Tuesday, August 26, 2008

ကျွန်မငိုရသော နေ့တစ်နေ့


ကျွန်မငိုရသော နေ့တစ်နေ့


ကျွန်မငိုခဲ့ရသော နေ့တစ်နေ့ကြောင့် ကျွန်မ ဒီစာရေးဖြစ်ခဲ့တာပါ။


ကျွန်မအမေက ရန်ကုန်သူ၊ အဖေက သံလျင်သားဖြစ်ပါတယ်။ သူတို့နှစ်ဦး ၁၉၇၀ မှာ လက်ထပ်ပြီး သန်လျင်မှာ နေထိုင်ချိန်မှာ သန်လျင်မြို့ဟာ မဖွံ့ဖြိုးသေး၊ ပညာရေးကိုလည်း သိပ်အားမပေးကြသေး
ပါဘူး။ အမေဟာ သူ့သားသမီးဖြစ်တဲ့ ကျွန်မတို့ မောင်နှမများကို ပညာရေးမှာ ဦးစားပေးခဲ့ပါတယ်။ ထိုနည်းတူ ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးများကိုပါ ပညာရေးကို ဦးစားပေးဖို့ တိုက်တွန်းနှိုးဆော်တတ်သူဖြစ်ပါတယ်။ ကျွန်မ သိတတ်စအရွယ်အမေ့ကို သတိထားမိတဲ့ အချက်ကတော့ သွက်လက်ပေါ့ပါးတယ်၊ စည်းကမ်းကြီးတယ်၊ မလိမ်မာရင် ရိုက်နှက်ဆုံးမတတ်တယ်။ ပြီးတော့ သိပ်ရက်ရောတယ်ဆိုတာပါ။

အမေ့ရှေ့မှာ မရှိဘူးလို့ လက်ဖြန့်တောင်းလာရင်သူ့မှာရှိတာကို ဝေမျှပေး တတ်ပါတယ်။ ကျွန်မရင်ထဲစွဲနေတဲ့ အဖြစ်အပျက်တစ်ခုကတော့ ကျွန်မ ၆ တန်းနှစ်ကပါ။ အဲဒီအချိန် ကျွန်မတို့ မိသားစု ငွေကြေးမပြေလည်ပါဘူး။ မောင်နှမ လေးယောက်ရဲ့ ကျောင်းစရိတ်နဲ့ စားဝတ်နေရေးအတွက် လုံးပန်းနေရတဲ့ အချိန်ပါ။ မိဘများကသားသမီးများကို တစ်နှစ် ၁ ကြိမ် (သို့) ၂ ကြိမ် လောက်ပဲ အ၀တ်အစား သစ်ဝယ်ပေးနိုင်ခဲ့ပါတယ်။

တစ်ခါမှာတော့ ကျွန်မတို့ ဘုရားကျောင်းပွဲအတွက် အမေက ကျွန်မကို အင်္ကျီဆန်းဆန်းလှလှလေးတစ်ထည် ၀ယ်ပေးပါတယ်။ ကျွန်မအလွန်မှ မြတ်နိုးတဲ့ အရောင်လည်းဖြစ်၊ ပုံစံကလဲ ဆန်းတော့ အရမ်းကိုကြိုက်နှစ်သက်မိခဲ့ပါတယ်။ ၀တ်ရမဲ့နေ့ကို စိတ်ကူးယဉ်ပြီး ပျော်နေတဲ့အချိန် ပွဲတော်ရဲ့ ပထမနေ့ ညနေ ၃ နာရီထိုး လောက်မှာ ကလေးမ တစ်ယောက် အမေ့ဆီလာပြီး
ဘာတွေလဲ မသိပြောရင်းရှိုက်ကြီးတငင်ငိုနေပါတယ်။ ခဏကြာတော့အမေက ဗီရိုထဲမှာရှိတဲ့ ကျွန်မအင်္ကျီအသစ်ကို ယူပေးလိုက်ပါတော့တယ်။ ကလေးမက ယူပြီးဝတ်ကြည့်တယ်။ သူ့အတွက်ချုပ်ထားတဲ့အတိုင်းပဲ အတိအကျဖြစ်ပြီး လှနေပါတယ်။ အမေလည်း အဲဒီကလေးမလေးကို ပေးလိုက်တော့တယ်။

ကျွန်မရင်ထဲ ပြောမပြနိုင်လောက်အောင် ၀မ်းနည်းပြီး ငိုချလိုက်ပါတယ်။အမေ့ကိုလည်း စိတ်ဆိုးပြီး ထမင်းမစားဘဲငိုရင်း အိပ်ယာထဲဝင်လိုက်တယ်။ အမေ ကသိနေပါတယ်။ ကျွန်မကိုခေါ်ပြီး ချော့ပါတယ်။
ကျွန်မလည်း ငိုပြီး ဘာဖြစ်လို့ သမီးအင်္ကျီသစ်ကိုပေးလိုက်တာလဲလို့ မေးတော့ အမေက “သမီး သူ့မှာ စုတ်ပြဲနေတဲ့ အင်္ကျီတွေပဲရှိတယ်။ ဘယ်လောက် သနားစရာကောင်းလဲ၊ သမီးမှာဒီ အင်္ကျီ ပေးလိုက်လဲတခြားဝတ်စရာတွေရှိပါတယ်၊ သမီးအတွက် ခရစ္စမတ်ပွဲတော်ကျရင် အသစ်ဝယ်ပေးမယ်နော်”လို့ ပြောတော့ ကျွန်မနည်းနည်းစိတ်ပြေသွားပါတယ်။

ကျွန်မကို ထမင်း ကျွေးရင်းအမေက ဆက်ပြောတယ်
“သမီး သူမူများကိုကူညီတဲ့အခါ ကိုယ်မကြိုက် တာကို ဘဲရွေးမပေးရဘူး၊ ကိုယ့်အတွက်အကောင်းဆုံးဆိုတာရွေးပြီး ချန်မထားရဘူး၊ ကိုယ့် ဘက်က တတ်နိုင်သရွေ့ ကူညီရမယ်၊ သူအင်္ကျီရလို့ ဘယ်လောက်ပျော်သွားလဲ။ သူ့ရဲ့ ပျော်ရွှင်မှုမှာ သမီးလည်း ပျော်ရမယ်” ဆိုပြီးဆုံးမခဲ့ပါတယ်။ ဆုံးမသလိုပဲ လက်တွေ့အမေ နေပြပါတယ်။ လူမျိုး မရွေး၊ ဘာသာမရွေး၊ အဆင့်အတန်းမရွေးဘဲ ကူညီခဲ့ပါတယ်။ ပတ်ဝန်းကျင်က လူတွေ အမေ့ကိုချစ်ကြပါတယ်။ အမေ့ကို ကျွန်မလည်းအရမ်းချစ်ပါတယ်။

ကျွန်မရဲ့ သွေးထဲမှာ “သူများကို ကူညီရမယ်။ ပေးရင်လည်း အကောင်းကိုရွေးပေးသင့်တယ်” ဆိုတဲ့ မျိုးစေ့ကိုချပေးခဲ့သော အမေ့ကို ကျေးဇူး တင်လျှက်။

လမင်း