Tuesday, May 20, 2008

ယုံကြည်ခြင်းအမွေ

ယုံကြည်ခြင်းအမွေ

ဓမ္မဟောင်းမှာ သစ်ပင်ရဲ့အသီးကြောင့် အာဒံနဲ့သားစဉ်မြေးဆက် ဒုက္ခရောက်ခဲ့ရပေမဲ့ဓမ္မသစ်မှာ သစ်တိုင်ရဲ့ အသီးကြောင့်လူသားတွေ ကယ်တင်ခြင်း ခံကြရပါတယ်။ မီးကိုမီးနဲ့ငြှိမ်းလို့မရသလို ရန်ကိုရန်ချင်းတုံ့ နှင်းလို့လည်းမရပါဘူး။ ဒါကြောင့် အာဒံရဲ့မနာခံမှုကိုသခင်ယေဇူးက နာခံခြင်းနဲ့ဖြေရှင်းပေးတော်မူခဲ့တာ ဖြစ်ပါတယ်။ “ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ ငါ့ကိုစားသောသူသည်ငါ့အားဖြင့် အသက်ရှင်လိမ့်မည်” (ယော၅း ၅၇)။ ရှင်ပြန်ထမြောက်တော်မူတဲ့သခင်ဘုရားကကျွန်ုပ်တို့ အတွက်ထာဝရအသက်ကို ကတိထား တော်မူခဲ့ပါတယ်။ ဒီစကားဟာယုံကြည်သူများအတွက် ခွန်အားဖြစ်ပေမဲ့မယုံကြည်သူများ အတွက်ကတော့သခင်ဘုရား ရှင်ပြန်ထမြောက်တော်မူတယ် ဆိုတာကို အငြင်းပွားစရာ ဖြစ်နေရပါတယ်။

အချို့က သခင်ဘုရားသေခံတော်မူတာဟာ “အားမတန်လို့မာန်လျှော့ပြီး ၀ဋ်ရှိလို့ခံလိုက်ရတာ”လို့ဆိုပါတယ်။ ဗုဒ္ဓဘာသာမှာ ဘုရားအဖြစ်ကိုရဖို့ စွန့်ခြင်းငါးပါးကိုပြုရတယ်လို့ ဆိုပါတယ်။ စွန့်ခြင်းငါးပါးကတော့ ပစ္စည်းဥစ္စာကိုစွန့်ခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို စွန့်ခြင်း၊ သား၊ သမီးကိုစွန့်ခြင်း၊ ဇနီးမယား ကိုစွန့်ခြင်းနဲ့ နောက်ဆုံးအသက်ကိုစွန့်ခြင်းတို့ပါပဲ။ ဒီလိုစွန့်ရတဲ့ အရာငါးပါးဟာ တစ်ပါးထက်တစ်ပါး မြတ်နိုးတန်ဖိုးထားမှုပိုမိုကြီးမားတယ်ဆိုတာ သတိပြုမိမှာပါ။ မြတ်နိုးတန်ဖိုးထားလေ စွန့်လွှတ် ပေးဆပ်အနစ် နာခံဖို့ ခက်ခဲလေပါပဲ။ အခက်ဆုံးကိုမှ သခင်ဘုရားကလက်တွေ့ကျင့်ပြတော်မူခဲ့ပါတယ်။ “ကိုယ့်အဆွေတို့ အဖို့ငှါ ကိုယ့်အသက်ကိုစွန့်ခြင်းမေတ္တာထက်သာ၍မြတ်သော မေတ္တာသည်မရှိ” (ယော၁၅း၁၃)။ သခင်ဘုရား
အနေနဲ့လူ့အဖြစ်ကို ယူတော်မမူခင်ကတည်း ကဝေဒနာလမ်းကို ကြိုတင်မျှော်မှန်းထားပြီး ဖြစ်ပါတယ်။ “ကိုယ်တော်သည်ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍ ကျမ်းစာလိပ်၌အကျွန်ုပ်ကို ရည်ညွှန်းပြီး ရေးထားသည်နှင့်အညီ အကျွန်ုပ်သည် သွားပါမည်ဟုဝန်ခံပါ၏” လို့ (ဆာလံ၄၀း၈)မှာတွေ့ရပါတယ်။ ကိုယ်တော်ခံထမ်းရမဲ့ ဒုက္ခဟာ အလဟသမဖြစ်မှန်းသိလို့ လိုလိုလားလား ခံထမ်းတော်မူခဲ့ခြင်းဖြစ်ပါတယ်။

