Wednesday, October 29, 2008

ဤခရီးမဝေးပါ


ဤခရီးမဝေးပါ

လောကကြီးမှာ ကျွန်ုပ်တို့ လူသားတွေဟာ အာဂန္တုဧည့်သည်များသာ ဖြစ်ကြပါတယ်။ လောကဓံတရား ဆိုတာလည်း အလှည့်အပြောင်းများလှပါတယ်။ နိမ့်ချည် တစ်ခါသာချည်တလှည့်နဲ့ ဘ၀ရေဆန်ကို ကူးခတ်နေကြရရင်း လောကမှာ သေခြင်းတရားနှင့် ကင်းတဲ့သူရယ်လို့ ဘယ်သူမှ မရှိသလို ရင်မဆိုင်ရဲလို့ ထွက်ပြေး ပုန်းရှောင်လည်း မရနိုင်ပါဘူး။ လူတိုင်းဟာ ဒီ သေခြင်းတရားလမ်းကို လျှောက်ကြရမှာ ဖြစ်တယ်။ သေခြင်းတရားဟာ ဆင်းရဲ၊ ချမ်းသာ၊ အသက်ကြီးရင့်ခြင်း၊ နုပျိုခြင်း တို့ကို မျက်နှာသာမပေးဘဲ တစ်နေ့နေ့ တစ်ချိန်ချိန်မှာအရောက်လာတတ်တာ အားလုံးအသိပင် ဖြစ်ပါတယ်။

ကျွန်ုပ်တို့ ဘ၀သက်တာမှာလည်း
သေခြင်းတရားကို အချိန်မရွေးရင်ဆိုင်နိုင်ဖို့၊ စိန်ခေါ်နိုင်ဖို့ကို အသိတရားတွေနဲ့ယှဉ်ပြီး ဘယ်လောက်ထိပြင်ဆင်ပြီးပြီလဲ၊ နောင်တမလွန်ဘ၀အတွက် ကုသိုလ်ကောင်းမှု ပါရမီတွေကို ဘယ်လောက် ကျင့်ဆောက် တည်ပြီးပြီလဲ၊ သေခြင်းတရားဟာ အစိုး မရတဲ့အရာဖြစ်လို့ ကျွန်ုပ်တို့ရဲ့ ဘ၀မှာ ဘယ် အတိုင်းအတာအထိ ပြင်ဆင်ပြီးပြီလဲ ဆိုတာကို ပြန်လည်သုံးသပ်ရမှာ ဖြစ်ပါတယ်။ အသက်ကြီးမှ၊ ရောဂါဝေဒနာခံစားရမှ မဟုတ်ပါဘူး။ ဘာမှမဖြစ်ဘဲနဲ့ သေဆုံးသွားကြတဲ့သူတွေလည်း ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ တွေ့ရစမြဲပါ။ ဘာသာတရားတိုင်းမှာ ကုသိုလ်ပါရမီ ကျင့်ဆောက်တည်ဖို့ လမ်းညွှန်ထားပါတယ်။ ဒီလို ညွှန်ပြခြင်းတွေဟာ နောင်တမလွန် ဘ၀ကူး ကောင်းစေဖို့ အတွက်ပင်ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဘုရားရှင်ဟာ
သေခြင်းတရား နဲ့ပတ်သက်ပြီးတော့ (ရှင်မဿဲ ခရစ်ဝင် - ၂၅း၁-၁၃) မှာ ပညာသတိရှိ တဲ့ အပျို ကညာငါးဦးနဲ့ပညာသတိမရှိတဲ့ အပျိုကညာ ငါးဦးအကြောင်းကို ပုံပမာနဲ့မိန့် ကြားခဲ့ပါတယ်။ ဘုရားရှင်ဟာ မိမိ ဖန်ဆင်းတဲ့ဲ့ လူသူသားတွေကို ချစ်လွန်းလို့ သေရမယ့် အချိန်ကို ကြိတင်အသိ မပေးခဲ့ပါဘူး။ ဒါပေမဲ့ သေခြင်းတရားဟာ သူခိုးလိုရောက်လာနိုင်တာမိို့ု့ အသင့်စောင့်နေကြဖိို့ု့ သတိ ပေးနှိုးဆော်ထားပါတယ်။ ကျွန်ုပ်တို့ လူသူသား တွေဟွဟာ မိမိတို့ သေဆုံးရမယ့် အချိန်ကို ကြိုပြီးသိကြရင် အရမ်းပဲ တုန်လှုပ်ကြရမှာ ဖြစ်ပါတယ်။ ဥပမာ - ကင်ဆာ ရောဂါသည် တစ်ယောက်ဟာ မိမိရဲ့ရောဂါ အခြေအနေကို သိခဲ့ရင် အလွန်ပဲ တုန်လှုပ်ပြီးတော့ စိတ် ဓာတ်ကျကာ ရောဂါဝေဒနာ ပိုပြီး ခံစားလာ ရမှာဖြစ်ပါတယ်။ ဒီလို အဖြစ်အပျက်မျိုး တွေ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိတတ် ပါတယ်။ "ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီ}} ဆိုတဲ့ စကားပုံလေး အတိုင်းပဲ လူတွေဟာ နေ့မြင်ညပျောက် သတ္တ၀ါတွေဖြစ်ပါတယ်။ ကျွန်ုပ်တို့ လူသားတိုင်းအတွက် သေခြင်းတရားဟာ မဝေးလှတဲ့ လက်တစ်ကမ်းမှာ ရှိနေပါတယ်။ ဤခရီးဝေးသလား မေးရင် မဝေးပါလို့ ပြောရမှာ ဖြစ်ပါတယ်။ လူတွေဟာ သေခြင်းတရားကိုကြောက်စရာ အရာ အဖြစ်သတ်မှတ်ကြပါတယ်။ စဉ်းတောင် မစဉ်းစားရဲကြဘူး။

မကြုံရဘူးလားဆိုလည်း ကြုံရတာပါပဲ။ ခဏ
လေးနေရတဲ့ အချိန်လေးမှာ ကြောက်စရာအဖြစ် သတ် မှတ်ထားတဲ့ သေခြင်းတရားကို ဘေးချိတ်ထားပြီး မိမိတို့ဘ၀ တိုးတက်အောင်၊ လှပအောင် ကြံဆောင်ဖုံးဖိပြီး နေတတ်ကြတယ်။ ကျွန်ုပ်တို့ လူသားတွေဟာ သေခြင်းတရားကို ထောက်ရှုစဉ်းစားတဲ့သူ နည်းလှပြီး မိမိတို့ရဲ့ သေခြင်းအတွက် ပြင်ဆင် ရမှန်းမသိတဲ့သူတွေ များပါတယ်။ သေခြင်းတရားကို မစဉ်းစားမိတော့ နောင်တမလွန် အတွက် ကောင်းမှု၊ ကုသိုလ်တွေ မလုပ်ဖြစ်ဘူး၊ မစုဆောင်းဖြစ်တော့ဘူး။ အသက်ကြီးမှ ကောင်းမှုကုသိုလ်ရှာမယ် ဆိုတာက မဖြစ်နိုင်ပါဘူး။ အသက်ရှင်နေတဲ့ ကာလလေးမှာ ကောင်းမှုကုသိုလ်တွေ စုဆောင်းထားကြရမှာ ဖြစ်ပါတယ်။ တချို့ကျတော့အသက်ကြီးမှ ဘုရားတရား လုပ်မယ်၊ ကောင်းမှုပါရမီတွေ လုပ်မယ်လို့ ပြောတတ်ကြပါတယ်။ မိမိတို့ ဘ၀အသက်တာဟာ ဘယ်အခြေအနေအထိ နေရမယ်ဆိုတာ ဘယ်သူမှ မသိနိုင်လို့ အမြဲ ပြင်ဆင် နေမှတော်ရုံကျမှာဖြစ်ပါတယ်။

သေခြင်းတရားအတွက် ပြင်ဆင်မှု မရှိရင် ဘယ်လိုမှ ဘ၀ကူးကောင်းမှာ မဟုတ်ပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး တော့ ကျွန်မရဲ့ အတွေ့အကြုံတခုကို ဝေငှလိုပါတယ်။ ကျွန်မဟာ ငှက်ဖျားမိပြီးတော့ ကျန်းမာရေး ချို့တဲ့ခဲ့ပါတယ်။ ငှက်ဖျား မဖျားတော့ပေမယ့် နှလုံးအားနည်းတာ ကျန်ရစ်ခဲ့ပါတယ်။ ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်မိပြီဆိုရင် ခဏခဏ နေမကောင်း ဖြစ်လာတတ်ပါတယ်။ တစ်နေ့ကျတော့ နေကောင်းခါစမှာ အားဆေးသွင်းတယ်။ ဒီလို ဆေးသွင်းရင်းနဲ့ ခဏလေးမှာ ရှော့ခ်ဖြစ်၊ အသက်ရူကျပ်၊ တစ်ကိုယ်လုံးမည်း နက်လာပြီး သတိလစ်သွားကာ သေမလိုဖြစ်ခဲ့ပါတယ်။ မြန်မြန်ဖြေဆေး သွင်းပေးလိုက်မှ ပုံမှန် ပြန်ဖြစ်လာပါတယ်။ အဲဒီနောက်ပိုင်း ကျွန်မဟာသေခြင်း တရားအတွက် မပြင်ဆင်ရင် ဘယ်လောက်ထိ ကြောက်စရာကောင်းမှန်း လက်တွေ့သိခဲ့ပြီး၊ ဗြုန်းကနဲ သေဆုံးသွားရင်ဘယ်လောက်ထိ ယူကြုံးမရ ဖြစ်ရမလဲ ဆိုတာတွေးကြည့်ရင်း အရမ်းတုန်လှုပ်လာရပါ တယ်။ နောက်ပိုင်း ကျွန်မဟာ အမြဲတမ်း မိမိရဲ့ သေခြင်းတရားအတွက် အကောင်းဆုံး မဟုတ်ရင်တောင်မှ ပြင်ဆင်နိုင်သမျှ ပြင်ဆင်ပြီးနေမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ မိမိနဲ့နီးစပ်တဲ့ သူတွေကိုလည်း ဒီအကြောင်းတွေပြောပြရင်း မိမိတို့ရဲ့ သေခြင်းအတွက် ကြိုတင် ပြင်ဆင်နိုင်အောင် ဝေငှပေးခဲ့ပါတယ်။ လူသားတွေ ဖြစ်လို့အပြစ်နဲ့ကင်းတဲ့သူဆိုတာ မရှိတာမို့ သေခြင်းအတွက် မပြင်ဆင်ရင်တော့ နောင်တမလွန် ဘ၀အတွက် ဘယ်လိုမှ စိတ်ချလို့ရ နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လူတိုင်းတွေ့ကြုံရမဲ့ သေခြင်းတရားကို ရဲဝံ့စွာ စိန်ခေါ်နိုင်ရန် အချိန်မှီပြင်ဆင်နိုင်ဖို့ ကြိုးစားပြီး ကောင်းမှုကုသိုလ်ပါရမီများ စုဆောင်း ရင်း မိမိတို့ရဲ့မဝေးလှသော သေခြင်းတရားအတွက် အကောင်းဆုံး ပြင်ဆင်သွားကြပါစို့လား။

မနော (FSAG)

Read More...

ချီးမွမ်းတတ်သူဖြစ်စေပါ။


ချီးမွမ်းတတ်သူဖြစ်စေပါ။

သခင်ဘုရား
တပည့်တော်ရဲ့
ဘ၀မှာလေ
စုံစမ်းခြင်းများ
ဖြတ်ကျော်စဉ်ခါ
မဖြစ်နိုင်ဟု
ထင်ရစဉ်မှာ
မေတ္တာစိတ်ဖြင့်

တပည့်တော်ပေါ်
လက်တော်ဆန့်တန်း
လွတ်မြောက်ရာလမ်း
ဖွေရှာပေးခဲ့
မကောင်းမှုမှ
ချမ်းသာလမ်းသို့
ရောက်သည့်တိုင်အောင်
တပည့်တော်ရဲ့
အသက်တာလမ်းတွင်
ကိုယ်တော်ပေးသနား
ကောင်းချီးများအတွက်
နေ့ရက်စဉ်တိုင်း
ချီးမွမ်းတတ်သူ . . . ဖြစ်စေမူပါ ။

ယွန်းငယ် (သံဝင်း)

Read More...

