးနိုင်သော် လည်း၊ ဒါရွေး မရွေး၊ ဒါလုပ် မလုပ်ဆို တာကို မူ အတင်း ကြပ် တိုက်တွန်းလုပ် ဆောင်စေခြင်း မပြုနိုင်ပေ။ သူလုပ်မည့် လုပ်ရပ်မှားနေသည် ဆိုသည့်တိုင်အောင် ဤလုပ်ရပ်ကို အကောင် အထည်ဖော်ရန် သူ၌ လွတ်လပ်မှုရှိသည်။ လွတ်လပ်မှုသည် လူ့ဘ၀အတွက် လွန်စွာအရေးကြီးသည်။ မိမိ၏ လွတ်လပ်သော စိတ်ဆန္ဒဖြင့် လွတ်လပ်စွာ ရွေးချယ် လုပ်ဆောင် လိုက်သော အမှုများသည် လူတစ်ယောက်၏ ဘ၀၊ လူတစ်ယောက်၏ အနာဂတ်နှင့်လူတစ်ယောက် ၏ သမိုင်းကို ဖန်တီးပေးသည်။ လှပသော ဘ၀တစ်ခုကို ရေးခြယ် မည်လား၊ တောက်ပသော အနာဂတ်တစ်ခုကို တည်ဆောက်မည်လား၊ အဖိုးတန်သော သမိုင်းတစ်ခုကို ချန်ခဲ့မည်လား ဆိုတာတွေသည် လူတစ်ယောက်၏ လွတ်လပ်မှု ပေါ်မူတည်ပေသည်။ လွတ်လပ်မှုသည် ကောင်းတာ မဟုတ်သလို၊ မကောင်းတာလဲ မဟုတ်ပေ။ လွတ်လပ်မှု ကောင်း၊ မကောင်း ဆိုတာ သည် ဤလွတ်လပ်မှုကို ဘယ်လို အသုံးပြုသည် ဆိုသည့် အပေါ်၌ မူတည်သည်။ လွတ်လပ်မှုနှင့် ဘ၀တစ်ခုကို ဖြုန်းတီးပစ်နိုင် သကဲ့သို့ လွတ်လပ်မှု နှင့်လည်း အဓိပ္ပာယ် ရှိသော ဘ၀တစ်ခုကို ထုဆစ် နိုင်သည်။ ၎င်းင်းသည်လွတ်လပ် မှု၏ အရည်အသွေး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းင်းသည် လွတ်လပ်မှု၏ စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်သည်။

လွတ်လပ်မှုနှင့် ကန့်သတ်ချက်လွတ်လပ်မှုနှင့် ကန့်သတ်ချက်လွတ်လပ်မှုနှင့် ကန့်သတ်ချက်လွတ်လပ်မှုနှင့် ကန့်သတ်ချက်

လွတ်လပ်မှုသည် မိမိကြိုက်ရာကို လုပ် ဆောင်နိုင်သည့် စွမ်းအားမဟုတ်၊ လုပ်သင့်သည် ကို လုပ်ဆောင်နိုင်သည့် စွမ်းအားတစ်ခု ဖြစ်သည်။ ဤလုပ်သင့်သည် ဆိုသည့် အရာသည် လွတ်လပ် မှု၏ ကန့်သတ်မျဉ်းဖြစ်ပြီး ဤလုပ်သင့်သည် ဆိုသည့် ကန့်သတ်မျဉ်း ဘောင်အတွင်း၌သာ လွတ်လပ်မှု တည်ရှိနိုင်သည်။ စွမ်းဆောင်မှု သဘောအားဖြင့်သာ အခြေခံပြောရလျှင် လူသည် များစွာသော အရာ များကို အတားအဆီးမဲ့ လုပ်ဆောင် နိုင်သည်။ ခိုးနိုင်သည်။ လုယက်နိုင်သည်။ သတ်ဖြတ်နိုင် သည်။ သို့သော်လည်း လူသည် ဤအမှုများကို မကျူးလွန်သင့်ပေ။ လုပ်ကိုင်နိုင်မှုသည် လုပ်ပိုင်ခွင့်ကို ပေးနိုင်သည်မဟုတ်။ ဆိုလိုသည်မှာ မိမိခိုးနိုင်သည်နှင့် မိမိ၌ ခိုးပိုင်ခွင့်ရှိသည်ဟု ဆိုမရပေ။ အဘယ်ကြောင့်ဆိုသော် ဤလုပ်ပိုင်ခွင့် ဆိုသည့် လွတ်လပ်မှုသည် ‘သင့်သည်ဆိုသည့် ကန့်သတ်ဘောင်အတွင်း၌သာ ရှိသောကြောင့် ဖြစ်သည်။ ယာဉ်မောင်းစည်းကမ်းကို ချိုးဖောက် လိုက်ခြင်းသည် လွတ်လပ်မှုကို ပြသလိုက်ခြင်း မဟုတ်။ လွတ်လပ်မှုကို အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။ မောင်းနှင်နိုင်ခွင့် ဆိုသည့် လွတ်လပ်မှု သည် မောင်းနှင်သင့်သည့် စည်းမျဉ်းဘောင် အတွင်း၌သာရှိသည်။

