Wednesday, May 21, 2008

အမေး အဖြေ


အမေး အဖြေ

အမေး။။ လာမည့် နိုဝင်ဘာလမှာ မြန်မာတစ်ပြည်လုံးအတိုင်းအတာနဲ့ ဂျူဗလီပွဲတစ်ခု စုပေါင်းကျင်းပမယ်လို့ ကြားရပါတယ်။ ဘာအတွက်လဲ၊ ဘာရည်ရွယ်ချက်နဲ့ ဘယ်လိုကျင်းပမယ်ဆိုတာ သိပါရစေ။

အဖြေ။ ။ ဒီဂျူဗလီပွဲအကြောင်းကို
နားလည် ဖို့ရာ သမိုင်းကြောင်းကို အရင်ပြောရပါလိမ့်မယ်။ မြန်မာနိုင်ငံကို ကက်သလစ်သာသနာစတင်ဝင်ရောက် လာတာဟာ သာသ နာပြုပုဂ္ဂိုလ်တွေ အားဖြင့် မဟုတ်ပါဘူး။

ပုဂံခေတ်နရသီဟပတေ့မင်းလက်ထက်(မြန်မာသက္ကရာဇ်-၆၄၆) ခရစ်နှစ် အေဒီ-၁၂၈၅ မှာ တရုတ်ဘုရင် ကူဗလိုင်ခန်က ပုဂံကို ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်။ အဲဒီနောက်ပိုင်း ကျန်စစ်သား ဥမင်ရဲ့ အတွင်းဘက်နံရံ တစ်နေရာမှာခရူစူး အမှတ်အသားတွေနဲ့ တန်ဆာဆင်ထားတဲ့ ပဒုမ္မာကြာပွင့် တစ်ပွင့်ပုံကို ယခုတိုင် တွေ့ရှိ ရပါတယ်။

သာသနာပြုများ မရောက်လာခင်
ဘာသာ ၀င်အချို့ အရင်ဦးစွာ ရောက်နှင့်ခဲ့ကြပါ တယ်။ ဘာလို့လဲဆိုတော့ ခရစ်သက္ကရာဇ် ၁၄၉၆ မှာ ပဲခူးကို ရောက်ရှိခဲ့တဲ့ အီတလီ နိုင်ငံ ဂျင်နိုဝါ (Genoa) မြို့က Hieronimo ဆိုတဲ့ ကုန်သည်တစ်ဦးရဲ့ မှတ်တမ်းအရ ပဲခူးမြို့မှာနေစဉ် ကွယ်လွန်သွားတဲ့သူ့ရဲ့ မိတ်ဆွေကို ဘုရားကျောင်းပျက် တစ်ခုထဲမှာ သင်္ဂြိုလ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အေဒီ ၁၄၉၇ ခုနှစ် Vasco di Gama
က Good Hope အငူကို ရှာဖွေတွေ့ရှိ ပြီးတဲ့နောက်ပိုင်းမှာတော့ ဥရောပတိုက်သား ကုန်သည်ပွဲစားတွေ အတွက် အာရှတိုက်သို့ ကူးသန်းရောင်းဝယ်ဖို့ရာ စီးပွားရေးလမ်းကြောင်း ပွင့်သွားပါတယ်။ အာရှတိုက်ကို ရောက်လာတဲ့ ကုန်သည်တွေ နဲ့ ကြေးစားစစ်သားတွေရဲ့ ၀ိညာဉ်ရေး စောင့်ရှောက်မှုအတွက် အထူး တာဝန် ယူရတဲ့ Chaplain ခေါ်ဘုန်းတော်ကြီး တစ်ချို့လည်း ရောက်ရှိလာကြပါတယ်။

သူတို့ အာရှတိုက်ကို လာတာဟာ ဥရောပတိုက်သားတွေရဲ့ ၀ိညာဉ်ရေး စောင့် ရှောက်မှုအတွက်ပါပဲ။

Malacca မှာရှိနေတဲ့ St. Francis Xavier ဟာ ၁၅၄၈-ဇန်န၀ါရီ-၂၀ နေ့စွဲနဲ့ သူ့ရဲ့ အထက်အကြီးအကဲ St. Ignatius ဆီကို ပဲခူး နိုင်ငံအတွက် သာသနာပြုအချို့စေလွှတ် ပေးသင့်ကြောင်း အစီရင်ခံတင်ပြ ခဲ့ပါတယ်။

သူတို့ရဲ့ Jesuit အသင်းဂိုဏ်းက
ဘုန်းတော်ကြီးတွေဟာ ၁၆ ရာစု ကုန်ခါနီး မှာ ပဲခူးကို နှစ်ပါးတစ်တွဲ၊ နှစ်ပါးတစ်တွဲနဲ့ လေးပါး၊ ၁၇ ရာစု အစပိုင်းမှာ အင်းဝကို နှစ်ပါးရောက်ရှိခဲ့ကြတယ်လို့ သိရပါတယ်။
ကျွန်တော်တို့ မြန်မာ့သမိုင်းမှာ သင်ရတဲ့ ငဇင်္ကာဟာ လူဆိုးဇာတ်လိုက်ပါပဲ။

သူရဲ့ပေါ်တူကီနာမည်က Philip di Britto လို့ခေါ်ပါတယ်။ တကယ်တော့ သူ မြန်မာနိုင်ငံကို ရောက်မလာခင် ကတည်းက ပေါ်တူဂီ စစ်သားတွေဟာ ရခိုင်ဘုရင်မင်း ဖလောင်း၊ မုတ္တမစားစောဗညား၊ တောင်ငူ ဘုရင် တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့ထံမှာ အမှုထမ်းခဲ့ကြတယ် ဆိုတာ ဆရာကြီး ဦးဘသန်းရဲ့ ကျောင်းသုံးမြန်မာ ရာဇ၀င်နဲ့ အခြေပြ မြန်မာနိုင်ငံရေးသမိုင်း ပထမတွဲတို့မှာ လေ့လာတွေ့ရှိရပါတယ်။ ငဇင်္ကာ ခေါ် ဒီဘရစ်တိုကတော့ ( မြန်မာသက္ကရာဇ် ၉၆၅) အေဒီ-၁၆၀၃ မှာ ရခိုင်ဘုရင်မင်းရာဇာကြီးလက်အောက်ခံအဖြစ်
အမှုထမ်းခဲ့ပါတယ်။ ရခိုင်ဘုရင်က တောင်ငူဘုရင်ကိုခွင့်တောင်းပြီး ဒီဘရစ်တိုကို သူ့ရဲ့ ကိုယ်စား လှယ်အဖြစ် သံလျင်မှာထားပါတယ်။ နောက်ပိုင်း လူသူလက်နက် အင်အား တောင့်တင်း လာတဲ့အခါမှာ တောင်ငူဘုရင် ကိုရော ရခိုင်ဘုရင်ကိုပါ ထောင်ထားခြား နားရုံမက မုတ္တစားနဲ့ပူးပေါင်းပြီး တောင်ငူကို လုပ်ကြံခဲ့ပါတယ်။

တောင်ငူဘုရင် နတ်သျှင်နောင်ကို ဖမ်းဆီး၊ သံလျင်ကိုခေါ်သွားပြီး အရိပ်နေနေ အခက် ချိုးချိုးအလုပ်ကို ခရစ်ယာန်တစ်ဦးကလုပ်ခဲ့ ပါ တယ်။ ဘာသာတရားရဲ့အဆုံးအမ ဆိုတာ လိုက်နာကျင့်ကြံဖို့ ထားတာပါ။ မလိုက်နာ မကျင့်ကြံရင် မကိုးကွယ်တာနဲ့ အတူတူ ပါပဲ။ သမိုင်းကပေးတဲ့ သင်ခန်းစာ လို့ပဲ မှတ်ယူရမှာပေါ့။ ဒီသတင်းကို ကြားတဲ့အခါ မြန်မာ သက္ကရာဇ် ၉၇၅၊ (အေဒီ-၁၆၁၅) မှာ အင်းဝဘုရင် မဟာဓမ္မရာဇာ (ခေါ်) အနောက်ဖက်လွန်မင်းက သံလျင်ကိုစုံဆင်းပြီးဝန်းရံပါတယ် သံလျင်ကိုရတဲ့အခါ နတ်သျှင်နောင်နဲ့ ဒီဘရစ်တိုကို ကွပ်မျက်၊ ပေါ်တူဂီ စစ်သုံ့ပန်း (၄၀၀၀) ကျော်ကို ဖမ်းဆီးပြီး အင်းဝကို ခေါ်ဆောင်သွားပါတယ်။ အနောက်ဖက်လွန်မင်းကို ဆက်ခံတဲ့ သာလွန်မင်း လက်ထက်မှာတော့ စစ်မှုထမ်းဖို့ တစ်ချို့ကို ချန်ထားပြီး ကျန်တဲ့သူတွေကို ချင်းတွင်းမြစ် အရှေ့ဖက်ကမ်းမှာရှိတဲ့ ပရိမ္မရွာကို ပို့ပါတယ်။ အဲဒီနောက် ချင်းတွင်းမြစ်နဲ့ မူးမြစ်ကြား တ၀ိုက်က ရွာတွေမှာ မိမိတို့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ပြီး အခြေချ နေထိုင်ခဲ့စေကြောင်း၊ ၁၉၂၉ ခုနှစ် ထုတ် EG. Harvey ရဲ့ Outline of Burmes History ဆရာကြီး ဦးဘသန်းရဲ့ ကျောင်းသုံး မြန်မာရာဇ၀င်နဲ့ ၁၉၄၁ ခုနှစ်၊ အောက်တိုဘာလထုတ် The Voice Catholic magzine တို့မှာ တွေ့ရပါတယ်။