Tuesday, October 28, 2008

လွပ်လပ်မှု ဟူသည်


လွပ်လပ်မှု ဟူသည်

လူသည် လွတ်လပ်မှုကို ခုံမင်သည်။ လွတ်လပ်မှုကို မြတ်နိုးသည်။ လွတ်လပ်မှုကို ရယူ ပိုင်ဆိုင်လိုသည်။ လူသည် လွတ်လပ်မှုနှင့် မွေးဖွားလာပြီး သဘာဝဗီဇအားဖြင့် လွတ်လပ် ချင်သည်။ မိမိကို ဒီဘောင်လေးနှင့်ခတ်၊ ဟိုစည်း လေးနှင့်ကာ၊ ဘာကလနားလေးနှင့် ကွတ်ပြီး ထိန်းချုပ်ထားတာကို မည်သူမျှ မနှစ်မြို့လိုကြပေ။ ဟိုမသွားနှင့်ဆိုလူက သွားချင်သည်။ ‘ဒါမ လုပ် နှင့် ဆို လူက လုပ်ချင်သည်။ ဤလူ့သဘောသည် စပ်စုခြင်းဆိုသည်ထက် ထိန်းချုပ်မှုကို တွန်းလှန် လိုခြင်း သို့မဟုတ် မိမိ လွတ်လပ်မှုကို ကာကွယ်လို ခြင်း စိတ်ကြောင့် ဖြစ်ရပေသည်။ လွတ်လပ်မှု၌ ရွေးချယ်နိုင်မှု၊ အချုပ် အနှောင်မှ ကင်းလွတ်မှု၊ ဆန္ဒအလျောက် စိတ်ပိုင်း ဖြတ် အကောင်အထည်ဖော်နိုင်မှု၊ မိမိကိုယ်ကို ထိန်းချုပ် ပဲ့ကိုင်နိုင်မှု စသည်တို့ ပါဝင်ပေသည်။ လူတိုင်း မကုန်ဆုံးနိုင်သော ရွေးချယ် စရာများကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရမြဲဖြစ် သည်။ ဤရွေးချယ်စရာများ ထဲမှ မိမိနှစ်သက်ရာ ကို ရွေးချယ်နိုင်မှုသည် လွတ်လပ်မှု ဖြစ်သည်။ ဤရွေးချယ်နိုင်မှုနောက် အနီးကပ်ဆုံး လိုက်ပါလာ သည်က ဆန္ဒအလျောက် စိတ်ပိုင်းဖြတ် အကောင် အထည်ဖော်နိုင်မှု ဖြစ်သည်။ ရွေးချယ်နိုင်မှု ရှိပါလျက် ဆန္ဒအလျောက် စိတ်ပိုင်းဖြတ် အကောင်အထည် မဖော်နိုင်လျှင်လည်း လွတ်လပ် မှုရှိသည်မမည်။ ရွေးချယ်နိုင်မှုသာရှိပြီး ဆန္ဒ အလျောက် အကောင်အထည်မဖော်နိုင်လျှင် "ကြိုက်တဲ့ အထည်ရွေးပါ၊ ဒါပေမယ့်အဲဒီရွေးတဲ့ အထည်ကို မယူပါနဲ့"ဟု ပြောတာနှင့် အတူတူ ပင်။ အခြားဥပမာ တစ်ခု ထပ်ပြရလျှင် "ကဲ...မင်းဖြစ်ချင်တာ မင်းကိုယ့်ဟာကိုယ်ရွေး တော့"ဟု အဖေကဆိုသော်သားဖြစ်သူက ပန်းချီဆရာ ဖြစ်ရန် ရွေးချယ်လိုက်သည်။ သို့သော် နောက်နေ့မှာပင်အဖေဖြစ်သူက သူ့ကိုလက်သမား သင်တန်းကျောင်း ပို့လိုက်သည်။ ဤနေရာ၌ သားဖြစ်သူမှာ အမှန်လွတ်လပ် သည်ဆိုလျှင် သူရွေးချယ်ထား သည်အရာကို စိတ်ပိုင်းဖြတ် အကောင်ထည် ဖော်နိုင်ခွင့်မှ ပိတ်ဆို့ ကာဆီး နေသောအတား အဆီးများ၊ ထိန်းချုပ်မှုများမှလည်း ကင်းလွတ်ရ မည်ဖြစ်သည်။ ဤသို့ဆိုလိုက်၍ ဘေးလူတွေ ဘာမျှဝင်ပြောစရာမလို၊ သူကြိုက်ရာ လုပ်ပါစေဟု မဆိုလို။ ဘေးလူတွေ၏ စကားလုံးများသည် လူတစ်ယောက်၏ လွတ်လပ်မှုကို အသုံးပြုမှုပေါ်၌ များစွာ အထောက်အကူပြုပြီး၊ အချို့ကိစ္စရပ်များ၌ မရှိမဖြစ်ပင် လိုအပ်ပေသည်။ သို့သော်လည်း ဘေးလူ၏ စကားလုံးများသည် လွတ်လပ်မှုကို အသုံးပြုမည့်သူအတွက် အတား အဆီးမဖြစ်စေရ။ ထို့ထက်ပို၍ ဘေးလူ၏ စကားလုံးများသည် လွတ်လပ်မှုကို အသုံးပြုမည့် သူအတွက် ထိန်းချုပ်မှု တစ်ခု မဖြစ်စေရပေ။ လူ သည် လွတ်လပ်မှုနှင့် မွေးဖွားလာပြီး မိမိလွတ် လပ်မှုကို မိမိ ပိုင်ဆိုခွင့် ရှိသည်။ လူတစ်ယောက်၏ လွတ်လပ်မှုကို အခြားသော လူတစ်ယောက်က ထိန်းချုပ်ထားပိုင်ခွင့် မရှိပေ။ ဒါရွေး ချယ်သင့် မသင့်၊ ဒါလုပ်သင့် မသင့် ဆိုတာကိုတစ် ပါးသူတစ်ယောက် အား လမ်းညွှန် အကြံပေးနိုင်သော် လည်း၊ ဒါရွေး မရွေး၊ ဒါလုပ် မလုပ်ဆို တာကို မူ အတင်း ကြပ် တိုက်တွန်းလုပ် ဆောင်စေခြင်း မပြုနိုင်ပေ။ သူလုပ်မည့် လုပ်ရပ်မှားနေသည် ဆိုသည့်တိုင်အောင် ဤလုပ်ရပ်ကို အကောင် အထည်ဖော်ရန် သူ၌ လွတ်လပ်မှုရှိသည်။ လွတ်လပ်မှုသည် လူ့ဘ၀အတွက် လွန်စွာအရေးကြီးသည်။ မိမိ၏ လွတ်လပ်သော စိတ်ဆန္ဒဖြင့် လွတ်လပ်စွာ ရွေးချယ် လုပ်ဆောင် လိုက်သော အမှုများသည် လူတစ်ယောက်၏ ဘ၀၊ လူတစ်ယောက်၏ အနာဂတ်နှင့်လူတစ်ယောက် ၏ သမိုင်းကို ဖန်တီးပေးသည်။ လှပသော ဘ၀တစ်ခုကို ရေးခြယ် မည်လား၊ တောက်ပသော အနာဂတ်တစ်ခုကို တည်ဆောက်မည်လား၊ အဖိုးတန်သော သမိုင်းတစ်ခုကို ချန်ခဲ့မည်လား ဆိုတာတွေသည် လူတစ်ယောက်၏ လွတ်လပ်မှု ပေါ်မူတည်ပေသည်။ လွတ်လပ်မှုသည် ကောင်းတာ မဟုတ်သလို၊ မကောင်းတာလဲ မဟုတ်ပေ။ လွတ်လပ်မှု ကောင်း၊ မကောင်း ဆိုတာ သည် ဤလွတ်လပ်မှုကို ဘယ်လို အသုံးပြုသည် ဆိုသည့် အပေါ်၌ မူတည်သည်။ လွတ်လပ်မှုနှင့် ဘ၀တစ်ခုကို ဖြုန်းတီးပစ်နိုင် သကဲ့သို့ လွတ်လပ်မှု နှင့်လည်း အဓိပ္ပာယ် ရှိသော ဘ၀တစ်ခုကို ထုဆစ် နိုင်သည်။ ၎င်းင်းသည်လွတ်လပ် မှု၏ အရည်အသွေး ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းင်းသည် လွတ်လပ်မှု၏ စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်သည်။

လွတ်လပ်မှုနှင့် ကန့်သတ်ချက်လွတ်လပ်မှုနှင့် ကန့်သတ်ချက်လွတ်လပ်မှုနှင့် ကန့်သတ်ချက်လွတ်လပ်မှုနှင့် ကန့်သတ်ချက်

လွတ်လပ်မှုသည် မိမိကြိုက်ရာကို လုပ် ဆောင်နိုင်သည့် စွမ်းအားမဟုတ်၊ လုပ်သင့်သည် ကို လုပ်ဆောင်နိုင်သည့် စွမ်းအားတစ်ခု ဖြစ်သည်။ ဤလုပ်သင့်သည် ဆိုသည့် အရာသည် လွတ်လပ် မှု၏ ကန့်သတ်မျဉ်းဖြစ်ပြီး ဤလုပ်သင့်သည် ဆိုသည့် ကန့်သတ်မျဉ်း ဘောင်အတွင်း၌သာ လွတ်လပ်မှု တည်ရှိနိုင်သည်။ စွမ်းဆောင်မှု သဘောအားဖြင့်သာ အခြေခံပြောရလျှင် လူသည် များစွာသော အရာ များကို အတားအဆီးမဲ့ လုပ်ဆောင် နိုင်သည်။ ခိုးနိုင်သည်။ လုယက်နိုင်သည်။ သတ်ဖြတ်နိုင် သည်။ သို့သော်လည်း လူသည် ဤအမှုများကို မကျူးလွန်သင့်ပေ။ လုပ်ကိုင်နိုင်မှုသည် လုပ်ပိုင်ခွင့်ကို ပေးနိုင်သည်မဟုတ်။ ဆိုလိုသည်မှာ မိမိခိုးနိုင်သည်နှင့် မိမိ၌ ခိုးပိုင်ခွင့်ရှိသည်ဟု ဆိုမရပေ။ အဘယ်ကြောင့်ဆိုသော် ဤလုပ်ပိုင်ခွင့် ဆိုသည့် လွတ်လပ်မှုသည် ‘သင့်သည်ဆိုသည့် ကန့်သတ်ဘောင်အတွင်း၌သာ ရှိသောကြောင့် ဖြစ်သည်။ ယာဉ်မောင်းစည်းကမ်းကို ချိုးဖောက် လိုက်ခြင်းသည် လွတ်လပ်မှုကို ပြသလိုက်ခြင်း မဟုတ်။ လွတ်လပ်မှုကို အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။ မောင်းနှင်နိုင်ခွင့် ဆိုသည့် လွတ်လပ်မှု သည် မောင်းနှင်သင့်သည့် စည်းမျဉ်းဘောင် အတွင်း၌သာရှိသည်။

အစာစားလျှင်တောင်မှ အစားစား၍ ရရှိသည့် အကျိုးကို မထိခိုက်စေဘဲ စားရသည့် အတိုင်းတာ တစ်ခုရှိသည်။
ပျော်စေ ပျက်စေ ကလိထိုး ကစားလျှင်တောင်မှ အတိုင်းတာ တစ်ခုထိရှိရသည်။ အတိုင်းတာတစ်ခုထိ ကျော်လွန်ပါက ကလိထိုးခြင်းသည် ပျော်ရွှင်စရာ မဖြစ်တော့ဘဲ နာကျည်း ကြေကွဲစရာ ဖြစ်သွား တတ်သည်။ ထိုးသင့်သည့် အတိုင်းတာ အတွင်း၌ သာ ကလိထိုးခြင်းသည် ကလိထိုးခြင်း ပီသပြီး ၎င်းင်း၏ မူလ ရည်ရွယ်ချက် ဖြစ်သည့် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည်။ လွတ်လပ်မှုအတွက် လူတွေ မကြာခဏ တင်စား ခိုင်းနှိုင်းတတ်သော ငှက် တောင်မှ ၎င်းင်း၏လွတ်လပ်စွာ ပျံသန်းနိုင်မှုကို မထိခိုက်စေဘဲ ပျံသန်းရသည့် အမြင့် အတိုင်းတာ တစ်ခု ရှိနေပေသည်။ ထို့အတူ လူတွေမှာလည်း မိမိလွတ်လပ်မှုကို မထိခိုက်စေဘဲ လွတ်လပ်ရ သည့် အတိုင်းအတာ တစ်ခု ရှိပေသည်။ မိမိလွတ်လပ်မှုသည် တစ်ပါးသူ၏ လွတ်လပ်မှုကို ထိခိုက် ပျက်စီးစေသောအခါ လွတ်လပ်မှု အဖြစ်မှ ရပ်စဲတော့သည်။ မိမိ၏ လွတ်လပ်မှုသည် တစ်ပါးသူ၏ လွတ်လပ်မှုကို မထိခိုက်စေရပေ။ "တစ်ပါးသူ၏ လွတ်လပ်မှုကို မထိခိုက်သင့်} ဆိုသည်မှာ မိမိ လွတ်လပ်မှု၏ ကန့်သတ်မျဉ်း ဖြစ်သည်။ "တစ်ပါးသူ၏ လွတ် လပ်မှုကို မထိခိုက်သင့်} ဆိုသည့် ကန့်သတ်မျဉ်း ဘောင် ကျော်ခဲ့လျှင် မိမိလွတ်လပ်မှုသည် လွတ်လပ်မှုအဖြစ်မှ ရပ်စဲသည်။ ငါလွတ်လပ် သည်၊ ငါ့မှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိသည် ဟုဆိုကာ တစ်ပါးသူကို အကြောင်းမဲ့ အနာတရ ဖြစ်စေ၍မရ။ ဤလုပ်ရပ်သည် တစ်ပါးသူ၏ လွတ်လပ်ခွင့် သို့မဟုတ် တစ်ပါးသူ၏ လွတ်လပ် မှုကို ထိပါးနေသည်။ စာသင်ခန်းထဲ၌ အတန်း မရှိ၍ မိမိကြိုက်ရာကို လုပ်နိုင်သော လွတ်လပ်ခွင့် ပေးထားလျှင် ငါလွတ်လပ်သည် ဟုဆိုကာ စာသင် ခန်းထဲ၌ အော်ကြီးဟစ်ကျယ်နှင့် ဆူညံ သောင်း ကျန်းနေ၍မရပေ။ ဤသို့ပြုလျှင် တစ်ပါးသူ၏ လွတ်လပ်စွာ စာကျက်ပိုင်ခွင့် တစ်နည်းအားဖြင့် တစ်ပါးသူ၏ လွတ်လပ်ခွင့်ကို ထိခိုက်စေသဖြင့် ၎င်းင်းလွတ်လပ်မှုသည်လွတ်လပ်မှုအဖြစ်မှရပ်စဲသည်။ သို့ဖြစ်သောကြောင့် လွတ်လပ်မှု၌ စည်းရှိသည်။ မှန်ကန်စွာ လွတ်လပ်လိုသူများ ဤစည်းရှိသည်ကို သိရမည်။ ဤစည်းကို မြင်တတ်ရမည်။ ဤစည်းရှိကြောင်းကိုလည်း အမြဲ နှလုံးသွင်း သတိရှိရမည် ဖြစ်သည်။ လွတ်လပ်မှုဟု ဆိုပြီး ဤလွတ်လပ်မှု၌ စည်းထပ်ရှိနေခြင်းသည် ကြားရသူအဖို့ သိပ်ယုတ္တိ မရှိလှ။ သို့သော်လည်း အမှန်မှာ ထိုစည်းသည်ပင် လွတ်လပ်မှုကို ပိုပြီး အဓိပ္ပာယ်ရှိစေခြင်းဖြစ်သည်။