လူရဲ့အသက်ဖြစ်တဲ့သွေးကို တစ်စက်မကျန် သွန်းလောင်းပေးပြီး မိမိကိုယ်ကို ကျွန်ုပ်တို့အတွက် စတေးခဲ့တာဖြစ်ပါတယ်။ ကြောင်စာဖြစ်တော့မယ့် ကြွက်ရဲ့စွန့်လွှတ်ခြင်းဟာ ဒါနမမြောက်ပါဘူး။ သခင်ဘုရားကတော့ ကားတိုင်လမ်းဟာ ခါးသီးမှန်းသိပေမဲ့ ခမည်းတော်ရဲ့အလိုတော်ကိုနာခံ ခြင်းသာဖြစ်ပါတယ်။ မတတ်သာလို့မဟုတ်ပါ။ သိလျှက်နဲ့စွန့်လွှတ်ခြင်း ဖြစ်ပါတယ်။ ပျားတွေဟာပျားဖယောင်းတွေဖြစ်အောင် လုပ်ကြတယ်။ ဂျုံစပါးတွေဟာ မြေမှာကျပြီး အပင်ပေါက်တဲ့အခါ အသီးများစွာသီးတယ်။ သစ်ပင်ပန်းမာလ်၊ တိရိစ္ဆန်တွေဟာ လူတွေအတွက် အစားသောက်၊ အ၀တ်အထည်၊ ဆေးဝါးတွေဖြစ်လာတယ်။

ဒါတွေဟာပိုပြီးကောင်းတဲ့ အကျိုးကျေးဇူးကိုရဖို့ မိမိဘ၀ကို အသုံးချ အနစ်နာခံလိုက်ခြင်းပါပဲ။ သခင်ဘုရားရဲ့ ကျိုးပဲ့တဲ့ ခန္ဓာကိုယ်ကြောင့် ကျွန်ုပ်တို့ ထာဝရအသက်ရှင်ခွင့် ရကြပါတယ်။ ”ထိုသူသည် ငါတို့၏ လွန်ကျူးခြင်းအဖြစ်များကြောင့် နာကျင်စွာနှိပ်စက်ခြင်းကိုခံရလေ၏။ သူခံ ရသောဒဏ်ချက်များအားဖြင့် ငါတို့သည် အနာပျောက်လျှက်ရှိကြ၏” (ဟေရှာယ-၅၃း၅)။ ဒါကြောင့် သခင်ဘုရားအနေနဲ့ အားမတန်လို့ မာန်လျှော့ပြီး ၀ဋ်ရှိလို့ခံရတာမဟုတ်ပါဘူး။ ထာဝရအသက်ကိုရဖို့ရာ လောကအသက်နဲ့ပေးဆပ်ခဲ့တာဖြစ် ပါတယ်။

တချို့ကတော့ “တပည့်တော်ကြီးတွေဟာ အလောင်းတော်ကိုခိုးယူ သွားကြပြီး သခင်ဘုရားရှင် ပြန်ထမြောက်တယ်လို့ လိမ်ညာခဲ့ကြတာပါ” လို့ဆြိုကပါတယ်။ တကယ်တော့ တပည့်တော်ကြီးတွေသာ အလောင်းတော်ကို ခိုးသွားရိုးမှန်ရင် ရဟန်းအကြီးအကဲတွေနဲ့ ရောမအာဏာပိုင်တွေဟာ မြေလှန်ပြီး ရှာကြမှာ မလွဲပါပဲ။ တွေ့များတွေ့ခဲ့ရင် ပုပ်ပွနေတဲ့အလောင်း ကိုလမ်းလယ်မှာကြိုးနဲ့ဆွဲပြီး “ဒါလားဟဲ့...ရှင်ပြန်တဲ့သူ” လို့သရော်မှာ အမှန်ပါပဲ။ အဲဒီအတိုင်းဖြစ်ခဲ့လို့ကတော့ ကျွန်ုပ်တို့လည်းယုံကြည်သူဖြစ် လာစရာ အကြောင်းမရှိပါဘူး။ သခင်ဘုရားအဖမ်းခံရတော့ သံပေတရူးကမသိပါဘူးလို့ငြင်းခဲ့သလို တခြား တပည့်တော်ကြီးတွေလည်း ခြေဦးတည့်ရာ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြပါတယ်။ အဲဒီလိုယောင်္ကျားတန်မဲ့ သူရဲဘောကြောင်ခဲ့တဲ့ သူတွေဟာ ကမ္ဘာအနှံ့သွားပြီး ရှင်ပြန်ခြင်း တရားဟောရဲတာဘာကြောင့်ပါလဲ။ အသိ ဥာဏ်မရှိတဲ့တိရိစ္ဆာန်တွေတောင် အသက်ဘေးက လွတ်အောင်ပြေးတတ်ကြပါတယ် လူတွေကဆို ကိုယ်အသက်နဲ့ခန္ဓာကို နည်းအမျိုးမျိုးနဲ့ ကာကွယ်နေကြပါတယ်။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဟောရင် အသတ်ခံရမယ် ဆိုတာသိပါလျှက်နဲ့ဟောရဲကြတာ တပည့်တော်ကြီးတွေဖက်က သေချာလို့ပါ။ ထောင်မြင်လို့ ရာစွန့်ပြီး ထာဝရအသက်ကို လောကီအသက်နဲ့ အလဲအထပ်လုပ်ခဲ့ကြတာပါ။