အဲဒီကစပြီးဘုရင်ဂျီရွာတွေ
ပေါ်ပေါက် လာပါ တယ်။ သက္ကရာဇ် ၁၁၁၇၊ (အေဒီ-၁၇၅၆ )ခုနှစ်မှာ မွန်တွေကို ကူညီဖို့ သံလျင်ကို ရောက်လာတဲ့ ပြင်သစ် စစ်သင်္ဘော နှစ်စီးကို အလောင်း ဘုရားက အနိုင်ရလိုက်ပြီး ပြင်သစ် စစ်သုံ့ ပန်းတွေကို ဘုရင်ဂျီရွာတွေဆီ ပို့လိုက်ကြောင်း ကက်သလစ် ရာဇ၀င်မှာရော ကျောင်းသုံး မြန်မာရာဇ၀င်မှာပါတွေ့ရ ပါတယ်။

ကက်သလစ်ဆရာတော်ဘီဂမ်းဒက်၊ နှစ်ခြင်းဆရာ ယုဒဿန်၊ သမိုင်းပါမောက္ခ GE. Hall ဆရာ ဦးဘသန်းနဲ့ ဦးကောင်းတို့ရဲ့အဆိုအရ "ဘုရင်ဂျီ" ဆိုတာ ဥရောပတိုက်သား၊ အထူးသဖြင့် ပေါ်တူဂီလူမျိုးများကို အရှေ့တိုင်းသားတွေက ခေါ်ဝေါ်သုံးနှုန်းတဲ့ စကားလုံးပါ။သမိုင်းဆရာ ဗီဗီယန်းဘ ကတော့ ဘုရင်ဂျီဆိုတာ "ဘုရင်ရဲ့ မိတ်ဆွေ" လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးကနေ သံစဉ်ပြောင်းလာတယ်လို့ ဆိုပါတယ်။

ကက်သလစ် အသင်းတော်ရဲ့ ရာဇ၀င်အရ သံလျင်ကနေ အင်းဝကို ပို့ခံရတဲ့ထဲမှာ ပါဝင်ခဲ့တဲ့ Jesuit ဂိုဏ်းဝင် ဘုန်းကြီး Manuel De Fonseca နဲ့ နောက်ထပ်ရောက်လာတဲ့ ဘုန်းတော်ကြီး Denis Atumes တို့ဟာ အင်းဝ၊ နဘတ်၊ လက်ယာတော်ချောင်းဦး၊ တပရင်းကျွန်းတော၊ မုဆိုးဘို ရွှေဘို၊ အလံ ဟံလင်း၊ ဆီကိမ်သစ်ဆိမ့်နဲ့ စဥ့်ကွင်း စဥ့်ကူး တို့မှာရှိတဲ့ ဘုရင်ဂျီဘာသာဝင်တွေကို ကြည့်ရှုစောင့်ရှောက်ခဲ့ရတယ် လို့ဆိုပါတယ်။ သာလွန်မင်းလက်ထက် ထပ်မံပြောင်းရွေ့ရာမှာတော့ ချောင်းရိုးရွာ၊ ချမ်းသာရွာ၊ မုံလှရွာ၊ ချပ်သင်း၊ နဂါးဘို၊ လက်ပံကြီး၊ ပတွင်းစတဲ့ ရွာတွေ တိုးပွားလာကြောင်း ၁၉၆၀ ခုနှစ်မှာ စာပေဗိမာန်မှ ထုတ်ဝေတဲ့ မြန်မာ့ ရှေးဟောင်း သုတေသန အသင်းဂျာနယ်မှာ တွေ့ရပါတယ်။

ရွှေဘိုမြို့ အမှတ်(၆) ရပ်ကွက်၊ ချောင်းဦးမြို့ အောင်မင်္ဂလာရပ်ကွက်၊ ရေဦးမြို့နယ် ချမ်းသာရွာ၊ ခင်ဦးမြို့ နယ်
မုံလှရွာ၊ တန့်ဆည်မြို့နယ် ချောင်းရိုးရွာတွေဟာ သမိုင်းဝင် ဘုရင်ဂျီရွာတွေပါ။ နောက်မှ တခြားမြို့ရွာတွေမှာ တိုးပွားလာတာလဲရှိပါတယ်။ အေဒီ-၁၇၁၉ ခုနှစ် ပုပ် ရဟန်းမင်းကြီး ဧကဒသမမြောက်ကလဲမင်းကနေ တရုတ် ပြည် ကန်တုံမြို့ကို Rev. Msgr. Carlo Ambrogio Mezzabarba ဦးဆောင်တဲ့ ဘာသာရေးသံတမန်အဖွဲ့ တစ်ဖွဲ့စေလွှတ် ခဲ့တယ်။ အဲဒီ ခေတ်က ရေကြောင်းခရီးနဲ့ (၆) လကြာခဲ့တယ်။ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် လုပ်ငန်းမအောင်မြင်ခဲ့တဲ့ ဒီအဖွဲ့ဟာ ကပ္ပလီပင်လယ်ကို ဖြတ်ပြီး အပြန်ခရီးဆက် ခဲ့ကြတယ်။

မြန်မာပြည်ကို ဖြတ်သွားခိုက်မှာ
ပဲခူးမြို့တော်နဲ့အင်းဝ နေပြည်တော်မှာ ဘုရင်ဂျီဘာသာဝင်တွေရှိနေတာ နှစ်ပေါင်း(၁၅၀)ကျော်ကြာပြီ ဖြစ်ကြောင်း၊ သာသနာပြုပုဂ္ဂိုလ်များလည်းလိုအပ်နေကြောင်းသိရတဲ့အတွက် သူတို့ရဲ့ အဖွဲ့ထဲက ဘာနာဘိုက်ဂိုဏ်းဝင်ဘုန်းတော်ကြီး Sigismondo Maria Calchi ကိုထားရစ် ခဲ့ပြီး၊ ပထမဦးဆုံးမြန်မာပြည် ကက်သလစ်သာသနာ ဦးစီး မှူး တာဝန်ခံအဖြစ်ခန့်အပ်ခဲ့ပါတယ်။ ၁၉၆၂ ခု-သြဂုတ်လထုတ် The Guradian စာစောင်မှာ Fr.Calchi ကို မြန်မာပြည်ကက်သလစ်သာသနာရဲ့ မုံညှင်းစေ့ အဖြစ်တင်စားပြီးဖေါ်ပြထားပါတယ်။

အီတလီနိုင်ငံမှာ အေဒီ၁၅၀၂-ကနေ ၁၅၃၉ထိ အသက်ရှင်ခဲ့တဲ့ ဘုန်းတော်ကြီး A.M. Zacharia ဆိုတာရှိ ခဲ့တယ်။ သူက နောက်ထပ် ဘုန်းတော်ကြီး (၂) ပါးနဲ့ ပူးပေါင်းပြီး ၁၅၃၃ မှာသာသနာပြု အသင်းဂိုဏ်းတစ်ခု တည်ထောင်ခဲ့ပါတယ်။ သူတို့ အသင်းဂိုဏ်းရဲ့ ဗဟိုဌာနကို မီလန်မြို့က St. Barnabas ဘုရားကျောင်းမှာ ဖွင့်လှစ်ခဲ့တဲ့အတွက် အဲဒီဘုရားကျောင်းရဲ့ ဘွဲ့အမည်ကို အစွဲပြုပြီး Barnabite အသင်းဂိုဏ်းလို့ ခေါ်တာဖြစ်ပါတယ်။