ငြိမ်းထွန်းသက်



Read More...

Wednesday, October 22, 2008

လူမှုရေးလောကတွင် အမျိုးသမီးကဏ္ဍမြှင့်တင်ရန် လူထုဆက်သွယ်ရေးပညာကို ဟစ်တိုင်အဖြစ် အသုံးပြုခြင်း။


လူမှုရေးလောကတွင် အမျိုးသမီးကဏ္ဍမြှင့်တင်ရန် လူထုဆက်သွယ်ရေးပညာကို ဟစ်တိုင်အဖြစ် အသုံးပြုခြင်း။

မေလ ၁၉-ရက် ၁၉၉၆ ခုနှစ် သည်အနှစ်(၃၀)မြောက် ကမ္ဘာ့ဆက်သွယ်ရေးနေ့ပင်ဖြစ်ပါတယ် အဲဒီ ကမ္ဘာ့ ဆက်သွယ်ရေးနေ့ရဲ့ ဆောင်ပုဒ်မှာ "လူမှုရေးရာလောကတွင် အမျိုးသမီးများ၏ကဏ္ဍကို အားပေး မြှင့်တင်ရာ၌ လူထု ဆက်သွယ်ရေးပညာကို ပြည်သူ့ဟစ်တိုင် အဖြစ်အသုံးပြုခြင်း။" ဆိုတဲ့ ဆောင်ပုဒ်ပင်ဖြစ်ပါတယ်။

လူထုဆက်သွယ်ရေးပညာဖြစ်တဲ့ ရေဒီယို၊ ရုပ်မြင်သံကြား၊ ရုပ်ရှင်၊ သတင်းစာ တို့ဟာအမျိုးသမီးများအတွက် တရားမျှတမှုနဲ့ တန်းတူအခွင့်အရေးများ ရရှိဖို့ တိုက်ပွဲဝင်ရာမှာအထူးအသုံးဝင်တဲ့ လက်နက်များဖြစ်တဲ့အပြင် အမျိုးသမီးတို့သာ ပိုင်ဆိုင်တဲ့အထူးအရည်အချင်းများ၊ ဂုဏ် ကျက်သရေများတို့ကို ထုတ်ဖေါ် ကျေးဇူးတင် အမွှန်းတင်ရန် အတွက်လည်း အဓိကနေရာ ကဏ္ဍကပါဝင်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးအနှံအပြားတွင် အမျိုးသမီးများဟာ လူမှုရေးရာ၊ နိုင်ငံရေးနှင့် စီးပွားရေးရာလောကများမှာ အမျိုးသားများနဲ့ တန်းတူ အခွင့်အရေးအပြည့်အ၀ မရရှိသေးဘဲ အနှောင့်အယှက်အတား အဆီးများရှိသေးရာ၊ လူထုဆက်သွယ်ရေးဌါန အမှုထမ်းသောသူများရဲ့တာဝန်မှာ ရင်ဖွင့်ခွင့်မရှိသူများ၊ အားနွဲ့သူအမျိုးသမီးများဘက်မှရပ်တည်ပြီး၊ သူတို့ ကိုယ်စား၊ သူတို့ရဲ့အသံများအဖြစ် သူတို့ ရဲ့အခက်အခဲများကို ထုတ်ဖေါ်ပြောဆိုပေးဖို့ တာဝန်ရှိပါတယ်။

တချို့ အမျိုးသမီးများဟာသူတို
ဘ၀ကို အိမ်ထောင်သည်ဇနီးမယားများ အဖြစ်၎င်းင်း၊ မိခင်များအဖြစ်၎င်း မြှပ်နှံတာကြောင့် သူတို့ကိုလူမှုရေးရာအရ၎င်း၊ စီးပွားရေးအရ၎င်း နှိမ့်ချမှုပြုထားပါတယ်။ လောကမှာ လူသားတစ်ဦးအဖြစ် ဖြစ်မြောက်လာရန် အမျိုးသမီးများရဲ့ ကျေးဇူးများစွာရှိသော်လည်းပဲ အဲဒီဘ၀ကို ရွေးချယ်တဲ့ အမျိုးသမီးများကို ကျေးဇူးတင် ချီးမြှောက်ရမဲ့အစား နှိမ့်ချထားတဲ့အတွက် လူထုဆက်သွယ်ရေးဌါနမှာ အမှုထမ်း
သူများအနေနဲ့အမျိုးသမီးများရဲ့ လှပတဲ့ဘ၀၊ အနစ်နာခံမှုတွေကို ထုတ်ဖေါ်ပြောဆိုဖို့ လိုအပ်လှပါတယ်။ ဒီလိုအိမ်ထောင်သည်မိခင်များ ရဲ့ဘ၀ကို မြှင့်တင်ထုတ်ဖေါ်ပေးရုံသာမက အလုပ်လုပ်တဲ့မိခင်များကိုလည်း အလုပ်ဌါနများမှာ တရားမျှတတဲ့ အလုပ်ခရရှိဖို့မိမိရဲ့ အရည်အချင်း အလုပ်ရာထူးတိုးမှုရှိဖို့ အတွက်လည်း လူထုဆက်သွယ်ရေးဌါနမှာ အမှုထမ်းသူများကနေ အမျိုးသမီးများဘက်မှရပ်တည်ပြီး တိုက်ပွဲဝင် ပြောဆိုပေးဖို့ လိုအပ်လှပါတယ်။

လူထုဆက်သွယ်ရေးပညာကို အသုံးပြုပြီး ကမ္ဘာ့အနှံ့အပြားသို့ ဖြန့်ဝေနိုင်တဲ့အတွက် အမျိုးသမီးများရဲ့ အခွင့်ရေးရနိုင်မှုများ သာမက အမျိုးသမီးများရဲ့အထူးဂုဏ် အရည်အချင်းများကိုပါသိရှိကာဖြန့်ဝေဖို့ လိုအပ်ပါတယ်။ လူထုဆက်သွယ်ရေး ပညာကို အသုံးပြုပြီး လူ့အဖွဲ့အစည်းရဲ့သူရဲကောင်းများကို ဖေါ်ထုတ်ရုံသာမက ခရစ်ယာန် ဘာသာက သူတော်စဉ်အမျိုးသမီးများကို လည်း ရွေးချယ်ထုတ်ဖေါ်ပြီး လူငယ်များနဲ့ နောင်လာနောင်သားများ အတုယူဖွယ်ရာ စံနမူနာများအဖြစ် ထုတ်ဖေါ်တင်ပြရန် လိုအပ်ပါတယ်။ ဒီလိုအမျိုးသမီးများရဲ့ရပိုင်မှု အခွင့်အရေးများ၊ ဂုဏ်ကျက်သရေများ သာမကသူတို့ ရဲ့ အထူးအရည်အချင်းတွေကို ဖော်ထုတ်နိုင်ဖို့ လူထုဆက်သွယ်ရေးဌါနမှာ လုပ်ကိုင်ကြသော လုပ်သားများ အထူးသဖြင့် အမျိုးသမီးလုပ်သားများရဲ့ ပုခုံးပေါ်တွင် ကျရောက်တဲ့ တာဝန်ကြီးတစ်ခုဖြစ်ကြောင်း ဒီလူများအနေနဲ့ လူထုဆက်သွယ်ရေးပညာကို အသုံးပြုကာ အမျိုးသမီးများကိုမိမိတို့ အကျိုးတစ်ခုတည်းအတွက် အသုံးပြုခြင်း သွေးစုပ် ချယ်လှယ်ခြင်း မပြုသင့်ဘဲ၊ အမျိုးသမီး များရဲ့ဘ၀ကိုမြေတောင်မြှောက် မြှင့်တင်ပေးရန်လိုကြောင်း၊ ဒါကြောင့် (၁၉၉၆) နှစ်ကမ္ဘာ့ဆက်သွယ်ရေးနေ့ရဲ့ ဆောင်ပုဒ်ကိုလည်း လူမှုရေးရာလောကမှာ အမျိုးသမီးများရဲ့ ကဏ္ဍကို အားပေးမြှင့်တင်ရာမှာ လူထုဆက်သွယ်ရေးပညာကို ပြည်သူ့ ဟစ်တိုင်အဖြစ် အသုံးပြုခြင်းဆိုတဲ့ ဆောင်ပုဒ်ကို ယူထားကြောင်း တင်ပြအပ်ပါတယ်။

မမာလာ (RVA)

Read More...

Sunday, October 19, 2008

အချစ်


အချစ်

ဆူးခက်သရဖူကြောင့်
ခေါင်းကသွေးကျရတဲ့အထိ

မင်းကို ... ချစ်ခဲ့တာပါ။

သစ်သားရဲ့ အလေးဒဏ်ကြောင့်
ပုခုံးကပွန်းပဲ့ သွာရတဲ့ အထိ
မင်းကို ... ချစ်ခဲ့တာပါ။

သံချောင်းတွေကြောင့်
လက်နဲ့ခြေကဒဏ်ရာရသွားတဲ့အထိ
မင်းကို ... ချစ်ခဲ့တာပါ။

ဆေးခါးကြီးတစ်ခွက်ကြောင့်
မူးဝေမေ့မြောသွားရတဲ့အထိ
မင်းကို ... ချစ်ခဲ့တာပါ။

လှံစွပ်ဒဏ်ကြောင့်

ရင်ဘတ် နှလှလုံးနာကျင်သွာရတဲ့အထိ
မင်းကို ... ချစ်ခဲ့တာပါ။

နောက်ဆုံး အမြင့်ကနေ
အနိမ့်ကိုဆင်းလာရတဲ့အထိ
မင်းကို ... ချစ်ခဲ့တာပါ။

ဆိတ်ကြီး

Read More...