အစာစားလျှင်တောင်မှ အစားစား၍ ရရှိသည့် အကျိုးကို မထိခိုက်စေဘဲ စားရသည့် အတိုင်းတာ တစ်ခုရှိသည်။
ပျော်စေ ပျက်စေ ကလိထိုး ကစားလျှင်တောင်မှ အတိုင်းတာ တစ်ခုထိရှိရသည်။ အတိုင်းတာတစ်ခုထိ ကျော်လွန်ပါက ကလိထိုးခြင်းသည် ပျော်ရွှင်စရာ မဖြစ်တော့ဘဲ နာကျည်း ကြေကွဲစရာ ဖြစ်သွား တတ်သည်။ ထိုးသင့်သည့် အတိုင်းတာ အတွင်း၌ သာ ကလိထိုးခြင်းသည် ကလိထိုးခြင်း ပီသပြီး ၎င်းင်း၏ မူလ ရည်ရွယ်ချက် ဖြစ်သည့် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည်။ လွတ်လပ်မှုအတွက် လူတွေ မကြာခဏ တင်စား ခိုင်းနှိုင်းတတ်သော ငှက် တောင်မှ ၎င်းင်း၏လွတ်လပ်စွာ ပျံသန်းနိုင်မှုကို မထိခိုက်စေဘဲ ပျံသန်းရသည့် အမြင့် အတိုင်းတာ တစ်ခု ရှိနေပေသည်။ ထို့အတူ လူတွေမှာလည်း မိမိလွတ်လပ်မှုကို မထိခိုက်စေဘဲ လွတ်လပ်ရ သည့် အတိုင်းအတာ တစ်ခု ရှိပေသည်။ မိမိလွတ်လပ်မှုသည် တစ်ပါးသူ၏ လွတ်လပ်မှုကို ထိခိုက် ပျက်စီးစေသောအခါ လွတ်လပ်မှု အဖြစ်မှ ရပ်စဲတော့သည်။ မိမိ၏ လွတ်လပ်မှုသည် တစ်ပါးသူ၏ လွတ်လပ်မှုကို မထိခိုက်စေရပေ။ "တစ်ပါးသူ၏ လွတ်လပ်မှုကို မထိခိုက်သင့်} ဆိုသည်မှာ မိမိ လွတ်လပ်မှု၏ ကန့်သတ်မျဉ်း ဖြစ်သည်။ "တစ်ပါးသူ၏ လွတ် လပ်မှုကို မထိခိုက်သင့်} ဆိုသည့် ကန့်သတ်မျဉ်း ဘောင် ကျော်ခဲ့လျှင် မိမိလွတ်လပ်မှုသည် လွတ်လပ်မှုအဖြစ်မှ ရပ်စဲသည်။ ငါလွတ်လပ် သည်၊ ငါ့မှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိသည် ဟုဆိုကာ တစ်ပါးသူကို အကြောင်းမဲ့ အနာတရ ဖြစ်စေ၍မရ။ ဤလုပ်ရပ်သည် တစ်ပါးသူ၏ လွတ်လပ်ခွင့် သို့မဟုတ် တစ်ပါးသူ၏ လွတ်လပ် မှုကို ထိပါးနေသည်။ စာသင်ခန်းထဲ၌ အတန်း မရှိ၍ မိမိကြိုက်ရာကို လုပ်နိုင်သော လွတ်လပ်ခွင့် ပေးထားလျှင် ငါလွတ်လပ်သည် ဟုဆိုကာ စာသင် ခန်းထဲ၌ အော်ကြီးဟစ်ကျယ်နှင့် ဆူညံ သောင်း ကျန်းနေ၍မရပေ။ ဤသို့ပြုလျှင် တစ်ပါးသူ၏ လွတ်လပ်စွာ စာကျက်ပိုင်ခွင့် တစ်နည်းအားဖြင့် တစ်ပါးသူ၏ လွတ်လပ်ခွင့်ကို ထိခိုက်စေသဖြင့် ၎င်းင်းလွတ်လပ်မှုသည်လွတ်လပ်မှုအဖြစ်မှရပ်စဲသည်။ သို့ဖြစ်သောကြောင့် လွတ်လပ်မှု၌ စည်းရှိသည်။ မှန်ကန်စွာ လွတ်လပ်လိုသူများ ဤစည်းရှိသည်ကို သိရမည်။ ဤစည်းကို မြင်တတ်ရမည်။ ဤစည်းရှိကြောင်းကိုလည်း အမြဲ နှလုံးသွင်း သတိရှိရမည် ဖြစ်သည်။ လွတ်လပ်မှုဟု ဆိုပြီး ဤလွတ်လပ်မှု၌ စည်းထပ်ရှိနေခြင်းသည် ကြားရသူအဖို့ သိပ်ယုတ္တိ မရှိလှ။ သို့သော်လည်း အမှန်မှာ ထိုစည်းသည်ပင် လွတ်လပ်မှုကို ပိုပြီး အဓိပ္ပာယ်ရှိစေခြင်းဖြစ်သည်။


ငြိမ်းထွန်းသက်