အေဒီ-၁၈၉၇မှာပုပ်ရဟန်းမင်းကြီး တေရသမြောက် လေအိုကနေ Fr. A.M. Zacharia ကို ရဟန္တာတင်မြှောက်ခဲ့ပါတယ်။ ခုချိန် ထိ သူ့ရဲ့ အလောင်းတော်ဟာ မပုပ်မသိုးဘဲရှိ နေပါသေးတယ်။ အဲဒီ ရဟန္တာရဲ့ ပွဲနေ့က တော့ ဇူလိုင် (၅) ရက်နေ့ပါ။

Fr.Calchi ကသာသနာပြန့်ပွားရေးဌာနချုပ်ကစေလွှတ်လိုက်တဲ့ Fr.Vittoni နဲ့လက်တွဲပြီး သာသနာပြုလုပ်ငန်းတွေ စတင်ဆောင်ရွက်ခဲ့ပါတယ်။ အင်းဝဘုရင် တနင်္ဂနွေမင်းကလည်း ကြည်ဖြူစွာ ခွင့်ပြုရုံမက ဘုရားကျောင်း ဆောက်ဖို့ပါ ဘဏ္ဍာတော်ထဲကနေ လှူဒါန်းခဲ့ပါသေးတယ်။

အေဒီ-၁၇၃၀ခုမှာတော့သာသနာ ပြန့်ပွားရေး ဌာနချုပ်အတွက် ရဟန်းတော်များ ရှားပါးမှုကြောင့် အခက်အခဲရှိလာပါတယ် ဒါကြောင့်ဘာနာဘိုက်ဘုန်းတော်ကြီး ဂါလီဇီယားကို ဆရာတော်သိက္ခာတင်ပေးပြီး မြန်မာပြည်သာသနာတော်မှာ လုပ်ဆောင်စရာရှိသမျှကိုအသင်းဂိုဏ်းကြီးရဲ့လက်ထဲအပြည့် အ၀ အပ်နှင်းပေး လိုက်ပါတယ်။ အဲဒီကစပြီး ဘာနာဘိုက်ဘုန်းတော်ကြီးတွေမြန်မာပြည်ကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက် လာကြပါတယ်။

ဗုဒ္ဓဘာသာနဲ့တကွ မြန်မာစာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံစတာတွေကိုလေ့လာခဲ့ကြပြီး မြန်မာနိုင်ငံသားတွေနဲ့ တစ်သားတည်း နေထိုင်ခဲ့ကြပါတယ်။ အေဒီ-၁၇၅၀ ခုနှစ်သံလျင်မှာဘုရားကျောင်းတည်ဆောက် ခဲ့ပါတယ် ပဲခူးနဲ့အင်းဝဆင်နွှဲတဲ့ စစ်ပွဲတစ်ခုမှာ ပျက်စီးသွားပြီးတံတိုင်း၊ နံရံနဲ့အုတ်ရိုးတွေတော့ ခုထိရှိပါသေးတယ် အထောက်အထားပြနိုင်တဲ့ ရှေးအကျဆုံးဘုရားကျောင်းလို့ဆိုရမှာပါ။

ထူးထူးခြားခြား မှတ်တမ်းတင်လောက်တာကတော့ မြန်မာအက္ခရာခဲစာလုံးကိုစမ်းသပ် တီထွင်ပြီး အေဒီ-၁၇၇၆ Pope PiusVI လက်ထက် ရောမားမြို့မှာ ပထမဆုံးအောင်မြင်စွာပုံနှိပ် နိုင်ခဲ့တာပါ။ ဆရာတော် Percoto ဆိုရင် ပိဋိကတ် (၃) ပုံထဲက တချို့ကို Italian လို ဘာသာပြန်ဆိုနိုင်ခဲ့ပါတယ်။

စာပေတင်မကဘူး သာသနာအတွက် သမိုင်းတင်ခဲ့တာလည်း ရှိပါသေးတယ်။ အေဒီ-၁၇၇၀ ခုနှစ် မုံလှရွာမှာ ပထမဆုံး ရဟန်း ဖြစ်သင်ကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ၁၇၉၃ မှာတော့ မြန်မာ တိုင်းရင်းသားထဲက ပထမဦးဆုံး ရဟန်းတော် (၃)ပါးကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ သူတို့ကတော့ ချမ်းသာရွာ ဇာတိ Fr. Joseph မောင်မောင်ကြီး၊ ချောင်းရိုးသား Fr. Andrew မောင်ကိုး နဲ့ ရန်ကုန်က Fr. Ignatius di Britto တို့ဖြစ်ပါတယ်။

အေဒီ-၁၇၈၉ နောက်ပိုင်း ပြင်သစ်တော်လှန်ရေးကြီး ပေါ်ပေါက်လာပြီး ဥရောပတစ်ခွင်ကို ကူးစက်ပျံ့ နှံ့သွားခဲ့ ပါ တယ်။ ပုပ်ရဟန်းမင်းကြီးနဲ့တကွ ရောမမြို့တော်ကြီးပါ နပိုလီယံလက်အောက်ကို ကျရောက်ခဲ့ရပါတယ်။ ဘာနာ ဘိုက် အသင်းဂိုဏ်းကြီးမှာလည်း ပျက်စီး ဆုံးရှုံးမှုတွေနဲ့အတူ လူအင်အားနည်းပါး သွားတဲ့အတွက် မြန်မာပြည် သာသနာကို ဆက်ပြီး တာဝန်မယူနိုင်ကြတော့ပါဘူး။ ဘာနာဘိုက် အသင်းဂိုဏ်းအနေနဲ့ မြန်မာနိုင်ငံကို အေဒီ-၁၇၂၂ ကနေ ၁၈၃၀ ထိဆိုတော့ (၁၀၈) နှစ်တာဝန်ယူခဲ့ကြပါတယ်။ လူဦးရေ အနေနဲ့ဆိုရင် ဆရာတော် တင်မြှောက်ခံရတာဟာ (၆) ပါး၊ ဘုန်းတော် ကြီးက (၂၇) ပါး၊ အဲဒီအထဲမှာ (၄) ပါးက လမ်းမှာတင် မုန်တိုင်းမိပြီး သင်္ဘောပျက်ကာ ပျံလွန်တော်မူခဲ့ပါတယ်။ ကိုရင်ကြီးက (၂) ပါးနဲ့ တိုင်းရင်းသား ရဟန်းတော် (၂) ပါးကလည်း သူတို့ အသင်းဂိုဏ်းမှာ သစ္စာခံယူခဲ့တဲ့အတွက် စုစုပေါင်း (၃၁) ပါး ဖြစ်တယ်။

အသေးစိတ်သိချင်တယ်ဆိုရင် တော့ Fr. A ကိုလေး (မုံလှ) ရေးသားပြုစုထားတဲ့ "အင်းဝရောက် ခြေရာများ"
စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။

အေဒီ-၁၈၄၂မှာ သာသနာပြန့်ပွား
ရေး ဌာနချုပ်က Oblates လို့ခေါ်တဲ့ မာရီးယား သခင်မဂိုဏ်းကိုတာဝန်လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အင်္ဂလိပ်မြန်မာစစ်ပွဲတွေ ဖြစ်ပွားနေတာရယ်၊ သူတို့အသင်းဂိုဏ်းမှာ ရဟန်းတော်တွေ မလုံလောက်တော့ တာရယ်ကြောင့် ၁၈၅၆ ထိပဲ
တာဝန်ယူနိုင်ခဲ့ပါတယ်။

သူတို့ရဲ့ ဖိတ်ကြားချက်အရ ၁၈၄၇-ခုနှစ်မှာ မြန်မာနိုင်ငံကို St.Joseph သီလရှင်အသင်းဂိုဏ်း စတင် ရောက်ရှိ လာခဲ့ပါတယ်။

၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုရာမှာ မင်းတုန်းမင်းကြီးရဲ့ စေခိုင်း
ချက်အရ Fr. Abbona နဲ့ Fr. Tarolli တို့ဟာ မြန်မာသံတမန်တွေဖက်က ပါဝင်ကူညီခဲ့ရကြောင်း ၁၉၆၃ ခုနှစ် မေလ ထုတ် The Guardian စာစောင်မှာ သမိုင်း ဆရာ Vivian Ba ကဖော်ပြထားပါတယ်။

ကျွန်တော်တို့ရဲ့ အဖိုးအဖွားတွေ မှီလိုက်တယ်လို့ပြောကြတာက ပြင်သစ်နိုင်ငံ ပါရီမြို့ အခြေစိုက် နိုင်ငံခြား သာသနာပြု အသင်းဂိုဏ်းပေါ့။ ပြင်သစ် စာလုံးနဲ့ အတို ကောက် MEP လို့ ခေါ်ပါတယ်။ ပထမဆုံး ကြွရောက်လာ တာကတော့ မြန်မာသမိုင်း လေ့လာသူတွေ ကြားမှာ လူသိများတဲ့ ဆရာတော်ကြီး Paul Ambrose Bigandat ပါပဲ။