Thursday, October 16, 2008

အာဗီအေ

အာဗီအေ

ကျွန်တော်က ရေဒီယိုနားထောင်ရတာကို ၀ါသနာပါတယ်။ ရန်ကုန်မှာနေတုန်းကဆို ညတိုင်းလိုလို ဗီအိုအေ၊ ဘီဘီစီနဲ့ အာဖက်အေတို့ကို အမြဲနားထောင်တယ်။ အဲဒီအသံလွင့်လိုင်းတွေအပြင် မပြတ်မကွက်ကြိုးစား နားထောင်တာက အာဗီအေ ဆိုတဲ့ (Radio Veritas Asia ) ဖြစ်တယ်။ ခက်တာက အာဗီအေအသံလွင့်ချိန်ဟာ မနက်စော အရမ်းစောပြီး၊ ညနေဆိုရင်နည်း အရမ်းစောတယ်ဆိုတော့ အလုပ်နဲ့ဘာနဲ့ဆိုတော့ လွတ်လွတ် သွားတယ်။ နောက်ပိုင်းကျတော့ အာဗီအေကို အင်တာနက်ကနေ နားထောင်လို့ရအောင် online ပေါ်မှာ လွင့်ပေးတယ် ဒါပေမဲ့ ၃ရက်ဘဲ အဲဒါလည်း ဘာသာရေး သတင်းနဲ့ တနင်္ဂနွေဆို သြ၀ါဒလေးဘဲ လွင့်ပေးခဲ့တာ။

အာဗီအေကို ပိုစွဲလမ်းသွားအောင် နားထောင်ဖြစ်တာကလည်း တနင်္ဂနွေမှာ လွင့်တဲ့သြ၀ါဒကြောင့်လို ပြောရင်လည်းရတယ်။ သြ၀ါဒက Fr ဂြိုလ်တု သြ၀ါဒလေ။ နဂိုကတည်းက
Fr ဂြိုလ်တု သြ၀ါဒကို ကြိုက်တော့ အာဗီအေမှာ Fr အမြဲလွင့်ပေးနေတော့။ အာဗီအေကို ပိုနားထောင်ဖြစ်တာပေါ့။ တချို့ကက်သလစ်တွေဆို အာဗီအေကို မသိတဲ့လူတွေလည်းရှိတယ်။ အာဗီအေက ထူးခြားတာက အာဗီအေသောတရှင်တွေ အများစုက ခရစ်ယာန်မဟုတ်တဲ့ တခြားဘာသာဝင်တွေ ဖြစ်နေတာဘဲ။ သူ့ရဲ့အစီအစဉ်က ကက်သလစ်ခရစ်ယာန်တွေ အတွက်ဘဲမှမဟုတ်တာ အားလုံးနားထောင်နိုင်အောင် စီစဉ်ထားတာ။

ဒါနဲ့ ဒီဘက် အပြင်ကိုရောက်လာတော့ ရေဒီယိုလည်းနားထောင်လို့မရတော့ အာဗီအေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ရတယ်။ တလောက နှင်းစက် က အာဗီအေရဲ့ အင်တာနက်ဝက်ဆိုဒ် အသစ်ကို ပေးတယ်။ ဒါနဲ့သွားကြည့်တာ အင်တာနက်ပေါ်ကနေ အာဗီအေကို တစ်ပတ်စာ နားထောင်လို့ရပြီဆိုတာသိရတယ်။ သိရတဲ့ညဘဲ ပြီးခဲ့တဲ့ တစ်ပါတ်လုံးစာက အစီအစဉ်တွေကို ထိုင်နားထောင်ပစ်လိုက်တယ်။

ဒါနဲ့ဘလောက်မှာ အခမဲ့ကြော်ငြာပေးမှ ဆိုပြီး ဒီပို့စ်လေးကို တင်ပေးလိုက်တာ။ ကျွန်တော့ဘလောက်ကို လာဖတ်နေတုန်း တဘက်ကနေ အာဗီအေလည်း နားထောင်လို့ရတာပေါ့။
Fr ဂြိုလ်တုရဲ့ တနင်္ဂနွေနေ့ သြ၀ါဒလေးကို နားထောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ဒီလင့်လေးကို မိမိ နားထောင်ချင်တဲ့အချိန် http://www1.rveritas-asia.org/index.php?option=com_content&view=article&id=89&Itemid=102 သွားပြီး အဲဒီမှာ မိမိနားထောင်ချင်တဲ့ ရက်၊ ဘာသာစကားကို မြန်မာလို့ရွေးပြီး၊ နောက်အသံလွင့်အစီအစဉ် နံနက်ပိုင်းနဲ့၊ ညနေပိုင်းရွေးလိုက်ရင် နားထောင်လို့ရပြီ။ Realplayer တော့လိုမယ်။




Read More...

Monday, October 13, 2008

ပိတ်ဆို့တားမြစ်ခြင်း


မူရင်း... ထိုင်ဝမ် စာရေးဆရာ လီဂျာထုံ ( Chia-Tung Lee)

ဒီစာရေးဆရာရဲ့ ၀တ္ထုတို တော်တော်များများကို ကျွန်မ ဘာသာပြန်ဖူးပါတယ်။ သူ့စာအများစုက အခုခေတ် တစ်ချို့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ဖော်ညွှန်းထားသလား ထင်ရလောက်အောင် တိုက်ဆိုင်တဲ့အတွက် အရမ်းကို ကြိုက်မိပါတယ်။ စာရေးဆရာက ရိုမန် ကစ်သလစ် ကိုးကွယ်ယုံကြည်သူ ဖြစ်တဲ့အတွက် သူ့စာထဲမှာ သူ့ဘာသာနဲ့ ပတ်သက်တာတွေကို အနည်းအများ တွေ့ရတတ်ပါတယ်။ ဒီတစ်ပုဒ်ကိုလည်း ကြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။


ပိတ်ဆို့တားမြစ်ခြင်း

တစ်လောက ကျုပ်သြဇာတွေ ဘာနဲ့မှ နှိုင်းပြစရာမရှိအောင် ကြီးတယ်လို့ ကျုပ်ကိုကျုပ် ထင်မိတယ်။ ၁၉၆၆ခုနှစ် အရေးအခင်းတုန်းက ကျုပ်က ရှန်ဟိုင်းမြို့ရဲ့ မြို့တော်ဝန်ဆိုတော့ ဘယ်အရာ ဘာကိစ္စမဆို ကျုပ်တားမြစ်ပိုင်ခွင့်ရှိတယ်။ ကျုပ်ပိတ်ဆို့လိုက်တဲ့ ရုပ်ရှင်တွေ မနည်းဘူး။ ၀တ္ထုနဲ့ စာအုပ်တော်တော်များများ ကိုလည်း ကျုပ်ပိတ်ပင်ခဲ့တယ်။ တီဗွီနဲ့ အသံလွှင့်ငှာနတွေဆိုရင် ဘယ်တော့မှ မပြောင်းလဲတဲ့ အစီအစဉ်ကိုပဲ ထုတ်လွှင့်ခဲ့ရတယ်။

တကယ်တော့ ကျုပ်တို့လို အာဏာရှိတဲ့ လူတွေက အဲဒီရုပ်ရှင်တွေကို ထုံးစံအတိုင်း ကြည့်နေကျပဲ။ ကြိုက်တဲ့ စာအုပ်တွေ ဖတ်ကြတာပဲ။ ကျုပ်က St. John's တက္ကသိုလ်က အီးမေဂျာနဲ့ ကျောင်းပြီးထားတယ်ဆိုတော့ ကျုပ်အိမ်မှာ အင်္ဂလိပ်စာအုပ်တွေက အပြည့်။ လူတွေ ဖတ်ခွင့်မရှိတဲ့ အချိန်မှာ ကျုပ်က ညနေ အိမ်ပြန်ရောက်တိုင်း ဖတ်နေကျပဲ။ တစ်ရက်မှာ စာရေးဆရာ Lewis Carroll ရဲ့ “Alice's Adventures In Wonderland” ဆိုတဲ့ စာအုပ်ကို ကျုပ်ဖတ်မိတယ်။ စာအုပ်ထဲက စာတစ်ပိုဒ်မှာ မိဖုရားက အဖြူရောင်ပန်းကို အနီရောင်ဖြစ်အောင် ဆေးဆိုးဖို့ အမိန့်ပေးတယ် ဆိုတဲ့အကြောင်း ဖတ်မိတော့ ကျုပ်တော်တော် သဘောကျမိတယ်။ နောက်တစ်ရက်မှာ ကျောင်းတစ်ကျောင်းကို စစ်ဆေးဖို့ ကျုပ်ရောက်သွားခဲ့တယ်။ ကျောင်းဝန်းထဲမှာ အဖြူရောင်ပန်းတွေ အပြည့်စိုက်ထားတာကို တွေ့တော့ ကျုပ်မကျေမနပ်နဲ့ အနီရောင်ပန်းတွေ စိုက်သင့်ကြောင်း ပြောလိုက်တော့ အားလုံးက အဖြူရောင်ပန်းကို နှုတ်ပြီး အနီရောင်ပန်းကို ပြောင်းစိုက်ကြတယ်။

အဲဒီသတင်းပြန့်သွားပြီးနောက် အားကစားသမားတွေ အဖြူရောင် အင်္ကျီ မ၀တ်ရဲကြတော့ဘူး။ အဖြူရောင် ၀တ်ရတဲ့ တင်းနစ် ကစားသမားတွေတောင် အနီရောင်ဝတ်စုံကို ပြောင်းဝတ်ကြတော့တယ်။ တစ်ခါက တင်းနစ်ပြိုင်ပွဲ တစ်ခုကို ကျုပ်ရောက်သွားခဲ့တယ်။ ဘောလုံးတောင် အနီရောင်ပြောင်းထားကြတာကို ကျုပ်သတိထားမိလိုက်တယ်။ ပြောသာပြောရတာ အနီရောင်ဘောလုံးဆိုတော့ ကျုပ်မျက်စိထဲမှာ ကြည့်ရတာ တစ်မျိုးကြီးပဲ။ ပြိုင်ပွဲဝင်တစ်ဦးက အနီရောင် အားကစားဝတ်စုံ ရှာမရလို့ဆိုပြီး ပြိုင်ပွဲကို လက်လွတ်လိုက်ရသေးတယ်။

ဘာသာရေး လှုပ်ရှားမှုကိုလည်း ကျုပ် တင်းတင်းကျပ်ကျပ် တားဆီးထားတယ်။ ရှန်ဟိုင်းတစ်မြို့လုံး ဘုန်းကြီး တရားဟောသံတွေ မကြားရဘူး။ ခရစ်ယာန်တွေရဲ့ ကျမ်းစာရွတ်ဖတ်သံလည်း မကြားရဘူး။ ကက်သလစ်တွေရဲ့ ၀တ်ပြုသံဆိုရင် ပြောမနေပါနဲ့တော့။ အီတလီ သံရုံးမှာ ဖာသာတစ်ဦးရှိတယ်ဆိုတာ ကျုပ်သိတယ်။ သူဝတ်ပြုတာကိုတော့ ကျုပ်ဂရုမစိုက်ဘူး။ သူ့ဝတ်ပြုရင် နိုင်ငံခြားသားတွေပဲ သွားကြတယ်။ တရုတ်တွေဆိုရင် သွားကို မသွားရဲကြဘူး။

အရေးအခင်းတုန်းက လှုပ်ရှားမှု အမျိုးမျိုးကို ကျုပ်တို့ ပိတ်ဆို့ခဲ့လို့ ဖွံ့ဖြိုးတိုးတက်တဲ့ နေမ၀င်တဲ့မြို့လို့ နာမည်ကြီးခဲ့တဲ့ ရှန်ဟိုင်းမြို့ဟာ နေ၀င်မိုးချုပ်ပြီဆိုရင် မြို့သေတစ်မြို့လို ဖြစ်သွားခဲ့ရတယ်။ ကျုပ်အလုပ်ဆင်းလို့ အိမ်ပြန်တဲ့ ညတွေတိုင်း တိတ်ဆိတ်တဲ့ လမ်းမပေါ် ကားမောင်းပြီး ဖြတ်သွားတိုင်း ကျုပ်လုပ်ရပ်တွေအတွက် ကျုပ်အရမ်း ကျေနပ်မိတယ်။ ကျုပ်လို သြဇာရှိပြီး ပိတ်ပင်ချင်တဲ့ လှုပ်ရှားမှုတွေကို ပိတ်ဆို့နိုင်တဲ့လူ ဒီလောကမှာ ဘယ်နှစ်ယောက်ရှိလဲ..? နေမ၀င်တဲ့ မြို့တစ်မြို့ကို မြို့သေတစ်မြို့ဖြစ်အောင် ဘယ်သူက လုပ်နိုင်မလဲ..?

