Wednesday, July 9, 2008

လူငယ်တို့အားကိုးနိုင်ဖို့

လူငယ်တို့အားကိုးနိုင်ဖို့

ဝါဆိုဝါခေါင် ရေကြီးတဲ့အချိန်မှာ ဧရာဝတီမြစ်ပြင်ကြီးဟာ တစ်ခါတစ်ခါ လှိုင်းတံပိုးတွေနဲ့ ကြောက်မက်ဖွယ် ရာဖြစ်နေပေမဲ့တစ်ခါတရံမှာ ငြိမ်သက်စွာနဲ့ လှပနေပါတယ်။ ရေကြီးနေတဲ့ အချိန်မို့ ဗေဒါပင်တွေ၊ အမှိုက်သရိုက်တွေ ဟာ ရေစီးရာကို မျှောပါနေပါတယ်။ မိုးသည်းပြီး လေပြင်းတွေတိုက်ခတ်တဲ့အခါမျိုးမှာ လှိုင်းလုံးကြီးတွေဟာ ကမ်းစပ်မှာ ရှိတဲ့ ကျောက်ဆောင်တွေကို ကြောက်မက်ဖွယ်ရာ ကြုံးဝါးသံတွေနဲ့အတူ အငြိုးတကြီးနဲ့ ရိုက်ခက်ကြပါတယ်။ ကျွန်မ နေထိုင်တဲ့ ရပ်ကွက်မှာရှိတဲ့ မြစ်ကမ်းစပ်ဟာ ကျောက်ဆောင်တွေရှိပြီး၊ ရေစီးလည်း အလွန်သန်ပါတယ်။ ကမ်းစပ်မှာ အ၀တ်လျှော်သူ၊ ရေခပ်သူတွေနဲ့ အမြဲလိုပဲ လူစည်နေပါတယ်။

တစ်နေ့မှာ အိမ်က အမေနဲ့ အစ်ကိုတို့က ဆူလို့ အရမ်းစိတ်ညစ်နေခဲ့ပါတယ်။ ကျွန်မရဲ့ အပြစ်ဆိုတော့ပြန် လည်း မပြောရဲဘူး။ ဒါနဲ့ပဲ စိတ်ညစ်ညစ်နဲ့အမေတို့ စိတ်ဆိုးပြေပါစေ ဆိုတဲ့ ဆန္ဒနဲ့ အိမ်မှာရှိတဲ့ အ၀တ်ပေတွေကိုယူပြီး ရေဆိပ်မှာသွားလျှော် ခဲ့တယ်။ ဟိုတွေး ဒီတွေးနဲ့ လျှော်ရင်း အင်္ကျီတစ်ထည် ရေထဲ ပါသွားတာကို မသိလိုက်ဘူး။ အ၀တ်လျှော်ရေချိုးပြီးလို့ အိမ်ကို ပြန်လာခဲ့တယ်။ နောက်တစ်နေ့ အ၀တ်တွေခြောက်လို့ မီးပူတိုက်ပြီး ချိန်ထိ အင်္ကျီတစ်ထည်လိုတာကို သတိမထားမိသေးဘူး။ အစ်ကိုက သူ့အင်္ကျီဘယ်မလဲလို့မေးတယ်။ ကျွန်မလဲ လျှော်တဲ့ ထဲမှာမပါဘူးလို့ အတင်းငြင်းတယ်။ အစ်ကိုကပိုပြီး စိတ်တိုသွားတယ်။ ကျွန်မ သေချာစဉ်းစားလိုက်တော့ လျှော်တဲ့ထဲမှာ အဲဒီအင်္ကျီပါတာကို မှတ်မိခဲ့တယ်။

အင်္ကျီဟာ ရေထဲပါသွားပြီဆိုတာ အသေအချာသိလိုက်တယ်။ အစ်ကိုကလဲ အင်္ကျီအသစ်ဆိုတော့ နှမြောတယ်။ ပြီးတော့ ကျွန်မကို စိတ်ဆိုးနေတဲ့အချိန်ဆိုတော့ ပိုဆိုးတာပေါ့။ ဒါနဲ့ ကျွန်မလဲ စိတ်ညစ်ညစ်နဲ့ ရေဆိပ်ကို ပြန်သွားအရှာ မှာ ကျွန်မကို ဒီအခက် အခဲထဲက ကူညီနိုင်မဲ့ သူကို သတိရလိုက်မိတယ်။ သူကတော့ မျှော်လင့်ချက်မရှိတော့တဲ့အရာတွေကို ပေးစွမ်းနိုင်တဲ့ ရဟန္တာသူတော်မြတ် စိန်ဂျုဒ်ပါပဲ။