သူ့ကို ဘာကြောင့်လူသိများတာလည်း ဆိုရင် မင်းတုန်းမင်းကြီးက ဆရာတော်ကြီးကို အင်မတန် ခင်မင်ရင်းနှီးပြီး သာသနာတော်အတွက် အကူအညီတွေ ပေးခဲ့သလို၊ မင်းညီမင်းသားတွေကို အင်္ဂလိပ်စာနဲ့ သိပ္ပံဘာသာရပ်တွေ သင်ယူဖို့ ဆရာတော်ကြီးက စီစဉ်ပေးခဲ့ပါတယ်။ ဆရာတော် ကြီးက ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ တွေ့ဆုံ၊ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေကို လေ့လာပြီး ရှင်ဂေါတမ အကြောင်းကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ပါတယ်။ ဥရောပတိုက်သားတွေကို ဗုဒ္ဓဘာသာနဲ့ မိတ်ဆက်ပေးလိုက်တယ် ဆိုပါတော့။ ပညာ ရေးအတွက်လည်း ၁၈၅၈-ခုနှစ် မှာ Da Lasalle ကိုရင်ကြီးတွေကို ဖိတ်ကြားပြီး စာသင်ကျောင်းတွေ ဖွင့်နိုင် ခဲ့ပါတယ်။ မြန်မာ နိုင်ငံကို (၃) ပိုင်းပိုင်းပြီး သာသနာပြုလုပ်ငန်းတာဝန်တွေ ခွဲစေဖို့ရာ သူကပဲ တင်ပြခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် သာသနာပြန့်ပွားရေးဌာနချုပ်က ၁၈၇၀ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံကို Vicariate Apostolate လို့ခေါ်တဲ့သာသနာ အထူးနယ်မြေတွေအဖြစ် ခွဲခြားသတ်မှတ်ပေးခဲ့ပါတယ်။

တောင်ငူကို အခြေပြုပြီး မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းကို ဆရာတော် Biffi က တာဝန်ယူရသလို အထက်မြန်မာနိုင်ငံကို တော့ ဆရာတော် ဘူးဒွန်း ကတာဝန်ယူရပါတယ်။ ဆရာတော် ဘီဂန်းဒက်ကတော့ အောက်မြန်မာပြည်ကို တာဝန်ယူပါတယ်။

တခြား သာသနာပြု အသင်းဂိုဏ်းတွေကိုလည်း ဖိတ်ခေါ်ခဲ့ရပါတယ်။ တောင်ကြီး၊ ကျိုင်းတုံဒေသကို Italy နိုင်ငံက PIME (ခေါ်) နိုင်ငံရပ်ခြား သာသနာပြု အသင်းဂိုဏ်းက လာရေက်ခဲ့သလို၊ ကချင်ပြည်နယ်ကိုတော့ Ireland နိုင်ငံက St. Columban အသင်းဂိုဏ်းက လာရောက် သာသနာပြုခဲ့ကြပါတယ်။ ပုသိမ်၊ ရန်ကုန်၊ မန္တလေးနဲ့ ချင်းတောင်ကိုတော့ MEP အဖွဲ့ကပဲဆက်ပြီး တာဝန်ယူပါတယ်။

ဘာသာရေးတင်မကဘူး၊ ပညာရေးအတွက်လည်း ကျောင်းသုံး စာအုပ်တွေ၊ အဘိဓာန်တွေ၊ ဘာသာပြန်စာပေနဲ့ ကျမ်းအမျိုးမျိုးကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်၊ နောက်ထပ်လည်း ဆရာတော်တွေဟာ သူတော်စဉ်ဂိုဏ်းတွေကို ဖိတ်ကြားပြီး အားဖြည့်ခဲ့ပါတယ်။

၁၈၆၇ ခုနှစ်မှာ ကောင်းသော သိုးထိန်းသီလရှင်ဂိုဏ်းဟာ ရန်ကုန်မှာ အမျိုး သမီးကျောင်းဖွင့်တယ်၊ ၁၈၇၄-
မှာတိုင်းရင်းသူ တွေချည်း ပါဝင်တဲ့ St.Francis Xavier သီလရှင် ဂိုဏ်းကိုတည်ထောင်ခဲ့ပြီး၊ ၁၈၈၉ ခုနှစ်မှာ Franciscan သီလရှင်တွေ ဟာ မန္တလေး မနော်ရမန်မှာ အနာကြီးရောဂါသည် တွေအတွက် ဆေးရုံဖွင့်ခဲ့ပါတယ်။

၁၉၁၆ မှာတော့
ကရုဏာရေးသီလရှင်တွေဟာ ကျိုင်းတုံ နောင်ကန်မှာ အဲဒီလိုဆေးရုံ ထပ်ဖွင့်ခဲ့ပါတယ်။ ဆပ်ဖြေခြင်းအသင်း ဂိုဏ်းက ၁၈၉၅-ခုနှစ် မှာမိဘမဲ့ကျောင်းကို တောင်ငူသာသနာ လိပ်သိုမှာဖွင့်ခဲ့ပါတယ်။ ၁၉၂၉ မှာ (FSAG) စိန်အလွိုက်ရှက်စ် သီလရှင် အသင်းဂိုဏ်းရောက်ရှိလာပြီး၊ (SDB) ဆိုတဲ့ ဆလေးရှင်းအသင်းဂိုဏ်း က ၁၉၃၉-ခုနှစ်ကနေ လက်သမားလုပ်ငန်း၊ ပုံနှိပ်လုပ်ငန်းနဲ့ ဖိနပ်ချုပ်လုပ်ငန်းတွေကို
တည်ထောင်ဦးစီးခဲ့ကြပါတယ်။ ဆေးရုံ၊ ဆေးခန်း၊ လူအိုရုံ၊ မိဘမဲ့ဂေဟာ စတဲ့ လူမှုရေးနဲ့ကရုဏာရေး လုပ်ငန်းတွေကိုလည်း အသင်းဂိုဏ်း အသီးသီးက တွဲဖက်လုပ်ဆောင်ခဲ့ကြပါတယ်။ Missios School လို့ခေါ်တဲ့ သာသနာပြုကျောင်းတွေဟာ အဲဒီခေတ်မှာ ပေါ်ထွက် ခဲ့တာပါ။ နေရာအနှံ့အပြားမှာ ဘာသာဝင် ဦးရေတိုးပွားများပြားလာတာနဲ့ အမျှ သက်ဆိုင်ရာ ဆရာတော်တွေက အစီရင်ခံ တင်ပြကြတဲ့အတွက် သာသနာပြန့်ပွားရေးဌါနချုပ်ကနေ ၁၉၅၅ ခုနှစ် ဇွန်လ ၁ ရက်နေ့ မှာရန်ကုန်နဲ့ မန္တလေးကို Vicariate Apostolate (ခေါ်) အထူးဒေသအဖြစ် ကနေ Archdiocese (ခေါ်) ဂိုဏ်းချုပ်သာသနာကြီးနှစ်ခု အဖြစ်တိုးမြှင့် သတ်မှတ်ပေးခဲ့ ပါတယ်။ ရန်ကုန်ဂိုဏ်းချုပ်သာသနာရဲ့ လက်အောက်မှာ ပုသိမ်ဂိုဏ်းအုပ်သာသနာနဲ့ တောင်ငူ၊ မန္တလေးဂိုဏ်းချုပ်သာသနာရဲ့ လက်အောက်မှာ ကျိုင်းတုံ ဂိုဏ်းအုပ်သာသနာနဲ့ မြစ်ကြီးနားဂိုဏ်းအုပ်သာသနာ ဆိုပြီး ခွဲခြားပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်ကနေ ပြည်သာသနာကို ၁၉၆၁ နဲ့ မော်လမြိုင်ကို ၁၉၉၃ မှာ မွေးထုတ်ပေးခဲ့သလို၊ တောင်ငူ ကနေ ၁၉၆၁ မှာ တောင်ကြီး နဲ့ ၁၉၈၈ မှာ လွိုင်ကော် တို့ကို မွေးထုတ်ပေးခဲ့ ပြန်ကာ၊ ကျိုင်းတုံ က လားရှိုးကို ၁၉၇၅ မှာ ခွဲပေးပြီး၊ မန္တလေးက ဟားခါးကို ၁၉၉၂ မှာ ခွဲပေးခဲ့ပါတယ်။ နောက်ပိုင်း ၁၉၉၈ မှာတောင်ကြီးက Archdiocese အဖြစ်တိုးမြှင့် သတ်မှတ်ခံရတဲ့အတွက် အခုလက်ရှိ မြန်မာနိုင်ငံမှာ ဂိုဏ်းချုပ်သာသနာကြီး (၃) ခုနဲ့ ဂိုဏ်းအုပ် သာသနာ (၉) ခု၊ စုစုပေါင်း (၁၂) ခုရှိနေတာပါ။