ဒါပေမဲ့ ရုတ်တရက် ကျုပ်တို့ စင်ပြိုသွားခဲ့ရတယ်။ အဲဒီည ၁၀နာရီအချိန်လောက်မှာ ကျုပ် ဟော်လီဝုဒ် ရုပ်ရှင်တစ်ကား ကြည့်နေတုန်းမှာ နေအိမ်ကို စစ်တပ်တွေ ၀ိုင်းလိုက်ကြတယ်။ အဲဒီညမှာပဲ ကျုပ်ကို ပီကင်းပို့လိုက်တယ်။ အဲဒီနောက် ကျုပ်လွတ်လပ်မှုတွေ ဆုံးရှုံးတော့တာပဲ။

ရုံးတင်စစ်ဆေးတော့ ကျုပ်ပြေးမလွတ်ခဲ့ဘူး။ နောက်ဆုံးတော့ တစ်သက်တစ်ကျွန်း အမိန့်ချလိုက်တယ်။ ကျုပ်ကို ဘာဖြစ်လို့ ရှန်ဟိုင်းထောင် ပြန်ပို့တယ်ဆိုတာကို ကျုပ်နားမလည်ခဲ့ဘူး။ ကျုပ်တော့ ဒီတစ်သက်သွားပြီလို့ ထင်တယ်။ ထောင်ဆိုတဲ့ နေရာက နေလို့ကောင်းတဲ့ နေရာမဟုတ်မှန်း ကျုပ်သိတယ်။ ကျုပ်လို့ ကောင်မျိုးဆို ပိုဆိုးမယ်။

ဒါပေမဲ့ ကျုပ်အထင်နဲ့ အမြင်လွဲခဲ့ရတယ်။ ကျုပ်မိန်းမ ကျုပ်ကိုထောင်ဝင်စာ လာတွေ့ခွင့်ရှိတယ်။ ကျုပ်သားကတော့ သိပ်မလာရဲဘူး။ ဒါကို ကျုပ် အပြစ်မတင်ပါဘူး။ ကျောင်းပြီးရင် သူ့ရှေ့ရေးအတွက် သူလျှောက်ရမယ့် လမ်းက ရှိသေးတယ်လေ။ ကျုပ်နားမလည်တာက ထောင်ထဲမှာ ထောင်သားတွေကို မနှိပ်စက်ဘဲ အားလုံးကို စည်းကမ်းအတိုင်းပဲ ထိန်းချုပ်တယ်။ ကျုပ်ရဲ့ လွတ်လပ်မှုသာ ဆုံးရှုံးသွားတာ ဘာအနှိပ်အစက်မှ ကျုပ်မခံခဲ့ရဘူး။ ထောင်ထဲမှာ အင်္ဂလိပ်စာပြတဲ့ ဆရာလိုတယ်ဆိုလို့ ကျုပ်လည်း အလိုအလျှောက် အင်္ဂလိပ်ဆရာ ဖြစ်သွားတယ်။ ထောင်အလုပ်တွေ ကျုပ်လုပ်ရတာပဲ။ ဒါပေမဲ့ မပင်ပန်းဘူး။ တံမြက်စည်းလှဲရတယ်။ ပန်းပင်တွေကို ပြုစုရတယ်။ ရယ်စရာကောင်းတာက ပန်းအများစုက အဖြူရောင် တွေပဲ။

တစ်ရက်မှာ ကျုပ်စာသင်ပြီးတဲ့အချိန် ရဲသားတစ်ဦး ကျုပ်ကို လာကြည့်တယ်။ အဲဒီရဲသား ကျုပ်ကို တစ်ခုခု ပြောချင်နေတယ်ဆိုတာကို အစောကြီးကတည်းက ကျုပ်ရိပ်မိပြီးသား.. သူ့ကြည့်ရတာ ကျုပ်နဲ့ စကား သိပ်မပြောရဲတဲ့ ပုံစံပဲ။ သူဟာ “ရန်” အမျိုးအနွယ်ဖြစ်တဲ့ အကြောင်း၊ ဒီထောင်မှာ လုံခြုံရေးတာဝန်ကျတာ ၆နှစ်ရှိပြီဖြစ်တဲ့အကြောင်း ပြောတယ်။ နောက်ပြီး သူက နာမည်တစ်ခု ပြောပြီး အဲဒီ သူငယ်ချင်းကို မှတ်မိသေးလားလို့ ကျုပ်ကိုမေးပါတယ်။ ကျုပ် မှတ်မိတာပေါ့။ “၀မ်” က ကျုပ်ရဲ့ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် ရောက်တဲ့အထိ ကျောင်းနေဖက် သူငယ်ချင်း.. ကျုပ်က အီးမေဂျာ၊ သူက ရူပဗေဒ။ ကျုပ်တို့နှစ်ယောက်လုံး ၀ါသနာပါတာက ဘတ်စကက်ဘော ကစားတာပဲ။ အားတာနဲ့ ကျုပ်တို့အတူတူ ဘတ်စကက်ဘော ကစားဖြစ်တယ်။ ဒါပေမဲ့ ကျောင်းပြီးသွားတဲ့နောက် သူ့လမ်း ကိုယ့်လမ်းပဲဖြစ်သွားတယ်။

ရဲသားက မစ်စတာဝမ်ဟာ အရေးအခင်း မပြီးခင်မှာ ကွယ်လွန်သွားခဲ့တဲ့အကြောင်း၊ ကျုပ်အကြောင်းကို မကြာခဏ ပြောပြတတ်ကြောင်း၊ ကျုပ်လုပ်နေတဲ့ လုပ်ရပ်တွေကို ကျုပ်လုပ်ချင်လို့ လုပ်နေတာ မဟုတ်တဲ့အကြောင်း၊ ကျုပ် မရက်စက်တတ်ပေမယ့် စိတ်ကြီးတဲ့ အကြောင်းတွေ ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ ရဲသားရဲ့ စကားကို နားထောင်ပြီး ကျုပ် ၀မ်းနည်းခံစားမိတယ်။ သူ့ကို ထောင်ထဲရောက်အောင် ပို့ခဲ့တဲ့ ကျုပ်ကို အကာအကွယ်ပေးပြီး စကားအကောင်းပြောခဲ့မယ်လို့ ကျုပ်ထင်တောင် မထင်ထားဘူး။ ကျုပ်ကောင်းစားတုန်းက ကျုပ်ဘေးမှာ ခယခဲ့တဲ့ လူတွေက အခုချိန်မှာ ကျုပ်နဲ့ စည်းခြားသွားသလိုပဲ။

တက္ကသိုလ်မှာ ကတည်းက ကွန်မြူနစ်ပါတီရဲ့ မြေအောက်လှုပ်ရှားမှု အဖွဲ့မှာ ကျုပ်တိတ်တိတ်လေး ပါဝင်ခဲ့တယ်။ ကျုပ်ရဲ့ လုပ်ရပ်တွေကို လူတွေ မရိပ်မိအောင်ဆိုပြီး ကျုပ်ကိုကျုပ် အနောက်တိုင်းဆန်နိုင် သမျှဆန်အောင် ၀တ်စားတယ်။ အနောက်တိုင်း ဂျာနယ်တွေဖတ်တယ်။ အဆောင်ရဲ့ အခန်းနံရံမှာ နိုင်ငံခြား မင်းသား မင်းသမီးပုံတွေကပ်တယ်။ ကိုမင်တန်အစိုးရကို ကျုပ်လုံးဝ မဝေဖန်သလို အစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့မှာလည်း မပါခဲ့ဘူး။ ကျောင်းသား သူငယ်ချင်းတွေက ကျုပ်ကို ကိုယ်ကျိုးပဲ ကြည့်တဲ့ကောင်လို့ မြင်ကြတယ်။

ကျောင်းပြီးတော့ ရှန်ဟိုင်းမြို့ရဲ့ အင်္ဂလိပ် သတင်းစာငှာနမှာ ကျုပ် လွယ်လွယ်ကူကူ အလုပ်ရလိုက်တယ်။ စစ်တပ်တွေ အာဏာသိမ်းတော့ ကျုပ်ချက်ချင်း သြဇာကြီးလာခဲ့တယ်။ “၀မ်”ကရော ? ကျုပ်နဲ့ လုံးဝဆန့်ကျင်ဖက်ပဲ။ ကိုမင်တန်အစိုးရကို သူလုံးဝ မကျေနပ်ဘူး။ ဒါပေမဲ့ သူက ကက်သလစ် ကိုးကွယ်သူဆိုတော့ အစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တဲ့အထဲမှာ မပါခဲ့ဘူး။ သူ့အိမ်က ငွေကြေးချမ်းသာတယ်။ ကျောင်းပြီးတော့ သူ အမေရိကားမှာ ပညာဆက်သင်ဖို့ ထွက်သွားခဲ့တယ်။ ကျုပ်တို့ စာအဆက်အသွယ် အမြဲရှိခဲ့တယ်။ သူ့ ဘွဲ့လွန်ပြီးတဲ့နောက် သူရဲ့ ဆုံးဖြတ်ချက်တစ်ခုကို သူက ပြောပြတယ်။ သူဖာသာသွားလုပ်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ကျုပ်ကို အတော်လေး အံ့သြစေခဲ့တယ်။ အဲဒီတုန်းက ကျုပ်က သြဇာအာဏာရှိတဲ့ လူတစ်ယောက်ဖြစ်နေပြီဆိုတော့ သူနဲ့အဆက်အသွယ် ဆက်မလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

(၇)နှစ်ကြာပြီးတဲ့နောက် အမေရိကားက ပို့လာတဲ့ “၀မ်”ရဲ့ စာကို ကျုပ်ရခဲ့တယ်။ သူ ဖာသာဖြစ်နေပြီ ဆိုတဲ့အကြောင်း ရှန်ဟိုင်းကို ပြန်လာတော့မယ်ဆိုတဲ့ အကြောင်းပါပဲ။ သူ့ကို ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ရှန်ဟိုင်းကို လုံးဝပြန်မလာဖို့ ကျုပ်ချက်ချင်း စာပြန်လိုက်တယ်။

ဒါပေမဲ့ သူပြန်လာတယ်။ အဲဒီဘာသာကို ကျုပ်တို့အမျိုးမျိုး နှောင့်ယှက် တားဆီးလည်း “၀မ်”က ဘာမှ မဖြစ်ခဲ့ဘူး။ သူ့ကို ကျုပ်နောက်ကနေ အကာအကွယ် ပေးနေတယ်ဆိုတာကို လူတိုင်းရိပ်မိပါတယ်။

အရေးအခင်းစဖြစ်တုန်းက ဘုရားရှိခိုးကျောင်းတွေကို ပိတ်ပစ်တယ်။ ဖာသာတွေကို ဖြုတ်ချတယ်။ ထောင်ထဲပို့တယ်။ ဖာသာတစ်ချို့ကို ကျုပ်တို့ လူဝတ်လဲခိုင်းခဲ့တယ်။ “၀မ်”က ဘုရားကျောင်းတွေ မရှိတော့ သူ့နေအိမ်မှာပဲ နေ့တိုင်းဝတ်ပြုတယ်။ ဘာသာဝင်တစ်ချို့လည်း သူ့အိမ်ကို တိတ်တဆိတ်သွား ၀တ်ပြုကြတယ်။

ဒီလို ကိစ္စကို ကျုပ် ဘယ်လိုမှ သည်းမခံနိုင်ဘူး။ သူ့ကို ကျုပ်အိမ်ဖိတ်ပြီး ပြတ်ပြတ်သားသား ပြောလိုက်တယ်။ ၀တ်ပြုချင်ရင် တိတ်တဆိတ် ၀တ်ပြုပါ။ ညနက်သန်းခေါင် အိမ်တံခါးတွေ ပိတ်၊ ကာလိုက်ကာတွေချပြီး လူမမြင်အောင် ၀တ်ပြုဖို့၊ ဒီလိုလုပ်ရင် ကျုပ်မသိချင် ဟန်ဆောင် နေပေးလို့ရတယ်။ ခြံတံခါးဖွင့်ပြီး ပေါ်ပေါ်တင်တင် ၀တ်ပြုမယ်ဆိုရင် ကျုပ်တားကို တားရမယ်လို့ ပြောလိုက်တယ်။

နောက်တစ်နေ့မနက် (၈)နာရီမှာ “၀မ်”က ပေါ်ပေါ်တင်တင်ပဲ ၀တ်ပြုတယ်။ တကယ်လို့ ဒီကိစ္စကို ကျုပ်မတားမြစ်ဘူးဆိုရင် ကျုပ်ဟာ ရှန်ဟိုင်းမြို့ရဲ့ မြို့တော်ဝန် ဆက်လုပ်သင့်ဦးမလား? ရဲတွေ သူ့ကို သွားခေါ်တဲ့အချိန်မှာ သူက အ၀တ်အစားတွေ၊ အသုံးအဆောင်တွေ အဆင်သင့် ထုတ်ထားပြီးသား။ တစ်နေ့နေ့ ဒီလိုဖြစ်လာမယ်ဆိုတာကို သူကြိုတွေးထားပုံရတယ်။ ထောင်ထဲက တာဝန်ကျလူတွေကို ကျုပ်မှာထားလိုက်တယ်။ “၀မ်”ကို မနှိပ်စက်ဖို့။ ထောင်ထဲမှာ သူ့ကို လုံးဝ ၀တ်ပြုခွင့် မပေးနဲ့လို့ ကျုပ်ထပ်မှာလိုက်သေးတယ်။ “၀မ်” ထောင်ထဲရောက်တာနဲ့ သူ့ကို ကျုပ်လုံးဝ မေ့ထားလိုက်တယ်။ အခု ဒီရဲသား မေးတော့မှာပဲ “၀မ်”လည်း ဒီထောင်မှာပဲ အချုပ်ခံခဲ့ရတာကို ကျုပ်သတိရလိုက်တယ်။ ကျုပ် တားမြစ် ပိတ်ပင်ခဲ့တာတွေကို ပြန်မြင်ယောင်မိတယ်။