တချို့ကြပြန်တော့ “သခင်ယေဇူးက ကားတိုင်ပေါ်မှာ မေ့မြောသွားတာ ကိုတပည့်တော်ကြီး တွေဟာတိတ်တဆိတ် ဆေးကုပေးခဲ့ကြပြီး ရှင်ပြန်ထမြောက် တယ်လို့ကြေးကြော်တာပါ” လို့ဆိုကြပြန်ပါတယ်။ ဧ၀ံဂလိကျမ်းလေးစောင်စလုံးက သခင်ဘုရားကားတိုင်ပေါ်မှာ အသက်တော်စွန့်တော်မူတာကို ဖေါ်ပြပါတယ်။ နံဘေးတော်ကို ထိုးတဲ့စစ်သူကြီးရဲ့ လှံချက်နဲ့တင်အသက်ပါလောက်ပါတယ်။ တကယ် မသေခဲ့ရင်လည်း ဒီလို ပြင်းထန်တဲ့ဒဏ်ရာကို ဆေးကုသဖို့ရာ အချိန်ကြာမှာ ဖြစ်သလို ဖုံးဖိဖို့လည်းခက်ပါတယ်။ “ပုပ်ရင်ပေါ် ဟုတ်ရင်ကြော်”တဲ့။ ဒီလိုမမှန်ဘဲနဲ့ဘယ်သူကအသက်စတေးပြီး ကြွေးကြော်ရဲပါ့မလဲ။ မုသာဝါဒတစ်ခု အပေါ်မှာအခြေခံခဲ့ရင်လည်း ဒီလောက်နှစ်ပေါင်း နှစ်ထောင် ကျော်တည်တံ့ခိုင်မြဲပါ့မလား။

ဂျူးလူမျိုးတွေဟာ မိုးဇယ်ရဲ့ တရားကျမ်းတွေကို ဦးထိပ်ထားကြပါတယ်။ (တရား၂၁း၂၃) မှာ “သစ်တိုင်၌ဆွဲထားခြင်းကို ခံရသော သူသည်ဘုရားသခင်၏ ကျိန်ဆိုခြင်းကို ခံရသောသူဖြစ်၏”လို့ဆိုပါတယ်။ ဒီလို အသတ်ခံရသူကိုဘယ်ဂျူးကမှ မက်ဆီးယား အဖြစ်လက်ခံချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမ်းတတ်ဆရာ ဖာရီရှဲ စောလူးကိုယ်တိုင်က တပည့်တော်ကြီး ပေါလူးအဖြစ်နဲ့ရှင်ပြန်တဲ့ သခင်ဘုရားကို သက်သေခံခဲ့ပါတယ်။ သခင်ဘုရား ကိုယ်တိုင်က လည်းယုံကြည်ခြင်းအားနည်းတဲ့ တပည့်တော်ကြီးသောမတ်စ်ကို ထင်ရှားပြတော်မူ ခဲ့ပါတယ်။ ရှေးဦး ခရစ်ယာန်တွေဟာလည်းရှင်ပြန်တဲ့ သခင်ဘုရားကိုယုံကြည် ကိုးစားလို့ ရောမအင်ပါယာ မင်းဆက်ဆယ်ဆက် တိုင်တိုင် နှစ်ပေါင်း သုံးရာကျော်ညှင်းပမ်း နှိပ်စက်ခံခဲ့ကြရပါတယ်။ မမှန်ကန်တဲ့ ကိစ္စတစ်ခု အတွက်ဘယ်သူကများကိုယ့်ကိုယ် ခြင်္သေ့စာကျွေး၊ မီးရှို့သတ်ခံရဲပါ့မလဲ၊ ဘယ်လိုပဲ စောဒက တက်တက်အဖြေရှိပါတယ်။

တပည့်တော်ကြီးတွေနဲ့ ရှေးဦးခရစ်ယာန်တွေဟာ အသက်ပေးပြီး ယုံခဲ့ကြလို့သူတို့ဆီက ယုံကြည်ခြင်း အမွေကို ကျွန်ုပ်တို့ခံစားရရှိကြပါတယ်။ ဒီယုံကြည်ခြင်းအမွေကို မျိုးဆက်သစ်အတွက် လက်ဆင့်ကမ်းနိုင်ဖို့ ကျွန်ုပ်တို့ကြိုးစားကြပါစို့။

ရဟန်းတစ်ပါး