ဒီ ၂၀၀၅-ခုနှစ်ဟာ ဂိုဏ်းချုပ်သာသနာ (၂) ခုရဲ့ ရွှေရတုနှစ်ပါပဲ။ ဒါကြောင့် ရွှေဂျူဗလီပီပွဲ ကျင်းပဖို့ စီစဉ်တာဖြစ်ပါတယ်။ သမိုင်းကိုမသိရင် ဂျူဗလီရဲ့အရသာကို ခံစားလို့မရနိုင်ဘူး။ ဒီတော့ ဂျူဗလီပွဲကို ဘယ်လိုကျင်းပမယ်ဆိုတာ မပြောခင်ဒီ ဂျူဗလီ ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်တွေကို အရင်ပြောပြချင်ပါ တယ်။

ရည်ရွယ်ချက် က (၅)ခု ရှိပါတယ်။
ပထမ ရည်ရွယ်ချက်က ဘုရားသခင်နဲ့တကွသာသနာပြု ပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူးဆပ်တင်ဖို့ပါ။ ဘာလို့ လဲဆိုတော့ သံပေါလူးက (ရောမ - ၁၀း၁၄-၁၅) မှာ “မယုံကြည်လျှင် အဘယ်သို့ ပတ္ထနာပြုနိုင်မည်နည်း၊ သတင်းမကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း၊ ဟောပြောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း၊ လူကို မစေလွှတ်လျှင်အဘယ်သို့ဟောပြောနိုင်မည်နည်း” လို့ဆိုထားတဲ့ အတိုင်းဘုရားသခင် ကသာသနာပြုပုဂ္ဂိုလ်တွေကို စေလွှတ်ပေးခဲ့လို့ ကျွန်တော် တို့က ယုံကြည်ခြင်း ဆုကို ရတာမဟုတ်ပါလား။

ဒုတိယရည်ရွယ်ချက်ကကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ရှင်သန်ကြီးထွားစေဖို့ပါ။ ရရှိထားပြီးသား ယုံကြည် ခြင်းကို မဆုံးရှုံးရအောင် ထိန်းသိမ်းပြီးတိုးပွားအောင်ကြိုးစားဖို့ပါ။

တတိယတစ်ခုကတော့ မြန်မာနိုင်ငံ ကက်သလစ် အသင်းတော်ရဲ့ အခြေခံအုတ်မြစ်ကို ကိုယ်တော်မြတ်စက္ကရမင်တူးအားဖြင့် လေးနက်ခိုင်မာစေဖို့ဖြစ်ပါတယ်။

စတုတ္ထအနေနဲ့ကတော့ မြန်မာနိုင်ငံမှာရှိကြတဲ့ ဆရာတော်များ အချင်းချင်း၊ ဆရာတော်နဲ့ ရဟန်းတော်များ၊ ရဟန်းတော်များ အချင်းချင်း၊ ရဟန်းတော်များနဲ့ ဘာသာတူများ၊ ဘာသာတူများ အချင်းချင်းကြားမှာ ကိုယ်တော်မြတ် စက္ကရမင်တူးကို ဗဟိုထားပြီး စည်းလုံးညီညွတ်ကြဖို့ ရည်ရွယ်ပါတယ်။

နောက်ဆုံး တစ်ခုက အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ဒါကတော့ လူသစ် စိတ်သစ်နဲ့ အသင်းတော်ရဲ့ဘ၀ စာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ လူသစ်စိတ်သစ်ဖြစ်အောင် ဂျူဗလီနှစ်ရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်အတိုင်း လုပ်ရမှာဖြစ်ပါတယ်။

ဂျူဗလီနှစ် အကြောင်းကို ၀တ်ပြုရာကျမ်း အခန်းကြီး ၂၅ မှာ ဖော်ပြထားပါတယ်။ ၇ နှစ်၊ ၇ လီပြီး နောက်တစ်နှစ်၊ နှစ်ငါးဆယ်ပြည့်တဲ့ နှစ်ဟာ ဂျူဗလီနှစ်ဖြစ်ပါတယ်။ အဲဒီနှစ်မှာ ၀ယ်ယူ၊ ရောင်းချ၊ ပေါင်နှံ၊ ချေးငှါးထားတဲ့ ပစ္စည်းဥစ္စာ၊ လယ်ယာ၊ ဥယျာဉ်၊ ခြံ စတာတွေ အားလုံးကို မူလပိုင်ရှင်ကို ပြန်ပေးရမယ်လို့ဆိုပါ တယ်။

ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ၄၉ နှစ်တာအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကွာဟမှုတွေ အားလုံးကို သာတူညီမျှဖြစ်အောင် နှစ်ငါးဆယ်မှာ တစ်ကြိမ် ပြန်ပြီး ညီမျှခြင်းချတဲ့ သဘောပါ။ ပစ္စည်းဥစ္စာတင်မက မုန်းကြွေး၊ ရန်ကြွေး၊ အာဃာတတွေ အားလုံးကို လျှော်ပြစ်ဖို့၊ ပြန်လည်ကျေအေး သင့်မြတ်ဖို့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းဖို့ ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာ ၂၄-၂၆ ထိ ရန်ကုန် ရဟန်းဖြစ်တက္ကသိုလ်မှာ သာသနာ အသီးသီးကနေ မိမိတို့ရဲ့ သမိုင်းကြောင်းကို ပြခန်းတစ်ခုစီ ဖွင့်လှစ်ပြသကြရမယ်။

ဇွန်လ တုန်းက ပို့ချခဲ့တဲ့ ပြန်လည်သုံးသပ်ခြင်း အစီအစဉ်ရဲ့ ရလဒ်တွေကို အခြေခံပြီး အနာဂတ်အတွက် စီမံကိန်းတွေ ချမှတ်ကြမယ်။ နိုင်ဝင်ဘာ ၂၇ ရက် တနင်္ဂနွေနေ့မှာတော့ မြန်မာနိုင်ငံမှာ အမှုထမ်း ဆောင်ခဲ့ကြတဲ့ အသင်းဂိုဏ်းအသီးသီးက ကိုယ်စားလှယ်တော်များနဲ့အတူ ရန်ကုန် စိန်မေရီ ကာသီဒြယ် ကျောင်းတော်ကြီးမှာ မစ္ဆားပူဇော်ပြီး ဘုရားသခင်ကို ကျေးဇူးဆပ်တင်ကြမှာဖြစ်ပါတယ်။

- ခံပွင့် -

Read More...

Tuesday, May 20, 2008

ယုံကြည်ခြင်းအမွေ

ယုံကြည်ခြင်းအမွေ

ဓမ္မဟောင်းမှာ သစ်ပင်ရဲ့အသီးကြောင့် အာဒံနဲ့သားစဉ်မြေးဆက် ဒုက္ခရောက်ခဲ့ရပေမဲ့ဓမ္မသစ်မှာ သစ်တိုင်ရဲ့ အသီးကြောင့်လူသားတွေ ကယ်တင်ခြင်း ခံကြရပါတယ်။ မီးကိုမီးနဲ့ငြှိမ်းလို့မရသလို ရန်ကိုရန်ချင်းတုံ့ နှင်းလို့လည်းမရပါဘူး။ ဒါကြောင့် အာဒံရဲ့မနာခံမှုကိုသခင်ယေဇူးက နာခံခြင်းနဲ့ဖြေရှင်းပေးတော်မူခဲ့တာ ဖြစ်ပါတယ်။ “ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ ငါ့ကိုစားသောသူသည်ငါ့အားဖြင့် အသက်ရှင်လိမ့်မည်” (ယော၅း ၅၇)။ ရှင်ပြန်ထမြောက်တော်မူတဲ့သခင်ဘုရားကကျွန်ုပ်တို့ အတွက်ထာဝရအသက်ကို ကတိထား တော်မူခဲ့ပါတယ်။ ဒီစကားဟာယုံကြည်သူများအတွက် ခွန်အားဖြစ်ပေမဲ့မယုံကြည်သူများ အတွက်ကတော့သခင်ဘုရား ရှင်ပြန်ထမြောက်တော်မူတယ် ဆိုတာကို အငြင်းပွားစရာ ဖြစ်နေရပါတယ်။