“၀မ်” ထောင်ကျစဉ်က ဆုတောင်းဝတ်ပြုတာတွေ လုပ်သေးလားလို့ ရဲသားကို ကျုပ်မေးလိုက်တော့ “၀မ်” ၀တ်ပြုဆုတောင်းတာကို သူ မမြင်ဖူးတဲ့အကြောင်း ဒါပေမဲ့ သူ့ရဲ့မေတ္တာနဲ့ စာနာတတ်မှုတွေကို လူတွေ အသိအမှတ်ပြုတဲ့အကြောင်း၊ ဘယ်လောက်ပဲ ပင်ပန်းပါစေ သူ့ဆီက စိတ်ပျက်ညည်းညူတဲ့ စကား မကြားမိတဲ့အကြောင်း၊ လူကို နှိပ်စက်တဲ့ လူတွေကိုလည်း မတုန့်ပြန်သလို အမုန်းရန်ငြိုးလည်း မထားတတ်ကြောင်း၊ ထောင်သားတွေကိုလည်း ကူညီ အားပေးတတ်ကြောင်း၊ သူ့ကို နှိပ်စက်တဲ့ လူတွေကိုလည်း ဂရုစိုက်တတ်ကြောင်း ပြောပြပါတယ်။ သူဟာ အခွင့်အခါသင့်တဲ့အခါ လူတွေကို ကက်သလစ်ဘာသာရဲ့ အခြေခံတရားကို တိတ်တဆိတ် ဟောပြောတတ်တယ်။ လူတော်တော်များများက နှစ်ခြင်းခံကြတယ်။ ဒီရဲသားလေးတောင် နှစ်ခြင်းခံထားတယ်တဲ့။ ကျုပ် အရမ်းအံ့သြတာက ထောင်မှူးတောင် နှစ်ခြင်းခံထားတယ်ဆိုတဲ့ ကိစ္စပဲ။

“၀မ်” ရဲ့ အကျိုးကြောင့် ဒီထောင်မှာ ငြိမ်းချမ်းတဲ့ အနှံ့အသက်ကိုရတယ်။ ဒါကြောင့် ထောင်ထဲက ကြောက်ရွံ့မှုတွေကို ကျုပ်မခံစားရတာဖြစ်မယ်။ အားလုံးနဲ့အတူ ခရစ်စမတ်ပွဲ ကျင်းပသေးလားလို့ ရဲသားကို ကျုပ်ထပ်မေးလိုက်တယ်။ မကျင်းပခဲ့ပေမယ့် ခရစ်စမတ်ရောက်တိုင်း “၀မ်”က လူတွေအားလုံးကို ကွန်မြူနစ်တွေက လူတွေကို ခရစ်စမတ် မကျင်းပဖို့ တားမြစ်နိုင်ပေမဲ့ ခရစ်စမတ်ရောက်တိုင်း (Jesus) လာတာကိုတော့ မတားမြစ်နိုင်ဘူးလို့ ပြောပါတယ်။ အဲဒီ စကားကို ကြားတော့ ကျုပ် လန့်သွားမိတယ်။ ထောင်ထဲ (Jesus) ရောက်လာတာကို “၀မ်” တကယ်ပဲ မြင်ခဲ့ဖူးလားလို့ ရဲသားကို ကျုပ်မေးတော့ ခရစ်စမတ်ရောက်တိုင်း “၀မ်”က ညကင်းစောင့်ဖို့ အမြဲတောင်းဆိုတတ်တဲ့ အကြောင်း၊ တိတ်ဆိတ်ငြိမ်သက်တဲ့ ညမှာ (Jesus) ရောက်လာတာကို သူခံစားမိတဲ့အကြောင်း ပြောပါတယ်။ အရေးအခင်းပြီးတော့ မြို့ထဲမှာ ခရစ်စမတ်ပွဲတွေ ကျင်းပခွင့် ရှိပါပြီ။ ခရစ်စမတ်ညမှာ ကြက်ပျံမကျ စည်ကားပေမဲ့ (Jesus) ရောက်လာတယ်လို့ ဘယ်သူမှ မခံစားမိဘူး။

ရဲသားက ကျုပ်ကို စာတစ်စောင် ထုတ်ပေးတယ်။ “၀မ်” မဆုံးခင် တိတ်တဆိတ်ရေးပြီး သူ့ကို ပေးခဲ့တာဖြစ်တယ်။ အရေးအခင်းပြီးရင် ကျုပ်လက်ထဲ အရောက်အပ်ဖို့ မှာခဲ့တယ်လို့ ပြောပါတယ်။ “၀မ်”က သူနဲ့ကျုပ် ဆုံဖို့ အခွင့်အရေးရှိတယ်လို့လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ စာကို ကျုပ်ဖွင့်ဖတ်လိုက်တော့....

Lee. .
လူ့ဘ၀ကနေ ငါခွာရတော့မယ်။ မင်းကို ဒီကနေ ကျေးဇူးတင်ပါရစေ။ မင်းငါ့ကို ထောင်ထဲပို့လိုက်တယ်။ ဒါဟာ ငါ့ကို ခရစ်ယာန်ကောင်းတစ်ဦးဖြစ်အောင် အခွင့်အရေး ပေးလိုက်သလိုပဲ။ အားလုံးကို မင်း ပိတ်ဆို့ တားမြစ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ လူတွေအပေါ်ထားတဲ့ ငါ့ရဲ့ စေတနာ မေတ္တာတွေကိုတော့ မင်း တားမြစ်လို့ မရဘူး။ ငါ့အပေါ် မကောင်းတဲ့ လူတွေကို ခွင့်လွတ်သည်းခံတတ်တဲ့ ငါ့ရဲ့ စိတ်ကိုလည်း မင်း မတားမြစ်နိုင်ဘူး။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ မင်းအတွက် ငါတောင်းဆုပြုပါတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါတို့ ဘတ်စကက်ဘော အတူတူ ကစားကြရဦးမှာပေါ့။
မင်းရဲ့ သူငယ်ချင်း “၀မ်”

ကျုပ်မျက်ရည်တွေ စိုလာတယ်။ ကျုပ်ကသာ သူ့ကို ကျေးဇူးတင်ရမှာပါ။ သူ့ကြောင့် ကျုပ်ထောင်ထဲမှာ ညှင်းပန်း နှိပ်စက်တာကို မခံခဲ့ရတာ။ လောကမှာ တစ်ချို့အရာတွေကို ပိတ်ပင်တားဆီးလို့ မရနိုင်ဘူးဆိုတာကို ကျုပ်အခုမှ ကောင်းကောင်း သဘောပေါက်တော့တယ်။ “၀မ်” ထောင်ထဲရောက်မှ ထောင်ကို မေတ္တာအကြင်နာ လွှမ်းသွားအောင် ပြုလုပ်နိုင်ခဲ့တယ်။

အခုမှ ကျုပ်ကောင်းကောင်း နားလည်တော့တယ်။ ရှန်ဟိုင်းကို သူ ပြန်လာမယ်လို့ ဆုံးဖြတ်ပြီးကတည်းက လွတ်လပ်မှုတွေ ဆုံးရှုံးသွားမယ်ဆိုတာကို သူသိတယ်။ ဒါကို သူမကြောက်ခဲ့ဘူး။ တားမြစ်မှုတွေ၊ ပိတ်ဆို့မှုတွေ၊ အရေးအခင်းတွေက သူ လူကောင်းတစ်ဦးဖြစ်ဖို့အတွက်ကို မတားမြစ်နိုင်ခဲ့ဘူး။ အရေးအခင်းဆိုတာ သူ့အတွက် မဖြစ်ပျက်ခဲ့ဖူးတဲ့ ကိစ္စတစ်ရပ်လိုပဲ။ အရေးအခင်းကြောင့် လူတော်တော်များများက ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ရပ်တန့်လိုက်ကြပေမဲ့ သူက မရပ်ခဲ့ဘူး။ သူ့မှာ “လူကောင်းလုပ်မယ်” ဆိုတဲ့ မျှော်လင့်ချက်တစ်ခု ရှိနေလို့ပဲ။ အဲဒီ သူ့ရဲ့ မျှော်လင့်ချက်ကို ဘယ်သူကများ ပိတ်ဆို့တားမြစ်နိုင်ဦးမလဲ..? ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် သူဟာ လူကောင်းတစ်ဦး လုပ်နိုင်ခဲ့တယ်။

၁၉၈၆ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ပြီးပါပြီ

၁၉၆၆ ခုနှစ် အရေးအခင်းဆိုတာ တရုတ်ပြည်မှာ ၁၉၆၆ခုနှစ်ကနေ ၁၉၇၆ခုနှစ်အထိ ဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းပါ။ ၁၉၇၆ ခုနှစ် မော်စီတုန်း ကွယ်လွန်ပြီး ကွန်မြူနစ်တွေ စင်ပြို အဖမ်းခံရမှ အဆုံးသတ်သွားတဲ့ (၁၀)နှစ်ကြာ အရေးအခင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီအကြောင်း ကျွန်မ သေချာ မသိပါဘူး။ wikipedia မှာ ရှာကြည့်လိုက်တဲ့ စာလေးပါ။



Read More...

Sunday, October 12, 2008

ငြိမ်းချမ်းရေး လူငယ်

ငြိမ်းချမ်းရေး လူငယ်

ခရစ်တော်တရား
ရင်ဝယ်ထားလို့
သူသူငါအား
ကိုယ်ရှင်အလား
ချစ်ခင်နိုင်စေ
လူငယ်တို့တတွေ ...

မေတ္တာစိတ်ထား

သဒ္ဓါလည်းပွား
အစဉ်သာ နှင်းဆက်
ကိုယ်ကျိုးမဖက်
ပေးဆပ်နိုင်စေ
လူငယ်တို့တတွေ ...

ဖေးကူတွဲလက်
်
ခိုင်ခိုင် ဆက်လျှက်
ချစ်ခင်နှလုံး
အကြင်နာပြုံးနှင့်
အဆင့်မခွဲ
စိတ်မကွဲဘဲ
ငြိမ်းချမ်းရေးဆီ
လျှောက်လှမ်းညီစေ
လူငယ်တို့တတွေ ...

- ဇောင်း - (YD)

Read More...

Friday, October 10, 2008

အခုဆိုသော ပစ္စုပ္ပန်အချိန်၌ အသက်ရှင်ပါ


အခုဆိုသော ပစ္စုပ္ပန်အချိန်၌ အသက်ရှင်ပါ

မရိုးစင်းနိုင်သော ပုံသဏ္ဍန် အမျိုးမျိုးတို့ဖြင့် တောက်ပ၊ တည်ရှိဖြစ်ပျက်နေသော အင်မတန်မှမြင့်မားပြီး ကျယ်ပြန့်လှသည့် ကောင်းကင်ပြာကို ဖြတ်သန်းသွားလာပျော်မြူးနေကြသည့် တိမ်တိုက်၊ တိမ်တန်းများကို နံနက်အာရုံဦးချိန်ဖြစ်စေ၊ ညနေဆည်းဆာချိန်ဖြစ်စေ ကြည့်ငေးမိသူတိုင်းအား အစဉ်ရှုမ၀အောင်ဖြစ်စေပါသည်။ အထူးသဖြင့်ဤလှပမှုကို ကျွန်ုပ်အနေနှင့်အိမ်တွင်းအိမ်ပြင်၊ အိမ်ပေါ်၊ အိမ်အောက် ဘယ်နေရာမှာမဆို ရှုမ၀မမောပန်း အစဉ်ကြည်နူးမိပါသည်။ ကိုယ်တော်ရှင်ဘုရား၏ အံ့မခန်းလက်ရာတော်တွေမှ ကိုယ်တော်ရှင်၏ အစွမ်းတန်ခိုးတွေနှင့် မကုန်ခန်းနိုင်သော ချစ်မေတ္တာဂရုဏာ တော်တွေကို ကျွန်ုပ် ပြန်လည်သုံးသပ်မိပါသည်။ ယခုအခါလည်း ကိုယ်တော်ရှင် ဘုရားသည်စကြ၀ဋ္ဌာကို ဆက်လက်၍ပြုပြင်ဖန်ဆင်းနေဆဲပင်။ မိမိ၏လှပမှုအဆင်း သဏ္ဍန်၏ပုံရိပ်များကို အစဉ်ပေးသနား နေဆဲပင်။

ဘုရားရှင်သည် မတူညီမှုအမျိုးမျိုးတို့ကို နှစ်သက်မြတ်နိုးတော်မူသည်။ ပန်းများကိုကြည့်ပါ။ ၎င်းတို့၏ မတူညီသော အမျိုးပေါင်းကို မည်သူရေတွက်နိုင်မည်နည်း။ ၎င်းင်းတို့၏လှပစွာ ဝေဆာချယ်သထားသော အရောင်အဆင်း၊ နံ့သာတွေကို မည်သူ ဖန်းဆင်းနိုင်မည်နည်း။ ပန်းများတို့သည် မတူညီကြသော်လည်း သူ့နေရာနှင့်သူ၊ အမျိုးအစားအလိုက်၊ အပွင့်တိုင်းလှပ နေတာမဟုတ်ပါလား။ စိမ်းလန်းစိုပြေပြီး၊ ကြီးငယ်၊ နိမ့်မြင့် စသည့်တောင်တန်းများ၊ သစ်ပင်ပန်းမာန်၊ တိရိစ္ဆာန်များအားလုံးတို့ကိုကြည့်ပါ။ မည်မျှ ဆန်းကျယ်လှပသနည်း။ ဤလှပဆန်းကျယ်မှုများကို မည်သူ ဖန်ဆင်းရေတွက်နိုင်မည်နည်း။ ၎င်းင်းအရာများထဲမှ ကိုယ်တော်ရှင်သည် "ငါသင့်ကိုချစ်သည်" ဟူ၍ပြောဆိုနေသော အသံကို သင်ကြားနာမိပြီလား။ ပင်လယ် ရေနှင့် မြစ်ချောင်း အင်းအိုင်၊ ရေသတ္တ၀ါ အပေါင်းတို့ကိုလည်းကြည့်ပါ။ အရာရာတိုင်းသည် သူ့နေရာနှင့်သူရှိနေကြပါသည်။ ၎င်းင်းအရာများကို မည်သူဖန်ဆင်းထိန်း သိမ်းထားတော်မူပါသနည်း။