ကျွန်မ ရဟန္တာ စိန်ဂျုဒ်ကို သိခဲ့တာ ကြာပါပြီ။ ကျွန်မ (၁၀) တန်းကို တစ်နှစ်တည်းနဲ့ အောင်ခဲ့တာဟာ ဘုရားရဲ့
ကျေးဇူးတော်တွေနဲ့ အတူ စိန်ဂျုဒ်ရဲ့ ကူညီမှုကြောင့်ပါ။ အဲဒီတုန်းက ကျွန်မရဲ့ ကျောင်းအုပ်ဆရာကြီး၊ ကျွန်မ သူငယ်ချင်းတွေ၊ ကျွန်မကို ကြည့်တဲ့ စစ္စတာရ်ကြီး၊ ပြီးတော့ ကျွန်မကိုယ်တိုင်က ဒီနှစ်တော့ အောင်လိမ့်မယ်လို့လဲ လုံးဝ မျှော်လင့်မထားဘူး။ စာမေးပွဲပြီးတော့ နိုဗီနားလုပ်ပြီး ဆုတောင်းခဲ့တယ်။ ပရိတ်သူငယ်တော်ထံ နိုဗီနားလုပ်တယ်။ ပြီးတော့ လမ်းပြတာရာ ထဲမှာ ပါတဲ့အတိုင်း စိန်ဂျုဒ်ထံ ကိုးစားပြီး နိုဗီနားလုပ်ခဲ့တယ်။ ရဟန္တာ စိန်ဂျုဒ်ဟာ မျှော်လင့်ချက် မရှိတော့တဲ့ အရာတွေအတွက် အားကိုးရတဲ့ ရဟန္တာ ဆိုတာကို သိပြီး ယုံကြည်အားကိုး စွာနဲ့ ဆုတောင်းခဲ့တယ်။ ဆုတောင်းလည်း ပြည့်ခဲ့ပြီးအဲဒီနှစ်မှာ တကယ်ပဲ အောင်မြင်ခဲ့တယ်။ အားလုံးက အံ့သြ၀မ်းသာခဲ့တယ်။

ကျွန်မလည်း နီးစပ် တဲ့ သူငယ်ချင်းတွေကို စိန်ဂျုဒ်ထံ နိုဗီနားလုပ်တဲ့ အကြောင်း ပြောပြပါတယ်။ အခုလဲအင်္ကျီဟာ ပြန်ရဖို့ ဘယ်လိုမှ မျှော်လင့်ချက်မရှိပါဘူး။ ဒါပေမဲ့ ကျွန်မရေဆိပ်ကို သွားရင်းနဲ့ စိန်ဂျုဒ် ထံမှာ ဆုတောင်းခဲ့တယ်။ ရေးကူး ကျွမ်းကျင်တဲ့သူတွေလည်း ရေနက်တဲ့နေရာနဲ့ ကျောက်ဆောင်တွေကြားထဲ မှာ ရေငုပ်ပြီးရှာပေးကြပါတယ်။ ကျွန်မ အ၀တ်လျှော်ခဲ့တဲ့နေရာကိုလည်း အသေအချာ ၀ိုင်းပြီးရှာကြတယ်။ မတွေ့နိုင်တော့ဘူးထင်ပြီး အစ်ကို့ကိုယ်လည်းကြောက်တော့ ငိုနေမိတယ်။ ဘေးမှာရှိတဲ့ သူတွေက ဘယ် တတ် နိုင်မလဲတွေ့မှာ မဟုတ်တော့ဘူး လို့ပြောကြတယ်။ကျွန်မလည်း နောက်ဆုံး အနေနဲ့ စိန်ဂျုဒ်ကျွန်မကို ကယ်ပါဦး၊ လုံးဝမျှော်လင့်ချက်မရှိပေမဲ့ ကိုယ်တော့်ကို အားကိုးပါတယ်လို့ပြောပြီး ခြေလှမ်းတွေလေးပင်စွာနဲ့ပဲ ကမ်းစပ်ကို တစ်လှမ်းချင်း လျှောက်လာခဲ့တယ်။ ရေက ကျွန်မရဲ့ ဒူးအောက်နားလောက်ပဲရှိတော့တဲ့နေရာမှာ မမျှော်လင့်ပဲ ပစ္စည်းတစ်ခုက ရေစီးနဲ့မျှောလာရင်းကျွန်မရဲ့ ခြေထောက် မှာ လာပတ် နေတယ်။ ကျွန်မလည်း ဘာဖြစ် မလဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကောက်ကြည့်လိုက်တဲ့ အခါ ကျွန်မရှာနေတဲ့ အင်္ကျီဖြစ်နေတယ်။

ကျွန်မနဲ့ အတူ ရေဆိပ်မှာ ရှိတဲ့သူတွေက အံ့သြ ၀မ်းသာကြတယ်။ ရေအဆုံး၊ ကုန်းတစ်ဝက် ဆိုသလို ပြန်တွေ့လိမ့်မယ်လို့ အားလုံးက မျှော်လင့်မထားကြဘူး။ ကျွန်မဟာ မျက်စိကိုမှိတ်ပြီး "အို - စိန်ဂျုဒ် ကျွန်ုပ်၏ မိတ်ဆွေ ကိုယ်တော်ကို ကျေးဇူးတင်ပါ၏" လို့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့တယ်။ ဒီအဖြစ်အပျက်လေးကို ကျွန်မဘ၀မှာမမေ့နိုင်ပါ၊ ဘယ်လောက်ပဲ ကြီးမားတဲ့ ပြဿနာဖြစ်ပါစေမျှော်လင့်ချက် မဲ့နေသူများကို ကူညီတဲ့ ရဟန္တာ စိန်ဂျုဒ်ထံမှာ ယုံကြည်ကိုးစားစွာနဲ့ ဆုတောင်းကြပါ။ သူဟာမျှော်လင့်ချက် မရှိတော့တဲ့ ကိစ္စများကို ကူညီဖြေရှင်းပေးဖို့ ဘုရားသခင်ကိုယ်တိုင် တာဝန်ပေး အပ်ခြင်းခံရသူဖြစ်လို့ သင်တို့ရဲ့ ပြဿနာများကို ယုံကြည်ခြင်းကြီးစွာနဲ့ ဆုတောင်းကြည့်လိုက်ပါ။ သင်တို့ တစ်ဦးချင်းလည်း စိန်ဂျုဒ်ထံမှာ ယုံကြည်စွာ နဲ့ ဆုတောင်းကြည့်ကြပါလို့တိုက်တွန်းလိုက်ပါတယ်။

-နှင်း (နဘက်)-