အချို့က သခင်ဘုရားသေခံတော်မူတာဟာ “အားမတန်လို့မာန်လျှော့ပြီး ၀ဋ်ရှိလို့ခံလိုက်ရတာ”လို့ဆိုပါတယ်။ ဗုဒ္ဓဘာသာမှာ ဘုရားအဖြစ်ကိုရဖို့ စွန့်ခြင်းငါးပါးကိုပြုရတယ်လို့ ဆိုပါတယ်။ စွန့်ခြင်းငါးပါးကတော့ ပစ္စည်းဥစ္စာကိုစွန့်ခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို စွန့်ခြင်း၊ သား၊ သမီးကိုစွန့်ခြင်း၊ ဇနီးမယား ကိုစွန့်ခြင်းနဲ့ နောက်ဆုံးအသက်ကိုစွန့်ခြင်းတို့ပါပဲ။ ဒီလိုစွန့်ရတဲ့ အရာငါးပါးဟာ တစ်ပါးထက်တစ်ပါး မြတ်နိုးတန်ဖိုးထားမှုပိုမိုကြီးမားတယ်ဆိုတာ သတိပြုမိမှာပါ။ မြတ်နိုးတန်ဖိုးထားလေ စွန့်လွှတ် ပေးဆပ်အနစ် နာခံဖို့ ခက်ခဲလေပါပဲ။ အခက်ဆုံးကိုမှ သခင်ဘုရားကလက်တွေ့ကျင့်ပြတော်မူခဲ့ပါတယ်။ “ကိုယ့်အဆွေတို့ အဖို့ငှါ ကိုယ့်အသက်ကိုစွန့်ခြင်းမေတ္တာထက်သာ၍မြတ်သော မေတ္တာသည်မရှိ” (ယော၁၅း၁၃)။ သခင်ဘုရား
အနေနဲ့လူ့အဖြစ်ကို ယူတော်မမူခင်ကတည်း ကဝေဒနာလမ်းကို ကြိုတင်မျှော်မှန်းထားပြီး ဖြစ်ပါတယ်။ “ကိုယ်တော်သည်ယဇ်နှင့် ပူဇော်သက္ကာကို အလိုတော်မရှိသည်ဖြစ်၍ ကျမ်းစာလိပ်၌အကျွန်ုပ်ကို ရည်ညွှန်းပြီး ရေးထားသည်နှင့်အညီ အကျွန်ုပ်သည် သွားပါမည်ဟုဝန်ခံပါ၏” လို့ (ဆာလံ၄၀း၈)မှာတွေ့ရပါတယ်။ ကိုယ်တော်ခံထမ်းရမဲ့ ဒုက္ခဟာ အလဟသမဖြစ်မှန်းသိလို့ လိုလိုလားလား ခံထမ်းတော်မူခဲ့ခြင်းဖြစ်ပါတယ်။

လူရဲ့အသက်ဖြစ်တဲ့သွေးကို တစ်စက်မကျန် သွန်းလောင်းပေးပြီး မိမိကိုယ်ကို ကျွန်ုပ်တို့အတွက် စတေးခဲ့တာဖြစ်ပါတယ်။ ကြောင်စာဖြစ်တော့မယ့် ကြွက်ရဲ့စွန့်လွှတ်ခြင်းဟာ ဒါနမမြောက်ပါဘူး။ သခင်ဘုရားကတော့ ကားတိုင်လမ်းဟာ ခါးသီးမှန်းသိပေမဲ့ ခမည်းတော်ရဲ့အလိုတော်ကိုနာခံ ခြင်းသာဖြစ်ပါတယ်။ မတတ်သာလို့မဟုတ်ပါ။ သိလျှက်နဲ့စွန့်လွှတ်ခြင်း ဖြစ်ပါတယ်။ ပျားတွေဟာပျားဖယောင်းတွေဖြစ်အောင် လုပ်ကြတယ်။ ဂျုံစပါးတွေဟာ မြေမှာကျပြီး အပင်ပေါက်တဲ့အခါ အသီးများစွာသီးတယ်။ သစ်ပင်ပန်းမာလ်၊ တိရိစ္ဆန်တွေဟာ လူတွေအတွက် အစားသောက်၊ အ၀တ်အထည်၊ ဆေးဝါးတွေဖြစ်လာတယ်။

ဒါတွေဟာပိုပြီးကောင်းတဲ့ အကျိုးကျေးဇူးကိုရဖို့ မိမိဘ၀ကို အသုံးချ အနစ်နာခံလိုက်ခြင်းပါပဲ။ သခင်ဘုရားရဲ့ ကျိုးပဲ့တဲ့ ခန္ဓာကိုယ်ကြောင့် ကျွန်ုပ်တို့ ထာဝရအသက်ရှင်ခွင့် ရကြပါတယ်။ ”ထိုသူသည် ငါတို့၏ လွန်ကျူးခြင်းအဖြစ်များကြောင့် နာကျင်စွာနှိပ်စက်ခြင်းကိုခံရလေ၏။ သူခံ ရသောဒဏ်ချက်များအားဖြင့် ငါတို့သည် အနာပျောက်လျှက်ရှိကြ၏” (ဟေရှာယ-၅၃း၅)။ ဒါကြောင့် သခင်ဘုရားအနေနဲ့ အားမတန်လို့ မာန်လျှော့ပြီး ၀ဋ်ရှိလို့ခံရတာမဟုတ်ပါဘူး။ ထာဝရအသက်ကိုရဖို့ရာ လောကအသက်နဲ့ပေးဆပ်ခဲ့တာဖြစ် ပါတယ်။

တချို့ကတော့ “တပည့်တော်ကြီးတွေဟာ အလောင်းတော်ကိုခိုးယူ သွားကြပြီး သခင်ဘုရားရှင် ပြန်ထမြောက်တယ်လို့ လိမ်ညာခဲ့ကြတာပါ” လို့ဆြိုကပါတယ်။ တကယ်တော့ တပည့်တော်ကြီးတွေသာ အလောင်းတော်ကို ခိုးသွားရိုးမှန်ရင် ရဟန်းအကြီးအကဲတွေနဲ့ ရောမအာဏာပိုင်တွေဟာ မြေလှန်ပြီး ရှာကြမှာ မလွဲပါပဲ။ တွေ့များတွေ့ခဲ့ရင် ပုပ်ပွနေတဲ့အလောင်း ကိုလမ်းလယ်မှာကြိုးနဲ့ဆွဲပြီး “ဒါလားဟဲ့...ရှင်ပြန်တဲ့သူ” လို့သရော်မှာ အမှန်ပါပဲ။ အဲဒီအတိုင်းဖြစ်ခဲ့လို့ကတော့ ကျွန်ုပ်တို့လည်းယုံကြည်သူဖြစ် လာစရာ အကြောင်းမရှိပါဘူး။ သခင်ဘုရားအဖမ်းခံရတော့ သံပေတရူးကမသိပါဘူးလို့ငြင်းခဲ့သလို တခြား တပည့်တော်ကြီးတွေလည်း ခြေဦးတည့်ရာ ထွက်ပြေး တိမ်းရှောင်နေခဲ့ကြပါတယ်။ အဲဒီလိုယောင်္ကျားတန်မဲ့ သူရဲဘောကြောင်ခဲ့တဲ့ သူတွေဟာ ကမ္ဘာအနှံ့သွားပြီး ရှင်ပြန်ခြင်း တရားဟောရဲတာဘာကြောင့်ပါလဲ။ အသိ ဥာဏ်မရှိတဲ့တိရိစ္ဆာန်တွေတောင် အသက်ဘေးက လွတ်အောင်ပြေးတတ်ကြပါတယ် လူတွေကဆို ကိုယ်အသက်နဲ့ခန္ဓာကို နည်းအမျိုးမျိုးနဲ့ ကာကွယ်နေကြပါတယ်။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဟောရင် အသတ်ခံရမယ် ဆိုတာသိပါလျှက်နဲ့ဟောရဲကြတာ တပည့်တော်ကြီးတွေဖက်က သေချာလို့ပါ။ ထောင်မြင်လို့ ရာစွန့်ပြီး ထာဝရအသက်ကို လောကီအသက်နဲ့ အလဲအထပ်လုပ်ခဲ့ကြတာပါ။