ဘုရားသခင်သည် မတူညီမှုများ အမျိုးမျိုးတို့ကို နှစ်သက်ချစ်မြတ်နိုးတော်မူသည်။ သင့်မိသားစုအတွင်း မိဘညီအစ်ကိုမောင်နှမအားလုံး တူညီနေပါလား။ မိဘတွေမတူညီကြသော မိမိတို့၏ သား သမီးများကို ချစ်ကြင်နာကြသည်မဟုတ်ပါလား။ ဤကဲ့သို့ ဖြစ်နေခြင်းသည်ပင် ဘုရားသခင်၏ အစီအမံတော်အားဖြင့် သာရှိနိုင်ကြသည်မဟုတ်ပါလား။ သို့သော် ကျွန်ုပ်တို့တွေ့မြင်ခဲ့ဖူးသော အလှပဆုံးဆိုသည့် အရာများ၊ တိမ်တန်းများတွေသည် ထာဝရမတည်ခဲ့ပါ၊ ဖြတ်သန်း ကွယ်ပျောက်ကုန်ကြပြီးဖြစ်သည်။ အဆင်းစုံလင်စွာဖြင့် ပွင့်ဖူးဝေဆာ နေသောပန်းမာန်တို့သည်လည်း အချိန်တန်၍ညိုးနွမ်းကုန်ကြပြီ။ ဥတုသုံးပါးသည်လည်း တစ်ခုကိုတစ်ခုအချိန်ပေး၊နေရာပေး ပြောင်းလဲနေကြပြီ။ ဘယ်ဖြစ်စဉ် အတွင်း၌မဆို အသက်ဆိုသည့်အရာသည် ဆက်လက်ရှင်သန်ဆဲပါ။ လူသားထုသည်လည်း ဤဖန်ဆင်းခံအရာထဲမှာ ပါဝင်နေပါသည်။ လူသားဆိုရာ၌ အိုငယ်မရွေး၊ နုပျိုချောဆိုးမခွဲ၊ ရှည်တယ် ပုတယ် ထည့်မတွက်၊ အဖြူအမည်း မပိုင်းခြား၊ ဆင်းရဲချမ်းသာအဆင်းမကြည့်၊ ကျန်းမာသူနှင့် အားနည်းသူဟူ၍မခွဲခြား အားလုံး အားလုံးပါဝင်သည်။ ကျွန်ုပ်တို့တစ်ဦးချင်းတို့သည် ကိုယ်တော်ရှင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားခြင်းခံရသူများဖြစ်ပါသည်။

ကျွန်ုပ်တို့ အယောက်တိုင်းအားလည်း ယခုဘ၀၌ ဖော်ပြမနိုင်သောဘုန်းဂုဏ်တော်နှင့် ထာဝရပျော်ရွှင်ခြင်း အသက်တာကို ပြင်ဆင်ပေးထားပါသေးသည်။ ဖန်ဆင်းခြင်းအားလုံး၏နောက်ဆုံး ပန်းတိုင်နှင့် ဘုန်းဂုဏ်တော် မှာ ခရစ်တော် နှင့်ဖန်ဆင်းခံအရာများအားလုံး (တစ်လုံးတစ်ဝတည်း) ပြန်လည်ပေါင်းစပ်ခြင်းဖြစ်ပါသည်။ ၎င်းပန်းတိုင်နှင့် ဘုန်းဂုဏ်တော်သို့ ဦးဆောင်လမ်းညွှန်ပေးနေသောအရာသည် ဘုရားသခင်၏ အနှိုင်းမဲ့ချစ်ခြင်း မေတ္တာကရုဏာပင်ဖြစ်သည်။

ယခုပစ္စုပ္ပန်မှာပျော်ရွှင်ဝမ်းမြောက်ကြစို့။ ဘုရားသခင်ရှိသောအချိန်၊ ကိုယ်တော်ရှင်၏ ချစ်ခြင်း အလုပ် လုပ်ဆောင်နေသော အချိန်သည် ယခုအချိန်ပင်ဖြစ်သည်။ အလုပ်တာဝန်၊ ခဏတာပျော်ရွှင်ခြင်းနှင့် ၀မ်းနည်းပူဆွေးရသော အချိန်တို့သည် ကုန်ဆုံးပျောက်ကွယ်သွားသော်လည်း ယခု ပစ္စုပ္ပန်ဆိုသည့် အချိန်အတွင်း ဘုရားသခင်သည် မိမိ၏ကြီးမားသော ချစ်ခြင်းမေတ္တာတော်ဖြင့် ရှိနေပါသေးသည်။ ၀မ်းနည်းမှုနှင့်နာကျင်မှုဝေဒနာများသည် အစဉ်တည်ရှိနေသကဲ့သို့ ထင်ရပါသော်လည်း လျှင်မြန်စွာ ကုန်ဆုံးသွားပြီး အသစ်သောပျော်ရွှင်မှု၊ ချစ်ခြင်းနှင့် အသစ်သော ဘ၀အတွက် နေရာဖြစ်လာ လိမ့်မည်။

ယခုပစ္စုပ္ပန်ဆိုသည့် အချိန်၏ ပျော်ရွှင်မှုသည် ကုန်ဆုံးသွားလိမ့်မည်။ ခဏတာပျော်ရွှင်မှုကို လက်မလွှတ်ချင်ဘဲ
ဆုပ်ကိုင်ထားခြင်းသည် ၀မ်းနည်းခြင်းနှင့် စိတ်ပျက်အားငယ်မှုသာ ဖြစ်ပေါ်စေလိမ့်မည်။ ပျော်ရွှင်ရမည့်အချိန်၌ ပျော်ရွှင်ကာ ကုန်ဆုံးသွားချိန်၌လည်း လက်ခံတတ်ပါ။ ခဏတာပျော်ရွှင်ခြင်းနှင့် စိတ်ပျက်အားငယ်မှု၊ သာဖြစ်ပေါ်စေလိမ့်မည်။ ပျော်ရွှင်ရမည့်အချိန်၌ပျော်ရွှင်ကာ၊ ကုန်ဆုံးသွားချိန်၌လည်း လက်ခံတတ်ပါ။ ခဏတာ ပျော်ရွှင်ခြင်းကုန်ဆုံးသွားရခြင်းသည် ပိုမို၍မြင့်မြတ်ကောင်းမွန်သော ပျော်ရွှင်မှုအတွက် မျှော်လင့်ခြင်း ပင်ဖြစ်သည်။

ဘ၀၏အပြောင်းအလဲများ အားလုံးအပေါ် လက်ခံတတ်ပါစေ။ မတည်မြဲသော ခဏတာကို စွဲလမ်းခြင်းမရှိပါနှင့်။ ပြီးဆုံးသွားခဲ့သော အတိတ်ကို ပူဆွေးဝမ်းနည်းမနေပါနှင့်။ ရောက်မလာသေးသော အနာဂါတ်ကို ကြိုတင်တွေးတောဗျာများမနေပါနှင့်။ ယခုပစ္စုပ္ပန် အသက်ရှင်နေသောအချိန် အတွင်း ဘုရားသခင်၏ ချစ်ခြင်း မေတ္တာတော်ကိုတစ်ဦးချင်း၊ အချိန်တိုင်း၊ ဖြစ်ရပ်တိုင်းနှင့် ကျေးဇူးတော်တိုင်း၌ ထိတွေ့ခံစားနိုင်ကြပါစေ။ ယခုအသက်ရှင်ကြပါစို့။


ချစ်မိုး ( ကတ )

Read More...

Tuesday, October 7, 2008

သံပေါ်လူးအကြောင်း ဥာဏ်စမ်း ဗဟုသုတ


သံပေါ်လူး အကြောင်း ဥာဏ်စမ်း ဗဟုသုတ


Read More...

Monday, October 6, 2008

ဆင်းရဲဒုက္ခများအလယ်မှာ


ဆင်းရဲဒုက္ခများအလယ်မှာ

တစ်ခါတရံမှာ ကျွန်တော်တို့ အနေနဲ့ ဒုက္ခအခက်ခဲနှင့်ကားတိုင်တွေ ကိုခံထမ်းရခြင်းဟာ ကောင်းမွန်လှပါတယ်။ ဆင်းရဲဒုက္ခများက ကျွန်တော်တို့ကို အသိတရားများထံ ပို့ဆောင်ပေးနိုင်တယ်။ ကျွန်တော်တို့ဟာဒီကမ္ဘာမြေမှာ ခဏတာခိုလှုံနေကြတဲ့ ဒုက္ခသည်တွေပါလား ဆိုတဲ့အသိကိုလည်း ရစေပါတယ်။ ဒါကြောင့်လည်း ဒီကမ္ဘာ လောကကြီးက ပိုင်ဆိုင်တဲ့အရာဝထ္တုပစ္စည်းတွေ အပေါ် ကျွန်တော်တို့ရဲ့ယုံကြည်မှုကို မထားဖို့လိုအပ်ပါတယ်။ တခါတရံလူတွေက ကျွန်တော် တို့ကို အထင်အမြင်လွဲမှားကြခြင်းသည်လည်း ကောင်းတယ်လို့ဆိုရပါမယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေ ကောင်းပေမဲ့လည်း သူတို့က ကျွန်တော်တို့အပေါ် သေးသိမ်တဲ့ အမြင် သဘောထားတွေရှိကြပါတယ်။ အဲဒီအတွေ့အကြုံများက ကျွန်တော်တို့ကို နှိမ့်ချခြင်းဆီ လမ်းပြခေါ်ဆောင် သလိုမိမိ ကိုယ်ကိုအထင်ကြီးမှုတွေကလည်း ကာကွယ်ပေးပါတယ်။ ရုန်းကန်ကြိုးစားနေရတဲ့ အခြေအနေ များထဲက ကျွန်တို့ဟာ ဘုရားသခင်ကိုပိုမိုရှာဖွေကြရပါမယ်။ ကျွန်တော်တို့ဟာ ပြင်ပရှုတ်ချမှု တွေကို ခံရချိန်မှာအတွင်းစိတ်နှလုံးသားကတော့ ပိုမိုကြံ့ခိုင်သန်မာလာကြပါတယ်။

သင့်ရဲ့ဘ၀အသက်တာကို ဘုရားသခင်ထံမှာ လုံးလုံးလျားလျား တည်ဆောက်ထားမည်ဆိုပါက တစ်ပါးသူများရဲ့ အားပေးနှစ်သိမ့်မှုတွေကို သင့်အနေနဲ့လိုအပ်မှာ မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ဟာ နှောက်ယှက် ဖြားယောင်းခြင်းနဲ့မကောင်းတဲ့ အတွေးဆိုးတွေထဲ ဒုက္ခရောက်နေချိန်များမှာ အကြီးမားဆုံးလိုအပ်မှုက ဘုရားသခင်သာ ဖြစ်တယ်ဆိုတာကို ရှင်းလင်းစွာသိမြင် လာပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမပါဘဲ ကောင်းမွန်တဲ့အရာ တစ်စုံတစ်ခုကိုမျှလုပ်ဆောင်ရန် ကျွန်တော်တို့တွေ မတတ်နိုင်ကြလို့ပါပဲ။ ဒီအခါမှာ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ ၀မ်းနည်းကြေကွဲမှုတွေနဲ့ အတူကျွန်တော်တို့ဟာ "စုတေ၍ခရစ်တော်နှင့်အတူနေခြင်းငှါ တောင့်တလိုချင်သောစိတ်ရှိ၏" (ဖိလိပိ ၁း၂၃) ဆိုပြီးဖြစ်လာပါမယ်။ အကြောင်းကတော့ အလုံခြုံ ဆုံးနဲ့အငြိမ်းချမ်းဆုံးနေရာဟာ ဒီကမ္ဘာမြေပေါ်မှာ မတည်ရှိပါလားဆိုတာကို ကျွန်တော်တို့တွေ နားလည်သဘောပေါက် လာကြလို့ပါပဲလေ။

THOMAS A KEMPIS ၏ THE IMITATION OF CHRIST ကိုပြန်ဆိုခြင်း ဖြစ်ပါသည်။
ဂမုန်း ( မုန်းမောက်မြို့)

Read More...