တချို့ကြပြန်တော့ “သခင်ယေဇူးက ကားတိုင်ပေါ်မှာ မေ့မြောသွားတာ ကိုတပည့်တော်ကြီး တွေဟာတိတ်တဆိတ် ဆေးကုပေးခဲ့ကြပြီး ရှင်ပြန်ထမြောက် တယ်လို့ကြေးကြော်တာပါ” လို့ဆိုကြပြန်ပါတယ်။ ဧ၀ံဂလိကျမ်းလေးစောင်စလုံးက သခင်ဘုရားကားတိုင်ပေါ်မှာ အသက်တော်စွန့်တော်မူတာကို ဖေါ်ပြပါတယ်။ နံဘေးတော်ကို ထိုးတဲ့စစ်သူကြီးရဲ့ လှံချက်နဲ့တင်အသက်ပါလောက်ပါတယ်။ တကယ် မသေခဲ့ရင်လည်း ဒီလို ပြင်းထန်တဲ့ဒဏ်ရာကို ဆေးကုသဖို့ရာ အချိန်ကြာမှာ ဖြစ်သလို ဖုံးဖိဖို့လည်းခက်ပါတယ်။ “ပုပ်ရင်ပေါ် ဟုတ်ရင်ကြော်”တဲ့။ ဒီလိုမမှန်ဘဲနဲ့ဘယ်သူကအသက်စတေးပြီး ကြွေးကြော်ရဲပါ့မလဲ။ မုသာဝါဒတစ်ခု အပေါ်မှာအခြေခံခဲ့ရင်လည်း ဒီလောက်နှစ်ပေါင်း နှစ်ထောင် ကျော်တည်တံ့ခိုင်မြဲပါ့မလား။

ဂျူးလူမျိုးတွေဟာ မိုးဇယ်ရဲ့ တရားကျမ်းတွေကို ဦးထိပ်ထားကြပါတယ်။ (တရား၂၁း၂၃) မှာ “သစ်တိုင်၌ဆွဲထားခြင်းကို ခံရသော သူသည်ဘုရားသခင်၏ ကျိန်ဆိုခြင်းကို ခံရသောသူဖြစ်၏”လို့ဆိုပါတယ်။ ဒီလို အသတ်ခံရသူကိုဘယ်ဂျူးကမှ မက်ဆီးယား အဖြစ်လက်ခံချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမ်းတတ်ဆရာ ဖာရီရှဲ စောလူးကိုယ်တိုင်က တပည့်တော်ကြီး ပေါလူးအဖြစ်နဲ့ရှင်ပြန်တဲ့ သခင်ဘုရားကို သက်သေခံခဲ့ပါတယ်။ သခင်ဘုရား ကိုယ်တိုင်က လည်းယုံကြည်ခြင်းအားနည်းတဲ့ တပည့်တော်ကြီးသောမတ်စ်ကို ထင်ရှားပြတော်မူ ခဲ့ပါတယ်။ ရှေးဦး ခရစ်ယာန်တွေဟာလည်းရှင်ပြန်တဲ့ သခင်ဘုရားကိုယုံကြည် ကိုးစားလို့ ရောမအင်ပါယာ မင်းဆက်ဆယ်ဆက် တိုင်တိုင် နှစ်ပေါင်း သုံးရာကျော်ညှင်းပမ်း နှိပ်စက်ခံခဲ့ကြရပါတယ်။ မမှန်ကန်တဲ့ ကိစ္စတစ်ခု အတွက်ဘယ်သူကများကိုယ့်ကိုယ် ခြင်္သေ့စာကျွေး၊ မီးရှို့သတ်ခံရဲပါ့မလဲ၊ ဘယ်လိုပဲ စောဒက တက်တက်အဖြေရှိပါတယ်။

တပည့်တော်ကြီးတွေနဲ့ ရှေးဦးခရစ်ယာန်တွေဟာ အသက်ပေးပြီး ယုံခဲ့ကြလို့သူတို့ဆီက ယုံကြည်ခြင်း အမွေကို ကျွန်ုပ်တို့ခံစားရရှိကြပါတယ်။ ဒီယုံကြည်ခြင်းအမွေကို မျိုးဆက်သစ်အတွက် လက်ဆင့်ကမ်းနိုင်ဖို့ ကျွန်ုပ်တို့ကြိုးစားကြပါစို့။

ရဟန်းတစ်ပါး

Read More...

Monday, May 12, 2008

ငြိမ်းချမ်းပါစေ


ငြိမ်းချမ်းပါစေ

လောကကြီးမှာ အပြန်အလှန် သဘောတရားတွေ ရှိကြသော်လည်းပဲ အမုန်းတရားမှာတော့ အပြန်အလှန် သဘောတရားတွေဟာ မကောင်းလှပါဘူး။ တချို့ လက်ဖက်ရည်ဆိုင်၊ တချို့အိမ်များမှာ ရေးဆွဲချိတ်ထားကြတာကို မိတ်ဆွေတွေ့ဖူးပါလိမ့်မယ်။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုတာကိုပေါ့။ သင်မကောင်းလျှင် ကျွန်ုပ်လဲ ဆိုးမည် ဆိုသည့် သဘောပေါ့။ ဒီခေတ်ကြီးမှာ လူတွေ ဒါမျိုး ကျင့်သုံးကြတာ တော်တော်များလာကြပါ တယ်။ အခုခေတ် လူတွေရဲ့ အတွေးထဲမှာ လျင်တဲ့ ကောင်စား၊ အ တဲ့ကောင် ခံ ဆိုတာတွေရှိကြပါတယ်။ ဘယ်သူ့ကို ဘယ်လို လှိမ့်လိုက်ရမလဲ။ ဘယ်သူ့ကို ဘယ်လိုရိုက်လိုက် ရမလဲ ဆိုတာမျိုးပေါ့။ မင်းချရင် ငါပြန်ချ မယ်။ မင်းချဲရင် ငါပြန်ချဲမယ်ဆိုတာမျိုးပဲဖြစ်ပါတယ်။ ဒီစနစ်ကြီးဟာ နေရာတော် တော်များများမှာ ကျင့်သုံးကြပါတယ်။ တကယ်တော့ ဒီပေါ်လစီကျင့်စဉ်ဟာ မကောင်းပါဘူး။ နှစ်ဦးနှစ်ဘက် အကျိုး ယုတ် စေပါတယ်။ ကျွန်တော် အထက်တန်းကျောင်းသား ဘ၀အထိ ပြင်ဦးလွင်မှာ နေဖူးသူဖြစ်ပါတယ်။ တစ်နေ့ ဈေးကြီးဘက်ကို အသွားမှာ စက်ဘီး တစ်စီးက ကျွန်တော့်ကို အားရပါးရ ကျော်တက်သွားပါတယ်။ ပထမတော့ ဘာမှ မဖြစ်သလိုလိုနဲ့ နောက်ပိုင်း စိတ်ထဲမှာ ဒေါသထွက်လာပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သူ့စက်ဘီးကို ပြန်ကျော်တက်ပါတယ်။ သူကလဲ ကျွန်တော့်လို လူမျိုး ထင်ပါရဲ့၊ ဒါမှမဟုတ် အလျင်လိုလို့ပဲလား မသိပြန် ကျော်တက်ပါတယ်။ ကျွန်တော်လည်း နောက်တစ်ခေါက် ပြန်ကျော်တက် ပြန်ပါတယ်။ ဒီလို သူကျော်တက်လိုက်၊ ကိုယ်ကျော်တက်လိုက်နဲ့ ကျွန်တော်ရဲ့ ဈေးကြီးသွားမယ့် ခရီးစဉ်ဟာ ပျောက်မှန်းမသိ ပျောက်သွားတာ။ ကျွန်တော်သတိထားမိချိန်မှာတော့ ကျွန်တော်တို့ဟာမြို့ပြင်သင်္ချိုင်းနားကို ရောက် နေခဲ့ကြပါတယ်။ ဒီအချိန်မှာမှ ကျွန်တော် အသိဝင်လာပါတော့တယ်။ ကျွန်တော် ဒီမြို့ပြင် သင်္ချိုင်းကနေ မြို့ထဲ၊ မြို့ထဲကနေ ဈေးကို ပြန်နင်းဖို့ဆိုတာ အဝေးကြီးပါ။ အတော်လေးကို နင်းယူရ ပါလိမ့်မယ်။ ကျွန်တော်တို့ တစ်ဦးကို တစ်ဦး အပြိုင်အဆိုင် လုပ်ခဲ့ကြတာဟာ ဘယ်သူ့ကိုမှ အကျိုးမ ပေးပါဘူး။ နှစ်ဦး နှစ်ဘက် နစ်နာမှုတွေပဲ ရရှိခဲ့ကြပါတယ်။