Friday, October 3, 2008

Here I Am, Lord


Here I Am, Lord

ဒီသီချင်းလေးလည်း အရမ်းကြိုက်လို့ တင်ပေးလိုက်တယ်။ အကြိုက်ဆုံး စာသားလေးက “If You lead me.I will hold, Your people in my heart.” တဲ့။ အဲဒီ စာသားလေး ကြားပြီးက တည်းက heart ထိသွားပြီး ကြိုက်သွားခဲ့တယ်။ ကျွန်တော်တတ်နေတဲ့ ဘုရားကျောင်းမှာလည်း ဒီသီချင်းကို မကြာခဏဆို တတ်တယ်။ အရင်က အင်္ဂလိပ်ဘုရားသီချင်းတွေနဲ့ သိပ်မထိတွေ့ခဲ့တော့ သိပ်မသိဘူး။ အခုကျ တော်တော်များများကို ကြိုက်တတ်လာတယ် ပိုပြီး ခံစားရတယ် ထင်တာဘဲ။ Cbox မှာ တစ်ယောက်အား အားပေးထားတော့ အတတ်နိုင်ဆုံး ကြိုးစားတင်ပေးသွားပါမယ်။ ကြိုက်တာတွေကတော့ အများကြီးဘဲ။




Here I Am, Lord

I, the Lord of sea and sky,
I have heard my people cry.
All who dwell in dark and sin,
My hand will save.

I, who made the stars of night,
I will make their darkness bright.
Who will bear My light to them?

Who shall I send?

Chorus
Here I am, Lord. Is it I, Lord?
I have heard You calling in the night.
I will go, Lord. If You lead me.
I will hold, Your people in my heart.

I, the Lord of snow and rain,
I have borne My people's pain.
I have wept for love of them,

They run away.

I will break their hearts of stone,
Give them hearts for love alone.
I will speak My word to them.

Whom shall I send?

Chorus
Here I am, Lord. Is it I, Lord?
I have heard You Calling in the night.
I will go, Lord. If You lead me.
I will hold Your people in my heart.

I, the Lord of wind and flame,
I will tend the poor and lame,
I will set a feast for them,

My hand will save.

Finest bread I will provide,
Till their hearts be satisfied.
I will give My life to them.

Whom shall I send?

Chorus
Here I am, Lord. Is it I, Lord?
I have heard You calling in the night
I will go, Lord. If You lead me.
I will hold, Your people in my heart.
I will hold Your people in my heart.

Words and Music by Dan Schutte, 1981

Read More...

မပုပ်မသိုးသည့် ရဟနာများ၏ ရုပ်ကလက်များ


ကက်သလစ်အသင်းတော်မှ မပုပ်မသိုးသည့် ရဟနာများ၏ ရုပ်ကလက်များ

အင်္ဂလိပ်စကားလုံး Incorruptibility ဆိုသည်မှာ သေလွန်ပြီးသည့်နောက် မပုပ်မသိုးဘဲ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ခေါ်သည်။ ကက်သလစ်အသင်းတော်တွင် ထိုကဲ့သို့ သေလွန်ပြီးသည့်နောက် မပုပ်မသိုးဘဲ ရှိသည့် ရဟနာတို့၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်များစွာရှိသည်။ ကက်သလစ်အသင်းတော်တွင် ရဟနာဟု သက်မှတ်သည့် အချက်များထဲမှ မပုတ်မသိုးသော ရုပ်ကလက်နေရှိခြင်းသည်လည်း အချက်တစ်ချက်ဖြစ်သည်။ ထိုကဲသို့ မပုပ်မသိုးသော ရဟနာအချို့ကို ဖော်ပြလိုက်ပါသည်။

ရဟနာစိန် Bernadette ၏ ရုပ်အလောင်းကို ပြင်သစ်နိုင်ငံတွင် ရှိပြီး သူမသည် ၁၈၇၉ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။





ရဟနာစိန် Vincent de Paul သည် ၁၆၆၀ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။


ရဟနာစိန် John Vianney သည် ၁၈၅၉ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။


ရဟနာစိန် Vincent de Paul သည် ၁၆၆၀ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။


ရဟနာစိန် Catherine ၏ ရုပ်ကလပ်ဖြစ်သည်။



ရဟနာစိန်
Zita ၏ ရုပ်ကလပ်ဖြစ်သည်။ ရဟနာသည် ၁၂၇၈ ခုနှစ်တွင် ပျံလွန်တော်မူပြီး သူ၏ ရုပ်အလောင်းကို ဖန်တလားဖြင့် အီတလီနိုင်ငံ၊ Lucca မြို့ရှိ St. Frediano ဘုရားကျောင်းတွင် ထားရှိသည်။


အခြားသောရဟနာများ အပြင် နောက်ဆုံး အနေဖြင့် ရဟနာ Padre Pio ၏ရုပ်အလောင်း အများပြည်သူအား ထုတ်ဖော် ပြသည့်နေ့က ဓါတ်ပုံများကို ဖော်ပြပေးပါမည်။ ထို ရဟနာသည် လွန်ခဲ့သော အနှစ် ၄၀ က ပျံလွန်တော်မူခဲ့သည်။













YouTube ပေါ်မှ -


Read More...

Thursday, October 2, 2008

'ငါသည် အပြစ်ရှိသူတို့တွင် ပထမဦးဆုံးဖြစ်၏' ( တီမောတေ ၁း၁၅ခ)


ငါသည် အပြစ်ရှိသူတို့တွင် ပထမဦးဆုံးဖြစ်၏' ( တီမောတေ ၁း၁၅ခ)

ပေါလု၏အမည်ရင်းကား စောလူးဖြစ်၏။ ဥာဏ်ပညာထက်မြက်၍ လျင်မြန်ဖျတ်လတ် သူတစ် ယောက်ဖြစ်သည်။ ကျမ်းတတ်ဆရာဂါမာရီရဲထံ ပညာသင်ကြားနေစဉ် ရှင်စတဲဖါးနူးကို သတ်မည့်သူများ ထဲတွင် အပါအ၀င်ဖြစ်ပြီး လူသတ်စဉ်တွင် လူသတ်သမားတို့၏အ၀တ်များကို စောင့်ထိန်းရသူဖြစ်သည်။ မိုးဇယ်၏တရားကို စွန့်ပစ်ပြီး ယေဇူး၏တရားတော်ကို လိုက်ကျင့်ကြ သူတို့အား ညှင်းဆဲသတ်ဖြတ် ရန်စောလူးသည် တတ်အားသမျှကြိုးစားအားထုတ်ခဲ့သည်။ တစ်နေ့သ၌ ထိုဆိုးသွမ်းသောအမှုကိုပြုရန် ဒါးမားစကူးမြို့သို့ သွားသောအခါ မြို့အနီးသို့ ရောက်သော် ကောင်းကင်မှ အလင်းသည် ရုတ်တရက်သူ့ကို ၀ိုင်းရံပြီးလျှင် ''စောလူး၊ စောလူး အဘယ်ကြောင့် ငါ့ကို ညှင်းဆဲသနည်း'' ဟုမိမိအား ပြောသောစကား ကိုကြားရသည်။ ထိုအသံကြောင့် သူသည် မိုးကြိုးထိမှန်သကဲ့သို့လဲကျလျှက် ကိုယ်သည် အဘယ်သူဖြစ်ပါ သနည်း'' ဟုလျှောက်သော် ''ငါသည် သင်လိုက်လံညှင်းဆဲသောယေဇူး ပေတည်း'' ဟုမိန့်တော်မူသော
အသံကိုကြားခဲ့ရ၏။ မြေပေါ်မှစေလွှတ်လျက် သူ၏မျက်စိတို့သည် တစ်စုံ တစ်ရာကိုမျှမမြင် ရကြောင်း၊ တောင်ကွယ်သွားသဖြင့် အတူလိုက်ပါလာသူတို့က သူ၏လက်ကိုဆွဲလျက် ဒါမား စကူးမြို့သို့ ပို့ကြရသည်။ နောက် (၃) ရက်ကြာသော် ယေဇူး၏တပည့်အဖြစ် ဆေးကြောခြင်းမင်္ဂလာ ခံယူ သည့်အပြင် မျက်စိအလင်းပြန်ရခဲ့၏။ ဤသို့ဖြစ်၍ ပေါလူးသည် ဘုရားသခင်ကို ကျေးဇူး တင်လျှက်ဒါမား စကူးမြို့ရှိ တရားဇရပ်များသို့သွား၍ ယေဇူးသခင်သည် ဘုရားသား တော်အမှန်ဖြစ်ကြောင်း ကယ်တင် ခြင်းကိုခံလိုလျှင် သူ၏နောက်သို့လိုက်ရမည့်အကြောင်းများကို စိတ်အားထက်သန်စွာဟောပြောခဲ့သည်။ ဘုရားသခင်သည် လူတို့စိတ်ကူးစိတ်Óဏ်နှင့် ကြံဆ၍ မရနိုင်သောနည်းလမ်းများကို အသုံးပြုလျှက် မိမိအမှုတော်ကိုရွက်ဆောင်ရန် မကြာခဏ စီမံလျှက်ရှိသည်။ အသင်းတော်ကို မုန်းတီးသဖြင့်လိုက်လံ ဖျက်ဆီးနေသော ပေါလူးကို ရွေး ကောက်ပြီး ဧ၀ံဂေလိတရားတော်ကို သာသနာပနိုင်ငံ၌ နှံ့ပြားထွန်းကား စေရန်ဟောပြော စေတော်မူခဲ့သည်။ ရှင်ပေါလူးသည်ရောမမြို့၌နေစဉ် နေရိုးဘုရင်လက်ထက် ခရစ္စယာန်တို့အား ညှင်းပန်းနှိပ်စက်ချိန်တွင်ဖမ်းဆီးခံရ၍ ခေါင်းဖြတ်ခြင်းကို ခံရသည်။ သူသည် ဧ၀ံဂေလိ တရားတော်ကို အနှံ့အပြားဟောပြောခြင်းဖြင့်သာ အချိန်ကုန်လွန်ခဲ့ခြင်းကြောင့် သူ့ကိုဘာသာပ နိုင်ငံတို့၏တမန်တော်ကြီးဟူ၍ ခေါ်ဝေါ်သမုတ်ပြုကြသည်။ သူခံခဲ့သမျှဒုက္ခများကို အောင်မြင်စွာ ခံနိုင် ရန်မြတ်စွာဘုရားသခင်သည် ရှင်ပေါလူးကိုကောင်းကင်ဘုံသုံးဆင့်သို့ ယူဆောင်၍ ကောင်းကင်ဘုံ၏ စည်းစိမ်ချမ်းသာကိုပြခဲ့ဖူးသည်။ သူသည်တစ်သက်ပတ်လုံးဧ၀ံဂေလိတရား တော်ကိုဟောပြောရာတွင် ဘေးအန္တရာယ်များပြားလှ၍ ရှည်လျားကြမ်းတမ်းသော ခရီးများကိုသွား လာခဲ့ရသည်။ များပြား သောဆင်းရဲဒုက္ခများကို ခံရသော်လည်းမိမိ၏ ကျန်းမာရေးကို လုံးဝဂရုမစိုက်ဘဲ ဇွဲသတ္တိများနှင့်တုပြိုင် ဘက်မရှိအောင်စွမ်းဆောင်နိုင်ခဲ့ပေသည်။ ရှင်ပေါ လူး၏ပြင်းပြသော လိုအင်ဆန္ဒကား ယေဇူးသခင်ကိုလူ အပေါင်းတို့က သိမှတ်ချစ်ခင်ရန်ဖြစ်သည်။ အသက်ထက်ဆုံးမမောနိုင်မပမ်းနိုင်ဘဲ နိုင်ငံတကာ သို့လှည့်လည်ဟောပြောခြင်းသည်လည်းမိမိ၏ အရှင်သခင်ယေဇူးခရစ္စတူးကိုမည်မျှချစ်ကြောင်းသက် သေခံတင်ပြခြင်းပင်ဖြစ်သည်။ နက်နဲ ဘွယ်သောအချက်များစွာတို့ကို အဓိပ္ပါယ်ရှင်းလင်း ဖေါ်ပြနိုင် စွမ်းရှိ၍ ဘုရားသခင်နှင့် ဆိုင်ရာကိုယ်ကျင့်တရားနှင့် ဆိုင်ရာသန့်ရှင်းစင်ကြယ်ခြင်းပါရမီနှင့် ဆိုင်ရာများ စွာသော အရေးကြီးသည့် အချက်နှင့် ပတ်သက်၍စာစောင်(၁၃)စောင်ရေးသားထားခဲ့သည်။ ရှင်ပေါလူး ရေးသားထားသည်မှာ ''ငါဖြစ်လျှင်ငါတို့ သခင်ယေဇူး ခရစ္စတူး၏ လက်ဝါးကားတိုင် မှတပါး ဘယ် အရာမှ ၀ါကြွားခြင်းမရှိစေနှင့်၊ အဘယ်အရာမှသခင်ယေဇူးခရစ္စတူးအားဖြင့် ခံရသောဘုရားသခင် မေတ္တာတော် နှင့်ငါတို့ကိုမကွာနိုင်ဟု ငါသည်သဘောကျလျှက်ရှိသည်၏''။ ရှင်ပေါလူး သည်အကျင့်ပြောင်းလဲပြီး နောက်အသင်းတော်၏ အမွန်မြတ်ဆုံးသော တမန်တော်ကြီး တစ်ပါးဖြစ်သွားရခြင်းသည်သခင်ယေဇူးပြတော် မူသော အာနုဘော်အကြီးတစ်မျိုးပင်ဖြစ်သည်။

(မိုးသောက်ကြယ် ဧပြီ ဂျွန်မှ ကောက်နှုတ်သည်)

Read More...