အခု ကျွန်တော်ကျောင်းတွေဘာ
တွေ ပြီးလို့ ပြန်စဉ်းစား ကြည့်တဲ့အချိန်မှာတော့၊ ကျွန်တော်တို့ စက်ဘီးပြိုင်စီးတုန်းက ကျွန်တော်တို့ဟာ နိုင်ငံခေါင်းဆောင် နှစ်ဦးသာ ဖြစ်ခဲ့မယ်ဆိုကြပါစို့။ အဲဒီနိုင်ငံတွေ ဘယ်လိုဖြစ်နေကြပါမလဲ။ စစ်ပွဲရဲ့ဒဏ်ကြောင့် ဘယ်လောက် ပျက်စီးခဲ့ရမလဲ၊ မိဘမဲ့ ကလေးတွေရဲ့ အော်သံတွေ၊ အဖျက်ဆီးခံရတဲ့ မိန်းမငယ်တွေရဲ့ ငိုရှိုက်သံတွေ၊ ဆေးရုံပေါ်၊ လမ်းပေါ်က အင်္ဂါမစုံ သူတွေဟာ ကျွန်တော်တို့ နှစ်ဦးကို ကျိန်ဆဲနေမှာ အမှန်ပါပဲ။ ဒီအချိန်မှာ ကျွန်တော်တို့ဟာ စက်ဘီးတစ်စီးလောက်ကိုသာ ထိန်းသိမ်းတဲ့သူ တွေမို့ ဘာမှမဖြစ်ခဲ့ကြပါဘူး။

ကျွန်တော်တို့ဒီနေ့ခေတ် ကမ္ဘာ
ကြီးထဲကို ပြန်ဝင်ကြည့်ကြရအောင်။ ဒီနေ့ကမ္ဘာကြီးဘယ်လိုဖြစ်နေပါသလဲ။ တစ်ဦးနှင့်တစ်ဦး ရန်ထောင်မှုတွေ၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်လိုအမုန်းပွားမှုတွေဟာ နေရာတိုင်းမှာ တွေ့နေရပါတယ်။ မင်း သေနတ်နဲ့ပစ်ရင် ငါက အမြောက်နဲ့ပစ်မယ်။ မင်းအမြောက်နဲ့ပစ်ရင် ငါက ဒုံးကျည်နဲ့ ပစ်မယ် စသဖြင့် ကြွေးကြော်နေကြပါတယ်။ ကြွေးကြော်တဲ့အတိုင်းလည်း လုပ်ဆောင်နေကြပါတယ်။ ငြိမ်းချမ်းရေးကို လိုက်လံထိန်းသိမ်းတဲ့ ပုဂ္ဂိုလ်များ၊ ကြားဝင် ဖြန်ဖြေတဲ့ ပုဂ္ဂိုလ်များကတော့ အလွန်ကို နည်းသွားကြပါပြီ။ ဒီနေ့ လူတွေကကမ္ဘာကြီးကိုဝိုင်းဝန်းနှိပ်စက် နေကြပါတယ်။ တစ်ဦးနဲ့တစ်ဦး အနိုင်ယူဖို့ ကလွဲရင်လူတွေဘာကိုမှ စိတ်ဝင်စားကြတာ မဟုတ်ပါဘူး။ တွေးတောကြတာ မဟုတ်ပါဘူး။ ဇာတ်လမ်းတစ်ခုမှာ လူဆိုးတွေ ၀ိုင်းရိုက် လို့ မင်းသားက သည်းခံပြီး ငုံ့ခံ နေရင် ပရိတ် သတ်ကအားမရ ကြပါဘူး။ နောက် မင်း သားက ကလဲ့စားချေပြီး ပြန်ချပြီဆိုရင်တော့ လက်ခုပ်သြဘာပေးကြပါတယ်။ ကျေနပ်ကြ
ပါတယ်။ ဘာကို ခံစားကြပါသလဲ။ အောင်မြင်မှုကို ခံစားကြတာလား၊ ရက်စက်မှုကိုခံစားကြတာလား၊ ကြင်နာမှုကို ခံစားကြတာလား၊ သည်းခံမှုကို ခံစားကြတာလား ဆိုတာ စဉ်းစားပါ မိတ်ဆွေ။ ဒီအချက်ဟာ အရေးကြီးဆုံးပါ။ ဒီအချက်ကိုပဲ ကျွန်တော် တို့တတွေ ဘာသာတရား ရှုထောင့်ကနေ ကြည့်ကြရအောင်။ တရားပြသူတွေက ရန်ကိုရန်နဲ့ တုန့်ပြန်ခြင်းကို အတိုမကြည့်နဲ့ အရှည်ကြည့် လို့ အဆုံးအမထားခဲ့ပါတယ်။

ကျွန်တော်တို့ ခရစ်ယာန်တွေ အနေနဲ့တော့
ဘယ်လို မြင်ပါသလဲ။ ဘုရားရှင်က ဘယ်လိုဟောတော်မူပါသလဲ။ ပြန်လည်သုံးသပ် ကြည့်ရအောင် မိတ်ဆွေ။ ကိုယ်တော်ရှင်က အရှင်းဆုံး ပြောထားပါတယ်။ မိမိ ပါးတစ်ဖက် ရိုက်တဲ့ သူကို နောက်ထပ် ပါးတစ်ဖက်ကို ပေးလိုက်အုံးလို့ ကျမ်းစာတော်မြတ်ထဲမှာ မိန့်ဆိုထားပါတယ် (သံမာတေဦး-၅း၃၉)။ ထို့အတူပဲ မိမိရန်သူများကိုလည်း ချစ်ကြဖို့ မိန့်မှာထားခဲ့ပါတယ်။ ဒါဆိုရင် ရှင်းပါ ပြီ မိတ်ဆွေ။

မိတ်ဆွေရော မိမိရန်သူတွေတွေ့ရင်
ဘယ်လိုတုန့် ပြန်မှာလဲ။ ဘယ်လို ဆက်ဆံပါသလဲ။ မိမိရဲ့ကောင်းမွန်မှု၊ မိမိရဲ့ ချစ်ခြင်းမေတ္တာကိုရော မိမိရဲ့ ရန်သူကို ပြရဲပါသလား။ မီးကို မီးနှင့် ငြှိမ်းလို့မရ သလိုပေါ့ မိတ်ဆွေ။ အေးမြတဲ့ မေတ္တာတရား ရေအေးနဲ့ ငြှိမ်းပါမှ ငြိမ်းမှာဖြစ်ပါတယ်။ အခုဆို ကမ္ဘာကြီးမှာ နေရာတိုင်းလိုလို စစ်ပွဲတွေ ဖြစ်နေကြပါတယ်။ တစ်ခု တော်သေးတာကတော့ စစ်ပွဲတွေဟာ မြို့ကြီးပြကြီးထဲကို ၀င်မလာသေးတာပါပဲ။ ကယ်လို့သာ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာ စစ်တွေတုန်းကလို လူတွေ သေကျေကြတဲ့စစ်ပွဲကြီးတွေ ဖြစ်လာမယ်ဆိုရင်တော့ မလွယ်ပါလား မိတ်ဆွေ။ ဒီလို စစ်ပွဲတွေဟာ လက်နက် အပြိုင်အဆိုင် တပ်ဆင်တာ၊ မဟာမိတ် အပြိုင်ဖွဲ့တာ စတာတွေ အပေါ်မှာ မူတည်ပါတယ်။ အခုခေတ် စစ်အေးကာလဆိုပေမယ့် လူတိုင်းဟာ စစ်ပွဲအတွက် ပြင်ဆင်နေကြတယ်ဆိုရင်တော့ မမှားပါဘူး။ တကယ်လည်းပဲ ပြင်ဆင်နေကြပါတယ်။ ဘယ်သူမဆို မိမိကိုယ်ကို ကာကွယ်ဖို့ တာဝန်ရှိတာတော့ အမှန်ပါပဲ။ ဒါပေမဲ့သူ့ကို ကိုယ်သတ်၊ ကိုယ့်ကိုသူသတ် ဆိုတဲ့လက်စားချေခြင်းမျိုးကတော့ မကောင်းနိုင်ဘူးဆိုတာ သေချာပါတယ်။

မိတ်ဆွေလည်း
အသက်ရှင်ချိန်အတွင်း ငြိမ်းချမ်းတဲ့ လူ့ဘောင်မှာ နေထိုင်နိုင်ပါစေ။ ငြိမ်းချမ်းတဲ့လူ့ဘောင်ကို တည်ထောင်နိုင်ပါစေ။ မေတ္တာတရားနဲ့တုန့်ပြန်နိုင်ပါစေ၊ သစ္စာတရားကို ဝေမျှနိုင်ပါစေလို့ တောင်းဆု ချွေလိုက်ပါတယ် ခင်ဗျာ။ မိတ်ဆွေအပေါင်း ငြိမ်းချမ်းကြပါစေ။

- ဝေလီ -

Read More...